28/04/2026
Moto GP ဆိုတာ ဘာလဲ? (Part-1)
Moto GP လို့ အတိုချုပ်ခေါ်တဲ့ Grand Prix Motorcycle ပြိုင်ပွဲဟာ အပြည်ပြည်ဆိုင်ရာ ဆိုင်ကယ်စီးနင်းသူများ အဖွဲ့ချုပ် (FIM) မှ အမြင့်ဆုံးအဆင့် မော်တော်ဆိုင်ကယ်ပြိုင်ပွဲအဖြစ် သတ်မှတ်ထားတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မော်တော်ဆိုင်ကယ်အားကစားလောကမှာ သက်တမ်းအရင့်ဆုံး World Championship ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ တရားဝင်ကျင်းပတဲ့ ပြိုင်ပွဲတွေထဲမှာ နံပါတ်တစ် သက်တမ်း အရင့်ဆုံးကတော့ Isle of Man TT ပြိုင်ပွဲတွေပါ။
Moto GP ကို ခြုံငုံအဓိပ္ပါယ်ဖွင့်ရင် ရှေ့ပြေးပုံတည်ဆောက်မှု (Prototype Engineering)၊ လူသားခန္ဓာရဲ့ လွန်ကဲတဲ့ ဇီဝကမ္မဗေဒ (Extreme human physiology) နဲ့ ကမ္ဘာ့တိုက်ကြီးအားလုံးနီးပါးကို အလွှာအဆင့်ဆင့် ဖြန့်ကျက်ထားတဲ့ စီးပွားရေးဂေဟစနစ်ကို ကိုယ်စားပြုတဲ့ ပြိုင်ပွဲလို့ ပြောနိုင်ပါတယ်။
ပြိုင်ပွဲစီမံခန့်ခွဲရေးပိုင်း
ပြိုင်ပွဲကျင်းပရေးအစီအစဉ်တွေဟာ FIM, MSEG (ယခင် Dorna Sport), IRTA, MSMA စတဲ့ အဖွဲ့အစည်းတွေပါဝင်တဲ့ ခေတ်မီစီမံအုပ်ချုပ်ရေးဖွဲ့စည်းပုံအတိုင်း ကျင်းပတာပါ။ စုပေါင်းအုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေများသလို နောက်ကွယ်မှာလည်း ရှုပ်ထွေးမှုတွေ ခဏခဏဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြမ်းဖျင်းအားဖြင့် FIM က နိုင်ငံတကာပြိုင်ပွဲစံနှုန်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို Moto GP World Championship ဂုဏ်ပုဒ်နဲ့ အညီချိန်ညှိပေးပြီး MSEG (Dorna Sports) က ဆက်စပ်စီးပွားရေးမူပိုင်ခွင့်တွေနဲ့ ရုပ်သံမူပိုင်ခွင့်တွေကို စီမံထိန်းချုပ်ပါတယ်။
ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တိုင်းကိုတော့ အဖွဲ့အစည်း ၄ ခုလုံးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Grand Prix Commission က ဆုံးဖြတ်ပါတယ်။ ဒီ Commission က ပြိုင်ပွဲတွင်း အားကစားပိုင်းရော နည်းပညာပိုင်းဆိုင်ရာမှာပါ သတ်မှတ်ချက်စည်းမျဉ်းတွေကို ချမှတ်ပေးတာပါ။ ပြိုင်ပွဲအပတ်စဉ်တိုင်းမှာတော့ ဝါရင့်ပြိုင်ပွဲညွှန်ကြားရေးမှူး တစ်ယောက် ဦးဆောင်တဲ့ ပြိုင်ပွဲညွှန်ကြားရေးအဖွဲ့က ဘေးကင်းလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြပ်ကြည့်ရှုပါတယ်။ ပြိုင်ပွဲညွှန်ကြားရေးအဖွဲ့က စည်းကမ်းချိုးဖောက်မှုတွေကို FIM MotoGP ကြီးကြပ်ရေးအဖွဲ့ကို တင်ပြရပါတယ်။ ဒီကြီးကြပ်ရေးအဖွဲ့က စည်းကမ်းချိုးဖောက်မှုအလိုက် သတိပေးရုံကနေ မောင်းရမဲ့အပတ်ရေ Lap ပိုတိုးစေတာတို့ ရာသီအလိုက် ပြိုင်ပွဲဝင်ခွင့်ပိတ်တာတို့ ရာသက်ပန် Ban တာတို့အထိ စီရင်ဆုံးဖြတ်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့က Tyre Pressure ရှိရမဲ့ကန့်သတ်ချက်နဲ့ မညီတာ၊ ဆီတိုင်ကီဝင်ဆံ့မှု ကန့်သတ်ချက်နဲ့ မညီတာလိုမျိုး အစရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ စည်းကမ်းချိုးဖောက်မှုတွေအတွက်လည်း ပြစ်ဒဏ်ကို စီရင်ဆုံးဖြတ်ပါတယ်။
ပြိုင်ပွဲအမျိုးအစားတွေ?
Moto GP ပြိုင်ပွဲတွေကို နှစ်စဉ် ဖေဖော်ဝါရီလဝန်းကျင်ကစတင်လေ့ရှိပါတယ်။ တိုက်ကြီး ၅ တိုက်ထဲက နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ကျင်းပလေ့ရှိပြီး Final ပြိုင်ပွဲကိုတော့ နိုဝင်ဘာလဝန်းကျင်ခန့်မှာ ရိုးရာမပျက် စပိန်နိုင်ငံ Valecia မှာ ကျင်းပပြီး Season ကို အဆုံးသတ်ပါတယ်။
MotoGP, Moto2, Moto3 ဆိုပြီး Primary Class 3 မျိုးခွဲထားပါတယ်။ အခု 2026 Season မှာတော့ Harley-Davidson Bagger World Cup ဆိုတဲ့ Class တစ်ခုတိုးလာပါတယ်။ (ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်ကတော့ MotoGP ထက် ဒီပွဲကိုပိုကြိုက်တယ်) MotoE လို့ ခေါ်တဲ့ လျှပ်စစ်ဆိုင်ကယ်သီးသန့် Class ကတော့ 2025 Season ပြီးကတည်းက အချိန်အကန့်အသတ်မရှိ ရပ်နားထားပါတယ်။ ဒါ့အပြင် Brand တွေနဲ့ Collaboration လုပ်တဲ့ Red Bull MotoGP Rookies Cup လို ပြိုင်ပွဲတွေ၊ Asia Talent Cup တို့၊ FIM MiniGP World Series တို့လို FIM က စီစဉ်တဲ့ Road to MotoGP Program ပြိုင်ပွဲတွေလည်း ကမ္ဘာအနှံ့မှာ ကျင်းပကြပါသေးတယ်။
MotoGP က ခေတ်ရှေ့ပြေးနည်းပညာဆန်းသစ်မှုနဲ့အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးတဲ့ ပြိုင်ပွဲ ဖြစ်တာနဲ့အညီ Class အားလုံးမှာ Four-Stroke အင်ဂျင်တွေကိုသာ အသုံးပြုခွင့်ပေးထားပါတယ်။
MiniGP ပြိုင်ပွဲက ဝါသနာရှင်ပေါက်စကလေးတွေကို MotoGP ပြေးလမ်းပေါ်ကဘဝက ဘယ်လိုဆိုတာ စပုံသွင်းပေးတဲ့ ပြိုင်ပွဲပါပဲ။ အသက် ၁၀ နှစ်က ၁၆ နှစ်အထိ ကလေးတွေ ပါဝင်ယှဉ်ပြိုင်ကြပြီး သတ်မှတ်ထားတဲ့ Ohvale GP-0 ဆိုင်ကယ်အမျိုးအစား တစ်မျိုးတည်းကိုသာ အားလုံးကမောင်းနှင်ရပါတယ်၊ ဆိုင်ကယ်အင်ဂျင်တွေကတော့ ပြိုင်ပွဲဝင်တွေရဲ့ အသက်အရွယ်တန်းအလိုက် 160cc နဲ့ 190cc အင်ဂျင်တွေကို အသုံးပြုပါတယ်။
ဆိုတော့ Primary Class 3 မျိုးအကြောင်းပဲ ပြောရအောင်...
Moto3, Moto2 class တွေကတော့ MotoGP Class အတွက် Rider တွေကို ကြိုတင်လေ့ကျင့်ပေးတဲ့ ပြိုင်ပွဲတွေလို့ပြောလို့ရတာမို့ နည်းပညာကန့်သတ်ချက်တွေဟာ MotoGP လိုမဟုတ်ဘဲ ဆိုင်ကယ်အားလုံးရဲ့ HP တွေ Torque တွေက တပြေးတည်းနီးပါး ဖြစ်ရေးကိုအသားပေးထားပြီး Rider ရဲ့ Skill ကိုသာ MotoGP Class တန်းဝင် အဆင့်ရောက်အောင် အတွေ့အကြုံပေး၊ သွေးပေးတဲ့ နေရာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အပြင် အရှေ့မှာ ပြိုင်ပွဲအတွေ့အကြုံရှိပြီးမှသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ
Moto3 (Lightweight Class) ပြိုင်ပွဲက အငယ်တန်း အတွေ့အကြုံရှိ ဆိုင်ကယ်သမားတွေအတွက် ရည်ရွယ်ပြီး အင်ဂျင်ပါဝါ 250cc နဲ့ အမြင့်ဆုံး မြင်းကောင်ရေ 60hp အထိပဲ ခွင့်ပြုပါတယ်။ Moto3 ဟာ ဆိုင်ကယ်တွေကြား ကွာဟချက်အနည်းဆုံးဖြစ်ပြီး အင်ဂျင်အသေးတွေမို့ အကွေ့တွေမှာ တစ်စက္ကန့်နောက်ကျတာနဲ့ ကျော်တက်ခံရပြီး အရှိန်ပြန်တင်လိုက်ဖို့မလွယ်ပါဘူး၊ ဒါကြောင့်လည်း စိတ်လှုပ်ရှားစရာ အင်မတန်ကောင်းတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
နောက်တစ်ချက်က Moto3 ဟာ ဈေးကွက်ထဲက Mass-production ဆိုင်ကယ်တွေနဲ့ MotoGP ပြိုင်ကွင်းထဲက ဆိုင်ကယ်တွေ ဘယ်လောက်ကွာခြားလဲဆိုတာ အမြင်သာဆုံးပြိုင်ပွဲပါပဲ။ ဈေးကွက်ထဲက 250cc ဆိုင်ကယ်တွေက 200km/hr အထိမောင်းနှင်နိုင်ဖို့ဆိုတာ 2 stroke အင်ဂျင်မှ မဟုတ်ရင် မဖြစ်နိုင်ပါဘူး ဒါတောင် လီဗာအဆုံးဆွဲမှ 200km ရောက်ရုံ၊ ကျော်ရုံလေးပါ။
(Stock Version တွေပြောတာနော်၊ ဘယ်ဆိုင်ကယ်က ဘယ်လောက်တက်တယ် လာငြင်းရင် အာရုံနောက်လို့၊ စက်ဘီးတောင် Chassis ရှယ်ကောင်းတဲ့ဘီးကို ဖင်မှာဒုံးပျံတပ်ပေးလိုက်ရင် 300km ကျော်အထိ ရောက်ပါတယ်နော်ဗျာ)
Moto3 ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကတော့ အစီးတိုင်းကို 200km ကျော်ထိ တည်တည်ငြိမ်ငြိမ် အသာအယာ မောင်းနှင်နိုင်ပါတယ်။ ဆိုင်ကယ်တွေဟာ Fully Prototype ဖြစ်ကြပါတယ် MotoGP ရဲ့ နည်းပညာကန့်သတ်မှုအောက်မှာ MotoGP Class နဲ့ Moto3 Class တွေကသာ Chassis ကိုရော Engine ကိုရော ဆိုင်ကယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို စည်းကမ်းနဲ့အညီ နည်းပညာအသစ်တွေ တပ်ဆင်နိုင်တာဖြစ်ပါတယ်။
ဒီလောက်ဆို ဘယ်လောက်ကွာလဲ မြင်သာပါတယ်။
Moto2 (Intermediate Class) ပြိုင်ပွဲကတော့ အလယ်လတ်အဆင့် အတွေ့အကြုံရင့် ဆိုင်ကယ်သမားတွေအတွက် ရည်ရွယ်ပြီး အင်ဂျင်ပါဝါ 765cc နဲ့ အမြင့်ဆုံး မြင်းကောင်ရေ 140hp အထိပဲ ခွင့်ပြုထားပါတယ်၊ 2025 ခုနှစ်မှာ Moto2 ဆိုင်ကယ်တွေရဲ့ Gearbox ဒီဇိုင်းနဲ့ပတ်သတ်ပြီး စည်းမျဉ်းအပြောင်းအလဲ အနည်းငယ်လုပ်ခဲ့တာမို့ ပြိုင်ပွဲတွင်း Performance ပိုတက်လာနိုင်သလို ဒီဆိုင်ကယ်တွေကို မောင်းနှင်ဖို့ လက်ရှိ MotoGP Class ရှေ့ပြေးနည်းပညာသုံးဆိုင်ကယ်တွေနီးနီး Handling Technique တွေ လိုအပ်လာနိုင်ပါတယ်။
Moto2 ရဲ့ ထူးခြားတဲ့အချက်က ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကို MotoGP သတ်မှတ်ထားတဲ့ အင်ဂျင်အမျိုးအစား တစ်မျိုးတည်းကိုသာ အသုံးပြုခွင့်ရှိပြီး Chassis ကိုသာ စိတ်ကြိုက်ခေတ်ရှေ့ပြေးနည်းပညာတွေ သတ်မှတ်စည်းမျဉ်းနဲ့အညီ အသုံးပြုခွင့်ရှိပါတယ်။ လက်ရှိမှာ တပြေးညီအသုံးပြုဖို့ သတ်မှတ်ထားတဲ့ အင်ဂျင်ကတော့ Triumph Street Triple RS 765 ရဲ့ 765cc, liquid-cooled, 12-valve, DOHC, inline 3-cylinder အင်ဂျင်ကို ပြိုင်ပွဲသီးသန့်အသုံးပြုဖို့ ပြန်ချိန်ညှိထားတဲ့အင်ဂျင်ဖြစ်ပါတယ်။ သူ့မတိုင်ခင် 2018 အထိကတော့ Honda CBR600RR ရဲ့ အင်ဂျင်ကို အသုံးပြုခဲ့ကြတာပါ။ Triumph ဟာ Moto2 ရဲ့ Exclusive Engine Supplier အဖြစ် 2029 season အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
ခေတ်ရှေ့ပြေးနည်းပညာများ၏ ပြိုင်ကွင်း (သို့မဟုတ်) MotoGP
MotoGP (The Premium Class) ဟာ အခြားဆိုင်ကယ်ပြိုင်ပွဲတွေနဲ့မတူတဲ့အချက်ကတော့ ဒါဟာ ရိုးရိုးပြိုင်ပွဲမဟုတ်ဘဲ ခေတ်ရှေ့ပြေး Prototype နည်းပညာတွေ ပြိုင်ဆိုင်တဲ့ ပြိုင်ကွင်းဖြစ်နေတာပါပဲ။ ဈေးကွက်ဝင် Production ဆိုင်ကယ်တွေကို အခြေခံပြီး နည်းပညာပြုပြင်မှုအကန့်အသတ်နဲ့ ထည့်ပြိုင်ရတဲ့ World Superbike Championship (WSBK) လိုမဟုတ်ဘဲ MotoGP ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကတော့ အသေးစိတ်ထုဆစ်ထားပြီး ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းအတွက် မီလီမီတာတစ်ခုချင်းစီအထိ တိကျမှုနဲ့ တည်ဆောက်ထားတဲ့ တစ်စီးဆိုတစ်စီး Unique ဖြစ်တဲ့ဆိုင်ကယ်တွေပါ။ ဒီနည်းပညာမြင့် ခေတ်ရှေ့ပြေး Prototype Motorcycle တွေကို ထိန်းချုပ်မောင်းနှင်ဖို့ဆိုတာကလည်း ဆိုင်ကယ်မောင်းနှင်ခြင်းကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ဝါရင့် Professional Rider တွေမှသာ ဖြစ်နိုင်မှာပါ။ ဒီ Rider တွေဟာ အင်မတန်မြန်ဆန်တဲ့ ဆိုင်ကယ်တွေကို မောင်းနှင်ရတာမို့ တုံ့ပြန်မှုမြန်ဆန်ဖို့အပြင် Braking, Cornering, Acceleration တွေမှာ ခံစားရမဲ့ မတူညီတဲ့ G-Force တွေကိုလည်း ခံနိုင်ရည်ရှိရမှာပါ။ ဒါကြောင့်လည်း MotoGP ဟာ Road to MotoGP လို အစီအစဉ်တွေလုပ်တာ၊ ကြုံရာကျပန်း ပြိုင်ပွဲဝင်တွေကို လက်မခံဘဲ အတွေ့အကြုံခိုင်မာကြောင်း နောက်ကြောင်းသေချာစစ်ပြီး စမ်းသပ်ပြီးမှ ပြိုင်ခွင့်ပေး/မပေး ဆုံးဖြတ်ကြတာပါ။
Moto3, Moto2 Class တွေက ဆိုင်ကယ်တွေကို ဆိုင်ကယ်အဖွဲ့အချင်းချင်း ပြိုင်ပွဲဝင်ဖို့ ပြန်ရောင်းတာတွေ၊ ချမ်းသာတဲ့ ဝါသနာရှင်တွေက Collect လုပ်တာတွေ၊ Tuning ပြန်လုပ်ပြီး စီးကြတာတွေ မကြာခဏတွေ့နိုင်ပေမဲ့ MotoGP Class က ဒီဆိုင်ကယ်တွေကိုတော့ Race Track တွေရဲ့ ပြင်ပမှာ လုံးဝစီးနင်းခွင့်မရှိပါဘူး၊ ပိုက်ဆံတွေထားစရာမရှိအောင် ချမ်းသာနေရင်တောင် အားမထုတ်ဘဲ အလွယ်တကူ ပိုက်ဆံပေးဝယ်လို့ရတဲ့ ဆိုင်ကယ်တွေ မဟုတ်ပါဘူး။ သူတို့ကို ဆိုင်ကယ်လောကရဲ့ Ferrari တွေလို့ ပြောလို့ရပါတယ်။ လက်တွေ့စီးဖို့ဆိုတာကလည်း ဒီဆိုင်ကယ်တွေဟာ ရေရှည်ခံမှုထက် သတ်မှတ်စီးနင်းမှုအကြိမ်ရေပြည့်တာနဲ့ အလုံးလိုက်အသစ်လဲရမဲ့ အင်ဂျင်မျိုးတွေ တပ်ဆင်ထားတဲ့ Performance အထူးပြုဆိုင်ကယ်တွေ ဖြစ်ပါတယ်။
လက်ရှိမှာ MotoGP ဆိုင်ကယ်တွေရဲ့ အင်ဂျင်ကို 1000cc သတ်မှတ်ထားပြီး အမြင့်ဆုံးမြင်းကောင်ရေ 250hp သတ်မှတ်ပေးထားပါတယ်၊ ထုတ်လုပ်သူတွေဟာ ဒီကန့်သတ်ချက်အောက်မှာ V-4, Inline-4 စသဖြင့် မတူညီတဲ့ အင်ဂျင်တည်ဆောက်ပုံတွေကို စိတ်ကြိုက်ချိန်ညှိအသုံးပြုနိုင်ပါတယ်။
2027 MotoGP ကတော့ အပြောင်းအလဲအကြီးကြီးတစ်ခုဖြစ်ဖို့ ရှိပါတယ်။
Engine Displacement 1000cc ကန့်သတ်ချက်ကို 850cc ထိလျှော့ချသွားမှာဖြစ်ပြီး ဆီတိုင်ကီဝင်ဆံ့မှုကို 22 Liters ကနေပြီး 20 Liters အထိ ကန့်သတ်သွားမှာပါ။ လက်ရှိမှာ လောင်စာကို 40% ကို Non-fossil fuel mixture ပါတဲ့ လောင်စာ အသုံးပြုခွင့်ပေးထားပေမဲ့ 2027 ခုနှစ်မှာဆိုရင် 100% Non-fossil fuel တွေပဲ သုံးခိုင်းမယ်လို့ ဆိုထားပါတယ်။ Season တစ်လျှောက်လုံးမှာ အင်ဂျင်လဲလှယ်ခွင့်ကိုလည်း လက်ရှိ 7 ကြိမ်လဲလှယ်ခွင့် သတ်မှတ်ချက်အောက် လျှော့ချသွားဦးမယ်လို့ သိရပါတယ်။
(Non-fossil fuel က ဘာလဲဆိုရင် ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံ စတဲ့ ဒိုင်နိုဆောရုပ်ကြွင်းတွေကရတဲ့ အရည်တွေ မပါတဲ့ ဆီကို ဆိုလိုချင်တာပါ၊ ဒီဆီတွေရဲ့လောင်ကျွမ်းမှုက ထွက်လာတဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်ရယ် Brand အသီးသီးက ပြိုင်ပွဲဝင်ဆိုင်ကယ်တွေရဲ့ Top Speed အပြိုင်အဆိုင် မြင့်တက်လာမှုတွေကို ထိန်းချုပ်ဖို့ရယ်ကြောင့်ပါ)
မြင်သာသော နည်းပညာကွာခြားချက်အချို့
MotoGP ဆိုင်ကယ်တွေနဲ့ ဈေးကွက်တင် Street-legal ဆိုင်ကယ်တွေကြားမှာ သိသာမြင်သာတဲ့ ကွာခြားချက်တွေကတော့ Aerodynamic ပိုင်း၊ Electronics ပိုင်း၊ Brake ပိုင်းတွေမှာပဲ ဖြစ်ပါတယ်။
Aero ပိုင်းမှာဆိုရင် MotoGP ဆိုင်ကယ်တွေဟာ လေခွင်းအားကောင်းစေဖို့ Aggressive ဖြစ်တဲ့ Body Design တွေ၊ ဆိုင်ကယ်ဦးခေါင်းကို မြေမှာဝပ်နေစေဖို့ အထူးပြုလုပ်ထားတဲ့ ဆိုင်ကယ်ဦးခေါင်းပိုင်းက အတောင်ပံပုံစံ Anti-wheelie Winglet တွေ၊ ဘယ်ညာ Fairing အောက်ပိုင်းတွေမှာ အရှေ့ကနေ လေဝင်ပြီး ဘေးဘက်က ပြန်ခွင်းထွက်သွားတဲ့ Side Pod တွေ၊ Hole Shot တွေ Ride Height Device တွေ၊ အမှီးပိုင်းမှာ တပ်ဆင်တဲ့ Stegosaurus Fins တွေ စတာတွေ တပ်ဆင်ကြပြီး ဒါတွေဟာ တာထွက်မှာ အရှိန်မြန်မြန်ထွက်နိုင်ဖို့နဲ့ လမ်းအကွေ့တွေကို အရှိန်ပြင်းပြင်းနဲ့ဝင်ရောက်ပြီး အမြန်အရှိန်တင်ကာ ပြန်ထွက်ချိန်တွေမှာ ဆိုင်ကယ်ကို တည်ငြိမ်မှုပိုကောင်းစေဖို့ လုပ်တဲ့ နည်းပညာတွေဖြစ်ပါတယ်။ ယခင်က MotoGP ပုံစံ Street Legal Version ထုတ်ပေးတဲ့ Racing Replica ဆိုင်ကယ်တွေမှာ ဒီလို Body Design မျိုးတွေ၊ Accessories တွေ ပါဝင်လေ့ရှိပါတယ်၊ နည်းပညာပိုင်းဆိုင်ရာအရတော့ MotoGP ဆိုင်ကယ်တွေမှာလောက် အသုံးဝင်မှု မရှိကြပါဘူး၊ အချို့ဆို ပုံစံတူအလှဆင်ပစ္စည်းသာသာပဲ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ Racing Replica တင်မဟုတ်ဘဲ အချို့ ဈေးကွက်တင် ဆိုင်ကယ်တွေမှာပါ Aerodynamic Design Winglet တွေပါလာတာ တွေ့ရပါတယ်၊ အလုပ်ဖြစ်မဖြစ်ကတော့ တကူးတကစမ်းကြည့်မှပဲ သိပါမယ်။
Electronics ပိုင်းမှာဆိုရင် MotoGP ဆိုင်ကယ်တွေအားလုံးရဲ့ Electronics Package တွေကို Traction Control, Wheelie Control, Engine Braking Management, Launch Control စတာတွေ စီမံပေးဖို့ စံသတ်မှတ်ထားတဲ့ ECU ကို အသုံးပြုပြီး ထိန်းချုပ်ပါတယ်။ ဒါဟာ ပြိုင်ပွဲဝင်ထုတ်လုပ်သူတွေအနေနဲ့ Software Development အသုံးချပြီး အားသာချက်မရယူနိုင်အောင် ထိန်းချုပ်ထားတာပါ။ ဒါပေမဲ့လည်း ဒီစနစ်တွေတစ်ခုချင်းဆီကို အသေးစိပ်အထိ ချိန်ညှိမှုက အဓိကကျတဲ့ ပြိုင်ပွဲအဆုံးအဖြတ်လည်း ဖြစ်နိုင်ပါတယ်။ သာမန် ဈေးကွက်ဝင်ဆိုင်ကယ်တွေမှာတော့ Stock အတိုင်းပါလာတဲ့စနစ်တွေကို ကိုယ်တိုင်တစ်ခုချင်း သီးသန့်အသေးစိပ် ချိန်ညှိစရာမလိုပါဘူး Factory Setting သတ်မှတ်ချက်အတိုင်း 1, 2, 3, off စသဖြင့် Odometer display ကြည့်ကာ Level ရွေးချယ်သတ်မှတ်နိုင်ပါတယ်။
Brake အပိုင်းမှာဆိုရင်တော့ MotoGP ဆိုင်ကယ်တွေဟာ Carbon fiber Discs brake တွေ သုံးကြပါတယ်၊ ဒါတွေဟာ လုံလောက်အောင်မြင့်တဲ့အပူချိန်ကို ရောက်မှ ကောင်းကောင်းအလုပ်လုပ်တဲ့ Brake တွေပါ၊ အကောင်းဆုံး အရှိန်လျှော့ချနိုင်စွမ်းကိုလည်းပေးပါတယ်။ ဆိုတော့ ဈေးကွက်တင် ဆိုင်ကယ်တွေမှာ လုံးဝတပ်လို့အဆင်မပြေတဲ့ Brake မျိုးတွေပေါ့၊ ဒါပေမဲ့လည်း မိုးရွာတဲ့အခြေအနေ၊ စိုစွတ်တဲ့ရာသီဥတုတွေမှာဆိုရင်တော့ MotoGP Bike တွေလည်း Steel Disc တွေကို ပြောင်းလဲတပ်ဆင်ပြီး သုံးရပါတယ်။
ဒါကတော့ Moto GP အကြောင်း Part-1 ပါ။
Part-2 မှာ Moto GP Premium Class ကို ဘယ်လိုကျင်းပလဲ? ဝင်ပြိုင်ဖို့ ဘာတွေလိုအပ်လဲ? ဆိုတာတွေ Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
(စာကြွင်း)
လက်ရှိမှာ မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ် MotoGP Premium Class ကို ပြိုင်နိုင်ဖို့ကြိုးစားနေတဲ့ Senior Rider အစ်ကိုတွေရဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်၊ တကယ့်ဆိုင်ကယ်ရူးတွေဆို သိကြပါလိမ့်မယ်။
ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ အစပြုမှုပါပဲ.... Shot out to them!
ပုံကတော့ တစ်ခါမှ Moto GP ထဲ ဘောင်မဝင်ခဲ့တဲ့ Hayabusa ပါ :-3 :-3 :-3