15/05/2023
https://www.facebook.com/100057087894922/posts/746257183953871/?mibextid=DcJ9fc
တဖြည်းဖြည်းချင်းဆင်းရဲနည်း
……… …… …… …… …… ……
ဗန်းလေးထဲမှာ
ငရုတ်သီးစိမ်းလေးကတပုံ
သခွားသီးလေးက သုံးလေးလုံးလောက်နဲ့
ကင်းပွန်ချဉ်ရွက် အစည်းလေးက လေးငါးစည်း လောက်တော့ရှိမယ် ကြက်သွန်အကျလေးတွေနဲ့ အာလူးတခြမ်းပုတ်လေးကို အခွံနွှာထားပြီး ခွက်လေးတခုထဲမှာ ထည့်လို့..
သူ့အသက်အရွယ်နဲ့ စတီးဓားလေး တချောင်းတောင် တုန်တုန်ရီရီနဲ့ ကိုင်နေပြီး မျှစ်လေးတွေကို အစိတ်လေးတွေဖြစ်အောင် လုပ်နေတဲ့ အဖွားအို တယောက်က ၂ နှစ်အရွယ် ခလေးလေး တယောက်ရယ် သူရယ် စျေးဗန်းလေးရယ်အတွက် ထီးသေးသေးလေး တချောင်းနဲ့ ခုလိုမိုးရွာထဲမှာ စျေးရောင်းနေတဲ့ မြင်ကွင်းက စိတ်မချမ်းမြေ့စရာပါ..
သူများတွေလို စင်နဲ့ ဝါးကပ်နဲ့ ခင်းမရောင်းနိုင်ပေမယ့်
မိုးရွာလို့ ဗွက်ဖြစ်နေတဲ့လမ်းလေးပေါ် စျေးဝယ်သူတွေ လမ်းလျှောက်သွားရင် စင်ပြီးထွက်လာတဲ့ရွှံ့တွေကို သူ့ဗန်းလေးထဲ မဝင်စေဖို့ အုတ်ခဲသုံးလုံးကို အောက်ကခံရင်း လက်လေးနဲ့ လှမ်းလှမ်းကာနေရတာက သူ့အတွက်အလုပ်တခု...
သူ့စျေးဗန်းလေးက ရှိလှမှ ၂၅၀၀ဖိုးလောက်ပါပဲ...
"အမေကြီး စျေးကောက်"
"လူလေးရယ် နောက်တခေါက်မှ ပြန်ပတ်လာခဲ့ပါလား အမေစျေးဦးတောင် မပေါက်သေးလို့ပါ သားလေးရယ်"
တကယ်လည်း စျေးဦမပေါက်သေးတဲ့ပုံစံပါပဲ
"မနေ့ကလည်း အမေကြီးတယောက်ထဲ ကျန်ခဲ့တယ်
ကျနော်ခဏခဏ မလာနိုင်ဘူးဗျ"
"တကယ် စျေးဦးမပေါက်သေးလို့ပါ သားလေးရယ် စျေးဦးပေါက်တာနဲ့ သားကိုပေးဖို့ ၂၀၀ အမေကြီး သပ်သပ်ဖယ်ထားလိုက်ပါမယ်"
"မိုးတွေရွာနေတယ်ဗျ နောက်တခေါက်မလာချင်ဘူး ရှိသလောက်သာပေးလိုက်"
တောင်းတဲ့သူကလည်း အတင်းတောင်းနေတော့ အမေကြီးက သူ့ချွေးခံအင်္ကျီကြားထဲက တရာတန်လေး တရွက်ထွက်လာတာ ပေးလိုက်ရင်း သူ့ပေါင်ပေါ်မှာ လှဲနေတဲ့ခလေးလေးကို
"မြေးလေးရဲ့ ပိုက်ဆံကို အဖွားပေးလိုက်တယ်နော် ...
စျေးရောင်းပြီးရင် အဖွားပြန်ပေးမယ် .. သိလား"
"သား ... ဗိုက်ဆာတယ် အဖွား"
"အေး အေး အဖွားထမင်းလေးထည့်ပေးမယ်"
ကြွပ်ကြွပ်အိပ် အကြီးနဲ့ ထုတ်ထားတဲ့ ထမင်းကို ကြွပ်ကြွပ်အိတ် အသေးထဲ နည်းနည်းခွဲထည့်ပြီး ဆားဗူးလေးဖွင့်လို့ သူခွာထားတဲ့ ကြက်သွန်သေးသေးလေး ၂ လုံးကို လေးစိတ်စိပ်ပြီး ခလေးက တလုတ် သူကတလုတ်နဲ့ စားနေတဲ့ပုံစံက နိစ္စဓူဝ ဖြစ်သလိုစားနေရမှန်း သိသာလွန်းတယ်...
ဆိုင်တခါထိုင်ရင် ၅ သောင်းလောက် ရှင်းနေရပေမယ့်
ငရုတ်သီးစိမ်း တရာဖိုးဝယ်ရင် အဆစ်တောင်းတတ်တဲ့ လူတွေကြားထဲမှာ ဒီအမယ်အိုကြီး စျေးဦးပေါက်ဖို့ဆိုတာ မလွယ်ဘူးလေ...
ရုပ်ပြကောင်းမှ စျေးရောင်းရတဲ့ခေတ်မှာ တတောင်လောက်ရှိတဲ့ လင်ဗန်းနဲ့ ဟိုတပုံဒီတပုံ ထည့်ပြီး စျေးရောင်းနေလို့ ဘယ်လွယ်ပါ့မလဲ
မိုးတွေအရမ်းရွာနေလို့
မိုးကာတထပ် ထီးတချောင်းနဲ့ စျေးဝယ်နေတဲ့ ကျန်တဲ့သူတွေတောင် အေးနေရင် ဒီ အသက် ၆၀ ကျော် အရွယ်လောက် အမယ်အိုကြီး တယောက်က ထီးလေးတချောင်းထဲကို လူနှစ်ယောက်ဆောင်းပြီး စျေးရောင်းနေရတာ ဘယ်လောက်တောင် ချမ်းလိုက်မလဲ..
"အဖွားလင်ဗန်းထဲကဟင်းရွက်တွေဘယ်လောက်ဖိုးရှိလဲ"
လူငယ်တယောက်သူ့စျေးဗန်းရှေ့မှာရပ်ပြီးမေးလိုက်တဲ့အသံကြောင့်
"အကုန်လုံးလား လူလေး"
"ဟုတ်ကဲ့ အဖွား အကုန်လုံးယူမယ်"
အမေအိုကြီးဝမ်းသာသွားတဲ့အဖြစ်က
နကိုတုန်ယင်နေတဲ့လက်တွေက ပိုတုန်လာတယ်ထင်ရတဲ့အထိပါပဲ
"အကုန်လုံး နှစ်ထောင့်သုံးရာပဲပေးပါလူလေးရယ်"
"ဒီဗန်းနဲ့ခွက်တွေရောအကုန်ပေးမှာလား"
"မလုပ်ပါနဲ့လူလေးရယ် ဒါလေးတွေမရှိရင် နောက်နေ့အမေဘယ်လိုစျေးရောင်းရပါ့မလဲ"
"ကျနော်ကစတာပါအဖွားရဲ့ ၂၃၀၀တော့မထားနဲ့ နည်းနည်းလျှော့ဦး ၃ ထောင်တော့ယူ"
နောက်တတ်တဲ့ လူငယ်ရဲ့ အပြောကြောင့်
အဖွားခမျာ တော်တော်လေး ပျော်သွားတဲ့ပုံစံက သူ့မျက်နှာမှာ အတိုင်းသားပေါ်နေတယ်...
လူငယ်လေးပေးသွားတဲ့ ပိုက်ဆံသုံးထောင်ကို ကျစ်ကျစ်ပါအောင်လိပ်ပြီး ချွေးခံအင်္ကျီထဲထည့်ရင်း လင်ဗန်းလေးချိုင်းကြားညှပ်လို့ ခလေးလေးကို လက်က ဆွဲရင်း အပျော်တွေနဲ့ ပြန်သွားတဲ့ အဖွားအိုကြီးဟာ ခပ်လှမ်းလှမ်း ရောက်တော့ ဆိုက်ကားသမား တယောက်ဆီမှာ မေးနေတဲ့စကားသံကို ကျနော်ပီပီသသကြီး ကြားလိုက်ရတယ်...
"ဟဲ့ ...မောင်အုန်း ခုမနက် ၉ ခွဲ ဘာထွက်သွားလဲ"
ီ_ဘာ_ဘာ