Phoo Kyaw Product/servic

19/01/2024

ကိုယ့်တန်ဖိုးကို သတ်မှတ်ပါ
------------------------------------------
လူတိုင်းက
ကိုယ် မဟုတ်ဘူးဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့။

ရိုးလွန်းနေရင်လည်း
မင်း အလိမ်ခံရလိမ့်မယ်။

အ,လွန်းနေရင်လည်း
မင်းကို လိုသုံး လုပ်လိမ့်မယ်။

ရိုးသားတာဟာ
အပြစ်တစ်ခု မဟုတ်ပေမဲ့
အ,လွန်းလို့
အသုံးချ ခံနေရမှန်း မသိရင်တော့
မင်းအပြစ် ဖြစ်သွားပြီ။

စေတနာကောင်းရင်
ကံကောင်းတယ်ဆိုတဲ့ စကားက
လူတိုင်းအတွက် မဟုတ်မှန်း
မသိချိန်မှာ
မင်းအပြစ် မဟုတ်ပေမဲ့

ကျောချ မြ
ဓါးမြမှန်း သိချိန်မှာတောင်
အသိတရားမရသေးဘူးဆိုရင်တော့
စေတနာဆိုတဲ့စကားကို
မင်း အလွဲသုံးစား လုပ်မိပြီ။

သူတို့မရှိရင် မဖြစ်ဘူးလို့
တွေးနေသ၍တော့
ကိုယ့်ဘဝက
သူတို့အတွက် ဖြစ်နေဦးမှာပါပဲ။

ကိုယ်မရှိရင် မဖြစ်ဘူးလို့
ထင်နေသ၍တော့
ကိုယ့်အချိန်တွေက
သူတို့အတွက် ဖြစ်နေဦးမှာပါပဲ။

လောကမှာ
ဘောလုံးတစ်လုံးလို မင်းနေရင်
သူတို့က
မင်းကို ကန်ကြလိမ့်မယ်။

ခြေသုတ်အခင်းလို မင်းနေရင်
သူတို့က
မင်းကို တက်နင်းကြလိမ့်မယ်။

ဦးထုပ်တစ်လုံးလို မင်းနေရင်
သူတို့က
မင်းကို ခေါင်းပေါ် တင်ထားကြလိမ့်မယ်။

ဒါကြောင့်
ကိုယ့်တန်ဖိုးကို
ကိုယ်ကိုယ်တိုင် သတ်မှတ်ပါ။

ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတတ်ခဲ့ရင်တော့
သူတို့က
မင်းရဲ့တန်ဖိုးကို
ဖြတ်သွားကြပါလိမ့်မယ်။

Phoo Kyaw 1.10.2023

19/01/2024

"မိဘကျေးဇူးဆပ်ဖို့
လမ်းညွှန်မှုလေး_၃မျိုး_ပေးပါရစေ"
-----------------------------------------------------
၁။ကျွေးလိုက်ပါ

၂။မေးလိုက်ပါ

၃။တွေးလိုက်ပါ တဲ့။

၁။ ။ကျွေးဆိုတာက…
နှစ်မျိုးရှိပါတယ်။

ရုပ်အာဟာရ ကျွေးတာရယ်
နာမ်အာဟာရ ကျွေးတာရယ် ပေါ့။

ရုပ်အာဟာရ ကျွေးတယ်
ဆိုတာက…

ကိုယ်ကိုယ်တိုင် ရှာဖွေလို့ ရရှိတဲ့
အစားအသောက်တွေကို
မိဘနှစ်ပါးကို ကြည်ကြည် ဖြူဖြူ
ကျွေးတာပေါ့။

နာမ်အာဟာရ ကျွေးတယ်
ဆိုတာက…

မိဘနှစ်ပါးကို
မိမိသိထားတဲ့ တရားဓမ္မတွေကို
ပြောပြမယ်။

ကျောင်းကန် ဘုရား လိုက်ပို့တာတို့
ဥပုသ် သီတင်း စောင့်ဖို့
တိုက်တွန်းတာတို့
တရားပွဲသွားဖို့ နှိုးဆော်ပေးတာတို့
မိဘနှစ်ပါးကို ကုသိုလ်ရရေး
တရားတွေကို တိုက်တွန်းပေးခြင်းဖြင့်
ကျေးဇူးဆပ်တာပေါ့။

၂။မေးဆိုတာက…

မိဘနှစ်ပါးကို ကြင်ကြင်နာနာ
နွေးနွေးထွေးထွေးနဲ့
မေမေ ဖေဖေ နေရောကောင်းရဲ့လား…

သားတို့ သမီးတို့ ဘာလုပ်ပေးရမလဲ
ပြောပေးပါနော်…

စားချင်တာရှိရင်လည်း ပြောနော်
မေမေနဲ့ ဖေဖေ။

အဲဒီလို ဂရုစိုက်မှုကို ခံရတဲ့
မိဘတွေရဲ့ရင်ထဲမှာ အတိုင်းမသိအောင်
ဝမ်းသာကြည်နူးမှုတွေနဲ့
စိတ်ချမ်းသာမှုတွေ ပေးစွမ်းခြင်းကလည်း
ကျေးဇူးဆပ်ခြင်းပါပဲ။

၃။တွေးဆိုတာက…

သက်ရှိထင်ရှား မရှိကြတော့တဲ့
မိခင် ဖခင်တို့ရဲ့ ကျေးဇူးတရားတွေကို
ပြန်လည်အောက်မေ့ပြီး
ကုသိုလ်တရားတွေ ပြုပေးရမယ်။

ဒီနေရာမှာ…
လူတွေတော်တော်များများ ကျင့်သုံးနေတဲ့
စကားလေး ရှိပါတယ်။

(ပျောက်သောသူ ရှာရင်တွေ့
သေသောသူ ကြာရင်မေ့ )ဆိုတဲ့
စကားပါပဲ။

ပျောက်သူကို ရှာတွေ့ မတွေ့ခြင်းထက်
သေသောသူ ကြာရင်မေ့ ဆိုတဲ့
စကားကတော့…
ဘုရားမကြိုက်တဲ့ အမှားစရိုက်မို့
မကျင့်သုံးသင့်ပါဘူး။

ဘုရားအလောင်းတော် ဖွားမြင်တော့
မယ်တော်က
( ၇ )ရက်အတွင်းမှာ ကွယ်လွန်ခဲ့တယ်။

နောက်ပြီး
ဘုရားအလောင်းတော် ( ၂၉ )နှစ်မှာ
တောထွက်တယ်။

ဒုက္ကရစရိယာ ( ၆ )နှစ်ကျင့်ပြီး
( ၃၅ )နှစ်မှာ ဘုရားဖြစ်ခဲ့တယ်။

ဘုရားဖြစ်ပြီးလို့ ( ၇ )ဝါပြည့်တော့
တာဝတိံသာနတ်ပြည်ကို ကြွတော်မူပြီး
မိဘကျေးဇူး ဆပ်ခဲ့တယ်။

ဒီသာဓကကို ကြည့်မယ်ဆိုရင်…
ဘုရားရှင်ရဲ့သက်တော်ဟာ ( ၄၂ )နှစ်
ရှိနေပါပြီ။
မယ်တော် ကွယ်လွန်တာ ( ၄၂ )နှစ်ပေါ့…

သေသောသူ ကြာရင်မေ့ ဆိုတဲ့
စကားက
ဘုရားမကြိုက်တဲ့ အမှားစရိုက်ဆိုတာ
လူသားအားလုံး သိထားသင့်ပါတယ်။

မိဘရဲ့ ကျေးဇူးတရားတွေကို
အထူးသိ၍ ကျေးဇူးဆပ်တယ်ပေါ့။

ဒါကြောင့်…
သူတော်ကောင်းတို့ တစ်တွေလည်း
မိဘ ကျေးဇူးကို
မေး - ကျွေး - တွေး - ဆိုတဲ့နည်းလမ်းလေးကို
လက်ကိုင်ထားပြီး

မိဘကျေးဇူး ဆပ်ဖူးသူများ ဖြစ်နိုင်ကြပါစေ။

Phoo Kyaw 30.9.2023

19/01/2024

"ဆရာကြီး ဦးအောင်သင်း၏မှတ်သားထိုက်တဲ့စကားများ"

ကိုယ့်မှာအမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်

သမိုင်းကို ဖျက်ရင်တောင်
အမှန်တရား ကျန်သေးတယ်
ပထဝီပျက်ရင် တိုင်းပြည်ပျက်ပြီပဲ

ဝိနည်းနဲ့မညီတဲ့ဘုန်းကြီးတစ်ပါးကို
တွေ့ရုံနဲ့ သံဃာဆိုတဲ့
အဖွဲ့အစည်းကြီးကိုမပြစ်မှားအပ်ဘူး

ငယ်ငယ်မှာစန်းပွင့်လွန်းရင်ဘဝမှာ
လာဘ်တိတ်သွားတတ်တာကို
သတိပြုပါ

ဘာမှလုပ်စရာမရှိရင်
စာဖတ်နေခြင်းဟာ
အကောင်းဆုံးအလုပ်ပါပဲ

အလိမ္မာစာမှာရှိ ဆိုပေမယ့်
အသက်လေးဆယ်ကျော်တဲ့အထိ
အသိတရား ဘာမှမရှိသေးရင်
ဘယ်လောက်စာတွေဖတ်ဖတ်
မလိမ္မာတော့ဘူး

အချစ်မှာ မျက်စိမရှိပါဘူး
ဦးနှောက်မှာတော့ မျက်စိရှိရလိမ့်မယ်

လူတစ်ယောက်ဟာမိုးပျံအောင်တော်နေပါစေ
သူ့မှာ တာဝန်ယူလိုစိတ်မရှိရင်
ဘယ်နေရာမှ အသုံးမဝင်ဘူး

သမိုင်းကြောင်းကိုပြန်ပြောတဲ့အခါ
တစ်စုံတစ်ယောက်ကိုအားနာနေရင်
အနာဂါတ်ကိုသစ္စာဖောက်ရာကျတယ်

ငယ်ငယ်မှာကိုယ့်ကိုကိုယ်ခိုင်းရတယ်
ငယ်ငယ်မှာကိုယ့်ကိုကိုယ်မခိုင်းရင်
ကြီးလာရင်သူများခိုင်းတာခံရတတ်တယ်

Phoo Kyaw 29.9.2023

19/01/2024

လူရာဝင်ချင်ရင်
------------------------
ပညာတတ်ချင် တတ်မယ်
ဘွဲ့ရရင် ရမယ်
ချမ်းသာချင်ရင် ချမ်းသာနေလိမ့်မယ်

ဒါပေမဲ့ …
အသုံးမကျရင် လူရာမဝင်ဘူး

မင်းမိသားစု မင်းပတ်ဝန်းကျင်အတွက်
မင်းဟာ အသုံးဝင်အောင်လုပ်ပါ

တစ်ချို့တွေ
ပညာမတတ်ဘူး မချမ်းသာဘူး

ဒါပေမဲ့
သူ့မိသားစု သူ့ပတ်ဝန်းကျင်မှာ
သူကအရေးပါနေတယ်။

သူက သူ့ကိုယ်သူ အသုံးချတာကိုး
အသုံးချတော့ အသုံးကျတယ်
အသုံးဝင်တယ်ပေါ့

မင်းလူရာဝင်ချင်တယ်ဆိုရင်
ကိုယ့် ကို ကိုယ် အသုံးချပါ

မင်းအသုံးကျလာတဲ့နေ့က
မင်းလူရာဝင်သွားပြီ ပဲ

ချမ်းသာ မှ ပညာတတ်မှ
လူရာဝင်တာ မျိုး မဟုတ်ပါဘူး

လူရာဝင်ဖို့
မင်းဟာ အသုံးဝင်နေဖို့ ပဲ လိုတယ်။

ဆရာကြီး အောင်သင်း ပြောခဲ့သော စကားပါ။

Phoo Kyaw 28.9.2023

19/01/2024

သူများထက် ခြေလှမ်းသာချင်ရင်
-------------------------------------------------

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ။

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ။

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ။

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ။

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ။

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ။

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ။

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ။

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ။

မဖြုန်းသင့်သည့်အရာ ( ၃ )ခု
ငွေကို ဖြုန်းလျှင် ..
ဥစ္စာကို ဆုံးရှုံးရတတ်သည် ''

စကားကို ဖြုန်းလျှင်
သိက္ခာကို ဆုံးရှုံးရတတ်သည် ''

အချိန်ကို ဖြုန်းလျှင်
ဘဝကို ဆုံးရှုံးရတတ်သည်။

Phoo Kyaw 27.9.2023

19/01/2024

ဆက်လျှောက်ပါ
-------------------------

ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါ
ရည်မှန်းချက်နဲ့ ကြိုးစားမယ်။

မဖြစ်ချင်ချင်တာတွေ ဖြစ်နေရတဲ့အခါ
သည်းခံစိတ်နဲ့ ဆက်လျှောက်မယ်။

ဘာအတွက်နဲ့မှ စိတ်ကို
အလေလွင့် အဆုံးရှုံးမခံနဲ့။

တစ်ချို့အရာတွေက ကံနဲ့ဆိုင်သလို
တစ်ချို့အရာတွေက အားထုတ်မှု အနည်းအများနဲ့
ဆိုင်တယ်။

လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားခဲ့ရင်
ဘယ်လိုရလဒ်အတွက်ကြောင့်မှ
နောင်တရစရာ မလိုဘူး။

အိပ်မက်တွေက ဈေးကြီးတယ်။
တတ်နိုင်သလောက် နည်းနည်းချင်း စုသွားရင်တော့
တစ်နေ့မှာ အိပ်မက်အကောင်းစားကြီးတစ်ခုကို
လက်ဝယ်ပိုင်ပိုင် ရရှိမှာပါ။

မကြိုးစားဘဲနဲ့ ညည်းညူနေတာဟာ
လူညံ့ လူဖျင်းတွေ လုပ်နေကျအလုပ်ပါ။

မျှော်လင့်ချက်တွေ အရောင်မမှိန်သရွေ့
ငါတို့မှာ တောက်ပတဲ့အနာဂတ်တွေ ရှိတယ်။

နှေးရင် နှေးပါစေ
ရပ်မနေဖို့သာ အရေးကြီးတာပါ။

Phoo Kyaw 26.9.2023

19/01/2024

သင့်ကိုသင် ယုံကြည်မှုရှိပါ
---------------------------------------

အရွယ်ကောင်းတုန်းမှာ ကြိုးစားပါ
မဟုတ်ရင်
အိုသာသွားတယ် သာမန်ဘဝနဲ့
သူလို ငါလိုအခြေအနေ ဖြစ်မယ်

မင်းကို အကောင်းမမြင်တဲ့ လူတွေကို
ဂရုမစိုက်လေလေ မင်းဘဝက
ပိုပြီး အဆင်ပြေလာလေလေပဲ

ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလား
ဆိုတာ မရှိပါဘူး
ငါ အရ ယူမလား မယူဘူးလား
ဆိုတာပဲ ရှိတာပါ။

ရော်နယ်ဒို ဘောလုံး စကန်တုန်းက
သူအောင်မြင်မယ်လို့ ဘယ်သူမှ မယုံခဲ့ကြပါဘူး
အောက်မြင်မှု အလာနှေးတာ မဟုတ်ပါဘူး
သင်ကြိုးစားတာ မပြင်းထန်သေးလို့ပါ
တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး
သင်တူးတာ မနက်သေးလို့ပါ။

အောင်မြင်အောင် ကြိုးစားပြလိုက်ပါ
ပြီးရင် အထင်သေးတဲ့ သူတွေကို အပြုံးနဲ့ အနိုင်ယူ
ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့
အောင်မြင်တဲ့သူတိုင်းရဲ့ နောက်ကွယ်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။

Phoo Kyaw 24.9.2023

18/01/2024

သူ့အမှားကနေ ကိုယ့်အမှား
*************************

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင် နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။

အဲဒါနဲ့ မီးရလို့ရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။

တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။

မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။

မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။

ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်။

"ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး"

မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။

"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"

မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။

"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"

ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သတ်ပစ်လိုက်ပါတော့တယ်။

အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။

တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။

Phoo Kyaw 24.9.2023

18/01/2024

လူငယ်ဘဝ ကျွန်တော်ရလိုက်သည့် သင်ခန်းစာ
-----------------------------------------------------------------------
“ကိုယ့်ကို ပစ်ပေါက်လိုက်သည့် ကျောက်တုံးတွေကို စုဆောင်းထားပါ၊ ထိုကျောက်တုံးတွေနှင့် အိမ်တစ်လုံး ဖြစ်အောင်ဆောက်ပါ”

မည်သည့် အခြေအနေ၊ မည်သည့်ဘဝရောက်သည်ဖြစ်စေ ကိုယ်လုပ်သည့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အခြေအနေပေးမှ၊ အခြေအနေကောင်းမှ လုပ်တော့မည်ဟူ၍ ဘယ်တော့မျှ မတွေးပါနှင့်။ ရသည့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီး ပန်းတိုင်ကို မရောက်, ရောက်အောင် သွားရန်သာဖြစ်သည်။

"ပန်းတိုင်ကို မျက်ခြေအပြတ် မခံလိုက်ပါနှင့် ... အောက်ခြေလည်း လွတ်မသွားပါစေနှင့်"

မည်သည့်အလုပ်မျှ သင့်ထံကို အလိုလို ရောက်လာလိမ့်မည် မဟုတ်ပါ။ လူဆိုသည်မှာ အလုပ်လုပ်ရင်း ကိုယ်နှင့် အထိုက်တန်ဆုံး အလုပ်တစ်ခုခုက ကိုယ့်ထံကို အလိုလိုရောက်လာမည်သာဖြစ်သည်။ ဘာမျှ မလုပ်ဘဲ အလုပ်ကို ထိုင်မျှော်နေရုံဖြင့် အလုပ်က ကိုယ့်ထံကို အလိုလိုရောက်မလာပါ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုသည်ကို မမေ့သင့်။ သို့သော် ရိုးသားသော အလုပ်ကို ကြိုးစားအားထုတ်ရန်လိုသည်။ တစ်ချိန်က တစ်နာရီလျှင် ၃ ဒေါ်လာ ၃၅ ဆင့်နှင့် အလုပ် လုပ်ခဲ့ရသော လုပ်ငန်းတွင် အလုပ်ရှင်ကိုယ်တိုင်က ကျွန်တော့်ကို ဒေါ်လာ ၉၈၀ ပေးပြီး ရာထူးတိုးပေးရသည်အထိ အောင်မြင်မှုတွေရခဲ့သည်။

ဘာဂါကင်းဆိုင်တွင် အလုပ် လုပ်စဉ် ကျွန်တော်ရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများကို အသုံးချပြီး ကျွန်တော့် ဘဝတွင် ကြိုးစားအားထုတ်ကာ နောင်တွင် ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးတစ်ဦးဘဝကို ရောက်ရှိလာခဲ့သည်။

ကျွန်တော် ပြောချင်သည်က ဘာလုပ်လုပ် ကိုယ်လုပ်ရသည့် အလုပ်သည် အောက်ခြေလုပ်ငန်း ဖြစ်နေပါစေ ကိုယ့်အလုပ်ကို ဂုဏ်ယူပြီး တာဝန်ကျေအောင် ကြိုးစားလုပ်ရန်သာဖြစ်သည်။ ကြမ်းတိုက် အိမ်သာဆေးအလုပ် ဖြစ်နေပါစေ ယူတတ်လျှင်ပညာတွေသာဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို အောက်ခြေလုပ်ငန်းဆိုသည်မှာ အထက်ကို တက်နိုင်မည့် ခြေလှမ်းအစဖြစ်သလို၊ အခွင့်အရေးအတွက် တံခါးတစ်ချပ်ဖြစ်သည်ကို မမေ့သင့်ပေ။

Phoo Kyaw 23.9.2023

18/01/2024

စိတ်ရဲ့ ခွန်အား
-----------------------

တစ်ခါက.....
ခရီးသွား ကုန်သည်အဖွဲ့တစ်ဖွဲ့ဟာ
တောင်တန်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြရင်း
မထင်မှတ်ပဲ အဖွဲ့ထဲမှ တစ်ယောက်ဟာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားခဲ့တယ် ။

ပြုတ်ကျသူဟာ ချောက်ကမ်းပါးရဲ့
ထက်ဝက်မှာရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။ ချောက်ကမ်းပါးကြီးကလဲ အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလဲ ဆင်းမကယ်ဝံ့ကြဘူးပေါ့ ။

ဒီတော့ ကုန်သည်အဖွဲ့က.....
" ပြုတ်ကျသူကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာ သေလူ ဖြစ်သွားပါပြီ။
ဒီတော့ သူ့အိမ်ကို ဘာများမှာချင်လဲဆိုပြီး
ကမ်းပါးထိပ်ကနေ အော်ဟစ်ပြီး မေးကြမယ် " ဆိုပြီး.....

" ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်။
ဒီချောက်ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လဲ ဆင်းကယ်လို့ မရနိုင်ဘူး။
ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲပြော
ငါတို့ သွားပြောပေးမယ် " လို့ အော်ပြောကြသတဲ့ ။

ဒီအချိန်မှာ ပြုတ်ကျသူဟာ
ချောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပီး တက်ဖို့
ကြိုးစားပါတော့တယ် ။

ကမ်းပါးထိပ်က အဖွဲ့ကလဲ
တက်ဖို့မကြိုးစားပါနဲ့တော့ ဆက်ပြီး အောက်ကို ပြုတ်ကျလိမ့်မယ်။ မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါ့ကိုပြောပါ။ အဖွဲ့ကရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ် " လို့ အော်ဟစ်ပြောဆိုကြပြန်တယ်။

ဒီလိုပြောလေ.....
ပြုတ်ကျသူဟာ ကြိုးစားပြီး ကုတ်ခြစ်တက်လာလေပါပဲ

ဒီလိုနဲ့ တက်လာလိုက်တာ
မယုံနိုင်အောင်ပါပဲ။ သူဟာ အပေါ်ကို ရောက်လာနိုင်ခဲ့ပါတယ် ။

ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး " မင်းကို မဖြစ်နိုင်ပါဘူး။
မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ
ဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့တာလဲ " လို့
ဝိုင်းမေးကြတော့…..

" ငါဟာ နားသိပ်မကြားသူ တစ်ယောက်ပါ။
မင်းတို့ပြောတာကို ငါမကြားဘူး။
ငါက မင်းတို့ဟာ ငါ့ကို အပေါ်တက်ဖို့
တိုက်တွန်း အားပေးနေကြတာလို့ ထင်တာနဲ့
အားကြိုးမာန်တက် တက်လာခဲ့တာပါ " လို့
ပြန်ပြောလိုက်ပါတော့တယ်။

ဒီလိုပါပဲ.....
ဘဝမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေ
ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက်
စကားတွေကို လျစ်လျှူရှုပြီး
သင့်ရဲ့ ခွန်အားတွေအဖြစ် အသုံးချလိုက်ပါ ။

Phoo Kyaw 22.9.2023

18/01/2024

သတ္တိရှိရင် နေရာယူပါ
---------------------------------
လောကကြီးမှာ ပေါ်ပေါက်လာတဲ့
ကောင်းမြတ်သောအရာဟူသမျှဟာ
ကာယသတ္တိ၊ စာရိတ္တသတ္တိနှစ်မျိုးရှိတဲ့သူတွေ
ဖန်တီးခဲ့တာတွေဖြစ်တယ်။

ဒါကြောင့် လောကကြီးတစ်ခုလုံးကလည်း
သတ္တိကောင်းတဲ့ သူတွေ ကိုသာလျှင်
သြဘာပေးကြတယ်။
လောကကြီးမှာ သတ္တိကောင်းတဲ့သူတွေအတွက်
သာလျှင် နေရာရှိတယ်။

သတ္တိရှိရင် ရှေ့ တက်ပါ။
သတ္တိမရှိရင် နောက်ဆုတ်ပါ။
နေရာဖယ်ပေးပါ။

သစ်သားထဲကို သံချွန် ရိုက်သွင်းလိုက်တော့
ဝင်သွားတာဟာ သစ်သားက ပျော့လို့
မာတဲ့ သံချွန်အတွက် နေရာဖယ်ပေးလိုက်ရတာ ဖြစ်ကြောင်းကိုသတိပြုပါ။

မင်းဟာ မာသလား၊ ပျော့သလား။
မာရင် နေရာယူပါ။
ပျော့ရင် နေရာ ဖယ်ပေးလိုက်ပါ။

ဆရာကြီးအောင်သင်း ပြောခဲ့သော စကားလေးပါ။

28/10/2023

Hello

ที่อยู่

โรงพยาบาลเปาโล โชคชัย 4 เลขที่ 1. ถ โชคชัย 4 แขวงลาดยาว เขตลาดพร้าว กรุงเทพมหานคร
Bangkok
10230

เบอร์โทรศัพท์

+66635392715

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phoo Kyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Phoo Kyaw:

แชร์