02/07/2025
📣📣📣
မိုးရာသီနှင့်ခြင်အန္တရာယ်
ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင် မိဘတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။ သာမန်အနေနဲ့ကြည့်ရင် ခြင်ကိုက်ခံရတာဟာ ဘာမှအရေးမကြီးဘူးလို့ထင်ရပေမယ့် အဲ့ဒီကိုက်လိုက်တဲ့ခြင်ဟာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ ကပ်ပါးကောင် ကူးစက်ခံထားရတဲ့ ခြင်ဆိုရင်တော့ ကလေးငယ်ဆီမှာပါရောဂါ ဖြစ်စေနိုင်ပါတယ်။
ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကတော့
▪️ငှက်ဖျားရောဂါ
▪️သွေးလွန်တုပ်ကွေးရောဂါ
▪️ဆင်ခြေထောက်ရောဂါ
▪️Chikunganya
▪️Yellow Fever အစရှိတာတွေပဲဖြစ်ပါတယ်။ ဒီထဲမှာမှ အဖြစ်များတဲ့ ငှက်ဖျားရောဂါနဲ့ ကလေးများအတွက် အင်မတန်အန္တရာယ်ကြီးတဲ့ သွေးလွန်တုပ်ကွေးရောဂါ ၂ခုအကြောင်း ဖော်ပြချင်ပါတယ်။
🔶ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါဟာ Plasmodium falciparum, Plasmodium vivax,Plasmodium malariae, Plasmodium ovale, Plasmodium knowlesi စတဲ့ ကပ်ပါးကောင်အုပ်စု ကူးစက်ခံထားရတဲ့ Anopheles ခြင် ကိုက်ခံရလို့ ကူးစက်တာဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရပြီး ၃လလောက်အကြာမှာ ရောဂါလက္ခဏာပေါ်လာတတ်ပါတယ်။ အဓိကအားဖြင့် ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသကိုသွားပြီး ပြန်လာတဲ့အချိန်မှာ ဖြစ်တတ်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့
⁃ ခေါင်းကိုက်ခြင်း
⁃ နုံးခွေနေခြင်း
⁃ ကြွက်သားများနာကျင်ခြင်း
⁃ ၀မ်းလျှောခြင်း
⁃ ချောင်းဆိုးခြင်း စသည်တို့ဖြစ်ပါတယ်။
အဲဒီရောဂါလက္ခဏာတွေဟာ ပိုမိုပြင်းထန်လာတတ်ပါတယ်။ လူနာဟာ အသားဝါခြင်း၊ သတိလစ်ပြီးတက်သွားခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ငှက်ဖျားရောဂါလို့ သံသယရှိပြီဆိုတာနဲ့ ဆေးခန်းအမြန်ပြရပါမယ်။ သွေးထဲမှာ ငှက်ဖျားရောဂါပိုးရှိမရှိ အမြန်ဆုံးစစ်ဆေးရပါမယ်။ ငှက်ဖျားရောဂါလို့ သိရရင်တော့ ဆေးရုံတက်ကုသရပါမယ်။ ကုသမှုတွကတော့ ရောဂါပြင်းထန်မှု၊ နောက်ဆက်တွဲ အင်္ဂါတွေကို ထိခိုက်မှုရှိမရှိနဲ့ ဆုံးဖြတ်ပြီး ဆက်လက်ကုသမှာ ဖြစ်ပါတယ်။
🔶သွေးလွန်တုပ်ကွေးရောဂါ
ကျွန်မတို့ မြန်မာနိုင်ငံမှာ အင်မတန် အဖြစ်များပြီး ကလေးတွေကို အသက်အန္တရာယ်အများဆုံးပေးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ Dengue viruses (Flaviviruses DENV 1-4 ) တွေကူးစက်ခံထားရတဲ့ Aedes ခြင်ကိုက်လို့ ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ Aedes ခြင်ဟာ နေ့ဘက်မှာကိုက်တဲ့ ခြင်အမျိုးအစားဖြစ်ပါတယ်။
ခြင်ကိုက်ခံရပြီး ၃ရက်ကနေ ၁၄ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ လက္ခဏာတွေကတော့
⁃ ခေါင်းကိုက်ခြင်း
⁃ မျက်လုံးအောင့်ခြင်း
⁃ ကြွက်သားနဲ့ အဆစ်အမြစ်တွေကိုက်ခဲခြင်း
⁃ ခန္တာကိုယ်မှာ အနီစက်လေးများထွက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးမှာ အထူးဂရုပြုရမှာကတော့ သွေးလန့်လက္ခဏာပါပဲ။ ကလေးရဲ့စဖျားတဲ့ရက်ကို သေချာမှတ်သားထားဖို့လိုပါတယ်။ Day 3 မှ D7 အထိ သေချာဂရုစိုက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။
အန္တရာယ်ရှိတဲ့လက္ခဏာတွေကတော့
🔺ကလေးမှိန်းနေခြင်း / ကယောင်ကတမ်းဖြစ်ခြင်း
🔺ဗိုက်နာခြင်း
🔺ဗိုက်ကိုအထိမခံခြင်း
🔺ဆက်တိုက်အန်ခြင်း
🔺သွေးစစ်တဲ့အခါ (သွေးဖြူဥ WBC ကျခြင်း) (PCV တက်ခြင်း) စတဲ့အချက်တွေတွေ့ရရင် အလွန်အရေးကြီးပါတယ်။ ချက်ချင်းဆေးရုံတက်ရမယ့်အခြေအနေဖြစ်ပါတယ်။
🔺ခြင်ကိုက်မခံရအောင်
မိဘတွေအနေနဲ့ မိမိအိမ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ခြင်ပေါက်ဖွားနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ၊ရေဝပ်နိုင်တဲ့ နေရာတွေကို ရှင်းလင်းသင့်ပါတယ်။
ကလေးငယ်တွေကို နေ့ခင်းနေ့လည်တွေမှာ ခြင်ထောင်နဲ့သိပ်သင့်ပါတယ်။
၃လတစ်ကြိမ် (သို့) ၆လတစ်ကြိမ် အိမ်အနီးအနားပတ်ဝန်းကျင်မှာ ခြင်ဆေးဖျန်းခြင်း လုပ်နိုင်ပါတယ်။
အသက်နှစ်လနှင့်အထက် ကလေးငယ်များကိုတော့ mosquito repellent များလိမ်းပေးလို့ရပါတယ်။
(▪️ကလေး ၂လကျော်ရင်
DEET-based repellents (up to 30%)
ကို လိုအပ်တဲ့နေရာလေးတွေမှာ အနည်းငယ်လိမ်းပေးလို့ရပါတယ်။ CDC and AAP က approve လုပ်ထားပါတယ်။lemon eucalyptus အဆီပါတဲ့ဆေးတွေတော့လိမ်းလို့မရသေးပါဘူး။)
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ အတိုင်းပါပဲ။ မိဘများဟာ မိမိတို့ရဲ့ ကလေးသူငယ်များကို ခြင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ပေးထားတာက ပိုမိုသင့်တော်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။