08/11/2023
Dr Nay Linn Aung ၏ post ကို share ပါသည်။
@@@@@@@@@@@@@@@@@@@@
ဆေးဓာတ်မတည့်မှုရှိ၊ မရှိ စမ်းသပ်နည်း၊
ဆေးဓာတ်မတည့်မှုဖြစ်စဉ် ဟုတ်မဟုတ် ခွဲခြားသိရှိနည်းနှင့် ကုသမှုလုပ်ငန်းစဉ်အကြောင်း တစေ့တစောင်း
💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉💊💉
ကျွန်တော်တို့ဟာ
လူနာတစ်ယောက်ကို
ဆေးထိုး၊ဆေးပေးတဲ့အခါမှာ
ကိုယ်ပေးမယ့်ဆေးနဲ့ ဓာတ်မတည့်မှု၊
သွေးလန့်မှုဖြစ်မှာစိုးတဲ့အတွက်
ဆေးဓာတ်မတည့်မှုရာဇဝင်ကို မေးမြန်းတာ၊ဆေးစမ်းတာတွေကို
ပြုလုပ်ကြရပါတယ်...
ဆေးစမ်းမယ်ဆိုရင်
💊 စိတ်ကျရောဂါ(Depression) အတွက် ဆေးသောက်နေရသူတွေ၊
📛အစာအိမ်မှာ အက်ဆစ်ဓာတ်များနေတဲ့သူတွေ၊
💊ယားယံမှုဖြစ်စေသည့်ဓာတ် (Histamine)ကို ဆန့်ကျင်သည့် ဆေးဝါးAntihistamine (ဥပမာ ဘာမီတွန်၊ cetrizine, loratidine စသည်ဖြင့်) သောက်နေ၊သောက်ထားတဲ့သူတွေမှာ
ဆေးမစမ်းသင့်ပါဘူး... ဘာလို့လဲဆိုတော့
ဓာတ်မတည့်မှုရှိနေရင်တောင်မှ
မှားယွင်းပြီး ဓာတ်မတည့်မှု မရှိဘူးလို့ပြတတ်လို့ပါပဲ...
နောက်ပြီးတော့ အရေပြားရောဂါ၊
အရေပြားပိုးဝင်နေတဲ့လူနာတွေမှာလည်း
မစမ်းသင့်ပါဘူး...
မဖြစ်မနေစမ်းရမယ်ဆိုရင် အနာမရှိတဲ့
ပုံမှန်အရေပြားနေရာကိုပဲ
သေချာရွေးချယ်ပြီးမှ စမ်းရပါမယ်...
အရင်က ဓာတ်မတည့်မှုဖြစ်ဖူးတဲ့ရာဇဝင်ရှိခဲ့ရင်လည်း ဆေးမစမ်းသင့်ပါဘူး...
ဓာတ်မတည့်မှုဖြစ်လွယ်လွန်းတဲ့သူတွေမှာလည်း ဆေးမစမ်းသင့်ပါဘူး...
သူများနိုင်ငံမှာတော့
Histamine နဲ့ Glycerine or Normal saline ကို
အသုံးပြုပြီးတော့
ကိုယ့်လူနာရဲ့အရေပြားဟာ
ဓာတ်မတည့်မှုဖြစ်လွယ်လား၊မဖြစ်လွယ်လားဆိုတာကို
အရင်စမ်းသပ်ကြည့်ကြပါတယ်...
Histamine ဆိုတာ
ယားယံခြင်း၊ဓာတ်မတည့်ခြင်းကို
ဖြစ်စေတဲ့ဓာတ်လို့ အလွယ်မှတ်ကြပါစို့...
သူ့ကို အရေပြားမှာစမ်းတဲ့အခါ
ပုံမှန်ဆိုရင်
ဓာတ်မတည့်မှုဖြစ်စဉ်(ခြင်ကိုက်ဖုလို နီရဲယောင်ရမ်းခြင်း၊ယားယံခြင်း) ဖြစ်ရမှာပါ...
ဒါပေမယ့် ဆေးစမ်းတဲ့အခါမှာ
ဒီလိုမဖြစ်ဘဲ ဘယ်လိုမှ မနေဘူးဆိုရင်
အဲ့ဒီစမ်းတဲ့ဆေးနဲ့ မတည့်ခဲ့ရင်တောင်မှ
မတည့်ဘူးလို့ ပေါ်မှာမဟုတ်တဲ့အတွက် ဒီလိုလူကို ဆေးမစမ်းသင့်ဘူးလို့ ပြောရတာဖြစ်ပါတယ်...
Glycerine (မြန်မာအခေါ် အလှဆီ) သို့မဟုတ် Normal Saline (ဆားရည်) ကတော့
အရေပြားအားလုံးနဲ့ ဓာတ်တည့်တယ်လို့
ယူဆထားတဲ့ ဆေးများဖြစ်ပါတယ်...
သူတို့ကို အရေပြားမှာစမ်းတဲ့အခါ
ဓာတ်မတည့်မှုဖြစ်စဉ် ဖြစ်လာခဲ့ရင်လည်း
အဲဒီလူကို ဆေးမစမ်းသင့်ပါဘူး...
ဘာလို့လဲဆိုတော့
ဓာတ်ပြုမှုဖြစ်လေ့ဖြစ်ထမရှိတဲ့
ဆေးကိုတောင်မှ ဓာတ်ပြုတယ်ဆိုတဲ့
အရေပြားဟာ ဘာစမ်းစမ်း
ဓာတ်မတည့်မှုဖြစ်စဉ်ဖြစ်ဖို့
သေချာသလောက်ရှိနေလို့ပါပဲ...
ဒီလိုဆေးစမ်းတဲ့နည်းစနစ်တွေထဲက
💉Skin Prick test ( or Skin scratch test)
💉Skin Scrape test
💉Intradermal test
💉Patch test
စတဲ့နည်းစနစ်တွေကို
အသုံးများပါတယ်...
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့
ကျွန်တော်သိသလောက်
ကိုယ်ထိုးမယ့်ဆေးတစ်မျိုးတည်းကိုပဲ
အရေပြားအောက်အနည်းငယ်ထိုးသွင်းပြီး
ပြီး စမ်းတဲ့ Intradermal test ကို
အများဆုံးအသုံးပြုကြပါတယ်...
မှတ်မှတ်ရရ ကျွန်တော့့် Senior Dr.Kyaw Zin Oo(Physician) ကတော့
အရေပြားကို အပ်နဲ့သွေးစို့ရုံဖောက်ပြီး
အဲ့အပေါ် ကိုယ်စမ်းမယ့်
ဆေးရည်အစက်ချပြီး စမ်းတာကိုတော့
ကြုံဖူးပါတယ်...
ကျွန်တော်ကိုယ်တိုင်ဆိုရင်လည်း
ဓာတ်မတည့်တတ်တဲ့ဆေးတွေ (ဥပမာ B1, Burplex, Ceftriaxone etc...) ဆိုရင် Intradermal test ပဲ စမ်းလေ့ရှိပါတယ်...
ဒါပေမယ့်
Intradermal test ဟာ
ဆေးစမ်းတဲ့ ပမာဏအနည်းငယ်နဲ့တင်ကို လူတချို့မှာ ပြင်းထန်တဲ့
ဓာတ်မတည့်မှုဖြစ်စဉ် (Anaphylaxis)အထိ
ဖြစ်သွားစေနိုင်တဲ့ စမ်းသပ်မှုနည်းစနစ်တစ်ခုလည်းဖြစ်ပါတယ်...
Anaphylaxis ကို အချိန်မီမကုသနိုင်ရင်
Anaphylactic shock (ဓာတ်မတည့်မှုဖြစ်စဉ်ကြောင့် သွေးလန့်ခြင်း) ဖြစ်ပြီး အသက်သေဆုံးနိုင်ပါတယ်...
ဒါကြောင့် ကိုယ်က Intradermal test ကိုပဲ
စမ်းတတ်တဲ့အလေ့အကျင့်ရှိတဲ့သူဆိုရင်
ကိုယ့်အနားမှာ Shock ကို အမြန်ဆုံး ပြန်လည်ကုသနိုင်မယ့်ဆေးဝါး
ABC( Adrenaline,Burmeton,Hydrocortisone) အရံသင့်ရှိထားသင့်ပါတယ်...
(ဆေးစမ်းတဲ့အခါမှာ တွေ့ရမယ့် အနေအထားတွေကိုတော့
အောက်မှာ ပုံနဲ့စာနဲ့တွဲပြီး
ရေးပြပေးထားပါတယ်... )
ဆေးစမ်းတဲ့နေရာမှာ တစ်ခုသတိထားရမှာက
လူနာကိုယ်တိုင်က ယားယံတယ်၊ အသက်ရှူကြပ်လာတယ်လို့ပြောမှ
ဓာတ်မတည့်မှုဖြစ်တာမဟုတ်ဘူးဆိုတာပါပဲ... လူနာက ပြောတာ၊မပြောတာကနောက်၊ ဆေးစမ်းထားတဲ့အရေပြားက ပြောတာကိုအရင် မြင်အောင် ကြည့်ရမှာပါ...
ဆေးစမ်းတဲ့အခါ
ဓာတ်မတည့်မှုရှိမရှိ ဘယ်လိုသိနိုင်မလဲ
ဆိုရင်
ကိုယ်စမ်းလိုက်တဲ့နေရာရဲ့ အရေပြားဟာ
နီရဲဖူးယောင်လာမယ်...
ယားယံလာမယ်...
အနီးစပ်ဆုံး မြင်အောင်ပြောရရင်
ခြင်ကိုက်ခံရတဲ့အခါ
ဖြစ်လာတဲ့ ခြင်ကိုက်ဖုလိုပါပဲ...
ဒါဆိုရင်
ဆေးနဲ့ဓာတ်မတည့်ဘူးဆိုတာ သေချာပါပြီ... Positive ပါ...
စမ်းထားတဲ့ဆေးကို လုံးဝမထိုးပါနဲ့တော့... နောက်ပြီး ဆေးစမ်းထားတဲ့နေရာကို အရက်ပျံနဲ့သုတ်ပြီး Hydrocortisone cream လိမ်းပေးရင် အဆင်ပြေပါလိမ့်မယ်...
ဓာတ်တည့်ခဲ့ရင်တော့
ကိုယ်ထိုးသွင်းလိုက်တဲ့
ဆေးရည်ပမာဏအတိုင်း
ဖူးထနေတာကလွဲလို့
နီရဲယားယံယောင်ကိုင်းခြင်းရှိမှာ
မဟုတ်ပါဘူး...
အဲ့ဒီလိုစမ်းနေတဲ့အချိန်မှာ
လူနာက မူးဝေလာမယ်...
အဖျားငွေ့ငွေ့တက်လာမယ်(ဖျားချင်မှလည်းဖျားမယ်)
မျက်လုံးတွေပြာလာမယ်၊အကြည့်တွေဝေဝါးလာမယ်...
ရင်ဘတ်ထဲကထိုးအောင့်လာမယ်...
အသက်ရှူမဝတော့ဘူး...
လည်ပင်းကတစ်ဆို့ဆို့ဖြစ်လာမယ်...
အဆုတ်ကနေ လေချွန်သံလို တစ်ရွှီရွှီမြည်လာမယ်...
အရေပြားမှာ အင်ပြင်လိုအကွက်တွေ
အပိန့်တွေထွက်လာမယ်...
အရေပြားတွေယားယံလာမယ်...
မျက်နှာတွေအမ်းလာမယ်...
နှုတ်ခမ်းတွေ ထူလာ၊ရောင်လာမယ်...
တံတွေးမျိုချရခက်လာမယ်...
စကားပြောရခက်ပြီး ဗလုံးဗထွေးဖြစ်လာမယ်...
ကဏှာမငြိမ်ဖြစ်လာမယ်ဆိုရင် ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်စဉ်(Anaphylaxis) သေချာပေါက် ဖြစ်နေပါပြီ...
တချို့ကျတော့လည်း ဆေးမတည့်တာကြောင့်မဟုတ်ဘဲ ဆေးထိုးတာကို ကြောက်ရွံ့တာ၊ စိုးရိမ်ပူပန်မှုများတာတွေကြောင့် မူးမေ့တာမျိုးလည်း ဖြစ်တတ်ပါတယ်... အဲ့ဒီနှစ်မျိုးကို ခွဲခြားသိဖို့လိုပါတယ်...
`ပြင်းထန်စွာဓာတ်မတည့်ခြင်း (Anaphylaxis) နှင့် စိုးရိမ်ကြောင့်ကြမှုကြောင့် တုန့်ပြန်ခြင်း (Anxiety related reaction)၊ ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သော မူးမေ့ခြင်း (Fainting Attack) ကွာခြားချက်´
ပြင်းထန်စွာဓာတ်မတည့်ခြင်း(Anaphylaxis)
💥💥💥💥💥💥💥💥💥💥💥💥💥💥
အဓိပ္ပါယ်ဖွင့်ဆိုချက်
⭐⭐⭐⭐⭐⭐⭐⭐⭐
မိမိခန္ဓာကိုယ်မှမဟုတ်သော ပြင်ပပစ္စည်း တစ်ခုခုသည် မိမိနှင့် ဓာတ်မတည့်မှု ကြောင့် ခန္ဓာကိုယ်အနှံ့တွင် သေစေနိုင်သည်အထိ ပြင်းထန်သော တုံ့ပြန်မှုများဖြစ်လာခြင်း ဖြစ်သည်။
စတင်ဖြစ်ပွားသော အချိန် (Onset)
⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚
ဆေးထိုးပြီး မိနစ်ပိုင်းမှ (၁) နာရီအတွင်း ဖြစ်ပွားတတ်သည်။
ဖြစ်ရပ်အများစုသည် ဆေးထိုးပြီး နာရီဝက်အတွင်း ဖြစ်ပွားတတ်သည်။
အရေးပေါ်ဆေးဝါးကုသမှု လိုအပ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
❄❄❄❄❄❄❄❄❄
အရေပြား
အရေပြားယားယံခြင်း
အရေပြားနီရဲခြင်း
ခန္ဓာကိုယ်အနှံ့ အင်ပြင်ထခြင်း
မျက်နှာ၊ နှုတ်ခမ်း၊ လျှာတို့ နာကျင်မှုမရှိဘဲ ရောင်ခြင်း
နှုတ်ခမ်းနှင့် ခြေလက်များ ပြာနှမ်းခြင်း
အသက်ရှူလမ်းကြောင်း
💨💨💨💨💨💨💨
ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ ခက်ခြင်း၊
အသက်ရှူသွင်းစဉ် လည်ချောင်းဝ တစ်ဆို့သံ ကြားရခြင်း၊
လေပြွန်များရောင်ပြီး ကျဉ်းသွားခြင်းကြောင့် တရွှီရွှီအသံမြည်ခြင်း၊
ယခင်က ရင်ကြပ်ပန်းနာရောဂါမရှိဘဲ အဆုတ်ကို နားကြပ်ဖြင့် နားထောင်လျှင် တရွှီရွှီအသံကြားရခြင်း၊
သွေးခုန်နှုန်း
💓💓💓💓
သွေးခုန်နှုန်း မြန်သော်လည်း အားပျော့ခြင်း၊ သေချာစမ်းမှ ရခြင်း၊
သွေးခုန်နှုန်း လုံးဝ စမ်းမရခြင်း
နှလုံး
💔💔
ရင်ဘတ်ထဲလေးလာသည်ဟု ခံစားရခြင်း၊
နှလုံးခုန် မမှန်ခြင်း
သွေးပေါင်ချိန်
💞💞💞💞
သွေးပေါင်ချိန်ကျခြင်း
သွေးပေါင်ချိန်လုံးဝတိုင်းမရတော့ခြင်း
(BP – 0)
အပြုအမူနှင့် အခြားလက္ခဏာများ
🙇🙇🙇🙇🙇🙇🙇🙇🙇🙇
ကဏှာမငြိမ်ဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊
စိုးရိမ်ကြောင့်ကြမှုကြောင့် တုန့်ပြန်ခြင်းနှင့် မူးမေ့ခြင်း
😞😞😞😞😞😞😞😞😞😞😞😞😞😞😞
အဓိပ္ပါယ်ဖွင့်ဆိုချက်
⭐⭐⭐⭐⭐⭐⭐⭐⭐
စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်လှုပ်ရှားခြင်း၊ နာကျဉ်မည်ကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) နာကျင်သောကြောင့် ဖြစ်ပွားသော ဖြစ်စဉ်များသာ ဖြစ်သည်။
စတင်ဖြစ်ပွားသော အချိန် (Onset)
⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚
ဆေးမထိုးမီ၊ ထိုးနေစဉ်၊ ဆေးထိုးပြီး မိနစ်ပိုင်းအတွင်း ဖြစ်တတ်သည်။
၁ မိနစ်မှ ၂ မိနစ်အတွင်း အလိုလျောက် ပြန်လည် သက်သာပျောက်ကင်းသွား တတ်သည်။
ရောဂါလက္ခဏာများ
❄❄❄❄❄❄❄❄❄
အရေပြား ဖြူဖျော့ခြင်း
အရေပြားအေးစက်ခြင်း
အလွန်အမင်း ချွေးထွက်ခြင်း
အသက်ရှူလမ်းကြောင်း
💨💨💨💨💨💨💨
ပုံမှန်အသက်ရှူခြင်း (သို့မဟုတ်) အသက်ရှူအနည်းငယ် မြန်ခြင်း
သွေးခုန်နှုန်း
💓💓💓💓
ယာယီမူးမေ့ခြင်းဖြစ်လျှင် သွေးခုန်နှုန်း နှေးမည်။
မူးမေ့ခြင်းမဖြစ်လျှင် သွေးခုန်နှုန်း မြန်မည်။
နှလုံး
💔💔
ရင်တုန်ခြင်း၊
နှလုံးခုန်နှေးလာတတ်ခြင်း
သွေးပေါင်ချိန်
💞💞💞💞
ယာယီမူးမေ့ခြင်းဖြစ်လျှင် သွေးပေါင်ချိန်ကျခြင်း (လှဲအိပ်လိုက်လျှင် သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်မည်။ သွေးခုန်နှုန်းစမ်းသပ်၍ ရနိုင်သည်။)
မူးမေ့ခြင်းမဖြစ်လျှင် သွေးပေါင်ချိန် ပုံမှန် (သို့မဟုတ်) တက်မည်။
အပြုအမူနှင့် အခြားလက္ခဏာများ
🙇🙇🙇🙇🙇🙇🙇🙇🙇🙇
ကြောက်ရွံ့ခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်း၊ နှုတ်ခမ်းနှင့် ခြေလက် ထုံကျဉ်ခြင်း၊ ယာယီအေးစက်ခြင်း၊ တက်ခြင်း၊ အားပျော့သွားခြင်း၊ ခြေလက် မသယ်ချင်ဖြစ်သွားတတ်ခြင်း။
🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶
ဆေးဓာတ်မတည့်ဖြစ်စဉ်ဖြစ်ပွားတဲ့အခါ
အချိန်ဟာ အရေးအကြီးဆုံးပါပဲ...
အချိန်ဟာ ရွှေထက်၊စိန်ထက် တန်ဖိုးရှိပါတယ်... အချိန်ဆွဲနေရင် ဓာတ်မတည့်မှုအဆင့်ကနေ သွေးလန့်တဲ့ (Anaphylactic Shock) အဆင့်ထိရောက်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်...
သာမန်ဓာတ်မတည့်မှုဖြစ်စဉ်မှာ
Burmeton ၊ Hydrocortisone လောက်နဲ့တင် ပြန်ကောင်းနိုင်တယ်ဆိုပေမယ့်
တကယ်တမ်း ဆေးဓာတ်မတည့်မှုဆိုးဆိုးရွားရွားဖြစ်လာပြီဆိုရင်တော့
Adrenaline သည်သာ အားကိုးအားထားရာ နတ်ဆေးဖြစ်ပါတယ်...
ဓာတ်မတည့်မှုဖြစ်စဉ် အကျဉ်းကတော့ ကိုယ်နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့ဆေးဝါးကြောင့် IgE လို့ခေါ်တဲ့ ကိုယ်ခံအားဆဲလ်တစ်မျိုးထွက်လာပြီး အဲ့ဒီဆဲလ်ကနေ Mast cell ကို ပေါင်းပြီး လှုံ့ဆော်တဲ့အခါ Histamine လို့ခေါ်တဲ့ ရောင်ရမ်းမှုကိုအားပေးတဲ့ဓာတ် (Inflammatory mediator) ထွက်လာပါတယ်...
Histamine ဟာ အဆုတ်မှာရှိတဲ့လေပြွန်တွေကိုကျဉ်းစေတာ၊ သွေးကြောတွေကို ကျယ်စေတာတွေဖြစ်စေပါတယ်... လေပြွန်ကျဉ်းတဲ့အတွက် အသက်ရှူတဲ့အခါ တရွှီရွှီအသံမြည်ပြီး အသက်ရှူရခက်စေပါတယ်... သွေးကြောတွေကျယ်သွားတဲ့အခါ သွေးကြောနံရံတွေကတဆင့် သွေးထဲကအရည်တွေအပြင်ကိုစိမ့်ထွက်ကုန်တဲ့အတွက် သွေးဖိအားကျတာ၊ ရောင်ရမ်းတာတွေဖြစ်စေတဲ့အပြင် နှလုံးကိုပါ ဒဏ်ပိစေပါတယ်... သွေးခုန်နှုန်းဖျော့တော့ပြီး မြန်ဆန်နေတတ်ပါတယ်... အရေးကြီးတဲ့အခါ သွေးတွေက ဦးဏှောက်နဲ့ တခြားအသက်ရှင်မှုကိုအထောက်အပံ့ပေးတဲ့အရေးကြီးအင်္ဂါတွေကိုပဲ ဦးစားပေးသွေးပို့ဆောင်ပေးတဲ့အတွက် ခြေလက်တွေအေးစက်တာတွေဖြစ်လာတယ်...
ဒီအခြေအနေတွေကိုတုန့်ပြန်ဖို့အတွက် Sympathomimetic drug ဖြစ်တဲ့ Adrenaline (Epinephrine) က တကယ့်ကို အသက်ကယ်ဆေးပါပဲ... Adrenaline ကြောင့် လေပြွန်တွေကျယ်မယ်၊ သွေးကြောတွေကျယ်နေရာကနေ ပုံမှန်ပြန်ဖြစ်လာမယ်၊ နှလုံးခုန်ပုံမှန်ပြန်ဖြစ်လာမယ်... အဲ့ဒါကြောင့် အပေါ်က Anaphylaxis ကြောင့်ရတဲ့ Reaction ဖြစ်စဉ်တွေကို အကုန်ပြန်ပြီး တည့်မတ်ပေးနိုင်တဲ့အတွက် Anaphylaxis မှာ Adrenaline ဟာ အမြဲတမ်း 1st choice ပါ...
Burmeton (Chlorpheniramine maleate) ကတော့ Histamine ဓာတ်တွေကို ထပ်ပြီး မထွက်အောင် တားဆီးပေးပါတယ်... အဲ့ဒီအတွက် ယားယံမှုတွေလျော့ကျသက်သာပြီး သွေးကြောတွေထပ်မကျယ်အောင်၊ လေပြွန်ထပ်မကျဉ်းအောင် ကာကွယ်နိုင်ပါလိမ့်မယ်...
Hydrocortisone ကတော့ စတီးရွိုက် အရောင်ကျဆေးဖြစ်တဲ့အတွက် အခုနကဖြစ်စဉ်ကြောင့်ဖြစ်လာတဲ့ရောင်ရမ်းမှုတွေကို လျော့ကျပျောက်ကင်းအောင်စွမ်းဆောင်ပေးပါလိမ့်မယ်...
ကျနော်အပါအဝင် ဆရာဝန်တော်တော်များများဟာ ဓာတ်မတည့်မှုဖြစ်စဉ်ဖြစ်ခဲ့ရင် Adrenaline ထိုးဖို့ကို
လက်တွန့်ကြပါတယ်... ဘာကြောင့်လဲဆိုရင် ကောလာဟလတစ်ခုကြောင့် Adrenaline ကို တော်ရုံ မသုံးရဲကြတာရယ်၊ Adrenaline သုံးပြီးသွားရင် လူနာအခြေအနေကို အနည်းဆုံး ၈ - ၁၂ နာရီလောက် အချိန်ပေးပြီး သေချာကြပ်မတ်စောင့်ကြည့်ရမယ့် အခက်အခဲရှိတာတွေရယ်ကြောင့်ပါပဲ...
ကျနော့်အတွေ့အကြုံအရဆိုရင်
ဆေးဓာတ်မတည့်ဘူးလို့ သံသယရှိတာနဲ့
အရင်ဆုံး
- Burmeton inj ကို I.M ရရ၊ I.V ရရ ထိုးပါတယ်...
- သွေးကြောထဲကို ဆေးသွင်းနိုင်အောင်
IV Cannular/Needle ရအောင်ထိုးထားပါတယ်... (I.V access)
- ပြီးတာနဲ့ Hydrocortisone 100 mg/ 500mgကို IV သွင်းပါတယ်...
- သွေးဖိအားကို ၅ မိနစ်ခြားတိုင်းပါတယ်...
- သွေးဖိအားကျတယ်လို့သံသယရှိတာနဲ့ I.M Adrenaline 0.5ml (500microgram) of 1:1000 (1 ml = 1mg of 1:1000 ) ကို စပြီးထိုးပါတယ်... (ဒါဟာ တကယ်တော့ Guideline နဲ့ ဆန့်ကျင်နေပါတယ်... Guideline အတိုင်းဆိုရင် ABC ဆိုတဲ့အတိုင်း Adrenaline ကို အရင်ဆုံးထိုးပေးရမှာဖြစ်ပါတယ်...)
Adrenaline ကို အကြောတွင်း(IV) တိုက်ရိုက်မထိုးသင့်ပါဘူး... လူနာရဲ့ သွေးဖိအား(Blood pressure)၊ သွေးခုန်နှုန်း (Pulse)၊ အသက်ရှူမှု (Respiratory Function) အခြေအနေပေါ်မူတည်ပြီးတော့ I.M Adrenaline 0.5 ml (အသက်အရွယ်အလိုက်ထိုးသင့်တဲ့့ပမာဏကို အောက်မှာ ဖော်ပြထားပါတယ်)ကို Vital signs stable ဖြစ်တဲ့အထိ ၅ - ၁၅ မိနစ်ခြားတစ်ခါထိုးရပါတယ်...
Adrenaline တစ်ပုလင်းမှာ Adrenaline (Epinephrine) ဆေးရည် 1 ml ပါပါတယ်... 1ml ထဲမှာ Adrenaline acid tartrate 1 mg ပါပါတယ်... ဒါဟာ ဆေးတစ်ပုလင်း(1 Ampoule)မှာ Adrenaline 1:1000 ပါတဲ့အချိုးအစားပါ... တကယ်လို့ 1:10000 အချိုးအစားကိုလိုချင်ရင် Aqua(Water for injection) 9 ml နဲ့ရောရပါတယ်... (မှတ်ချက်။ ။ Aqua = ဆေးထိုးရန်အတွက်သန့်စင်ထားသည့်ရေ။ မိုးရေမဟုတ်ပါ... #မိုးရေသည် ဆေးထိုးနိုင်သည့်သန့်စင်မှုမရှိပါ၊ ပိုးမွှားများနှင့်မလိုလားအပ်သောဓာတ်များပါဝင်နေနိုင်ပါသည်)
Adrenaline 1ml + Aqua 9 ml = 10 ml 1:10000 အချိုးအစားဖြစ်ပါတယ်...
Adrenaline ထိုးတာနဲ့ပတ်သက်လို့ ကျနော့်ကိုယ်ပိုင်အယူအဆတစ်ခုရှိပါတယ်...
ကျနော့်ယူဆချက်သက်သက်သာဖြစ်လို့ မယူလိုသူများ ကျော်သွားကြပါဗျ...
ဘာလဲဆိုရင် Adrenaline နဲ့ B'ton, HC တို့ကို တစ်ဘက်ထဲမှာ အတူတူမထိုးသင့်ဘူးဆိုတာပါပဲ... ဘာလို့လဲဆိုရင်
- Adrenalin ရဲ့ effect ဟာ ထိုးလိုက်တဲ့ဘက်ခြမ်းမှာရှိတဲ့ သွေးကြောတွေကို ကြုံ့သွားစေနိုင်ပါတယ်... ဒါကြောင့်
တခြားဆေးတွေကို တစ်ဘက်ထဲအတူတူထိုးတဲ့အခါ စုပ်ယူနိုင်မှု နည်းသွားနိုင်ပါတယ်...
တကယ်လို့ လူနာက သွေးလန့်တဲ့အဆင့်
Shock ရနေပြီဆိုရင် သွေးကြောတွေက collapse ဖြစ်နေပြီလို့ယူဆလို့ရပါတယ်...
အဲ့ဒီအခြေအနေမှာ Adrenaline ကို I.M ထိုးလိုက်ရင် Collapse ဖြစ်နေတဲ့ Vessels တွေဟာ ပိုပြီး ကြုံ့သွားမယ်၊ အဲ့ဒီလိုဆိုရင် နောက်ထပ် B'ton, HC တွေထိုးတဲ့အခါ Absorption စုပ်ယူမှု ကျသွားမယ်...
- အချိန်ဟာ ရွှေထက်စိန်ထက်တန်ဖိုးကြီးတဲ့အတွက် ဆေးစုပ်ယူနိုင်မှုလျော့သွားတာနဲ့ ဆေးရဲ့သက်ရောက်မှုအချိန်က ပိုကြာသွားမယ်... ပိုကြာသွားရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ဖို့ အခွင့်အရေးပိုများသွားမယ်... ဒါကြောင့် ကျနော့်အယူအဆအရ Adrenaline နဲ့ တခြားဆေးဝါးတွေကို တစ်ဘက်ထဲမထိုးဖို့အကြံပေးလိုတာပါ... ကျနော့်အယူအဆမှားနေရင်လည်း ထောက်ပြပေးစေလိုပါတယ်ဗျ...
ဒီနေရာမှာ လူနာရှင်တွေကိုပြောလိုတာကလည်း
ဆေးဓာတ်မတည့်မှုဖြစ်စဉ်ဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ဖြစ်စဉ်မဟုတ်ဘူးဆိုတာရယ်၊ ဆေးစမ်းခဲ့ရင်တောင်မှ ဒီဖြစ်စဉ်ဖြစ်နိုင်တာရယ်၊ အရင်တုန်းက/ပထမတစ်ခါထိုးတုန်းက တည့်ပေမယ့် ဒုတိယအကြိမ်ထိုးတဲ့အခါမတည့်တာမျိုး(Delay hypersensitivity)လည်း ဖြစ်နိုင်တယ်ဆိုတာရယ်၊ လိုအပ်တဲ့ကုသမှုတွေပေးခဲ့ရင်တောင်မှ လူနာအသက်သေဆုံးနိုင်ခြေရှိတာတွေရယ်ကို နားလည်သဘောပေါက်ထားစေချင်ပါတယ်... ဒီဖြစ်စဉ်ဟာ ကြိုတင်ခန့်မှန်းလို့မရသလို
ဒီလိုဖြစ်တာကြောင့်လည်း ဆရာဝန်တော်ခြင်း/ညံ့ခြင်းကို ဆုံးဖြတ်လို့မရပါဘူး... သဗ္ဗေသတ္တာ ကမ္မသကာ ဆိုသလိုပဲ ကံကိုသာ ယိုးမယ်ဖွဲ့ရမှာပါ... ဘယ်လောက်ပဲအဆင့်မီပြီး ကောင်းတဲ့ဆေးရုံမှာပဲ ကုသမှုခံရပါစေ၊ သေမယ့်ကံပါတဲ့သူဟာ သေမှာပါပဲ... ဒါကိုနားလည်သဘောပေါက်ပေးဖို့ မေတ္တာရပ်ခံပါတယ်...
တဆက်တည်းပြောရရင် ဆေးထိုးတိုင်းကောင်းတာမဟုတ်တဲ့အတွက် မလိုအပ်ဘဲ ဆေးထိုးမခံချင်ကြပါနဲ့လို့ အသိပေးလိုပါတယ်... ဘာကြောင့်လဲဆိုရင် တချို့က ဆေးထိုးမှကောင်းတယ်လို့ထင်နေတဲ့သူတွေရှိနေကြလို့ပါ...
ဆရာဝန်တွေအပိုင်းကပြောရရင်လည်း
တချို့တွေဟာ
Guideline မှာ မပြောထားပေမယ့်
Shock ရတဲ့အခြေအနေကို ကုသတဲ့အခါ
Adrenalin ကို N/S ထဲမှာ ချိန်ဆထည့်ပြီး ကုသတာမျိုးရှိတာကိုလည်း သိခဲ့ဖူးပါတယ်... Adrenaline ကို မသုံးရဲလို့ အချိန်နောက်ကျတာတွေလည်းရှိသလို၊ Adrenaline ကို ထိုးချင်သလိုထိုးလိုက်လို့ မှားယွင်းတာတွေလည်းကြားခဲ့ဖူးပါတယ်...
ဒီနေရာမှာ တစ်ခုသတိထားရမှာက
ဒီ Shock ရတာဖြစ်ဖြစ်၊ ဆေးဓာတ်မတည့်မှုဖြစ်တာဖြစ်ဖြစ်၊ အဲ့ဒီလိုဖြစ်တဲ့ အခြေအနေဟာ
ဆရာဝန်တွေအတွက် တကယ့်စိန်ခေါ်မှုတစ်ခုပါ... လူနာတစ်ခုခုဖြစ်လို့ရှိရင် ကိုယ်နဲ့ ကိုယ့်ဆေးခန်းနာမည်ပျက်မှာက နောက်၊ လူနာအသက်ရှင်ရေးက အရင်ဖြစ်ပါတယ်... တကယ်လို့သာ လူနာ မတော်တဆ တိမ်းပါးသွားတဲ့အခါ ဒီနေ့ခေတ် တိုင်ဟယ်ပြုဟယ်လုပ်လို့ ဖြေရှင်းရတော့မယ်ဆိုရင် Guide line အတိုင်း ကိုယ်ကမကုသခဲ့ဘူးဆိုရင် ကိုယ့်ဘက်က သေချာပေါက် တစ်ပန်းရှူံးပါပြီ... တကယ်တမ်းစစ်မေးကြပြီဆိုရင် စစ်မေးတဲ့သူက Guideline နဲ့ပဲ ကိုင်ပေါက်မှာပါ... ဒါကို သိဖို့လိုပါတယ်...
ဒါကြောင့် ရှဉ့်လည်းလျှောက်သာ၊ပျားလည်းစွဲသာအောင် အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး Guideline ကို အကျိုးရှိရှိ အသုံးချကြဖို့ အသိပေးလိုပါတယ်ဗျ...
ဆေးထိုးရန်ပြင်ဆင်ခြင်းနှင့် ထိုးနှံခြင်း
💉💉💉💉💉💉💉💉💉💉💉💉💉💉
(က) ဆေးမထိုးသင့်သော အခြေအနေ ရှိ/မရှိ မေးမြန်းစစ်ဆေးပါ။
(ခ) ကုန်ဆုံးရက် (Expired Date) ကျော်လွန်ခြင်းရှိ/မရှိ စစ်ဆေးပါ။
(ဂ) ဆေးပုလင်းပေါ်ရှိ ဆေးအမည်ကို မှန်ကန်မှုရှိ/မရှိ စစ်ဆေးပြီးမှ ဆေးကိုစုပ်ယူပြီး ထိုးရမည့်နေရာတွင် ထိုးပါ။
`ဆေးထိုးပြီးနောက် ပြင်းထန်စွာ ဆေးမတည့်ခြင်း (Anaphylaxis) ကို ပြုစုကုသပုံနည်းလမ်း´
📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛📛
၁။ လူနာကို ဆေးထိုးသောနေရာတွင်ပင် အရေးပေါ် ချက်ချင်း ပြုစုကုသပါ။
၂။ လူနာကို ဘေးစောင်းအနေအထားဖြင့် ထားပါ။ (Recovery Position)
၃။ ပြင်းထန်စွာဓာတ်မတည့်ခြင်း (Anaphylaxis Reaction) ဟုတ်/မဟုတ် ဆန်းစစ်ပါ။ စိုးရိမ်ကြောင့်ကြမှု ကြောင့် တုန့်ပြန်ခြင်းနှင့် ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သော မူးမေ့ခြင်း ဟုတ်/မဟုတ် လျင်မြန်စွာ ခွဲခြားပါ။
၄။ ပြင်းထန်စွာဓာတ်မတည့်ခြင်း (Anaphylaxis) ဖြစ်ပါက Adrenaline ထိုးဆေးကို ချက်ချင်းထိုးပေးပါ။
(က) အသက်အရွယ်အလိုက် ထိုးပေးရမည့် Adrenaline ဆေးပမာဏ
(Adrenaline (1:1000) ဆေးပမာဏ
အသားဆေး (Intramuscular- IM))
အသက် (၁) နှစ်အောက် 0.05 – 1 ml
အသက် (၁) နှစ်မှ (၂) နှစ် 0.1 ml
အသက် (၂) နှစ်မှ (၃) နှစ် 0.15 ml
အသက် (၄) နှစ်မှ (၆) နှစ် 0.2 ml
အသက် (၇) နှစ်မှ (၁၀) နှစ် 0.3 ml
အသက် (၁၂) နှစ် အထက် 0.5 ml
( ခ) Adrenaline (1:1000) ထိုးဆေးကို ဆေး မထိုးထားသောဘက်တွင် I.M ထိုးပေးရပါမည်။
(ဂ) Adrenaline ကို ဆေးထိုးထားသော နေရာတွင် မထိုးရပါ။
(ဃ) လူနာ၏ အသက်ရှူမှု အခြေအနေ၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် သတိရမှုအဆင့် အခြေအနေတို့ကို စဉ်ဆက်မပြတ် ဆန်းစစ် စောင့်ကြပ် ကြည့်ရှုရပါမည်။
(င) အခြေအနေ လျင်မြန်စွာ တိုးတက်မှုမရှိလျှင် (သို့မဟုတ်) အသက်ရှူ ပြင်းထန်ခက်ခဲလာလျှင် (သို့မဟုတ်) သတိကောင်းစွာမရတော့လျှင် Adrenaline ဒုတိယအကြိမ်ကို ပထမအကြိမ် ထိုးသည့် ပမာဏအတိုင်း (၅) မိနစ်ခြား၍ ထပ်မံထိုးပေးနိုင်သည်။
၅။ Adrenaline ထိုးပေးပြီးပါက အကြောဆေးရည် (Intravenous Line) သွင်းရန် ပြင်ဆင်ပါ။
၆။ Normal Saline (N/S ဝါ အငန်ပုလင်းကြီး) ကို ကိုယ်အလေးချိန် ၁ ကီလိုဂရမ် ရှိသူအတွက် တစ်နာရီလျှင် ၂၀ မီလီလီတာ (20ml/kg/hr) နှုန်းဖြင့် သွင်းပေးပါ။
အသက် |ခန့်မှန်းကိုယ်အလေးချိန် |ဆေးပမာဏ ဆေးအစက်
(၁)နှစ်အောက် 10 kg |
200 ml/hr | 70 drops per minute
(၁)နှစ်မှ (၃) နှစ် 15 kg
300 ml/hr | 100 drops per minute
(၃)နှစ်မှ (၅) နှစ် 20 kg
400 ml/hr | 130 drops per minute
(၅)နှစ်မှ (၈) နှစ် 25 kg
500 ml/hr | 170 drops per minute
(၈)နှစ်မှ (၁၀) နှစ် 35 kg
700 ml/hr | 230 drops per minute
(၁၀)နှစ်မှ (၁၂) နှစ် 40 kg
800 ml/hr | 270 drops per minute
(၁၂)နှစ်မှ (၁၅) နှစ် 50 kg
1000 ml/hr | 350 drops per minute
၇။ ဆေးထိုးသူ ကိုယ်တိုင်လိုက်ပါ၍ အနီးဆုံးဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် လွှဲပြောင်းကုသပါ။ အရေးပေါ်လူနာတင်ယာဉ်ရပါက လူနာတင်ယာဉ် အသုံးပြုပါ။
၈။ ဆေးရုံသို့ ရောက်ရှိပါက Chlorphenamine နှင့် Hydrocortisone ကို အောက်ပါအတိုင်း ပေးပါ။
အသက် (၆) လ မှ (၆) နှစ်
Chlorphenamine (IM or Slow IV) 2.5 mg
Hydrocortisone (IV) 50 mg
အသက် (၆) နှစ် မှ (၁၂) နှစ်
Chlorphenamine (IM or Slow IV) 5 mg
Hydrocortisone (IV) 100 mg
အသက် (၁၂) နှစ်အထက်
Chlorphenamine (IM or Slow IV) 10 mg
Hydrocortisone (IV) 200 mg
အဆင်ပြေပါစေ...
Dr.Nay Linn Aung (Pyaw Bwe)
0851-11.2.18
Ref: -
💠Allergy skin test & Anaphylaxis (Wikipaedia)၊
💠Adrenaline 1:1000 Preparation by emc
💠ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန်စာအုပ်
💠The pathophysiology of anaphylaxis
Laurent L. Reber, PhD,a,b,c,e Joseph D. Hernandez, MD, PhD,d and Stephen J. Galli, MDc,e,f Paris, France, and Stanford,
California