21/03/2025
တစ်ခါက..ပွဲဆူခဲ့ကြတဲ့..ထူးအိမ်သင်နဲ့ဦးစောနုတို့ရဲ့
မဂ္ဂဇင်းပေါ်ကနေအပြန်အလှန်ဆော်ခဲ့ကြတဲ့ထူးအိမ်သင်ရဲ့ဂီတဝေဖန်ရေးအမြင်ဆောင်းပါးပါ
ဘယ်နစ်လထိရေးခဲ့ကြတယ်ဆိုတာတော့မသိဘူး။ဖတ်ဘူးချင်တာကြာပြီ။အခုတော့..ရှယ်ပေးလိုက်ပါတယ်။
"ထူးအိမ်သင်ရဲ့ဂီတအပေါ် ဝေဖန်ရေးအမြင်"
=====================
ဝေဖန်ရေးနဲ့ ပတ်သတ်လို့ ပထမဦးဆုံးပြောရမယ်ဆိုရင်ဝေဖန်လို့လဲ ဘာမှမဖြစ်ဘူး။ မဝေဖန်လို့လည်း ဘာမှမဖြစ်ဘူး ဆိုတာပဲ။ဘာဖြစ်လို့လဲဆိုတော့ ... ကျွန်တော်တို့ဆီက ဂီတဝေဖန်ရေးဆိုတဲ့ ဥစ္စာက "မှန်ကန်ပြီး စနစ်ကျတဲ့ဝေဖန်ရေး" မဟုတ်လို့ပဲ။
အထူးသဖြင့် သီချင်းတစ်ပုဒ်ကို ချည်းကပ်ပုံမှားယွင်းနေတယ်လို့ ဆိုရမယ်။ သီချင်းတစ်ပုဒ်မှာအဆို (Vocal) နဲ့ အတီး (Music) ရယ်လို့ နှစ်ပိုင်း
ရှိတဲ့အတွက် အတီး (Music) ပိုင်းဖွဲ့စည်းပုံမှာHarmony, Rhythm, Melody တို့ရဲ့ဖွဲ့စည်းမှု(Composition) တို့ရဲ့ ဖွဲ့စည်းမှုရယ် ပြီးတော့
အဆိုသမားရဲ့ ဒီသီချင်းပေါ်မှာဝင်စားမှု Inspiration,Mood, Style စတာတွေကို စနစ်တကျ မှန်မှန်ကန်ကန်ချည်းကပ်ပြီး သုံးသပ်မှု လုံးဝအားနည်းနေပါတယ်။
အထူးသဖြင့် သီချင်းတစ်ပုဒ်ကို ဖွဲ့စည်းမှုရဲ့ ရသပိုင်းဆိုင်ရာတန်ဖိုးဖြတ်မှု (Aesthetic Value) လုံးဝမရှိပဲ Voice Production နဲ့ Breath Control
တို့ကိုပဲ သုံးသပ်ဝေဖန်ရေးမျိုး....။(ဥပမာ - ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလထုတ်မဟေသီမဂ္ဂဇင်းပါ "ကိုစောနု" ရဲ့ ဝေဖန်ရေးမျိုး)
နောက်တစ်ခုက ကိုယ်ခံစားရသလို လုံးဝ စနစ်ကျမှုမရှိပဲ ထင်ရာလျှောက်ပြောတဲ့ ပညာရှင်မဆန်တဲ့ဝေဖန်ရေးမျိုး..။(ဥပမာ - သပြေတေးမဂ္ဂဇင်းက "လူလူသူသူ" ရဲ့ဝေဖန်ရေးမျိုး)
နောက်တစ်ခုက သီချင်းနဲ့ ဘာမှမဆိုင်တဲ့ ဂီတဝေဖန်ရေးလို့တောင် ပြောဖို့ခက်တဲ့ ရမ်းကားမှုမျိုး။(ဥပမာ - "ဆူဒိုနင်" ရဲ့ ဝေဖန်ရေးမျိုး)
အဲဒီလိုဝေဖန်ရေးမျိုးတွေကြောင့် မြန်မာပြည်ဂီတလောကကြီး ဘာမှတိုးတက်လာမှာ မဟုတ်ပါဘူး။ဘာမှလည်း ဆုတ်ယုတ်သွားမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဝေဖန်လို့လည်း ဘာမှမဖြစ်ဘူး။မဝေဖန်လို့လည်း ဘာမှမဖြစ်ဘူးလို့.. ကျွန်တော်ပြောရတာပါ။
ကိုစောနုဆိုရင် သီချင်းတစ်ပုဒ်ရဲ့ဖွဲ့စည်းမှု သီဆိုသူရဲ့သီချင်းပါအကြောင်းအရာ ခံစားမှုကို ဝင်စားဖော်ထုတ်မှုတွေကို လုံးဝမကြည့်ပဲ Breath Control နဲ့Voice Production ကိုသာ လျှောက်ပြောနေတယ်။ဘယ်နေရာကို ဘာနဲ့ဆိုရမယ် ( ဥပမာ-ရင်ဘတ်နဲ့ဆိုရမယ်၊ နှာခေါင်းနဲ့ဆိုရမယ်၊ လေသွင်းတာမှားတယ်၊လေထုတ်တာမှားတယ် ) အဲဒါတွေကိုသာ အဓိကထားပြီး ပြောနေတယ်။ဘယ်လိုသဘောမျိုးနဲ့တူသလဲဆိုတော့....(ကဗျာဆရာတစ်ယောက်ရေးတဲ့ ကဗျာတစ်ပုဒ်ကိုရသပိုင်း၊ ခံစားမှုရဲ့ အလှအပစသဖြင့် ခံစားသုံးသပ်ရမယ့်အစား..) ကကြီးရေးပုံမှားနေတယ်။ သဝေထိုးကိုအောက်က စ,ရေးရမယ်။ ပစောက်ကို တစ်ဆက်တည်းမရေးရဘူး။ စသဖြင့် လျှောက်ပြောနေတာမျိုးနဲ့တူတယ်။သီချင်းတစ်ပုဒ်ရဲ့ အကြောင်းအရာကို ထိရောက်စွာ
ဖော်ထုတ်နိုင်ဖို့အတွက် အဆိုသမားတစ်ယောက်ဟာလိုအပ်ရင်လိုအပ်သလို အသံထုတ်လုပ်မှုနဲ့ လေထိန်းချုပ်မှုကို မိမိစိတ်ကြိုက် ပြုလုပ်နိုင်တယ်။ ဒီခံစားမှုမျိုးပေးနိုင်ဖို့အတွက် လည်ချောင်းပြွန်သားတွေကိုအသုံးပြုမှ ဖြစ်မယ်ဆိုရင် သူသုံးမှာပဲ။သူပေးချင်တဲ့ရသမျိုးကို ပေးနိုင်ဖို့ ယုတ်စွအဆုံးနားရွက်နဲ့ဆိုမှ ဖြစ်မယ်ဆိုရင်တောင် နားရွက်နဲ့ဆိုမှာပဲ။ ဆိုလိုတာက Breath Control နဲ့Voice Production ကို သီချင်းရဲ့အကြောင်းအရာက
တောင်းဆိုတဲ့အတိုင်း အဆိုသမားတစ်ယောက်အနေနဲ့ အသုံးပြုမယ်လို့ ဆိုလိုတာပါ။
နောက် ဥပမာတစ်ခုအားဖြင့်လည်း ကျွန်တော်တို့Harmony သင်ခန်းစာကို စတင်လေ့လာကြတဲ့အခါမည်ကဲ့သို့ ပြုလုပ်သင့်သည်။ မည်ကဲ့သို့ မပြုလုပ်ရဆိုတဲ့ဥပဒေသတွေကို တွေ့ခဲ့ မှတ်သားခဲ့ရတယ်။ ဆောင်ရန်၊
ရှောင်ရန် စသဖြင့်ပေါ့။ ဒါပေမယ့် Harmony သင်ခန်းစာရဲ့ အဆင်အမြင့်ဆုံးအပိုင်းဖြစ်တဲ့ Counter Point အခန်းကိုရောက်တဲ့အခါ ရှောင်ရန်
တားမြစ်ချက် ဥပဒေသတွေကို ချိုးဖောက်ပြီး Createလုပ်ရတဲ့ သင်ခန်းစာတွေကို တွေ့ရတယ်။ အခြေခံTeachnique နဲ့ အဆင့်မြင့်ဖန်တီးမှုအပိုင်းမှာ
ကွဲလွဲချက်တွေဆိုတာ သဘောပေါက်သင့်ပါတယ်။ကိုစောနု ပြောသလိုဆိုရင်တော့ ကမ္ဘာပေါ်မှာ ကိုစောနု အလိုနဲ့ ကိုက်ညီတဲ့အဆိုတော် မရှိသလောက်ရှားသွားပါလိမ့်မယ်။
ဥပမာအားဖြင့် "အသံထွက်အမှားများ" ဆိုတဲ့ခေါင်းစဉ်အောက်က အမှတ်စဉ်(၁)အမှားကို ကျူးလွန်တဲ့Bee Gees, George Micheal တို့ကို အပြစ်
တင်ရပါလိမ့်မယ်။ ပြီးတော့ .. Bryan Adam,Joe Cooker, C.C.R, Rod Stewared တိုကိုလည်းမလိုအပ်ပဲ လည်ပင်းကြွက်သားတွေ တင်းမာစွာ အသုံးပြုပြီးသီဆိုထားတယ်လို့ အပြစ်တင်စရာ ရှိပါတယ်။ တစ်ယောက်မှ
အပြစ်လွတ် အမှားကင်းတော့မှာ မဟုတ်ပါဘူး။
ကိုစောနု အနေနဲ့ အဲဒါမျိုးတွေ လျှောက်ပြောနေမယ့်အစားသေသေချာချာ ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် သီချင်းနဲ့ဂီတအပေါ်ချည်းကပ်ဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီလိုမဟုတ်လို့ကတော့ ကိုစောနုရဲ့ ဂီတဝေဖန်ရေးဆိုတာလည်း
လေးစားလောက်စရာမရှိတဲ့အပြင် သူပြောသလို စစ်မှန်တဲ့အနုပညာ အနှစ်သာရပြည့်စုံတဲ့ ဂီတကို ရွေးချယ်နားဆင်တတ်ဖို့ ဘာမှအထောက်ကူပြု လမ်းညွန်ပေးနိုင်မှာ မဟုတ်ဘူး။ အချည်းအနှီး ဖြစ်နေဦးမှာပဲ။
ကိုစောနုရဲ့ ဝေဖန်ရေးဟာ အဆိုသင်ခန်းစာကို ကကြီး၊ခခွေးကနေ စသင်ကာစ ကလေးတွေ အတွက်လောက်တော့ အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်။
ကြုံလို့ တစ်ဆက်တည်းပြောရမယ်ဆိုရင် "လူလူသူသူ"ရဲ့ Instrument နဲ့ Effect အသံတွေကအစ အမှားယွင်းပေါင်းများစွာနဲ့ ပညာရှင်မဆန်တဲ့ လူပြိန်းဝေဖန်ရေးမျိုးကိုလည်း ကျွန်တေ်ာတို့အတွက် မလိုအပ်ပါဘူး။ သူ့ရဲ့
အမှားအယွင်းတွေ အားလုံးကိုသာပြောနေရရင် ပြီးနိုင်တော့မှာ မဟုတ်တဲ့အတွက် တစ်ခုလောက်ပဲ ဥပမာပေးပါရစေ။
ကျွန်တော့်ရဲ့ "အတ္တပုံဆောင်ခဲ" စီးရီးကို ဝေဖန်တုန်းကဆိုရင် ဂစ်တာအသံတောင်မှမသိပဲ "Rock 'N' Rollအပျိုမ" သီချင်းရဲ့ ရှေ့ Prelude ကို KeyBoard(စီတာ) Effect လို့ ပြောခဲ့ပါတယ်။အဲဒါမျိုး အမှားအယွင်းတွေ မြောက်များစွာ ရှိနေတဲ့အတွက် သီချင်းချစ်သူများ၊ သိချင်သူများ ကျွန်တော့်ဆီ
သီးသန့်လာရောက် ဆွေးနွေးနိုင်ပါတယ်။ ဒီမှာတော့ဆက်မပြောတော့ပါဘူး။ပြီးခဲ့တဲ့လ သပြေတေးမှာ... "အောင်ရင်" ရဲ့ ချိန်းတဲ့ညသီချင်းခွေ ဝေဖန်ရေးမှာ လူလူသူသူ ရဲ့ မဆီမဆိုင်ဆရာလုပ်မှုကို တွေ့ရပါတယ်။
ဂီတလောကနဲ့ ဂီတပညာရှင်တွေအကြောင်း သေချာဂဃနဏ မသိပဲ ဆရာလုပ်တာကတော့ တော်တော်ကိုမကောင်းတဲ့ကိစ္စပါ။အဲဒီ့မှာ "စောအပိုလို" နဲ့ ပတ်သတ်ပြီး သူပြောတာရှိပါတယ်။"အောင်ရင်" ကို ထမ်းတင်ပေးခဲ့တဲ့ ဒေါက်သုံးချောင်းမှာ"စောအပိုလို" ရဲ့ arrangement အားကို ယူသင့်
ပါတယ်။ လူလူသူသူ လုပ်ပြီးပြောပါတယ်။တကယ်တော့ "စောအပိုလို" နဲ့ ပတ်သက်ပြီး "လူလူသူသူ"ဘာမှမသိကြောင်း သူ့စကားက ဖော်ပြနေပါတယ်။
"စောအပိုလို" Arrangement လုပ်တာ သူဘယ်တုန်းကတွေ့ဖူးပါလိမ့်လို့ ကျွန်တော်စဉ်းစားမိတယ်။ တကယ်တော့"စောအပိုလို" ဟာ Arrangement လုပ်နိုင်တဲ့ ဂီတပညာရှင် မဟုတ်ပါဘူး။ သူဟာ တူရိယာပညာရှင်Player သာ ဖြစ်ပါတယ်။ "မင်းမရှိတဲ့နောက်" စီးရီးတုန်းက "လူလူသူသူ" အထင်ကြီးခဲ့တဲ့ Arrangementအားလုံးကို "စောအပိုလို" လုပ်တာ မဟုတ်ပါဘူး။
အဲဒီ Arrangement တွေ အားလုံးကို လီယိုနာဒ်မောင်မောင်လွင်နဲ့ ကျွန်တော်တို့နှစ်ယောက်ပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ "စောအပိုလို" က
ကျွန်တော်တို့ပြောသလို "ဖထီးရေ ဒီနေရာမှာတော့ကလဲရီနက်မှုတ်ပေးပါ၊ ဒီနေရာမှာတော့ ဆက်ဆိုဖုန်း၊ဒါလေးကိုတော့ တယောထိုးပေးပါ" စသဖြင့်....တီးမှုတ်ပေးရုံပါပဲ။
အဲဒီတော့ "လူလူသူ" ပြောသလို ဘယ်လိုလုပ်ပြီး သူ့ရဲ့Arrangement အားကိုယူရမှာလဲ။ ပြီးတော့..."စောအပိုလိုကြီးကို ဖြုတ်ထားတာ ဘဝင်မတွေ့လှဘူး"လို့"လူလူသူသူ" က ဆိုပါတယ်။ဒီနေရာမှာလည်း "လူလူသူသူ" မသိတာ၊ နားမလည်တာကလေမှုတ်တူရိယာ(Wind Instrments) သမား
တစ်ယောက်ရဲ့ စွမ်းဆောင်မှု Skill ဟာ အသက်အရွယ်နဲ့ကျန်းမာရေးပေါ်မှာ အများကြီးမူတည်နေတယ် ဆိုတာပါပဲ။
ဖထီး "အပိုလို" ဟာ အသက်လည်း ကြီးပါပြီ။ ကျန်မာရေးနဲ့သက်လုံလည်း မကောင်းတော့ပါဘူး။ Breathing Power ကျနေပါပြီ။ ဒါကို နားမလည်ပဲ အလကားနေရင်း"လူလူသူသူ" လိုက်ဆရာလုပ်နေတာဟာလည်း ဂီတ
ဝေဖန်ရေးနဲ့ ဘာမှမဆိုင်ပါဘူး။ အလကားနေရင်း လေပေါနေတာပဲ။
အဲဒီတော့ ပြောရရင်....ကျွန်တော်တို့ မြန်မာပြည်ဂီတလောကရဲ့ တိုးတက်မှုဟာဂီတဝေဖန်ရေးတွေနဲ့ ဘာမှမဆိုင်ပါဘူး။အဲဒီ ဂီတဝေဖန်ရေးတွေကြောင့် ကျွန်တော်တို့ ဂီတလောကကြီး တိုးတက်လာတာလည်း မဟုတ်ပါဘူး။
တကယ်တမ်းကျတော့ လက်တွေ့အလုပ်လုပ်နေတဲ့ဂီတပညာရှင်တွေကြောင့်သာ ကျွန်တော်တို့ ဂီတလောကတိုးတက်လာခြင်း ဖြစ်ပါတယ်။
မြန်မာ့ဂီတလောကအတွက် တကယ်တမ်း အလုပ်လုပ်မယ့်လူတွေသာ လိုအပ်ပါတယ်။ အဲဒီလိုမျိုး တောပြော၊တောင်ပြော အပြောသမားတွေ မလိုအပ်ပါဘူး။အဲဒီတော့ ဂီတဝေဖန်ရေးဆရာများကို အကြံပေးချင်တာက
တကယ်တမ်း မြန်မာ့ဂီတလောက တိုးတက်ဖို့ စေတနာရှိရင် တကယ်တမ်းအလုပ်လုပ်ပြကြဖို့ အပြောလျော့ကြဖို့လိုအပ်ပါတယ်။ မှားယွင်းတဲ့ဝေဖန်ရေးတွေနဲ့တော့ကျွန်တော်တို့မြန်မာ့ဂီတလောကကြီး တိုးတက်လာမှာမဟုတ်ပါဘူးလို့ပဲနောက်ဆုံးပြောချင်ပါတယ်။
#ထူးအိမ်သင်
[ဖတ်ဖူးချင်တာ ကြာပြီဖြစ်တဲ့ ဒီဆောင်းပါးကို Rock နှင့် ပတ်ဝန်းကျင် group မှာ KoNaing တင်ထားတာ တွေ့လို့ ပြန်လည်ကူးယူဝေမျှပါတယ်။]
Credit to original uploader