31/12/2022
နှစ်သစ်ရောက်လာရင် အနည်းနဲ့အများဆိုသလို အသစ်အသစ်သောအရောတွေ၊ အပြောင်းအလဲတွေဖြစ်ချင်ကြတာ ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာ သေချာတယ်။
ဒီနေ့ရဲ့ဆောင်းပါးကိုသာဓကတစ်ခုနဲ့စချင်တယ်၊ “အပင်တွေနဲ့ဝန်းရံထားတဲ့ပတ်ဝန်းကျင်မှာ နေထိုင်နေတယ်လို့ပုံဖော်ကြည့်ရအောင်။” အဲ့ကသစ်ပင်တစ်ပင်ကို ပုဆိန်နဲ့ခုတ်ပါမယ်၊ ဒါပေမဲ့တစ်နေ့ကို တစ်ကြိမ်ပဲခုတ်ပါမယ်။ ဒါဆိုရင် ရက်ပေါင်း၃၀လောက်အကြာမှာ ကျွန်တော်တို့ အပင်တစ်ပင်ခုတ်လဲပြီးလောက်ပါပြီ။ တစ်နှစ်ဆိုတဲ့အချိန်ကာလမှာ ကျွန်တော်တို့ အပင်ပေါင်း ၁၂ပင်လောက် အကြမ်းဖျင်းခုတ်လဲပြီးလောက်ပါပြီ။
ဒါပေမဲ့တစ်နေ့ကိုတစ်ကြိမ်ပဲခုတ်တာတော့ဟုတ်ပါပြီ၊ တစ်နေ့တစ်ပင်ပြောင်းခုတ်နေမယ်ဆိုရင် တစ်လကြာလည်း အပင်တစ်ပင်ကိုအလဲခုတ်နိုင်မှာမဟုတ်ပါဘူး၊ တစ်နှစ်ကြာသွားလည်း၊ အပင်တစ်ပင်မှလဲအောင်ခုတ်လိုက်ရမှာမဟုတ်ပါဘူး။
ဒီလိုပါပဲကျွန်တော်တို့ရောက်ချင်နေတဲ့ပန်းတိုင်၊ ပြီးမြောက်ချင်တဲ့အလုပ်တွေရှိနေပါလိမ့်မယ်။ အလုပ်ကိုတစ်ရက်နည်းနည်းနဲ့ နေ့စဉ်နေ့တိုင်းလုပ်သွားမယ်ဆိုရင် အချိန်တစ်ခုအကြာမှာ ရောက်သွားမှာ၊ ပြီးသွားမှာအသေအချာပါပဲ။ ဒါပေမဲ့ဒီနေ့ဒီအလုပ်မှာအာရုံစိုက်လိုက်၊ မနက်ဖြန်ကို နောက်ပရော်ဂျက်(project) တစ်ခုမှာအာရုံစိုက်လိုက်နဲ့ ဟိုဟာနည်းနည်းဒီဟာနည်းနည်းလုပ်နေမယ်ဆိုရင် အလုပ်ပြီးမြောက်မှုက ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတာမျိုးနဲ့ကြုံရမှာပါ။
ဒါကြောင့်အလုပ်လုပ်တယ်ဆိုရုံနဲ့ မရပါဘူး၊ အလုပ်တစ်ခုပြီးမြောက်ဖို့ဆိုရင် ဇွဲနဲ့မလျှော့တမ်းလုပ်ဖို့လိုလာပါတယ်။ တစ်ခါခုတ်ရုံနဲ့မလဲတဲ့အပင်ဆိုရင် မလဲမချင်း နောက်တစ်ခါထပ်ခုတ်ဖို့လိုပါတယ်။ ပန်းတိုင်တစ်ခုကိုမရောက်သေးဘူးဆိုရင် မရောက်မချင်းဆက်လုပ်ဖို့လိုပါတယ်။
ခုတ်တဲ့အချိန်မှာ တစ်နေ့တစ်ပင်ပြောင်းခုတ်နေမယ်ဆိုရင် အချိန်သာကုန်သွားမယ်၊ ဘယ်အပင်ကိုမှလဲအောင် ခုတ်နိုင်မှာမဟုတ်သလို၊ အလုပ်လုပ်တဲ့အချိန်မှာလည်း ဟိုအလုပ်ပြောင်းလုပ်လိုက်၊ ဒီအလုပ်ပြောင်းလုပ်လိုက် လုပ်နေမယ်ဆိုရင် ဘာရလဒ်မှရလာမှာမဟုတ်ပါဘူး။ သစ်ပင်တစ်ပင်ပြီးမှ နောက်တစ်ပင်ကိုအလဲခုတ်သလိုပဲ၊ အလုပ်ကိုလည်း ပန်းတိုင်တစ်ခုရောက်အောင်လုပ်ပြီးမှ၊ နောက်ပန်းတိုင်တစ်ခုကို ပြောင်းလုပ်ဖို့လိုမှာပါ။ တစ်ကြိမ်မှာတစ်ခုကိုပဲ အာရုံစူးစိုက်မှုအပြည့်နဲ့လုပ်တာကအကောင်းဆုံးပါ။
အဆုံးသတ်ရမယ်ဆိုရင်
နှစ်ကုန်မှာအပြောင်းအလဲတွေ တိုးတက်မှုတွေရှိနေချင်တာ ကျွန်တော်တို့အားလုံးရဲ့ နှစ်သစ်ဆန္ဒပါ။ အပြောင်းအလဲတွေဖြစ်လာဖို့ အတွေးထက်၊ အလုပ်ကပိုအရေးကြီးပါတယ်။ အလုပ်ဆိုတဲ့နေရာမှာလည်း ဇွဲနဲ့မလျှော့တမ်းလုပ်တဲ့ အလုပ်မျိုးပါ။ ဘယ်လောက်ပဲသေးတဲ့ အပြုအမူပဲဖြစ်ပါစေ တစ်နေ့နည်းနည်းနဲ့ နေ့တိုင်းလုပ်သွားမယ်ဆိုရင် သိသာတဲ့ရလဒ်ရလာပါတယ်။ အဓိကတော့ consistency မလျှော့တဲ့ဇွဲက အရေးကြီးဆုံးပါ။ အကောင်းဆုံး၊အတော်ဆုံးဖြစ်နေဖို့မလိုပါဘူး၊ မလျှော့တဲ့ဇွဲနဲ့အမြဲတမ်းလုပ်သွားဖို့ပဲလိုတာပါ။
ပန်းတိုင်တစ်ခုကို ရရှိအောင်ကြိုးစားနေချိန် ဒီဝါကျလေးကို သတိရပေးပါ “အပင်တစ်ပင်ကို အထပ်ထပ်အခါအခါခုတ်ရင် မလဲတဲ့အပင်မရှိပါဘူး"။
ခုလိုအချိန်ပေးပြီးဖတ်ပေးတဲ့အတွက်ကြောင့်ကျေးဇူးပါ၊ စာလုံးပေါင်းအမှားပါနိုင်ပါတယ် ပြင်ဖတ်ပေးတဲ့သင့်ရဲ့ စိတ်သဘောထားကိုလေးစားမိပါတယ်။
ဂျိုးဒါရှီ။