21/08/2024
ကိုယ့်ဘဝနဲ့ကိုယ်ဆိုပေမယ့်
အရာရာဟာ ဧည့်သည်ပါ...
တစ်ယောက်ယောက်က ထားခဲ့ရင် ဝမ်းမနည်းပါနဲ့။သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို့လည်းဖြစ်နိုင်သလို သူသွားမယ့်လမ်းမှာ သင့်ကို မခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်။
ဘယ်ခရီးကိုမှ အစအဆုံး တူတူသွားရမယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားသလို ဘယ်သူလိုက်လိုက် မလိုက်လိုက် သင်ကတော့ သွားနေရဦးမှာ ဖြစ်ပါတယ်။သင်ပါပါ မပါပါ သူလည်း ဆက်လျှောက်နေမှာ ဖြစ်ပါတယ်။
ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ်။ အဖေနဲ့အမြဲ နေမယ်။ အမေနဲ့ပဲ တူတူနေမယ်။ ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှမခွဲဘူး။
ငါ့ချစ်သူနဲ့ ငါတသက်လုံး တူတူနေမှာ...စတဲ့ အတွေးတွေ တွေးခဲ့ဖူးတယ်။
ကိုယ်အရင် ဆင်းရတဲ့အခါ သူတို့ကိုပါ ဆင်းခဲ့ဖို့ ခေါ်ပေမယ့်လည်း သူတို့ မလိုက်နိုင်ကြသလို
သူတို့ အရင်ဆင်းသွားတဲ့ အလှည့်မှာလည်း ကိုယ်လိုက် မသွားနိုင်ခဲ့ဘူး။
သေချာတာကတော့ သူတို့လည်း မသေမချင်း သူတို့ရွေးထားတဲ့လမ်းကို လျှောက်နေရတာဖြစ်ပြီး ကိုယ်ကလည်း
ကိုယ့်လမ်းကိုယ်လျှောက်ရင်း သူတို့နဲ့လမ်းမှာ မသေခင် ခဏတွေ့တာ ဖြစ်ပါတယ်။
တွေ့တဲ့အချိန် ခဏလေးမှာ ချစ်ကြသံယောဇဉ်တွေ တွယ်ကြ မုန်းကြ ဆဲကြ ဆိုကြနဲ့ အချိန်စေ့ရင် ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။
ခဏခဏ လူသစ်တွေနဲ့ ထပ်တွေ့ရပြီးခဏခဏ ခွဲရပြန်တယ်။
ခဏခဏ ပျော်ရွှင်ရပြီး နောက်တော့ ခဏခဏ ငိုရင်း ခွဲရပြန်တယ်။
ခဏခဏ လွမ်းမိကြသလို တစ်ခါတလေလည်း နာကျည်း တတ်ကြပြန်တယ်။
ဒါကြောင့် သင့်ဘဝထဲကို လူသစ်တွေဝင်လာရင် သူတို့ ပြန်ထွက်သွားမယ်အချိန်ကိုပါ ကြိုတွေးထားပါ။
ကိုယ်ထားခဲ့ရမယ့် အချိန်ကို ပြင်ဆင်ထားပြီး သူတို့ထားခဲ့ရင်လည်း ကိုယ်ဘယ်လိုရှင်သန်ပြီး ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ။
သူတို့လာနေတုန်းကို ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင် ကြိုးစားပါ။
သူတို့ မရှိရင်လည်း သင်နေတက်အောင် ပြင်ဆင်ထားပါ။
အပြုံးတွေတောင် ခဏပဲခံရင် အမုန်းတွေကို အကြာကြီး မွေးမထားပါနဲ့။
အလွမ်းတွေကို အရသာမခံချင်ပါနဲ့။ အငြိုးအတေးတွေကို အရောင် မတင်ပါနဲ့။
တွေ့တွေ့ချင်းတောင် ဝမ်းသာအားရ နှုတ်ဆက်ကြရင် ပြန်ချိန်ရောက်ရင်လည်း ဖက်တွယ်မထားပဲ လမ်းခွဲတတ်အောင် ကြိုးစားပါ။
ဟုတ်ကဲ့ ကျွန်တော်တို့ဘဝနဲ့ ကျွန်တော်တို့နှလုံးသားတွေထဲမှာ
အကြာကြီး ရှိမနေမှာ သေချာတဲ့သူတွေနဲ့ အကြာကြီးဖြစ်နေမှာ မဟုတ်တဲ့ကိစ္စတွေကို ထည့်ပြီး သော့ခပ် မထားပါနဲ့။
ခဏလာပြီး ခဏနေ ပြန်ထွက်သွားမယ့် ဘယ်သူ့ကိုမဆို အတင်းအကြပ် ဆုပ်ကိုင် မထားပါနဲ့။
မသွားပါနဲ့လို့ မတားပါနဲ့။ ဝင်လာပါစေ....ပြန်သွားချင် သွားပါစေ...
လာနေတုန်းလေးမှာ ပြုံးနေပြီး ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ ပြုံးထားပါ။မိတ်ဆွေ သင့်ခံစားမှုတွေကို သော့ခပ်မထားပါနဲ့။နှလုံးသားတံခါးကို အသာလေးသာ စေ့ထားလိုက်ပါ
Crd...
ĶHO