09/12/2021
အခုလ ဒီဇင်ဘာ ၁၀ ရက်နေ့ - Silent Strike က ပုံမှန်လည်ပတ်စပြုနေတဲ့ မြို့ကြီးတွေ၊ မြို့ငယ်တွေ ကို တစ်ရက်တာ ရပ်တံ့ပြရမှာဖြစ်ပါတယ်။
ဘာကြောင့်ပါလဲ..
ငါတို့မြို့တွေမှာ လူတွေလည်ပတ် ရုန်းကန်လှုပ်ရှားနေတယ်ဆိုတာ စစ်ကောင်စီက လူ့ငနွားတွေ အုပ်ချုပ်တာကို လက်ခံနေလို့ မဟုတ်။
ငါတို့လည်ပတ်ချင်လို့ လည်ပတ်နေတာ၊ ငါတို့ရုန်းကန်မှုအရ ငါတို့ဘာသာသွားနေတာ။
ငါတို့ပိုင်တဲ့ ငါတို့မြို့ကို ငါတို့လှုပ်ချင်လှုပ်မယ်၊ ငါတို့ ငြိမ်ချင် ငြိမ်မယ်။
မင်းတို့ငါတို့ကို ထိန်းချုပ်လို့မရ၊ အုပ်ချုပ်လို့မရဆိုတာကို ပြသရဖို့ဘဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရတာကို ထောက်ခံပြီး ပြန်လွှတ်ပေးဖို့အတွက် ကျောင်းသားလူငယ်တွေ ဆန္ဒပြလို့ ရာနဲ့ချီ ဖမ်းဆီးခံရတဲ့နေ့ဖြစ်ပါတယ်။ သိပ်မကြာခင် ရက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတရားတဲ့ ပုဒ်မတွေနဲ့ အမိန့်ချပါလိမ့်ဦးမယ်။
ကမ္ဘာ့လူ့အခွင့်အရေးနေ့ဆိုသော်ငြားလည်း တို့ပြည်မှာတော့ လမ်းပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြတာကိုတောင် ကားနဲ့တိုက်သတ်ပစ်နေတုန်းဘဲဆိုတာ ကမ္ဘာကို သိအောင် အသံတိတ်ကြွေးကြော်ရပါ့မယ်။
ဘဝတွေ အသက်တွေပေးနေကြတဲ့ PDF , CDM ရဲဘော်တွေ ၊ ထောင်ထဲက သောင်းနဲ့ချီတဲ့ ရဲဘော်တွေ၊ အမေ့အိမ်ကို ဘယ်တော့မှ ပြန်မရောက်တော့မယ့် သားတွေ၊သမီးတွေ အတွက် ဒီဇင်ဘာ ၁၀ ရက်နေ့ တနေ့တည်းကို တမြို့လုံး ၊တနိုင်ငံလုံး တဖန်ငြိမ်သက် တိတ်ဆိတ်ကြရအောင်ပါ။
၁၀ နာရီကနေ ၄ နာရီလို့ ဆိုပေမယ့် အဲ့နေ့တနေ့လုံး ဘယ်ရုံးမှမသွားနဲ့၊ ဘယ်အလုပ်မှ မသွားနဲ့၊ ဘယ်ဆိုင်မှ မဖွင့်နဲ့ လို့ပဲ တိုက်တွန်းပါရစေ။
ဒီလှုပ်ရှားမှုကြီး လူထုတစ်ရပ်လုံးပါဝင်နိုင်ဖို့အတွက် လူထုဆီကို သတင်းစကားများများရောက်၊ များများပါနိုင်ဖို့အတွက် လူကြီးမင်းတို့ရဲ့ Page တွေ၊ ဂရုတွေ၊ အကောင့်တွေကနေလည်း လှုံ့ဆော်ပေးပါ။
ကိုယ့်အိမ်နီးချင်း၊ ကိုယ့်ဆွေမျိုးများကိုလည်းစည်းရုံးလှုံ့ဆော်ပေးပါ။
ငါတို့မြို့ကို ငါတို့ပိုင်ကြောင်း၊ ငါတို့လမ်းတွေကို ငါတို့ပိုင်ကြောင်း ပြသကြပါ။
ကျဆုံးသွားသူတွေအတွက်၊ ထောင်ထဲကနေ အပြင်ကနေ သတင်းတွေကို နားစွင့်နေမယ့်သူတွေအတွက်၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ တပြည်လုံးက ပြည်သူများအတွက် ဒီဇင်ဘာ ၁၀ ရက်ကို တရက်လုံး တိတ်ဆိတ်ငြိမ်သက်ကြမယ်ဟေ့....