Books4Booze - Online Bookstore

Books4Booze - Online Bookstore Books for Booze

17/05/2026

လူစိမ်း
(လူတယောက် ကျွန်မအိမ်ကို လာလာနေ
သူလာနေကျအချိန် အတိအကျ သူရောက်လာ
ဒီဘာသာစကားပဲ သူပြောတယ် လေယူလေသိမ်းတော့ ကွဲတယ်
သူဘယ်ကလာလဲ ဘယ်လောက်ကြာကြာနေမလဲ ကျမမသိ
ကျွန်မအပေါ်ချစ်ချစ်ခင်ခင်ပါပဲ တခါတလေတော့ သူနွမ်းနယ်နေပုံရတယ်
ကျမဒုက္ခတွေကိုလည်း သူစာနာသတဲ့ သူက ကျမအကြောင်း တော်တော်သိထားပုံရ
သူဟာ သူ့ရဲ့သူငယ်ချင်းပဲဖြစ်ရမယ် ကျမထင်မိ
ဒါပေမယ့် သူဟာ သစ္စာမဲ့တဲ့သူငယ်ချင်းပဲဆိုတာလည်း ပြောဖို့တောင်မလို
သူက သူ့ကိုမုန်းမှန်း ကျမသိတယ်
ဒါတွေအားလုံးဟာ ကျမအတွက် ရင်ဖိုစရာ
သူ့ကို ဘယ်လိုများ ဆက်ဆံရမလဲ ကျမမသိ
ဒါ သူ့အိမ်မဟုတ်ဖူးဆိုတာ သူ့ကိုဘယ်လိုပြောရပါ့
သူ့ကိုစော်ကားသလိုများလည်း ကျမ မဖြစ်ချင်
သူက ကျမချစ်တဲ့ ဟိုတယောက်နဲ့ တူလွန်း
သူအသံမပြုတဲ့အခါ ကျမဖြင့် ဘယ်သူကဘယ်သူမှန်းတောင် မသိနိုင်အောင် ဖြစ်ရတယ်

ကျမတော်တော် စိုးထိတ်နေ
သူအမြဲတမ်း နေသွားမှာ ကျမ ကြောက်နေ
သူသာ နေ နေရင်
ဟိုတယောက် ဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကျမ သိနေ)

မူရင်းကဗျာဆရာမ = Francisca Aguirre
မူရင်းကဗျာ = The Stranger
မူရင်းဘာသာ = စပိန်
အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Montana Ray
မြန်မာဘာသာ ပြန်ဆိုသူ = Moe Sad

Send a message to learn more

17/05/2026

၂၀၂၁ပြီးနောက်
၁။
(မိုးအရမ်းသဲလို့ ဒါမှမဟုတ် မုန်တိုင်းတိုက်ခတ်လို့) အရူးထောင်ထဲကို ရေတွေဝင်လာတယ်။ အရူးတွေကတော့ ရေတွေကို ဒီအတိုင်းပဲ ထိုင်ကြည့်နေကြတယ်။ ရေတွေနဲ့အတူ မြွေတွေပါလာတယ်။ မြွေတကောင်က အရူးတယောက်ကို ကိုက်လိုက်တယ်။ အကိုက်ခံရတဲ့အရူးက တဖြည်းဖြည်းနဲ့ မြွေဆိပ်တက်လာတယ်။ ငါတော့ သေတော့မယ်ထင်တယ်လို့ နောက်အရူးတယောက်ကို ပြောတယ်။
တကယ့်အပြင်မှာ အရူးထောင်ထဲကို ရေတွေဝင်လာတော့ အရူးတွေကို အိမ်ပြန်ပို့ခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်အကြောင်း ကျွန်တော့်ကို ပြောပြတဲ့ သူငယ်ချင်းက ကျွန်တော့်စာအုပ်တအုပ်ကို အဖုံးဆွဲ ပေးခဲ့ဖူးတယ်။ (မှတ်မှတ်ရရ နောက်အဖုံးတခုဆွဲပေးတဲ့ တယောက်ကျတော့ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ဖြစ်နေတယ်)။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် နတ်အလိုကို လူလိုက်ဖို့ ကြိုးစားတတ်တဲ့သူငယ်ချင်းဟာ ပြီးနောက် ကျွန်တော်တို့နဲ့ အဆက်အသွယ် ဖြတ်သွားတယ်။
အရူးထောင်ထဲ ရေတွေဝင်တဲ့အကြောင်း ကျွန်တော့်အရေးအသားထဲမှာ ကျွန်တော်သိတဲ့ သူငယ်ချင်းနှစ်ယောက်နာမည်ကို ထည့်ရေးတယ်။ မြွေကိုက်ခံရတဲ့အရူးနဲ့ သူ့ဘေးကအရူးနေရာမှာပေါ့။ အဲဒီသူငယ်ချင်းနှစ်ယောက်လည်း ပြီးနောက် အချင်းချင်းလူရော စိတ်ပါဝေးကွာသွားတာ ကျွန်တော် မြင်နေခဲ့ရတယ်။

-မိုးဆတ်



#

26/04/2026

အဲ ဒီ တုံး က တော့ ဘာ မ ဆို ကြောက် နေ ကြ ရ တာ ပဲ မ ဟုတ် လား

ရှင်တို့ သတင်းထောက်လုပ်တုံးက ဖာတော်တော်ချကြလား။
သူမရဲ့ ပထမဆုံးမေးခွန်းက သူ့ကို အငိုက်မိစေသည်။
သူမျှော်လင့်ထားတာက သူ့ရဲ့နောက်ဆုံးထုတ်စာအုပ်ထဲက လူပြောသူပြောများနေသည့် ဖားဟင်းချက်သည့် ဇာတ်ကောင်အကြောင်း ဒါမှမဟုတ်လဲ သူနောက်ဆုံးသွားခဲ့သည့် ဗီယက်နမ် ခရီးစဉ်တွင် သူနဲ့တွဲပြီး အင်စတာဂရမ်မှာ ဓာတ်ပုံတင်ခဲ့သည့် ကောင်မလေးအကြောင်း။ ဒါပေမယ့် သူမရဲ့ မေးခွန်းက သူ့အတွက် အကျိုးရှိစေသည်။ သူမေ့လျော့နေသည့် အရာတော်တော်များများကို သူ့အား ပြန်လည်သတိရစေသည်။
တကယ်တော့ တရားဝင် ဖွင့်လှစ်ထားသည့် ဖာခန်းဆိုတာ ဒီနိုင်ငံမှာ မရှိ။ မြို့စွန်ဘက်တွေမှာတော့ ဖာအိမ်တွေရှိသည်။ မြို့လည်ခေါင် လူစည်ကားရာမှာတော့ မာဆတ်နာမည်ခံပြီး ဖွင့်လှစ်ထားသည့် နေရာတွေပဲ ရှိသည်။ ဒါလည်း တန်းဝင် တန်းချဆိုတာမျိုးမဟုတ်။ ကောင်မလေးတွေနဲ့ အဆင်ပြေအောင် ညှိရနှိုင်းရသေးသည်။
ဒီနေရာမှ ဖာဆိုတာကို အဓိပါယ်အရင်ဖွင့်မှဖြစ်မယ်လို့ သူက ပြောလိုက်သည်။ အခကြေးငွေပေး၍ အိပ်စက်လို့ရသူကို ဖာလို့ခေါ်ရင်တော့ ဖာဆိုတာ တော်တော်ကျယ်ပြန့်သွားမယ်။
သူမ တိတ်ဆိတ်နေသဖြင့် သူကပဲ စကားပြန်ဆက်လိုက်သည်။ ဒီနေရာမှာ အဲဒီတုံးက သတင်းထောက်တွေ ဖာချတာများတယ်ဟု ကျွန်တော်က ယေဘုယျ ပြောလိုက်လို့တော့မရဘူး။ ကျွန်တော်နဲ့ သိခဲ့တဲ့ သတင်းထောက်တွေတော့ ဖာချတာများတယ်လို့ပဲ ကျွန်တော် ပြောလို့ရမယ်။ အဲဒါကလဲ ကျွန်တော်အလုပ်လုပ်တဲ့ သတင်းစာတိုက်အနားမှာ မာဆတ်ရှိတော့ ကျွန်တော်တို့တိုက်က သတင်းထောက်တွေတော့ အဲဒီကို သွားကြတာများတယ်။ အဲဒီမာဆတ်ဆိုတာကလည်း ကျွန်တော်တို့က မာစွပ်လို့ခေါ်တာမျိုးပဲ။ မာစွပ်ဆိုတာဘာလဲ ကျွန်တော်ရှင်းပြဖို့လိုမလားလို့ သူကမေးလိုက်တော့ သူမက ခေါင်းယမ်းပြသည်။
ဒီနေရာမှာ သတိပြုစေချင်တာ တစ်ခုကတော့ မာစွပ်ဟာ ဖာခန်းလို့ အတိအကျပြောလို့မရဘူး မာစွပ်သွားတိုင်းလဲ ဖာသွားချတယ်လို့ တပ်အပ်ပြောလို့မရဘူး။ ခင်ဗျားမေးလို့ ကျွန်တော် တစ်ခုသတိရသွားတာက နာဂစ်မုန်တိုင်းကြီးပြီးတော့ ရန်ကုန်မှာ ဖာတွေများလာတယ်ဆိုတဲ့ myth ပဲ။ သတင်းထောက်တွေအားလုံး ဖာသိပ်ချမချ ကျွန်တော်ကိုယ်စားပြုပြီး မပြောနိုင်ပေမယ့် ကျွန်တော်ကတော့ သတင်းထောက်မဖြစ်ခင်ကရော သတင်းထောက်ဘဝကရော ဖာအမြဲချတော့ အဲဒီ myth မမှန်ဘူးဆိုတာ သေချာပြောနိုင်တယ်။ နာဂစ်ကြောင့် လူမှုစီးပွားဘဝတွေ .. S**t .. ဘာစကားလုံးကြီးပါလိမ့် .. အခြေပျက်သွားတဲ့ မိန်းကလေးတွေဟာ ရန်ကုန်ရောက်လာပြီး ဖာဖြစ်ကုန်တယ်ဆိုတာ ဘယ်စောက်ရူးအင်ဂျီအိုက ထုတ်လိုက်တဲ့ သီအိုရီလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် အဲဒါမဟုတ်ဘူး။ နာဂစ်မဖြစ်ခင်ကလည်း ရန်ကုန်ထဲမှာ ဧရာဝတီက ဖာတွေအများကြီး ရှိနေခဲ့တာပဲ။ နာဂစ်တိုက်ပြီးတော့ ခုနက ကျွန်တော်ပြောတဲ့ မာဆတ်နဲ့ မျက်စောင်းထိုးလောက်မှာ ရှိတဲ့ စားပွဲထိုးလေးတစ်ယောက် ရောက်လာတယ်။ သူ့ကို နာဂစ်လို့ပဲ ခေါ်လိုက်ကြတယ်။
နာဂစ်တိုက်တော့ ရှင် သတင်းထောက်လုပ်နေတုံးပဲလား။
အဲဒီမေးခွန်းကို ကျွန်တော် တိုက်ရိုက်မဖြေချင်ဘူး။ သတင်းထောက် သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကျွန်တော် နာဂစ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့သေးတယ်။ မှတ်မှတ်ရရဖြစ်နေတာတစ်ခုကတော့ နာဂစ်ပြီးစရက်တွေမှာပဲ အခြေခံဥပဒေကို အတည်ပြုဖို့ထင်တယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်တယ်။ ကျွန်တော်နဲ့ အတူတူ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က နာဂစ်ထိတဲ့ ရွာတရွာရောက်သွားတော့ အဲဒီမှာ တစ်ရွာလုံးကိုယ်စား ရာအိမ်မှူးက မဲထည့်တာ သွားတွေ့လာတယ်။ ဒီကောင်ရန်ကုန်ပြန်ရောက်လာတော့ အဲဒီအကြောင်း နောက်သတင်းထောက်တစ်ယောက်ကို သွားပြောမိတယ်။ အဲဒီနောက်သတင်းထောက်က အမှန်တရားကို ကမ္ဘာက သိစေချင်တာပဲလား။ စာမူခလိုချင်တာလားတော့မသိဘူး။ အဲဒီသတင်းကို နိုင်ငံခြားသတင်းဌာနတစ်ခုကို ပေးလိုက်တယ်။ အဲဒီတုံး အဲဒီရွာကို ရန်ကုန်က ရောက်နေတာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတာဆိုတော့ လန့်တော့ လန့်သွားကြတယ်။ လယ်ကွင်းထဲမှာ ငါးဖမ်းလို့ဆိုပြီး ရွာသားတွေကို လာဖမ်းတဲ့ ရဲကိုတောင် ကြောက်နေခဲ့ကြသေးတယ်။ အဲဒီတုံးကတော့ အဲလိုပဲ ဘာမဆို ကြောက်နေခဲ့ကြရတာပဲ မဟုတ်လား။
သူ ခနရပ်လိုက်ပြီး သူမကို စိုက်ကြည့်ရင်းပြောသည်။ ပြန်ရေးရင် အဲဒီနောက်ဆုံးတခွန်း မထည့်ပါနဲ့နော် ဖြစ်တယ်မဟုတ်လား။
သူမက ဟင် ဟု တုန့်ပြန်သည်။
အဲဒီတုံးကတော့ ဘာမဆို ကြောက်နေခဲ့ကြရတာပဲ မဟုတ်လား .. အဲဒီစကားကို ပြောတာ။
သူမက ရက်ကော်ဒါရှိ pause ခလုတ်ကို နှိပ်လိုက်သည်။
သူပြောလိုက်သည့် ဝါကျကို သူမ မှတ်စုစာအုပ်တွင် ချရေးသည်။
ရေးနေစဉ် နှုတ်ကလည်း ခပ်တိုးတိုးရေရွတ်နေသည်။
အဲ ဒီ တုံး က တော့ ဘာ မ ဆို ကြောက် နေ ခဲ့ ကြ ရ တာ ပဲ မ ဟုတ် လား။
အဲဒီလို ရေရွတ်နေတာ သူမရဲ့အကျင့်လား သူမချရေးနေတာမှန်မမှန် သူ့ကို နားထောင်စေချင်သည်လားတော့ သူ မပြောနိုင်။
ဒီတခါတော့ သူ စကားမဆက်ခင် သူမဆီက မေးခွန်းတစ်ခု ထွက်လာသည်။
ရှင်သတင်းထောက်စလုပ်တာ ၂၀၀၇နော်။
ဟုတ်တယ် ဘုန်းကြီးအရေးအခင်း မဖြစ်လေးတင်ပဲ။ ဘုန်းကြီးအရေးအခင်းဖြစ်တော့ ရောယောင်ပြီး ပါလိုက်သေးတယ်။ ရောယောင်ပြီးလို့ ပြောရတာက အဲဒီတုံးက သတင်းထောက်ကလည်း ဖြစ်ခါစ။ သတင်းထောက်ပညာဆိုပြီး သေချာ သင်ဖူးတာမျိုးမဟုတ်တော့ ဘုန်းကြီးအရေးအခင်းကို သတင်းထောက်တစ်ယောက်အနေနဲ့ ကျကျနန မှတ်တမ်းတင်တာမျိုးမဟုတ်ဘူး။ ဆန္ဒပြတဲ့ ဘုန်းကြီးတွေကို ဓာတ်ပုံရိုက်တဲ့အခါရိုက် .. ကိုယ်တိုင်လဲ ဆန္ဒပြတဲ့ကြွေးကြော်သံတွေ လိုက်အော်တဲ့အခါလဲ အော်မိတာပေါ့။ ကြွေးကြော်သံတစ်ခုဆို ခုထိ မှတ်မိနေသေးတယ်။ ကြွေးကြော်သံဆိုပေမဲ့ ဆုတောင်းစကားလိုလို ဖြစ်နေတယ်။ ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ ဆိုတာလေ။ နောက်တော့ ပစ်ကြခတ်ကြတဲ့နေရက်တွေ ရောက်လာတာပဲ။ ဂျပန်သတင်းထောက်သေတဲ့နေ့က ပြေးကြလွှားကြတော့ ကျွန်တော်မပါဘူး။
အဲဒီနေ့က ရှင် မာဆတ်ရောက်နေလို့လား။
အဲဒီမေးခွန်းကိုတော့ ကျွန်တော်ကြိုက်သွားပြီ။ မဟုတ်ပါဘူး။ အဲဒီနေ့က ဘိနပ်ပြတ်သွားလို့ မြို့ပတ်ရထားစီးပီး အိမ်ပြန်သွားတာ။ မြို့ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေပေမယ့် မြို့ပတ်ရထားပေါ်မှာတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ရဲတွေတော့တွေ့တယ်။ ရဲတွေက ဖိနပ်တစ်ဖက်မပါတဲ့ ကျွန်တော့်ကို မသင်္ကာဖြစ်မလားဆိုပြီးတောင် ကြောက်လိုက်သေးတယ်။ အဲ ဒီ တုံး က တော့ ဘာ မ ဆို ကြောက် နေ ကြ ရ တာ ပဲ မ ဟုတ် လား။
ဒီတခါတော့ အဲဒီစာသားကို သူမ ရေရွတ်သည့် လေသံဖြင့် သူပြောလိုက်ခြင်း ဖြစ်သည်။
အဲဒီရက်တွေတုံးက မာဆတ်တွေကော ဖွင့်လား။
ကျွန်တော် မမှတ်မိဘူး။ ဘဖြစ်လို့လဲဆိုတော့ အဲဒီရက်တွေတုံးက ဘာကြောင့်မှန်းမသိဘူး။ ကျွန်တော့်မှာ ပိုက်ဆံသိပ်မရှိဘူး။ အဲဒါကြောင့် ခုနက ဆန္ဒပြနေရင်း ဖိနပ်ပြတ်တော့လည်း ဖိနပ် အသစ်မဝယ်နိုင်ပဲ အိမ်ပြန်လာရတာ။ မာဆတ်သွားဖို့ဆိုတာတော့ ဝေးရော။ မုန်တိုင်းတိုက်ပြီးစ ရက်တွေတော့ မာဆတ်တွေဖွင့်တယ်။ အဲဒါတော့ မှတ်မိတယ်။ အဲဒီရက်တွေတုံးက မာဆတ်ကကောင်မလေးတယောက်ကို ကျွန်တော် အနောက်က လုပ်လိုက်တာ သွေးတွေ တော်တော်ထွက်သွားတယ်။ ကောင်မလေးကလည်း အဲဒီဘက်ကို အတွေ့အကြုံမရှိတော့ တော်တော်လန့်သွားတယ်။ မာဆတ်တွေက ကောင်မလေးတွေကို ညဘက်အပြင်ပေးထွက်တာမဟုတ်တော့ နောက်တနေ့ကျမှ သူဆေးခန်းသွားပြရတယ်။ ဘာဆက်ဖြစ်လဲတော့ ကျွန်တော် မသိဘူး။ မုန်တိုင်းပြီး တပတ်လောက်နေတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေထဲ ကျွန်တော် ပါသွားတယ်။ ခုနက ပြောတဲ့ရွာမှာ လနဲ့ချီပြီး သွားနေဖြစ်တယ်။ အဲဒီမှာ ရေကန်တွေဆယ် ဘာညာပေါ့။
ရှင် ခုနက ကောင်မလေးနဲ့ ပြန်တွေ့သေးလား။ ဟိုတစ်ယောက် ရှင် အနောက်ကလုပ်လိုက်တယ်ဆိုတဲ့ တစ်ယောက်။
အာ .. မတွေ့ဘူး ကျွန်တော်လည်း အဲဒီမာဆတ်ကို မရောက်တာ တစ်နှစ်ကျော်ကျော်လောက် ကြာသွားတယ။ ကျွန်တော် နောက်တခေါက်ရောက်သွားတော့ အဲဒီကောင်မလေး ဆုံးပြီဆိုတဲ့ သတင်းဆိုးကို ကြားရတယ်။ ပိုဆိုးတဲ့ နောက်ဆက်တွဲသတင်းက အေနဲ့ဆုံးတာတဲ့။ ကြားကြားချင်းတော့ ကျွန်တော်လည်း ငယ်ထိပ်ကို မိုးကြိုးပစ်သလိုပဲ။ ကောင်မလေးအတွက် စိတ်မကောင်းတာထက် ကိုယ့်အတွက်ကိုယ် စိတ်ပူတာက များတယ်။ အဲဒီအကြောင်း ကြားရတဲ့ညက အရက်တဝသောက်ပစ်လိုက်တယ်။ အဲ.. အဲဒီနေ့က အင်အယ်ဒီက ရွေးကောက်ပွဲမဝင်ဘူးလို့ ကြေညာတဲ့နေ့ပဲ။ ဘာဖြစ်လို့ မှတ်မိနေတာလဲဆိုတော့ အဲဒီညက အရက်ဆိုင်မှာ သူငယ်ချင်း သတင်းထောက်တချို့နဲ့ ပြန်တွေ့တယ်။ သူတို့က အင်အယ်ဒီကို ထောက်ခံတာလေ။ သူတို့တွေက ကြေကွဲပြီး သောက်ကြတာ။ ကျွန်တော်ကလည်း ကျွန်တော့်အကြောင်းနဲ့ ကျွန်တော် သူတို့နဲ့ ပေါင်းပြီး မူးအောင် သောက်ပစ်လိုက်တယ်။
အဲဒီအချိန်မှာ ရှင်က သတင်းထောက်မဟုတ်တော့ဘူးလား။
ခင်ဗျားမေးပုံက သိနေပြီးသားကြီးကို confirm လုပ်သလိုကြီး။ ဟုတ်တယ်. .နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အချိန်ပေးတာများတော့ သူတို့စည်းကမ်းနဲ့ မကိုက်လို့ဆိုပြီး ကျွန်တော် အလုပ်လုပ်တဲ့ သတင်းစာတိုက်က ကျွန်တော့်ကို အလုပ်ထုတ်ပစ်လိုက်တယ်။ အလုပ်ပြုတ်သွားလို့လဲ ခုနကပြောတဲ့ အဲဒီရုံးနားက မာဆတ်ကို မရောက်ဖြစ်၊ ကျွန်တော့်ကြောင့် ဆေးခန်းပြလိုက်ရတဲ့ ကောင်မလေးနဲ့လည်း မတွေ့ဖြစ်တော့တာ။ အခုလဲ ငွေဆောင်တို့ဘာတို့ သွားဖြစ်ရင် သူ့ကို သတိရပါတယ်။ ဒဂုံဧရာကားဝင်းကနေ စထွက်သွားပြီး နာရီဝက်လောက်နေရင် ဧရာဝတီတိုင်းမှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိတယ်လေ။ သူ့ရွာက အဲဒီနားမှာလို့ သူပြောဖူးတာ ကျွန်တော်မှတ်မိနေတယ်။

မိုးဆတ်
၂၀၁၉

22/04/2026

ညှင်းသဲ့သဲ့တေးသံ

ခင်ဗျား ကရုဏာတော်အကြောင်း ကဗျာတပုဒ် ရေးဖို့ လိုနေတာ ဖြစ်မယ်။

ကျိုးပဲ့နေတဲ့ အရာအားလုံး အမှန်တကယ် ကျိုးပဲ့သွားတဲ့အခါ
သေဆုံးနေသမျှ အရာအားလုံး အမှန်တကယ် သေဆုံးသွားတဲ့အခါ
သူရဲကောင်းက မှန်ထဲကို ကြည့်ပြီး သူ့ကိုယ်သူ အင်မတန် ရွံရှာမုန်းတီးနေတဲ့အခါ
သူရဲကောင်းမကလည်း သူမရဲ့ မျက်နှာနဲ့ အပြစ်အနာအဆာတွေကို
အညှာအတာမဲ့ ကြည့်ရှုပြီး သူတို့ရဲ့ ထက်သန်မှုအတွက်
အမှတ်အသားတခုအနေနဲ့ သူတို့ကိုယ်သူတို့ဆီကနေ
လွတ်မြောက်ခွင့်ပေးလိမ့်မယ်လို့ ထင်ခဲ့တဲ့ နာကျင်မှုဟာ
ဆန်းသစ်မှုတွေ ပျောက်ဆုံးသွားပြီး သူတို့ကို လွတ်မြောက်အောင် မစွမ်းဆောင်နိုင်တော့တဲ့အခါ
သူတို့ဟာ တခြားသူတွေရဲ့ နေ့စဉ်ဖြတ်သန်းမှု (အကြိုက်၊ အမုန်း၊ ဆင်ခြေ၊
အကျင့်နဲ့ အကြောက်တရား)တွေကို ကြင်ကြင်နာနာနဲ့ ခပ်ခွာခွာ စောင့်ကြည့်ရင်း
ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်ဟာ လူသားပန်းပွင့်တိုင်းမှာ ပါလာတဲ့
ပေါင်းပင်တပင်သာ ဖြစ်တယ်ဆိုတာ စတင်တွေးတောမိပြီး
ဒါကြောင့်လည်း သူတို့တသက်လုံး အဲဒါကို ကာကွယ်ဖို့ ဘာကြောင့်များ
ဒီလောက် ဒေါသတကြီး ကြိုးစားခဲ့ကြတာလဲဆိုတာကိုပါ နားလည်သွားတဲ့အခါ
ဆင်းရဲခြင်းနဲ့ တိတ်ဆိတ်ခြင်းအိုင်ထဲက စိတ်ကူးကြည့်ဖို့တောင် ခက်တဲ့ သူတော်စင်တချို့ကလွဲလို့
ဘယ်သူမှ ဒီကြမ်းတမ်းပြီး အလိုလိုကပ်ပါလာတဲ့ ဘဝအဖော်ဆီက ဘယ်တော့မှ
မလွတ်မြောက်နိုင်ဘူးဆိုတာ နားလည်သွားတဲ့အခါ ဖြစ်နိုင်တာကတော့ အဲဒီအချိန်ကျရင်
သူလိုကိုယ်လို အလင်းရောင်တခု၊ အရာခပ်သိမ်းရဲ့ အောက်က ညှင်းသဲ့သဲ့တေးသံ၊
ကရုဏာတော်လို ဝဲပျံနေတဲ့ အရာတခုဟာ ပေါ်ထွက်လာပါလိမ့်မယ်။

တခါက သူငယ်ချင်းတယောက် ပြောဖူးတဲ့ သူ့ကိုယ်သူ သတ်သေဖို့
ကြိုးစားခဲ့တဲ့အကြောင်း ဇာတ်လမ်းထဲကလို။ သူ့ရည်းစားက သူ့ကို ထားသွားတယ်။
နှလုံးသားထဲမှာ ပျားတွေ၊ အဲဒီနောက် ကင်းမြီးကောက်တွေ၊ လောက်တွေ၊ နောက်မှာတော့ ပြာတွေ။
သူဟာ တံတားရဲ့ ခုန်ချဖို့လုပ်ထားတဲ့ ဘောင်ပေါ်ကို တက်ခဲ့တယ်
ပင်လယ်အော်ဘက်ခြမ်း၊ ပြာလွင်ကြည်လင်တဲ့ မွန်းလွဲပိုင်းတခုမှာ။
အဲဒီ ဆားငန်လေထဲ ပင်လယ်စာဆိုတဲ့ စကားလုံးအကြောင်းကို သူ တွေးလိုက်မိတယ်
အဲဒီစကားလုံးမှာ မသိမသာနဲ့ ရယ်စရာကောင်းတာတခု ပါနေသလိုပဲ။
ဘယ်သူမှ ကုန်းစာလို့ မခေါ်ကြဘူး။ ကမ်းပါးယံကနေ သူဖမ်းခဲ့ဖူးတဲ့ တလက်လက် ငါးသက်တံတွေ
ကမ်းရိုးတန်းတလျှောက် ရေမှော်ပင်တွေကြားက မီးသွေးခဲလို နက်ပြောင်တဲ့ အကြေးခွံနဲ့
ကျောက်ငါးနက်တွေအတွက် အဲဒါက ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ သူတွေးမိတယ်။
ပြီးတော့မှ ဒီစကားလုံး ပေါ်လာရတဲ့ အကြောင်းရင်းဟာ ဂဏန်းတွေ၊ ကမာတွေ၊ ခရုတွေကြောင့်
ဖြစ်မယ်ဆိုတာ သူသဘောပေါက်သွားတယ်။ မဟုတ်ရင်တော့
စားသောက်ဆိုင်တွေက သူတို့ဆိုင်းဘုတ်မှာ "ငါး" လို့ပဲ ရေးကြမှာပေါ့။
သူ ပြန်နိုးလာတော့ တံတားဘောင်ပေါ်မှာ ကလေးတယောက်လို ခွေပြီး
နာရီပေါင်းများစွာ အိပ်ပျော်ခဲ့ပြီး နေကလည်း ဝင်နေပြီ။
သူ နေလို့ နည်းနည်းပိုကောင်းလာတယ်၊ ကြောက်လည်း ကြောက်နေတယ်။ ခေါင်းအုံးအဖြစ် သုံးခဲ့တဲ့
ဂျက်ကက်အင်္ကျီကို ဝတ်၊ လက်ရန်းပေါ် ဂရုတစိုက် ပြန်ကျော်တက်ပြီး
ဘယ်သူမှမရှိတဲ့ အိမ်ကို သူ ကားမောင်းပြန်ခဲ့တယ်။

တံခါးလက်ကိုင်မှာ သူမရဲ့ အဝါနုရောင် အတွင်းခံဘောင်းဘီ
ချိတ်ထားတယ်။ သူ အဲဒါကို စေ့စေ့ကြည့်မိတယ်။ အကြိမ်ကြိမ် လျှော်ဖွပ်ထားပုံရတယ်။
ခွဆုံနားက ညိုတိုတိုနီတီတီ အကွက်တခုက သူ့ကို စိတ်တိုစေ၊ ဝမ်းနဲစေသလို
ပျို့အန်ချင်စိတ်လည်း ဖြစ်စေတယ်။ သူမ ဘယ်မှာရှိနေမလဲဆိုတာ အနည်းနဲ့အများတော့
သူ သိတယ်။ ရပ်ရှန်းဟေးလ်ဘက်က တိုက်ခန်းတခုခုမှာပေါ့။
သူတို့ ချစ်တင်းနှောလို့ ပြီးခါစပဲ ရှိဦးမယ်။ သူမ မျက်လုံးအိမ်ထဲ
မျက်ရည်တွေနဲ့ ဟိုဘဲရဲ့ မေးရိုးကို ကြင်ကြင်နာနာ စမ်းကြည့်လိမ့်မယ်။ "ဘုရားရေ" လို့
သူမ ရေရွတ်မယ်၊ "ရှင်က ကျွန်မအပေါ် သိပ်ကောင်းတာပဲ"လို့ ပြောမယ်။ မှိတ်တုတ်မှိတ်တုတ် မီးလုံးတွေ
ဆိပ်ကမ်းနဲ့ ပင်လယ်အော်ဘက်ဆီမှာ မှိုင်းမှုန်နေတဲ့ မြင်ကွင်းတွေ။
"နင် ဝမ်းနည်းနေတာပဲ" လို့ ဟိုဘဲက ပြောလိမ့်မယ်။ "ဟုတ်တယ်"။ "နစ်ခ် အကြောင်း တွေးနေတာလား"
"အင်း" လို့ ပြောပြီး သူမ ငိုလိမ့်မယ်။ "ကျွန်မလည်း လုပ်ကြည့်နေတာပဲ" လို့ပြောတော့ သူမ ရှိုက်နေပြီ
"ကျွန်မ တကယ်ကို လုပ်ကြည့်နေတာ"။ ပြီးတော့ ဟိုဘဲက သူမကို ခဏလောက် ဖက်ထားလိမ့်မယ်
နံရံပေါ်မှာ သူ ကွင်းဆင်းတုန်းက ရခဲ့တဲ့ ဂွါတီမာလာ လက်ယက်ထည်တွေ
ပြီးတော့ သူတို့ နောက်တကြိမ် လိုးကြလိမ့်မယ်၊ သူမ နဲနဲ ထပ်ငိုမယ်
ပြီးရင် အိပ်ပျော်သွားလိမ့်မယ်။
သူကတော့... အဲဒီဇာတ်ကွက်ကို တကြိမ်၊ တကြိမ်ခွဲလောက် စိတ်ထဲမှာ
မြင်ယောင်ကြည့်မယ်။ အဲဒါကို အချိန်အတော်ကြာအောင် သယ်ဆောင်သွားရတော့မယ်လို့
သူ့ကိုယ်သူ ပြောလိမ့်မယ်။ အဲဒါကို သယ်ဆောင်သွားဖို့ကလွဲလို့
တခြားဘာမှ သူမတတ်နိုင်ဘူး။ သူ ဝရန်တာဘက် ထွက်လာပြီး
နွေရာသီရဲ့ အမှောင်ထုထဲက တောအုပ်ဆီ နားစွင့်မိတယ်။ အအေးပိုလာတာနဲ့အမျှ
မက်ဒရုန်းပင်အခေါက်တွေ ကွဲအက်ပြီး လိပ်တက်သွားတဲ့ အသံကိုပေါ့။

ဒီဟာက အဲဒီသူငယ်ချင်း ခင်ဗျားဘက် လှည့်ပြီး
"အဲဒီမှာ ငါ သိလိုက်ရတာ.." လို့ ပြောလာမယ့် ဇာတ်လမ်းမျိုး
တချို့အပိုင်းတွေကို ဘယ်သူမှ မယုံမယ့်ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။
ငါတွေးမိတာက လောကကြီးဟာ နာကျင်မှုတွေနဲ့ ပြည့်လွန်းနေလို့
တခါတလေ အဲဒီက တေးသံတမျိုး ထွက်လာတတ်တယ်ဆိုတာပဲ။
ပြီးတော့ အဲဒီလိုအစီအစဉ်တကျဖြစ်တာ အဆင်ပြေတယ်၊ တခုပြီးမှ တခုလာတာ အဆင်ပြေတယ်
ပထမဆုံး အတ္တ၊ နောက်တော့ နာကျင်မှု၊ နောက်တော့ တေးသံပေါ့။

-မိုးဆတ်
Rober Hass ရဲ့ faint musicကို မိုးဆတ်ပြန်ဆိုထားတာဖြစ်ပါတယ်။

မိုး ဆတ်

21/04/2026

ပျော်သလိုနေမယ်ဆို ပျော်ရဲ့လား - မိုးဆတ်

20/04/2026

သစ္စာပန်းများနှင့် ဝေးတမြေခြား

၁။
ဦးလေးဇံဆုံးတာ ငါလုံးဝမသိလိုက်ဘူး။ ဦးလေးဇံရဲ့ ဘောင်သွင်းဓာတ်ပုံကို ကြည့်ရင်း သူပြောလိုက်သည်။ ပုံက ဝါးတားတားဖြစ်နေသဖြင့် ဖုန်းနဲ့ရိုက်ထားသည့်ပုံကို ချဲ့ထားခြင်း ဖြစ်ပုံရသည်။ အင်းလာမယ့် သင်္ကြန်ဆို တစ်နှစ်ပြည့်ပြီလေလို့ နွယ်နီက ပြန်ပြောသည်။ ငါလည်း သူငယ်ချင်းထဲက ဘယ်သူမှ အကြောင်းမကြားဖြစ်ပေမယ့် သတင်းစာတော့ ထည့်သေးတယ်။ သင်္ကြန်တွင်းဆိုတော့ ဘယ်သူမှ သတိမထားမိကြတာလည်းဖြစ်မယ်။ အအေးတွေ သောက်ဦး။ ပုဂံကထုတ်တဲ့ဇီးဖျော်ရည်တဲ့။ ကောင်းလည်းကောင်းတယ်။ ဖျော်ရတာလည်း လွယ်တယ်။ ရေထည့်လိုက်ရုံပဲ။ သူကတော့ ဦးလေးဇံ ခြံထဲကတက်လာပြီး လက်အိတ်တွေချွတ်ပစ်ရင်း ဟေ့မောင်မင်းခိုင် ရောက်နေတာလားဟု လှမ်းနှုတ်ဆက်လိုက်ဦးမလားဟု ထင်နေမိသည်။

၂။
(က)
ဟဲ့ မင်းခိုင်က ခြင်ဆေးနံ့မခံနိုင်ဘူး.. သိမ်းသွားလိုက်။ နွယ်နီက သူ့အိမ်က အိမ်အကူမလေးကို ပြောလိုက်သည့် စကားတစ်ခွန်းက သူနဲ့နွယ်နီရဲ့ ဆက်ဆံရေးကို ပြောင်းလဲသွားစေခဲ့သည်။ အရင်တုံးကတော့ သူ့ဘက်က နွယ်နီအပေါ် ဘာသိဘာသာပင်။ ကျောင်းကား တူတူစီးသည်။ လက်ဘက်ရည်ဆိုင်တူတူထိုင်သည်။ တခါတလေ ဒရောဝင်ချိန်မှာ ပုံကူဆွဲပေးသည်။ တကယ်တမ်းက အဲဒီနေ့မှလည်း နွယ်နီ့အိမ်ကို ပထမဆုံး ရောက်ဖူးတာ။ သူခြင်ဆေးနံ့မခံနိုင်တာ နွယ်နီဘယ်လိုသိနေသလဲသူစဉ်းစားလို့မရ။
နွယ်နီတို့အိမ်က မြို့ရဲ့ အရေးပိုင်ကုန်းဟူခေါ်သည့် ရပ်ကွက်ဘက်မှာရှိသည်။ အင်္ဂလိပ်တွေ သိမ်းထားစဉ်တုံးက အရေးပိုင်တွေ နေသည့်နေရာဖြစ်ခဲ့လိမ့်မည်။ ခြံစည်းရိုးမြင့်မြင့်ကာရံထားသော ခေါင်မိုးစောက်စောက်နှင့် အုတ်တိုက်နီနီတွေ။ နောက်ပိုင်းကျတော့ သူတို့သူငယ်ချင်းတွေလည်း ခြံထဲမှာခုံတွေချပြီး လွတ်လွတ်လပ်လပ် စာလုပ်လို့ရသည့် နွယ်နီတို့ခြံထဲ အရောက်အပေါက် စိပ်လာကြသည်။ နွယ်နီက သူ့အမေနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးသည်။ သူကတော့ မြင်လိုက်သည်နှင့် တန်းမှတ်မိသည်။ သူကလေးဘဝထဲက ပြနေကျ ဆရာဝန်မကြီး။ ကျွန်တော် မင်းခိုင်ပါ..ဦးစိုးမြင့်သားပါလို့ မိတ်ဆက်လိုက်တာနဲ့ ဆရာမကြီးက မှတ်မိနေသည်။ မင်းငယ်ငယ်က အန်တီ့ဆေးခန်းကို လာနေကြပဲ။ တခါသား မင်းကို ဒီနေ့ ဆေးမထိုးရတော့ဘူးပြောလို့ မင်းအဖေ လုံချည်ကို ဆွဲချွတ်လိုက်တာလေဟု တန်းပြောသည်။ ပေါ့ပေါ့ပါးပါးနေတတ်သည့် ဆရာမကြီးနဲ့ နွယ်နီ့သူငယ်ချင်းတွေအားလုံး လွယ်လွယ်ပင် အဖွဲ့ကျသွားကြသည်။
နွယ်နီ့အဖေ ဦးလေးဇံကတော့ အပြင်သွားနေသည်က များသည်။ အိမ်ပြန်ရောက်လာလျှင်လည်း သူ့စာဖတ်ခန်းထဲက တန်းဝင်ရင်ဝင် ဒါမှမဟုတ် ခြံထဲဆင်းပြီး သူ့ပန်းပင်တွေနဲ့ တကုပ်ကုပ် အလုပ်ရှုပ်နေတတ်သည်။ ဆရာမကြီးလို သူတို့တွေကိုလည်း အရောတဝင်မလုပ်။ တွေ့ရင် ပြုံးပြ ခေါင်းဆတ်ပြရုံပဲ။
(ခ)
တစ်နေ့တော့ ဆရာမကြီးရဲ့ ခွင့်ပြုချက်နဲ့ စာဖတ်ခန်းထဲ ဒစ်ရှင်နရီဝင်ယူရာက ဦးလေးဇံရဲ့ စာအုပ်တွေကို သူလျှောက်ကြည့်မိသည်။ သူတို့မြို့လို စာအုပ်ကောင်းကောင်း အရောက်အပေါက်နည်းသည့်နေရာမှာ အဘိုးကြီးရဲ့ စာအုပ်စင်က သူ့အတွက်တော့ မင်သက်မိစရာ။ ပုဂံစာအုပ်တိုက်ထုတ်စာအုပ်တွေကို စင်တစင်ဖြင့် သပ်သပ်စီထားသည်။ ရှုမဝ​တေချည်းက တစင်။ တချို့စာအုပ်​တွေကို သူမမြင်ဖူး။ တချို့ဆိုလျှင် ကြားပင်မကြားဖူးသည့် စာအုပ်တွေ။ ငယ်ငယ်တည်းက ကြားဖူးနေသည့် စစ်နှင့် ငြိမ်းချမ်းရေးကို ဒီမှာ လာတွေ့ရသည်။ တောခိုရင်း တောတွင်းတစ်နေရာမှာ သေဆုံးသွားသည်ဟု သူကြားဖူးသည့် နိုင်ဝင်းဆွေရဲ့ စာအုပ်တွေကို တွေ့ရတော့ သူဘယ်လိုမှ မနေနိုင်တော့။ နွယ်နီကို အကူအညီတောင်းပြီး အဘိုးကြီး ပြန်လာတော့ စာအုပ်ငှားပေးဖို့ တောင်းပန်ရသည်။ အဘိုးကြီးက အေးအေးဆေးဆေးပင် ငှားပေးလိုက်သည်။ ဟား ဟား..မင်းတို့အရွယ်ထဲမှာ ဒီလိုစာအုပ်တွေ စိတ်ဝင်စားတဲ့သူရှိသေးတာ ငါအံ့သြတယ်ဟေ့ဟုပင် ပြောလိုက်သည်။ မင်းသူငယ်ချင်းဆို ဒီထဲ ယောင်လို့တောင် ဝင်တာမဟုတ်ဘူးတဲ့။
နောက်ပိုင်း ဦးလေးဇံဆီက သူစာအုပ်မှန်မှန်ငှားဖတ်ဖြစ်သည်။ အထူးသဖြင့်ကတော့ ဘာသာပြန်စာအုပ်တွေ.. မောင်ထွန်းသူရဲ့ ဇာစ်မြစ်၊ နတ်နွယ်ရဲ့မိုဘီဒစ် ၊ နောက်မောင်မိုးသူရဲ့ နိုင်ငံတစ်ခု မွေးဖွားခြင်း။
နွယ်နီကလည်း သူ့အဖေရဲ့ ရွှေအိုရောင် ဟွန်ဒါဆိုင်ကယ်လေးကို မောင်းပြီး မြို့စွန်ရှိ သူ့အိမ်သို့ အလည်ရောက်လာတတ်သည်။ တစ်ရက်တော့ သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့ ဦးလေးဇံမှာထားသည့် သစ်ခွပန်းသွားယူစဉ် တောင်ပေါ်လမ်းကလေးမှာ ဆိုင်ကယ်ချိန်းကျသွားသည်။ ဆိုင်ကယ်ချိန်းပြန်ပြင်နေစဉ် မိုးကရွာလာသည်။ ဆိုင်ကယ်ချိန်းကို ပြန်တပ်ဖို့လုပ်နေရင်း ဖြတ်ခနဲလှမ်းကြည့်လိုက်တော့ တစ်ဘက်ကို လှမ်းကြည့်မိ​တော့ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ မျက်ဝန်းအစုံ။ မိုးတွေ သည်းသထက်သည်းလာ​နေတာ သူတို့နှစ်​ယောက် ​မေ့သွား​တော့သည်။
(ဂ)
နွယ်နီနဲ့ သူ သူငယ်ချင်းဘဝကနေ နောက်တဆင့်တက်တော့လည်း ဦးလေးဇံနဲ့ သူနဲ့ ဆက်ဆံရေးက မပြောင်း။ သူလည်း တဖြည်းဖြည်းနဲ့ ကျော်အောင်ရဲ့ တောရိုင်းမြေလို မောင်မောင်ကြီးရဲ့ ဘုံရိပ်သာလိုစာအုပ်မျိုးတွေသူစိတ်မဝင်စားတော့။ ထင်လင်းရဲ့ စည်းအပြင်ကလူ၊ မောင်ထွန်းသူရဲ့ မြိုင်ခေမာ၊ မြသန်းတင့်ရဲ့ လေလွင့်သူအဲဒီဘက်တွေ ရောက်လာသည်။
သူနဲ့ နွယ်နီကတော့ ရုပ်ပိုင်းအရ ပိုမိုနီးကပ်လာကြပြီး စိတ်ပိုင်းအရ ပိုမိုဝေးကွာလာသည်။ နွယ်နီက ရန်ကုန်ပြောင်းပြီး စီးပွားရေးလုပ်ဖို့ စိတ်ကူးထားတာတွေ သူ့ကို ပြောပြသည်။ သူကတော့ ရှေ့ရေးနောက်ရေးတွေ အဲဒီလောက်ကြီး စဉ်းစားထားတာ ဘာမှမရှိ။ ဆိုင်ကယ်ချိန်းကျတဲ့​နေ့က​နေပြီး ​ခြောက်လ​လောက်အကြာမှာ လမ်းခွဲကြဖို့ နွယ်နီက ​ပြောလာသည်။
နွယ်နီနှင့်ပြတ်သည့်နေ့က သူ အရက်တွေဘာတွေလဲမသောက်မိ။ ပန်းခြံထဲသွားပြိး မြင်းခြားကြီးလည်တာသာ ထိုင်ကြည့်နေလိုက်သည်။ ​လေလွင့်သူထဲက ဟိုလ်ဒင်ကောလ်ဖီးလိုပေါ့။
(ဃ)
သိပ်မကြာခင်ပဲ နွယ်နီတို့သားအမိ ရှေ့ဆင့်နောက်ဆင့် ရန်ကုန်သို့ ပြောင်းသွားကြသည်။ အရင်ဆုံး နွယ်နီက ကျောင်းတွေ ပြန်မဖွင့်သေးတဲ့အတူတူ အမဝမ်းကွဲတစ်ယောက်နဲ့ မင်္ဂလာဈေးမှာ ဆိုင်ဖွင့်မည်ဆိုပြီး ရန်ကုန်တက်သွားသည်။ လေးငါးလနေတော့ အဘွားကြီးက သူ့သမီးနဲ့ အဖော်လိုက်နေမှရမည်ဆိုပြီး ဆေးခန်းလေးပါပိတ်ကာ ရန်ကုန်လိုက်ချသွားသည်။ သူကတော့ မြို့မှာ ဒီအတိုင်း ယောင်ချာချာပင်။ ကျောင်းပြန်ဖွင့်မှာကိုပဲ စောင့်နေသလိုလို။ ကလေးတွေကိုပဲ စာပြနေသလိုလို။ အချိန်အများစုကတော့ လက်ဘက်ရည်ဆိုင်မှာပင်။
ဦးလေးဇံဆီတော့ သူမှန်မှန်ရောက်ဖြစ်သည်။ နွယ်နီ့သတင်းကိုလည်း အဘိုးကြီးဆီက ကြားရတတ်သည်။ နွယ်နီတို့ ဆိုင်က အရမ်းအဆင်ပြေနေသည်။ တစ်နှစ်စွန်းစွန်းအတွင်း ယုဇနပလာဇာမှာ ဆိုင်ခွဲတစ်ခု ထပ်ဖွင့်သည်။ တခါတော့ ခြံထဲမှာ အုံးသီးတွေ ဓားချိတ်နဲ့ ချိတ်ချရင်း လက်ကိုထိမိပြီး ဦးလေးဇံ လက်ကျိုးသွားသည်။ အဲဒီမှာ နွယ်နီတို့ သားအမိနှစ်ယောက်လုံး ပြန်လာပြီး အဘိုးကြီးကို ရန်ကုန်လိုက်လာဖို့ ခေါ်သည်။ အဘိုးကြီးက ခါးခါးသီးသီး ငြင်းလွှတ်လိုက်သည်။ နွယ်နီက တစ်ပတ်လောက်နေတော့ ပြန်သွားပြီး ဦးလေးဇံကျောက်ပတ်တီးဖြေပြီး နောက်တစ်နေ့ဆိုသလို ဆရာမကြီးလည်း ရန်ကုန်ပြန်တက်သွားသည်။
သူကတော့ စာအုပ်တစ်အုပ် ခါးထိုးရင်းလက်ဘက်ရည်ဆိုင်ထိုင်လိုက် ဦးလေးဇံဆီသွားပြီး ချက်စ်ကစားလိုက်နဲ့ အချိန်များကို ဖာသိဖာသာ ဖြတ်သန်းနေသည်။ တခါတလေ အဘိုးကြီးအိမ်မှာ တိုလီမုတ်စတွေ သူလုပ်ပေးသည်။ အဲကွန်းလေစစ်ဆေးတာမျိုးတို့ ရေပိုက်ဖာတာမျိုးတို့ပေါ့။ ဒီလိုနဲ့ နှစ်နှစ်ကနေ သုံးနှစ်နားနီးလာသည်။ ကျောင်းတွေပြန်ဖွင့်မည့် အရိပ်အယောင်လည်း မမြင်ရ။ သူ့လိုပင် ယောင်နေသည့် သူငယ်ချင်းတစ်ချို့ သင်္ဘောတက်သည်ကောင်တက် မလေးရှားထွက်သည့်ကောင်ထွက်ကုန်ကြပြီ။
(င)
တခါသားတော့ ဦးလေးဇံ ရေချိုးခန်းထဲမှာ ချော်လဲသည်။ သတိပါ လစ်သွားသည်။ ခြံရှင်းတဲ့အလုပ်သမားက အသံကြားပြီး ဝင်ကြည့်မိလို့ တော်သေးသည်။ နွယ်နီတို့ သားအမိ ချက်ခြင်း ရောက်ချလာသည်။ အဘိုးကြီး နဲနဲ သက်သာသည်နှင့် သူတို့ တင်သည့် ခေါင်းစဉ်က ရန်ကုန်လိုက်နေရေးဖြစ်သည်။ ဒီတခါတော့ ဦးလေးဇံ ငြင်းလို့မရတော့။
တော်တော်ကြာသည်အထိ နွယ်နီတို့ခြံကိုလည်း သူပဲ ကြည့်ထား​ပေးရသည်။ သစ္စာပန်းတွေ ရောင်းရသည့် ပိုက်ဆံက ခြံထိန်းသိမ်း​ရေးစရိတ်​တော့ ကောင်းကောင်းကာမိသည်။
တခါသား သူရန်ကုန်ရောက်ဖြစ်တော့ နွယ်နီတို့ဆီဝင်သည်။ နွယ်နီတို့ဆီ ဝင်သည်ဆိုသော်လည်း အိမ်မှာ သားအမိနှစ်ယောက်လုံး မရှိကြ။ ဦးလေးဇံနဲ့ပဲ စကားတစ်နာရီလောက် ပြောဖြစ်သည်။ တစ်နာရီအတွင်း အဘိုးကြီး ဆယ်ခွန်းထက်မနည်း ပြောတာကတော့ သူ့ခြံထဲမှာ သူပြန်နေချင်သည့်အကြောင်းပင်။ မိန်းမနှင့် သမီးက လုံး၀ ပြန်မလွှတ်ဘူးလို့ ညဉ်းသည်။
နောက်တခေါက် ရန်ကုန်ထပ်အရောက် နွယ်နီတို့ဆီ ဝင်ချသွားတော့ ဈေးပိတ်ရက်မို့ မိသားစု စုံစုံညီညီ တွေ့ရသည်။ ဦးလေးဇံကတော့ သူ့ကို တွေ့သည်နှင့် ခြံထဲမှာ ပြန်နေရေး စကားကို ပြန်စသေးသည်။ သားအမိနှစ်ယောက်လုံးကလည်း ပြတ်ပြတ်သားသား ငြင်းကြသည်။ သူတို့ဘက်က အကြောင်းပြချက်ကလည်း ခိုင်လုံသည်။ အဘိုးကြီး ချော်လဲတဲ့အကြောင်းကို ပြန်ကောက်သည်။ အဘိုးကြီး ချော်လဲတာ ခေါင်းထဲမိုက်ခနဲဖြစ်ပြီး လဲခြင်းဖြစ်သည်။ ဦးလေးဇံမှာ သွေးတိုးရှိနေပြီ။ နှလုံးသွေးကြောတွေက သိမကောင်းတော့။ တစ်ခုခု အရေးရယ်အကြောင်းရယ်ဆို အဲဒါမျိုးကို ကုနိုင်တာက ရန်ကုန်မှာပဲရှိသည်။
(စ)
သိပ်မကြာခင် သူလည်းမြို့ကလေးကို စွန့်ခွာရဖို့ အကြောင်းဖန်လာသည်။ နှစ်ကာလအတန်ကြာ အားလုံးနဲ့ ကင်းကွာနေပြီးမှ တစ်ရက် နွယ်နီတို့ ရန်ကုန်အိမ်သို့ သူရောက်သွားသည်။ လူခေါ်ခေါင်းလောင်းကို သူတီးလိုက်သည်။ အထဲက ခြေထောက် ရှပ်တိုက်လာသံကို ကြားရသည်။ တံခါးက ချက်ခြင်း မပွင့်လာသေး။ ချောင်းကြည့်ပေါက်မှ ကြည့်နေပုံရသည်။ နောက်တော့မှ တံခါးပွင့်လာသည်။ အထဲမှ လူကြီးက သံဘာဂျာတံခါးကို ဖြတ်လ ျှက် သူ့ကိုအတန်ကြာ စိုက်ကြည့်နေသည်။ နောက်တော့မှ အိမ်ထဲဘက်လှည့်ပြီး လှမ်းအော်သည်။ မသင်းရေ..မောင်မင်းခိုင်ဟေ့ဟု အထဲကို လှမ်းခေါ်သည်။
သူထိုင်ပင်မထိုင်ရသေးခင် မင်းမရှိတဲ့ နောက်ပိုင်း ငါ့သစ္စာပန်းတွေလည်း ကုန်တာပဲတဲ့ဟေ့ဟု ဆိုသည်။ ဆရာမကြီးက ထူးထူးခြားခြား ပြောင်းလဲပုံမပြသော်လည်း မတွေ့ရသည့် နှစ်အချို့အတွင်း ဦးလေးဇံမှာ ရုပ်တော်တော်ကျသွားသည်။ ဆရာမကြီးကလည်း မင်းဦးလေး တရှောင်ရှောင်နဲ့ တစ်နှစ်လောက်ရှိနေပြီဟု ပြောသည်။ ဦးလေးဇံက ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေရရင် ငါ အသက်ရှည်ရှည်နေရဦးမှာ။ ဒီမှာက ဘာမှလည်းလုပ်စရာမရှိ ဘယ်မှလည်း သွားစရာမရှိနဲ့ဟု တိုက်ခန်းကို လက်ဝှေ့ယမ်းပြရင်းပြောသည်။ သူအဝေးကို ရောက်နေခဲ့ရသည့် နှစ်တွေအကြောင်း စကားမစမိအောင် သတိထားနေကြရသဖြင့် စကားဝိုင်းက အေးစက်စက်ဖြစ်နေသည်။ သူပြန်ခါနီး ဦးလေးဇံနဲ့ ချက်စ်လာထိုးဦးမည်ပြောခဲ့သည်။ သို့သော် ဦးလေးဇံတို့ဆီ သူထပ်မရောက်ဖြစ်ပြန်။

၃။
စာအုပ်စင်တွေကို ပြန်လိုက်ကြည့်မိတော့ ဦးလေးဇံဆီက သူနောက်ဆုံး ငှားဖတ်ခဲ့သည့် စစ်ကိုင်ဦးဘိုးသင်းအထုပ္ပတ္တိစာအုပ်ကို သူပြန်ထား​ပေးခဲ့တဲ့နေရာမှာပဲ တွေ့ရသည်။ စာအုပ်တွေက အရာမယွင်း။ ဒါပေမဲ့ လူသူလေးပါးနဲ့ နှစ်ချီပြီး ကင်းကွာနေတာ။ အတွင်းမှာ ပျက်စီးဆွေးရိနေတာတွေလည်း ရှိနိုင်သည်။ မဖွင့်ရသေးသော ကတ်ပုံးများကို ခွကျော်ပြီး စာအုပ်တွေကို သူလိုက်ကြည့်နေမိသည်။ ငါတို့လည်းပစ္စည်းတွေ​တောင် အခုထိ နေရာချလို့ မပြီးသေးဘူး။ ဆရာမကြီးဆီက အသံထွက်လာသည်။ ဟုတ်တော့ဟုတ်သည်။ ဆယ်စုနှစ်တစ်ခုကျော် ဝေးတမြေခြားမှာ စုဆောင်းလာသည့် အသုံးအဆောင် ပရိဘောဂတွေက တစ်နှစ်လောက် အချိန်ယူနေရချမှရမည် ထင်သည်။
မီးဖိုးခန်းဖက် သူ​လျှောက်လာ​တော့ နွယ်နီက ခြင်းတောင်းထဲက သစ္စာပန်းတွေထုတ်​နေသည်။ ပန်းအိုးထိုးနေရင်း သူ့ကိုစကား​​တွေပြော​နေသည်။ ဖေဖေက အိပ်ယာပေါ်မှာ လေးနှစ်လောက်နေလိုက်ရတယ်။ ငါရော မေမေပါ လူပန်း စိတ်ပန်းပေါ့ဟာ။ ဆိုင်တွေလည်း လုံးဝကို လှည့်မကြည့်နိုင်တော့တဲ့အထိပဲဲ။ သူများနဲ့ပဲ ပစ်ထားရင်း မနိုင်​တော့တာနဲ့ တဆိုင်ပြီးတဆိုင်​ရောင်းပစ်ရတယ်။ ဖေဖေဆုံးပြီး လေးငါးလလောက်အတွင်း သားအမိနှစ်ယောက် တိုင်ပင်မိကြတယ်။ ဖေဖေ့ကျန်းမာ​ရေးကိစလည်း မရှိတော့ဘူးဆိုတော့ ငါတို့ ရန်ကုန်မှာ ဆက်နေစရာ တခြားအကြောင်းလည်း မမြင်တော့ဘူး။ အဲဒါနဲ့ ခြံထဲမှာပဲ ပြန်နေကြမယ်ဆိုပြီး ပြန်လာကြတာပဲ။ နွယ်နီကပန်းအိုးကို လက်စသတ်ပြီး စားပွဲ​ပေါ်လှမ်းတင်လိုက်သည်။

-မိုးဆတ်

(​ခေါင်းစီးအတွက် ​တော​ကျောင်းဆရာကို ခရက်ဒစ်​ပေးပါတယ်)

အဆိုးဆုံးနှစ်ကျွန်တော့်အဖေဆီမှာ ထူးထူးဆန်းဆန်း ပစ္စည်းတစ်ခု ရှိပါတယ်။ အဲဒါက "ကမာမှတ်တမ်းစာအုပ်" (Oyster Diary) လေးတစ်ခုပ...
17/04/2026

အဆိုးဆုံးနှစ်
ကျွန်တော့်အဖေဆီမှာ ထူးထူးဆန်းဆန်း ပစ္စည်းတစ်ခု ရှိပါတယ်။ အဲဒါက "ကမာမှတ်တမ်းစာအုပ်" (Oyster Diary) လေးတစ်ခုပါ။ မြို့ထဲက သူ့ရုံးခန်းနဲ့ မျက်စောင်းထိုးမှာရှိတဲ့ 'ကမာပုလဲ' ဆိုတဲ့ စားသောက်ဆိုင်မှာ သူစားခဲ့တဲ့ ကမာတွေကို အဆင့်သတ်မှတ်ချက် ပေးထားတာဖြစ်ပါတယ်။ သူက အဲဒီဆိုင်မှာ နေ့တိုင်း နေ့လယ်စာ စားလေ့ရှိပါတယ်။

ဒီမှတ်တမ်းကို ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ပြီး၊ သူ့ဘဝရဲ့ အဆိုးဆုံးနှစ်လို့ သူပြောခဲ့တဲ့ အချိန်ကာလကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ သက်သေတစ်ခုဆိုတာ ထင်ရှားပါတယ်။ မှတ်တမ်းတစ်ခုစီကို ရက်စွဲနဲ့ စတင်ထားပြီး၊ အောက်မှာတော့ သေးငယ်လွန်းတဲ့ လက်ရေးနဲ့ တိုတိုတုတ်တုတ် ဖော်ပြချက်တွေ ရေးထားပါတယ်။ ရူးသွပ်နေတဲ့သူတစ်ယောက်ရဲ့ လုပ်ရပ်လိုပါပဲ။
• စက်တင်ဘာ ၂ – ဆိုးရွားတယ်
• စက်တင်ဘာ ၄ – ဆိုးမြဲဆိုးဆဲ
• စက်တင်ဘာ ၅ – အတော်လေး ညံ့တယ်
• စက်တင်ဘာ ၇ – မကောင်းဘူး
• စက်တင်ဘာ ၁၀ – အတော်လေး ညံ့တယ်
• စက်တင်ဘာ ၁၂ – သိပ်ကောင်းတယ်
• စက်တင်ဘာ ၁၃ – စိတ်ပျက်စရာပဲ
• စက်တင်ဘာ ၁၇ – ထူးထူးခြားခြား ကောင်းတယ်
• စက်တင်ဘာ ၁၈ – အလွန်ညံ့တယ်
• စက်တင်ဘာ ၁၉ – တော်ရုံပဲ
• စက်တင်ဘာ ၂၀ – အံ့သြစရာကောင်းတယ်
• စက်တင်ဘာ ၂၁ – လုံးဝ အရသာမရှိဘူး
• စက်တင်ဘာ ၂၂ – ကြည့်လို့တော့ ကောင်းတယ် ဒါပေမဲ့ ပေါ့ရွှတ်ရွှတ်နဲ့
• စက်တင်ဘာ ၂၈ – အရမ်းကောင်းတယ်
• စက်တင်ဘာ ၂၉ – သိပ်မဟန်ဘူး
• စက်တင်ဘာ ၃၀ – အရမ်းညံ့တယ်
• အောက်တိုဘာ ၁ – ပုံမှန်ထက်ပိုကောင်းတယ်
• အောက်တိုဘာ ၃ – မရသေးဘူး
• အောက်တိုဘာ ၅ – ဘယ်တုန်းကမှ မရဘူး
• အောက်တိုဘာ ၆ – အဆင်သင့် မဖြစ်သေးဘူး
• အောက်တိုဘာ ၇ – နောက်ဆုံးတော့ ပြန်ရပြီ!
• အောက်တိုဘာ ၈ – ပိုတောင် ကောင်းလာသေးတယ်
• အောက်တိုဘာ ၉ – အရမ်းကောင်းတုံးပဲ
• အောက်တိုဘာ ၁၀ – အလွန်ကောင်း
• အောက်တိုဘာ ၁၁ – နည်းနည်း ပြန်ကျသွားတယ်
• အောက်တိုဘာ ၁၃ – ပေါ့ပျက်ပျက်ပဲ
• အောက်တိုဘာ ၁၄ – အမြင်လှတယ်၊ အရသာမရှိဘူး
• အောက်တိုဘာ ၁၅ – အံ့သြလောက်အောင် ကောင်း
• အောက်တိုဘာ ၁၆ – မယုံနိုင်လောက်အောင် ကောင်း
• အောက်တိုဘာ ၁၇ – ထပ်မစားဖို့ သတိပေးလိုက်သလိုပဲ
ဒီလိုမျိုးနဲ့ပဲ အနှစ်နှစ်ဆယ်ကြာအောင် အဆက်မပြတ် ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

Nancy Lemann ရဲ့ The Oyster Diaries ကို မိုးဆတ် ဘာသာပြန်ထားတာဖြစ်ပါတယ်။

အပြည့်အစုံကို Paris Review ရဲ့ ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

When I learned of his transgression I threw myself into Dante and Shakespeare, seeking to understand the world that I had failed to see.

09/04/2026

Bad Taxidermy (2026)
၁၀။ ငါလည်း ပျင်းပျင်းရှိတာနဲ့ သတင်းစာပို့တဲ့ ကျောက်ဆည်ဆင်ရုပ်ကိုပဲ စောင့်နေလိုက်တယ်။ ငါတို့အကြား နှစ်ကာလတွေ များခဲ့ပေမဲ့ သူနဲ့ငါ ခုထိ မသိကျွမ်း။ တခါတလေ တံခါးအနားမှာ ငါရှိနေရင် သူက မမြင်ယောင်ဆောင်သွားတယ်။ တနေရာက ကွယ်ပီး ကြည့်နေရင်တော့ ကျောက်ဆည်ဆင်ဟာ ငါ့ခြံဖက် အကြာကြီး ရပ်ကြည့်နေတာ တွေ့ရပြန်ရော။ ဒီနေ့တော့ ဆင်ရုပ်အလာနောက်ကျတဲ့နေ့။ ငါလဲ သူ့ကိုစောင့်နေရင်း Jim Jarmusch ရုပ်ရှင်ထဲက လူသတ်သမားလို အက်ပရက်ဆို၂ခွက် သောက်လိုက်တယ်။ ကော်ဖီ၂ခွက်ကြားမှာ ငါလုပ်ကြံဖန်တီးရေးသားခဲ့တဲ့ ဇာတ်လမ်းတပုဒ်ကို ငါပြန်အိပ်မက်တယ်။ ငါ့တယောက်ထဲကိုပဲ စားချင်တဲ့ကျားက ၃၇ လမ်းထဲမှာ ငါ့ကိုလိုက်လံချောင်းမြောင်းနေခဲ့တယ်။ အဲဒါက အိပ်မက်ထဲမှာ ဖြစ်ပီး ဝတ္ထုရေးတုံးက ကျားနေရာမှာ ခြင်္သေ့လို့ ငါရေးခဲ့တယ်။ နှစ်ခုလုံးမှာ ကုန်သည်လမ်းပေါ်တက်ပြီး ငါလွတ်မြောက်သွားတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ အိပ်မက်ကနိုးလာတော့ ဝတ္ထုကို "အထူးမနက်ခင်းတခုအား သာမန်မနက်ခင်းအဖြစ် ပြုပြင်ပြောင်းလဲခြင်း"လို့ နံမည်ပေးလိုက်တယ်။ ကော်ဖီ နောက်တခွက်ကုန်တော့ သတင်းစာရောက်နေပီ။အိပ်မက်မက်နေတုံး ဒါမှမဟုတ် ကော်ဖီသောက်နေတုံး ကျောက်ဆည်ဆင်လာသွားတာ ငါမသိ။သတင်းစာ‌ရှေ့ဖုံးမှာ ၁၀ ဂဏန်းနဲ့ ဓာတ်မတည့်တဲ့ လူတယောက် အကြောင်းဖတ်ရတယ်။ အဲဒီလူရဲ့ လက်ချောင်းခြေချောင်းလေးတွေ တချောင်းစီ ဖြတ်ထားရတဲ့ပုံကို ကြည့်နေတုံး ဖုန်းက alarm မြည်လာတယ်။ မနှစ်က တွေေ့ထားတဲ့ မှိုကျင်းကို ပြန်သွားနှုတ်ဖို့ အချိန်ရောက်ပြီလို့ Google calendar က သတိပေးနေတယ်။ မှိုကျင်းဆီကို ငါ လျှို့လျှို့ဝှက်ဝှက် ထွက်ခဲ့တယ်။ sleepwalking ခနခနလုပ်တဲ့ ခေါင်းရင်းခြံက ဘဲနဲ့ လမ်းမှာတွေ့တယ်။ သူနိုးမှန်းမသိ မနိုးမှန်းမသိမို့ ငါနှုတ်မဆက်ကြည့်လိုက်ဘူး။ တောထဲမှာ ကျားနဲ့သွားပြန်ဆုံတယ်။ ငါ့ကို ကျောက်ဆည်ဆင်ကယ်ဖို့ လာနေပြီလို့ ပြောလိုက်တော့ ကျားထွက်သွားတယ်။ နောက်အိပ်မက်တခုကို သူစောင့်ဆိုင်းလိမ့်မယ်။ အိပ်မက်တခုတိုင်းဟာ အခွင့်အရေးတခုပဲ။ လေ့လာမှတ်သားထားရင် ကြားထဲမှာ အမှားတွေကို ပြင်ဆင်လို့ရတယ်။

-မိုးဆတ်

ที่อยู่

34/3 Ratchamankha Road
Chiang Mai
50200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Books4Booze - Online Bookstoreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์