18/10/2020
အသစ်တွေ့သော နက်ဇ်ကာလိုင်း
လူသားတို့၏ သမိုင်းကြောင်းက ရှည်လျားထွေပြားခါ မသိမှုများက များပြားလွန်းလှသည်။ လူသားတစ်ဦး၏ ဖြစ်တည်မှုဆိုသည်မှာလည်း သမိုင်းကြောင်းနှင့် ယှဉ်လိုက်ပါက တိုတောင်းလွန်းလှသည်။ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာထဲက အတိုင်းပင်။ ‘’သမုဒ္ဒရာ ရေမျက်နှာပြင်ထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည့်’’ ဟု ဆိုခဲ့သလိုပင် ဖြစ်သည်။ ယခုပင်မွေးဖွားလာသည်။ အခုပင် အရွယ် ရောက်လာပြီး မကြာမီပင် အိုမင်းမစွမ်းဖြစ်ခါ ခဏကြာလျှင် သေဆုံးပြီး မည်သည့်နေရာမှန်းမသိနိုင်သော ဘုံဘ၀ တစ်ခုသို့ ဘယ်နည်းဘယ်ပုံ ရောက်ရှိသွားမည်ကို မသိနိုင်။ ရေပွက်ပမာပင်။ အခုပင် ရေအောက်မှ တက်လာသည့် လေပူပေါင်းလေး တစ်ခုကဲ့သို့ပင် ခဏကလေးဖြစ်တည်နေပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ထို့ပြင်လူသားတို့ဖြစ်တည်မှုကိုကြည့်ပါဦး။ လူသားတို့သည် အဘယ်သို့ ဖြစ်ပေါ်လာကြသနည်း။ အချို့က ပင်လယ်ပြင်မှ တိုးတက်ဖြစ်ထွန်းခါ လူသားတို့ဖြစ်ပေါ်လာသည် ဆိုကြသည်။ ချားလ်စ်ဒါဝင် (Charles Darwin) က လူတူမျောက်မျိုးနွယ်စုတစ်ခုမှ ဖြစ်လာသည်ဟု ဆိုခဲ့သည်။ ဘာသာရေးဆိုင်ရာ ကမ္ဘာတည်ကျမ်းများအလိုအရ လူသည် ဗြဟ္မာကြီးလေးဦးမှ ဆင်းသက်လာသည်ဟု ဆိုပြန်သည်။ အခြားဘာသာရေးတစ်ခုတွင်လည်း ဘုရားသခင်က ဖန်ဆင်းသည်ဟု ဆိုထားပြန်သည်။ များပြားလှသော ရှုထောင့်အမျိုးမျိုးမှ ကမ္ဘာပေါ်တွင် လူ သားတို့ စတင်ဖြစ်ပေါ်လာသည်ကို အမျိုးမျိုးပင် ဖော်ပြထားကြသည်။ မည်သည်က အမှန်ဖြစ်သနည်း။ မသိနိုင်။
ကမ္ဘာပေါ်တွင် လူသားတို့စတင်ဖြစ်ထွန်းလာသည့် အချိန်ကိုလည်း သိပ္ပံပညာရှင်များက လွန်ခဲ့သော နှစ်ပေါင်း (၅) သန်းမှ (၇) သန်းအတွင်းတွင် အာဖရိကမှမျောက်နှင့်တူသော သတ္တဝါတို့ ခြေနှစ်ချောင်းပေါ်တွင် စတင်လမ်းလျှောက်ခဲ့ကြသည်ဆိုသည်။ လူသားတို့ ယဉ်ကျေးမှု စတင်လာပုံကိုလည်း မက်ဆိုပိုတေးမီးယား (Mesopotamia) ယနေ့ခေတ် အီရတ်နိုင်ငံနေရာတွင် ၂၅၀၀ ဘီစီက စတင်ဖြစ်ထွန်းလာခဲ့သည်ဆိုသည်။ တရုတ် ပြည်တွင် ဘီစီ (၁၅၀၀) နှင့် အမေရိကတိုက် အလည်ပိုင်းတွင် (၁၂၀၀) ဘီစီစသည်ဖြင့် ကမ္ဘာ့ ကုန်းမြေကြီးများတွင် ယဉ်ကျေးမှုများ အသီးသီးစတင်ဖြစ်ထွန်းလာခဲ့သည်ဟု ဆိုကြသည်။
လူသားတို့ နည်းပညာများ တိုးတက်လာပုံကိုလည်း လွန်ခဲ့သော နှစ် (၁၀၀) ခန့်မှ စတင်ဖြစ်ထွန်းလာခဲ့ ကြသည်ဟု ဆိုကြပြန်သည်။ သို့သော် ရှေးဟောင်းသုတေသန တွေ့ရှိမှုများတွင် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော်က ပေါ်ပေါက်လာသော နည်းပညာများသည် ယနေ့ခေတ်နည်းပညာများထက် သာလွန်နေသည်ကို တွေ့ရ ပြန်သည်။ တဖန် မည်သို့ပြုလုပ်ထားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်သော ရှေးခေတ် အဆောက်အအုံများ၊ ဆွဲသားချက်များကို တွေ့ကြသောအခါတွင် နည်းပညာတိုးတက်မှု သမိုင်းကြောင်း ကို အံ့ဩရပြန်သည်။ တိုးတက်လာပုံသည် ရိုင်းရာမှယဉ်သကဲ့သို့ အဖြောင့်သဘောမဆောင်ဘဲ ကွေ့၀ိုက်နေခဲ့ သည်။
ထိုကဲ့သို့ မသိမှုများ များပြားလှသော ကမ္ဘာကြီး၏ သမိုင်းကြောင်းတွင် ယနေ့တိုင် အဖြေမပေါ်နိုင်သေး သော ပီရူးနိုင်ငံ၊ နက်စ်ကာလွင်ပြင်တွင် ဆွဲသားထားသည့် ကောင်းကင်မှကြည့်မှသာ မြင်တွေ့ရသည့် ဧရာမ ရုပ်ပုံ ကြီးများအကြောင်းကို စာရေးသူ၏ ကမ္ဘာကျော် ပဟေဠိ (၁) တွင် နက်ဇ်ကာလိုင်းများ (Nazca Lines) အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့သည်။ ယင်းဆောင်းပါးရေးသားချိန်အထိ နက်ဇ်ကာလွင်ပြင်မှ ရှာဖွေတွေ့ရှိထားသော ပုံများကိုလည်း ဝေဝေဆာဆာဖြင့် ဖော်ပြထားခဲ့သည်။
ထူးဆန်းသော ယင်းဆွဲသားချက်တို့ကား ကုန်ဆုံးသွားသည်မဟုတ်ဘဲ ထပ်ခါထပ်ခါတွေ့ရှိလျက် ရှိသည်။ ယခုအခါတွင် ခေတ်ပေါ်ဒရုန်းများ၏အကူအညီဖြင့် ဆွဲသားမှုအသစ် တစ်ခုကို ထပ်မံတွေ့ရှိရသည်။ ယင်းတွေ့ရှိမှုမှာ နက်ဇ်ကာလွင်ပြင်ရှိ တောင်တန်းတစ်ခုဘေးတွင် ဆွဲသားထားသည့် ကြောင်တစ် ကောင်၏ပုံဖြစ်ပြီး အရှည်အားဖြင့် (၃၇) မီတာ သို့မဟုတ် (၁၂၁) ပေရှိသည်။ ဆွဲသားထားသည့် လိုင်းအကျယ်မှာ (၁၀) လက်မ အကျယ်ဖြစ်သည်။ ယင်းတွေ့ရှိမှုအသစ်ကို စာရေးသူ၏ စာဖတ်ပရိသတ်များ သိရှိစေရန်နှင့် Stay Home ကာလအတွင်း ဗဟုသုတအလို့ငှာ ဖတ်နိုင်ရန် တင်ပြပေးလိုက်ပါတယ်။ ထိုအကြောင်းအရာအား မဖတ်ရသေးသော စာဖတ် ပရိသတ်များအတွက်လည်း စာရေးသူ၏ ‘’မဖြေရှင်းနိုင်သော ကမ္ဘာကျော်ပဟေဠိများ -၁’’ မှ နက်ဇ်ကားလိုင်းများ ဆိုသည့် ဆောင်းပါးကိုလည်း ဖော်ပြလိုက်ပါသည်။
(တစ်ဆက်တည်း ပြောလိုသည်မှာ စာရေးသူတို့နိုင်ငံသည် နိုင်ငံတကာနှင့် ယှဉ်ပါက ဘက်စုံနိမ့်ကျလျက် ရှိနေသည်။ တိုးတက်သော နိုင်ငံတစ်ခု ဖြစ်တည်လာရန် အတွက် နိုင်ငံသား တစ်ဦးစီသည် အရည်အသွေးများ မြင့် မားလာဖို့ လိုအပ်လျက်ရှိသည်။ ယင်းသို့ နိမ့်ကျလျက်ရှိသော နိုင်ငံအား အနာဂတ်တွင် တိုးတက်စည်ပင်သော နိုင်ငံ တစ်ခုဖြစ်လာရန်အတွက် အရည်အချင်းရှိပြီး၊ ရိုးသားကြိုးစားသော အစိုးရအဖွဲ့တစ်ခုသည်လည်း အမှန်တကယ် လိုအပ်လျက်ရှိပါသည်။ စာရေးသူအနေနှင့်မူ ယင်းသို့သော အစိုးရမျိုးဖွဲ့နိုင်ရန် အတွက် NLD ပါတီသည်သာ တစ်ခု တည်းသောပါတီဖြစ်သည်ဟု ယုံကြည်ပါသည်။ သို့အတွက် စာရေးသူ၏ စာဖတ်ပရိသတ်သည် တွေဝေနေသူ ဖြစ်နေပါက NLD ကို မဲပေးသင့်ပါသည်ဟု အကြံပြုလိုက်ပါသည်။ )
ကိုဆွေ (ပန်နိုရားမား)