19/11/2024
"လမ်းဆုံ"
🔳 ပတ်ဝန်းကျင်မှာလည်း ကြည့်ကြည့်ပါ။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ ခုချိန်မှာပြန်ဆုံဖို့ တော်တော်ခက်ကုန်ပြီ။ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေဆိုလည်း အကွဲကွဲအပြားပြား။ ခု ခင်မင်နေရတဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေရော၊ ဒီလူတွေနဲ့လည်း ခွဲရဦးမှာပဲ။ ပညာဆက်သင်တဲ့သူက သင်မယ်၊ အလုပ်ပြောင်းတဲ့သူက ပြောင်းမယ်။
ဒါဖြင့် အိမ်က မိသားစုနဲ့ရော။ ခွဲရမှာပဲ။ သိပ်ချစ်ရတဲ့ ချစ်သူတွေလည်း တစ်နေ့တော့ ခွဲခွာရမှာပဲ။ ကျွန်တော်တို့တွေဟာ ကိုယ့်လမ်းကိုယ်လျှောက်နေကြတုန်း အခိုက်အတန့်သဘော လမ်းဆုံမှာ တွေ့နေကြရတာသာ ဖြစ်ပါတယ်။ ဒါက ရွေးချယ်လို့၊ ရှောင်လွှဲလို့ မရတဲ့ အမှန်တရား။
🔳 ကျွန်တော်တို့ ရွေးချယ်လို့ ရတာကတော့ အဲ့ဒီလို ဆုံရတုန်း အခိုက်အတန့်မှာ ဘယ်လိုသဘောထား၊ ဘယ်လိုစိတ်ထားမျိုးတွေနဲ့ ဆက်ဆံကြမလဲ ဆိုတာပါပဲ။
အခွင့်သာတုန်း နှက်လိုက်မဟဲ့၊ အနိုင်ယူလိုက်မယ်ဟဲ့၊ ပါးပါးလှီးလိုက်မယ်၊ ဂျင်းထည့်လိုက်မယ်၊ အဲ့လိုလုပ်လိုက်ရတဲ့အခါမှာလည်း အောင်နိုင်သူတစ်ယောက်လို ပီတိဖြစ်နေမယ် ဆိုတာမျိုး ရွေးလို့ရသလို၊ ကြုံရတုန်းလေးမှာ ငါ သူ့ကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်၊ စိတ်ချမ်းသာအောင် ပြောပေးလိုက်မယ် ဆိုတာကလည်း ကိုယ့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
🔳 ကိုယ်က တက္ကစီမောင်းသူတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ကားပေါ်ကို ခရီးသည်တစ်ယောက်က နှစ်ခါစီးဖြစ်တယ်ဆိုတာ ခပ်ရှားရှားပါ။ ဒီတော့ သူနဲ့ကိုယ်နဲ့ လမ်းဆုံမှာ ဆုံတုန်းလေး အဆင်ပြေအောင် ကူညီပေးလိုက်ပါ။ လိပ်စာသေချာမသိဘူးဆို ကူရှာပေးလိုက်၊ တွေ့တဲ့နေရာ ချမသွားနဲ့၊ နည်းနည်းလေး ပိုမောင်းပေးရတာကို ငွေမတန်တဆ ထပ်မယူနဲ့။
ကိုယ်က ဆရာဝန်တစ်ယောက် ဖြစ်နေသလား။ ဘယ်လူနာမှ ဆေးရုံဆေးခန်းဆိုတာကို ခဏခဏ မလာချင်ပါဘူး။ ဒီတော့ ကိုယ့်ဆေးခန်းကို ရောက်လာတဲ့ လူနာတွေကို ရောဂါသက်သာရုံတင်မကဘဲ စိတ်ကျေနပ်မှုရှိအောင် ငါ ဘယ်လိုလုပ်ပေးလိုက်မယ်၊ ဘယ်လိုဆက်ဆံပေးလိုက်မယ် ဆိုတာမျိုး တွေးကြည့်ပါ။
🔳 ကိုယ်က ဈေးဝယ်စင်တာတစ်ခုရဲ့ အရောင်းသမားတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ဆီ ရောက်လာသမျှ လူအားလုံးကို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ ရှင်းပြပေးပါ။ ကိုယ့်ဆီမှာ မရနိုင်တာတွေအတွက်လည်း သိသလောက် လမ်းညွှန်ပေးလိုက်ပါ။
ကိုယ်က ဝန်ဆောင်မှုပေးရသူတစ်ယောက် ဖြစ်နေသလား။ ကိုယ့်ဆီလာသမျှ Customer တိုင်းကို ကိုယ်လိုပဲ သဘောထား၊ ကိုယ်ချင်းစာပေးပြီး အကောင်းဆုံးဝန်ဆောင်မှု ပေးလိုက်ပါ။
🔳 အဲဒီလိုသာ လူအားလုံး သဘောထားနိုင်ခဲ့ရင် ကမ္ဘာကြီး အတော်အေးချမ်းမယ်ဆိုတာမျိုးတော့ မပြောလိုပါဘူး။ ဒါပေမယ့် သေချာတာက ကိုယ့်ဘဝလေးကတော့ အင်မတန် အေးချမ်းပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်းဟာ အဓိပ္ပါယ်ရှိနေပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၇.၁၁.၂၀၁၆