22/04/2026
✿ သတိ (သို့မဟုတ်) နှစ်ဖက်ရသန်လျက်ဓား
(⌛ဖတ်ရှုရန်ကြာချိန် - ၅ မိနစ်မှာ ၇ မိနစ်ခန့်)
═══════════════
လူ့ဘဝဟူသည် ပြဿနာနှင့် မကင်းနိုင်သော ခရီးရှည်တစ်ခု ဖြစ်သည်။ နေ့စဉ်ကြုံတွေ့ရသော အမှုအခင်းများ၊ အနှောင့်အယှက်များ၊ စိတ်လှုပ်ရှားမှုများကြားတွင် မိမိကိုယ်ကို မိမိ မပျောက်ကွယ်စေဘဲ မှန်ကန်စွာ ရပ်တည်နိုင်ရန် အားကိုးစရာ တရားတစ်ပါး ရှိပါသည်။ ထိုတရားကား "သတိ" ပင် ဖြစ်သည်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက “သတိ ဒိန္နကထာ” တွင် သတိ၏ အစွမ်းကို လေးနက်စွာ ညွှန်ပြတော်မူခဲ့သည်မှာ -
❝ဘာအမှုနှင့်တိုးတိုး ... သည်သတိတစ်လုံးကိုသာ အားကိုးအားထားပြုပါသော် ပြင်ပက လိမ်သွင်းသော မှုခင်းလက်ကျန်မရှိ ရှင်းစေ့မည်။ အတွင်းကနေ လိမ်ထုတ်သောအရှုပ် ကျူပင်ခုတ်သို့ မျိုးပြုတ်စေ့မည်။ သတိသည် လောကုတ်၌ တရားသူကြီးကဲ့သို့ အားကိုးလုပ်သင့်သောအရာ။ ထိုသို့ လောကီဘက်၊ လောကုတ်ဘက် ဘယ်နေရာတွက်တွက် နှစ်ဖက်ရ သန်လျက်ဓားသွားပမာသောသတိကို ဣရိယာပုတ်လေးပါး အကြားအလပ်မရှိ တစ်ခုလပ်၊ နှစ်ခုလပ် အဖြစ်ဖြင့်ပင် ဘယ်နေရာမှာမှ ပြတ်စဲခြင်းမရှိသော အဖြည့်ကြောင့် အားပြည့်အင်ပြည့် ဘာနှင့်ဖက်သုံးသုံး အတိုးနှုန်း အဆုံးအရှုံးမရှိ။❞
သတိသည် ပြင်ပမှ ဝင်လာသော အနှောင့်အယှက်များကိုသာ ဖယ်ရှားပေးနိုင်သည်မဟုတ်ဘဲ အတွင်းစိတ်မှ ပေါ်ထွန်းလာသော ရှုပ်ထွေးမှုများကိုလည်း တိတ်ဆိတ်စွာ ဖြတ်တောက်ပေးနိုင်သည်။ ထို့ကြောင့် သတိသည် လောကီဘက်၊ လောကုတ္တရာဘက် နှစ်ဖက်စလုံး၌ အကျိုးပြုသော "နှစ်ဖက်ရ သန်လျက်ဓား" တစ်လက်နှင့် တူလှပေသည်။
🔹အမှားအမှန်ကို စစ်ဆေးသော တရားသူကြီး
ဆရာတော်ကြီးက သတိကို “တရားသူကြီးကဲ့သို့ အားကိုးထိုက်သောအရာ” ဟု တင်စားထားပါသည်။ အကြောင်းမှာ သတိသည် စိတ်ထဲ၌ ပေါ်ပေါက်လာသော အတွေးများ၊ ခံစားချက်များ၊ အာရုံများကို အလျင်မလိုဘဲ စောင့်ကြည့်နိုင်စွမ်း ပေးသောကြောင့် ဖြစ်သည်။ မိမိစိတ်၏ အလိုအလျောက် လှုပ်ရှားမှုများကို အမှန်အတိုင်း သိမြင်လာလျှင် မှားယွင်းသော လုပ်ရပ်များကို တားဆီးနိုင်လာမည် ဖြစ်သည်။
သတိရှိသောသူသည် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်နိုင်သည်။ ထိုသို့ ဆင်ခြင်နိုင်ခြင်းသည် စိတ်ကို ရှင်းလင်းစေပြီး ဆုံးဖြတ်ချက်ကိုလည်း ပိုမိုတည်ငြိမ်စေပါသည်။ ဗုဒ္ဓဓမ္မတွင်လည်း သတိသည် စိတ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ထိန်းကျောင်းပေးသည့် အဓိက စေတသိက်တစ်ခု ဖြစ်သည်။ ကျွန်တော်တို့ အတွင်းစိတ်ကနေ လိမ်ထုတ်လိုက်သော အရှုပ်အထွေးများကို "ကျူပင်ခုတ် ကျူငုတ်မျှပင် မကျန်အောင်" ရှင်းလင်းပေးနိုင်စွမ်း ရှိပါသည်။ သတိသည် မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးသည့် အသိစိတ်အဖြစ် လုပ်ဆောင်ပြီး မှားယွင်းသော လုပ်ရပ်များကို တားဆီးပေးကာ စိတ်ကို စင်ကြယ်စေသည့် လမ်းစလည်း ဖြစ်ပေသည်။
🔹လောကီနှင့် လောကုတ္တရာ အကျိုး
သတိသည် သာသနာ့လုပ်ငန်းအတွက်သာမက လူမှုရေးနှင့် စီးပွားရေးဘဝတွင်လည်း အရေးပါသည်။ အလုပ်လုပ်ရာ၌ သတိရှိသူသည် အမှားနည်းတတ်ပြီး အာရုံစူးစိုက်မှု ကောင်းမွန်တတ်သည်။ ထို့ကြောင့် တာဝန်ယူမှု ပိုမိုခိုင်မာလာပြီး လုပ်ဆောင်ချက်များလည်း ပိုမိုထိရောက်လာသည်။
လောကုတ္တရာဘက်တွင်မူ သတိသည် နိဗ္ဗာန်သို့ ဦးတည်သော လမ်း၏ အစဖြစ်သည်။ မမေ့မလျော့၊ မပေါ့မဆသော အပ္ပမာဒတရားနှင့် ဆက်စပ်နေပြီး သံသရာဝဋ်မှ လွတ်မြောက်ရေးအတွက် အခြေခံကျသော အားအင်တစ်ရပ် ဖြစ်သည်။ သတိကို ဘယ်နေရာတွင် အသုံးချသော်လည်း အကျိုးမပျက်သော တရားဖြစ်ပေသည်။
🔹သတိကို မပြတ်တောက်စေခြင်း
ဆရာတော်ကြီးက “ဣရိယာပုတ်လေးပါး အကြားအလပ်မရှိ” သတိရှိရန် တိုက်တွန်းတော်မူသည်။ လမ်းလျှောက်နေချိန်၊ ထိုင်နေချိန်၊ ရပ်နေချိန်၊ အိပ်နေချိန်တိုင်းတွင် သတိကို မပျက်မကွက် ထားနိုင်ဖို့ လိုအပ်သည်။ သတိသည် ခဏတစ်ဖြုတ်သာ ရှိနေပြီး ခဏတစ်ဖြုတ်သာ ပျောက်သွားပါက အားနည်းသွားတတ်သည်။
သတိကို အဆက်မပြတ် ထားနိုင်လေလေ စိတ်၏ ရှုပ်ထွေးမှုများ လျော့နည်းလာလေလေ ဖြစ်သည်။ ဆရာတော်ကြီးက "အမှတ်အားကောင်းရင် အတွေးက နောက်ဆုတ်သွားမှာဗျ" ဟု မိန့်မှာတော်မူလေ့ရှိသည်။ အမှတ်သတိရှိနေပါက ပြင်ပအခြေအနေကြောင့်ဖြစ်စေ၊ အတွင်းစိတ်ကြောင့်ဖြစ်စေ မလိုလားအပ်သော အနှောင့်အယှက်များကို ပိုမိုတည်ငြိမ်စွာ ရင်ဆိုင်နိုင်လာမည် ဖြစ်သည်။
🔹သတိကို နေ့စဉ်ဘဝထဲ ပေါင်းစပ်ကျင့်သုံးပုံ
သတိတရားဟူသည် သီးသန့်ပြုလုပ်မှရသော အရာမဟုတ်ပါ။ နေ့စဉ်ပြုလုပ်နေကျ အလုပ်များ၊ အလေ့အထများ၊ စကားပြောဆိုမှုများအလယ်၌ပင် တဖြည်းဖြည်း ရောနှောသွင်းယူနိုင်သော စိတ်၏ အလေ့အကျင့်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သတိကို ဘဝထဲသို့ တစ်ခါတည်း ထည့်သွင်းမည့်အစား ခဏတိုင်း ခဏတိုင်း ပြန်လည်သိမြင်ရင်း ပေါင်းစပ်ကျင့်သုံးသင့်ပါသည်။
• မနက်ခင်း၌ ➥ နံနက်အိပ်ရာထချိန်သည် တစ်နေ့တာ၏ စတင်ရာဖြစ်သောကြောင့် အလျင်စလို ဖုန်းမကိုင်မီ ခဏရပ်ပြီး အသက်ရှူသံ၊ ခန္ဓာကိုယ်အနေအထား၊ စိတ်အခြေအနေကို သတိကပ်ပါ။ ရေသောက်ရာတွင်လည်းကောင်း၊ သွားတိုက်ရာတွင်လည်းကောင်း၊ အဝတ်အစားဝတ်ရာတွင်လည်းကောင်း “အခု ငါ ဘာလုပ်နေသလဲ” ဟု သိနေခြင်းဖြင့် အမှတ်သတိရှိခြင်းကို ပြုကျင့်နိုင်ပါသည်။
• အလုပ်လုပ်ရာ၌ ➥ အလုပ်တစ်ခုစီကို တစ်ခုပြီးတစ်ခု အာရုံစိုက်၍ လုပ်ဆောင်ပါ။ စာရင်းရေးခြင်း၊ ဖုန်းပြောခြင်း၊ အစည်းအဝေးတက်ခြင်း စသည့် လုပ်ရပ်များတွင် စိတ်ကို အခြားအရာများသို့ ပြေးမသွားစေဘဲ လုပ်နေသည့်အရာကိုသာ သိထားပါ။ အလုပ်အလယ်၌ စိတ်ပျံ့လွင့်လာသောအခါ အသက်ရှူမှုဆီ ခဏပြန်သွားခြင်းက စိတ်ကို ပြန်လည်စုစည်းပေးနိုင်သည်။
• လူမှုဆက်ဆံရေး၌ ➥ သူတစ်ပါးနှင့် စကားပြောဆိုရာတွင် ကြားဖြတ်မပြောဘဲ အဆုံးထိ နားထောင်ပါ။ ပြန်လည်ပြောဆိုမည့်အခါတွင်လည်း စကား၏ လိုအပ်မှု၊ မှန်ကန်မှု၊ နူးညံ့မှုကို ခဏမျှ ဆင်ခြင်ပါ။ ဤသည်မှာ စကားတစ်ခွန်းကို အလေးထားခြင်းသာမက တစ်ဖက်လူ၏ စိတ်ကိုလည်း သတိဖြင့် ထိတွေ့ခြင်း ဖြစ်သည်။
• စိတ်လှုပ်ရှားချိန်၌ ➥ ဒေါသ၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတို့ ပေါ်လာသည့်အခါ ချက်ချင်း တုံ့ပြန်မသွားဘဲ “ဪ... ဒီခံစားချက် ပေါ်လာနေပါလား” ဟု သိနေပါ။ ခံစားချက်ကို ဖိနှိပ်ရန် မလို၊ လိုက်ပါမျောရန်လည်း မလိုပါ။ ပေါ်လာခြင်း၊ တည်ရှိခြင်း၊ လျော့ပါးခြင်းတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်ခြင်းက စိတ်ကို ပိုမိုလွတ်လပ်စေသည်။
• အကူးအပြောင်းအချိန်များ၌➥ ကားစောင့်နေချိန်၊ တစ်ခုခုဖွင့်လှစ်နေချိန်၊ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းနေချိန်လို အခိုက်အတန့်တိုများသည် သတိအတွက် အကောင်းဆုံး အခွင့်အရေးများ ဖြစ်သည်။ ထိုအချိန်တွင် ဖုန်းကို အလျင်စလို မထုတ်မီ ခန္ဓာကိုယ်၊ အသံ၊ ရှူသွင်းရှူထုတ်မှုတို့ကို တစ်ချက်သတိကပ်လိုက်ပါ။ သေးငယ်သော်လည်း ထိုခဏများက စိတ်၏ အလောတကြီးမှုကို ဖြေလျော့ပေးသည်။
• ညပိုင်း၌ ➥ တစ်နေ့တာ ပြီးဆုံးခါနီးတွင် “ဒီနေ့ ငါ သတိကပ်ခဲ့သလား” ဟု ပြန်လည်သုံးသပ်ပါ။ မပြည့်စုံသေးလျှင်လည်း စိတ်မပျက်ပါနှင့်။ သတိတရားသည် ပြီးပြည့်စုံမှုထက် ပြန်လည်သိမြင်မှုကို တဖြည်းဖြည်း အားပြုသည့် လမ်းကြောင်းဖြစ်သည်။ ထိုသို့ ပြန်လည်ဆင်ခြင်ခြင်းက နောက်တစ်နေ့အတွက် အမှတ်သတိရှိခြင်းကို ပြင်ဆင်ပေးနိုင်ပါသည်။
🔹အကျင့်အဖြစ် တည်ဆောက်ပုံ
အထက်ပါအချက်များ အားလုံးကို တစ်ပြိုင်နက် အလုံးစုံ ပြောင်းလဲဖို့ မလိုပါ။ မနက်ခင်းမှာ အသက်ရှူမှုကို တစ်မိနစ်လောက် သတိထားခြင်း၊ နေ့လယ်မှာ စကားပြောချိန်ကို သတိထားခြင်း၊ ညပိုင်းမှာ ကိုယ့်တစ်နေ့တာကို ပြန်သုံးသပ်ခြင်းလိုမျိုး တဖြည်းဖြည်း ထည့်သွင်းသွားနိုင်ပါသည်။
နေ့စဉ်ဘဝ၏ ပြုလုပ်ပြောဆို ကြံစည်နေမှုများကို သတိတရားနှင့် ပြုလုပ်နိုင်မည်ဆိုပါက အတွေးများ များရာမှ ပါး၊ နည်းရာမှ စဲသွားလိမ့်မည် ဖြစ်ပါသည်။ ကျွန်တော်တို့သည် အတွေးများ နည်းသွား၊ စဲသွားလေလေ ငြိမ်းချမ်းမှုကို ပိုမိုသိမြင် ခံစားရလေလေ ဖြစ်ပါလိမ့်မည်။
🔹 နိဂုံး
သတိတရားသည် မိမိဘဝကို မိမိလက်ဖြင့် ပြန်လည်ထိန်းကျောင်းနိုင်စေသော ဓမ္မအလင်းပင် ဖြစ်သည်။ သတိသည် မမေ့မလျော့နေခြင်းသာ မဟုတ်၊ မိမိ၏ အတွင်းစိတ်ကို မိမိကိုယ်တိုင် စောင့်ရှောက်ခြင်းလည်း ဖြစ်သည်။
လောကလူသားတို့သည် မျက်စိရှေ့ရှိ အရာများကိုသာ သိမြင်လွယ်သော်လည်း၊ မိမိစိတ်အတွင်း၌ လှုပ်ရှားနေသော လောဘ၊ ဒေါသ၊ မောဟတို့ကို အမြဲမမြင်နိုင်ကြပေ။ ထိုမမြင်နိုင်မှုကြောင့်ပင် လွဲချော်မှုများ၊ နောင်တများ၊ ဒုက္ခအကြောင်းရင်းများ ပေါ်ပေါက်လာတတ်သည်။ ထို့ကြောင့် သတိတရားကို နေ့တိုင်း၊ အခိုက်အတန့်တိုင်း ထားရှိနိုင်ခြင်းသည် ဘဝအတွက် အဖိုးတန်ဆုံး ကာကွယ်မှုတစ်ခုဟု ဆိုနိုင်သည်။
သတိရှိသောသူသည် ဘဝ၏ လုပ်ဆောင်မှုတိုင်းကို အလွဲမခံဘဲ လင်းလင်းလက်လက် သိမြင်နိုင်မည် ဖြစ်သည်။ ထို့ပြင် မိမိပြုသမျှ ကံအကျိုးဆက်များကိုလည်း သာမန်မဟုတ်ဘဲ အလေးအနက်ထား မြင်လာနိုင်သည်။ အဆုံးတွင် သတိတရားသည် နေထိုင်မှုအလေ့အကျင့်တစ်ခုသာ မဟုတ်ဘဲ၊ မိမိကိုယ်ကို ပြန်လည်သိမြင်ပြီး ကုသိုလ်တရားဘက်သို့ ဦးလှည့်စေသော ခိုင်မာသည့် ကျင့်စဉ်တစ်ရပ်လည်းဖြစ်ပေသည်။ သတိရှိခြင်းဆိုသည်မှာ အခိုက်အတန့်တစ်ခုကို သိခြင်းသာမက၊ ထိုအခိုက်အတန့်တိုင်း၌ မိမိ၏ ဦးတည်ရာကို မပျောက်စေခြင်းပင်ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ဗုဒ္ဓမြတ်စွာဘုရား၏ ၄၅ ဝါ ကာလပတ်လုံး ဟောကြားခဲ့သော တရားတော်များ၏ အနှစ်ချုပ်သည်လည်း "အပ္ပမာဒ" ခေါ် မမေ့မလျော့ မပေါ့မဆသော သတိဖြင့် နေထိုင်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် မည်သည့်အမှုနှင့်ပင် တိုးတိုး၊ ဆရာတော်ကြီး မိန့်ကြားသကဲ့သို့ "သတိတစ်လုံး" ကိုသာ လက်ကိုင်ထားပြီး ပြုမူနေထိုင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
#ငြိမ်းချမ်းသာ #တရားအမြုတေများ_၂၄
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-22-4-2026