24/03/2025
"အမကို ရင်ဖွင့်လို့ရလား''
"ပြောလေ ညီမလေး...''
"ယောကျ်ားလေးတစ်ယောက်က ကိုယ့်အပေါ် ချစ် မချစ် ဘယ်လိုသိနိုင်လဲ''
"အင်း... အမှန်တော့ အမလည်း မသိဘူး.. ခံယူချက် အမျိုးမျိုး ၊ အဓိပ္ပာယ် အမျိုးမျိုးရှိကြတယ် ညီမလေး ပြောပြကြည့်လေ.. အမ သိသလောက်ပြန်ပြောပါ့မယ်''
"ဟုတ်ကဲ့ မ..''
"သူက ညီမလေးထက် ၄ နှစ်ကြီးပါတယ် ။ ဒါပေမယ့် ညီမလေးကပဲ အလျော့ပေးရတယ် ။ ပြီးတော့ သူက စိတ်မရှည်တတ်ဘူး မ ။ သူ့အရင်ကောင်မလေးက ညီမလေး ထက် အစစအရာရာ အကုန်သာတယ် ။ အဲ့ဒီကောင်မလေးကို အခုထိ ခခယယ စကားသွားပြောတုန်းပဲ ။ ဟိုဘက်ကတော့ အသိအမှတ် မပြုပါဘူး ။ ပြန်လည်းမပြောဘူး ။ နောက် သူ့ကို ဘလော့သွားတယ် ''
"ညီမလေး ဘယ်လိုသိတာလဲ.. သူပြောတာလား..''
" မဟုတ်ပါဘူး မမ.. သူ့ဖုန်းကို ယူကြည့်တာ.. သူက သူ့ဖုန်းကို ကိုင်တာ မကြိုက်ဘူးတဲ့.. အခုတော့ မယူကြည့်တော့ဘူး .. သူက အသဲကွဲခဲ့တာပါ.. အရင်ကောင်မလေးတွေတုန်းက သူ့ကိုပဲ ထားခဲ့ကြတာ.. သူက အမြဲတမ်း ကျန်ခဲ့ရတာ..''
"သြော်.. ဆက်ပါအုံး..''
" သူ့ကို နားမလည်နိုင်တော့လို့ပါ မမရယ်.. တခါကလည်း သူ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲ ညီမကိုခေါ်တယ် ။ ညီမကို လာမကြိုဘူး ။ ကိုယ့်ဟာကို လာခဲ့တဲ့ ။ အဲ့ဒီနေ့က နေအရမ်းပူတော့ လမ်းလျှောက်ခဲ့ရတာမို့ ချွေးတွေထွက်တယ် မမရယ်.. ဝတ်သွားတဲ့ အင်္ကျီ ဂျိုင်းမှာချွေးကွက်လေးဖြစ်နေတော့ .အဲ့ဒါ ဘာလို့ အဲ့လောက်ချွေးထွက်တာလဲ.. ရှက်စရာကြီး တဲ့ ။ ညီမလေး အငွေ့ပျံပြီး သေချင်စိတ်ဖြစ်သွားတယ်.. ဒါပေမယ့် သူ့သူငယ်ချင်းတွေရှေ့မှာ မျက်နှာ မပျက်အောင်ထိန်းခဲ့ပါတယ်.. နောက်တခါက မုန့်သွားစားရအောင် လာခဲ့လို့ ပြောလို့ သွားတာ မမ.. အဲ့ဒီနေ့က သူစားဖို့ ဆိုပြီး ညီမလေး ဟင်းကြော်ပေးနေတာနဲ့ နည်းနည်းနောက်ကျသွားတယ်.. အဲ့ဒါ သူက စိတ်ဆိုးတယ် မမ.. ညီမလေး ကြော်လာတဲ့ ဟင်းကိုလည်း ပြန်ယူသွားတဲ့.. ကိုယ်ချစ်တဲ့ သူအတွက် စေတနာပိုမိတာ မှားလား မမ.. သူ့သူငယ်ချင်းတွေက ညီမကို သနားလို့လားပဲ ဒီကောင်မယူရင် ငါတို့ ယူမယ်နော် ဆိုပြီး ယူသွားကြတယ်..
သူ့ သူငယ်ချင်းတွေက ညီမလိုလူမျိုးရတာ သူကံကောင်းတယ် လို့ အမြဲပြောတယ်တဲ့ ။ သူပြောပြလို့ သိရတာပါ ။ ညီမက လက်ထပ်ဖို့ ပြောပေမယ့် ပိုက်ဆံမရှိသေးဘူးဆိုပြီး ခဏခဏ ပြောတယ် ။ ညီမဘယ်လောက် ပင်ပန်းနေပါစေ.. သူ့အတွက်ဆို အမြဲတက်ကြွနေခဲ့တာ မမ.. ဒါပေမယ့် အခုနောက်ပိုင်း ညီမ တွေးမိတာက သူက ညီမ ကိုရွေးတာ ချစ်လို့မဟုတ်ဘဲ သူနဲ့သင့်တော်လို့ရွေးလိုက်တယ် လို့ ထင်မိလာတာပဲ ။ ပြီးတော့ ညီမ မကြိုက်ဘူး ပြောတဲ့ အရာတွေကို အကုန်လုပ်တယ်..ညီမ က အလေးထားရသလောက် သူ့ဘက်က ညီမအပေါ် အလေးအနက်မရှိဘူး ။
ညီမဘာကြိုက်တယ် ဘယ်ရှောင်တယ်ဆိုတာ သူမသိပေမယ့် သူ့အရင်ကောင်မလေးရဲ့ အကြိုက်တွေ.. မကြိုက်တာတွေ အကုန်မှတ်မိတယ် ။ ညီမ မနာလိုတာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် နာကျင်ရတယ် မမရယ် ..''
" ညီမလေး.. အခြေအနေကို ညီမကိုယ်တိုင်သိထားပြီးသားဖြစ်မှာပါ.. ဒီတော့ အမ ဒဲ့ပဲပြောတော့မယ် .. ရင်ကွဲလည်း ဒီတခါပဲဆိုပြီးကွဲလိုက် ညီမလေးရယ် .. အချစ်ကို မဖော်ပြတတ်ဘူးဆိုတာ ယုံလား ။ မယုံနဲ့နော် ။ အချစ်ကို စကားနဲ့မဖော်ပြတတ်တဲ့သူက အပြူအမူနဲ့ ဖော်ပြတယ် ။ အပြုအမူနဲ့ မဖော်ပြတဲ့သူက စကားနဲ့ဖော်ပြတယ် ။ ကိုယ်က ချစ်ပဲ ချစ်တတ်တာ.. အချစ်ကို မဖော်ပြတတ်ဘူးဆိုရင် သေချာတယ်.. သူကိုယ့်ကို တကယ်မချစ်လို့ပဲ ။
မချစ်တဲ့အတွက် စိတ်မရှည်ဘူး ။ ကောင်းကွက်ကို ရှာမတွေးပေးနိုင်ဘူး ။ အပြစ်တင်ဖို့ ဝန်မလေးသလို စကားနဲ့ထိုးနှက်လိုက်ဖို့လည်း အားမနာဘူး။ မသနားဘူး ။ ရှင်းရှင်းပြောရရင် ညီမလေးရယ် သူညီမကို စိတ်ထဲလုံးဝ မရှိတဲ့အတွက် ဒီလိုပြောရင် ညီမ နာကျင်ရမှာ ၊ ဒီလိုလုပ်ရင် ညီမကို ထိခိုက်မှာလို့ အချိန်ပေးပြီး သူ မတွေးပေးနိုင်ဘူး ။ တွေးပေးဖို့ အသိတရားလည်း မရှိဘူး ။
တကယ်ချစ်ရင် တအားစိတ်ပူတာ ။ ဒီဘက်က နေထိုင်မကောင်းတာနဲ့ သူက စိတ်ပူပြီး ဖုန်းတဂွမ်ဂွမ်ဆက်ရတာတမျိုး ၊ လာတွေ့တာက တမျိုး ၊ ဘာစားလဲ ဘာသောက်မလဲ ပျာယာခတ်နေတတ်တာ ။ နောက် ကိုယ့်အသံမကောင်းတာနဲ့ သူ့ဘက်က အလုပ်လုပ်နေရတာတောင် စိတ်မပါတော့တာမျိုး ။ သူက ကိုယ့်ကို ဘယ်နှခါ စိတ်ပူဖူးလဲ ။
တကယ်ချစ်ရင် ဘယ်တော့မှ အနိုင်မယူဘူး ။ သူ့အပေါင်းအသင်း ကိုယ့်အပေါင်းအသင်းရှေ့ဆို အနေအထိုင် ၊ အပြောအဆို ၊ အပြုအမူ ပိုသတိထားပေးတယ် ။ ညီမလေး ပြောပုံအရဆို သေချာပါတယ် ။ သူညီမကို မချစ်ဘူး ။ ဒါပေမယ့် ညီမဟာ သူ့အတွက် လက်တွဲဖော်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ အတ္တနဲ့ရွေးထားတာလို့ အမ မြင်တယ် ။
ယောကျ်ားလေးဆိုတာ သူတို့ချစ်တဲ့ကောင်မလေးအတွက်ဆို ဘယ်လောက်ပဲ အနွံတာခံရခံရ မောတယ် မရှိဘူး ။ စိတ်ညစ်တယ် စိတ်ကုန်တယ်ဆိုတာလည်းမရှိဘူး ။ အနိုင်ကျင့်တတ်တဲ့ကောင်မလေးဆိုရင်တောင် အဲ့လိုအနိုင်ကျင့်ခံရတာကိုပဲ ကျေနပ်နေကြတာ ။ သူတို့ ချစ်တာကို တမျိုးမျိုးနဲ့ သူမ သိသာအောင် လုပ်ပြတတ်တာ ။
အင်း .. မချစ်ဘူးဆိုရင်လည်း တဖက်လူကို ထည့်ကိုမစဉ်းစားပေးတာ ။ ငါဒီလိုပြောရင် သူဘယ်လိုခံစားရမလဲဆိုတာလည်း သူတို့ မတွေးမိဘူး ။ မတွေးမိဘူးဆိုတည်းက သူ့စိတ်ထဲ ကိုယ်က အရေးမပါလို့ဆိုတာ သိသာနေတာပဲ မဟုတ်လား ။
ညီမလေး ဘယ်လို ခံစားနေရမယ်ဆိုတာ အမ နားလည်တယ် ။ ဒါပေမယ့် ညီမလေးရယ် ကိုယ့်တန်ဖိုးကို နားမလည်တဲ့သူဆီမှာ အောက်ကျခံပြီး ချစ်တော့ရော သူက ကိုယ့်အချစ်ကို မြင်နိုင်မှာတဲ့လား ။ အမတို့ မိန်းကလေးက အချစ်ခံရသင့်တဲ့ ပန်းကလေးတွေနဲ့တူတယ် ။ သူတို့တွေက ဥယျာဉ်မှူးတွေပေါ့ ။ အချစ်မခံရ ၊ ဂရုစိုက် မခံရတဲ့ ပန်းတစ်ပွင့်ဟာ ဘယ်တော့မှ လှပမှာ မဟုတ်ဘူး ။ အဲ့ဒီတော့ ပန်းမပျိုးတတ်တဲ့ ဥယျာဉ်မှူး ဆီမှာ အမတို့ဘဝကို ထိုးကျွေးမခံသင့်ဘူး ။
စိတ်ကိုပျော်ရွှင်အောင်မထားပေးတတ်တဲ့ လူတစ်ယောက်ဆီက ရုန်းထွက်ပြီး ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ဖို့ကြိုးစားပါ ညီမလေးရေ.. ညီမလေးဟာ အချစ်နွံမှာ နစ်နေလို့သာ တန်ဖိုးမရှိသလိုဖြစ်နေတာ ။ တကယ်တော့ ပတ္တမြားခဲလေးပါ ။ အရင်ရည်းစားကို စိတ်မကုန်သေးတဲ့ လူတစ်ယောက်ကို ညီမ အချိန်တွေ ဖဲ့မပေးသင့်ဘူး ။ လိုမှ မလိုတာ ။ နောက်ပြီး တန်မှ မတန်တာ ။
အရေးကြီးတာ တစ်ခု မှတ်ထား ညီမလေး.. ကိုယ်က ဘယ်လိုပဲ ဘုရင်တင်မြှောက်ချင်ချင် သူ့ဘက်ကလည်း ဘုရင်ဖြစ်နိုင်မယ့် အရည်အချင်းနဲ့ ကံတရားကပါလာအုံးမှ ။ တချို့က တန်ရာ တန်ရာရဖို့ အကောင်းတွေဆို မတွေ့ မမြင်နိုင်အောင် ကန်းပေးရတယ် ။
သူ့ကံတရားပေါ့... ''
#သက်ထားခင်THK
#အပစ်ခံရတဲ့အခါဒီစာကိုဖတ်ပါ