Rangoon Varsity Press

Rangoon Varsity Press Online Book Shop

12/02/2023

Rangoon Varsity Press မှ ရရှိနိုင်သော
ဒေါက်တာခင်မောင်ညို၏ စာအုပ်များ
၁။ မိစ္ဆာနှင့် မစ္စပရမ်း- 4500
၂။ လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း- 4000
၃။ မွန်းတည့်ချိန်မှာ ကြည့်ကြပါ- 3000
၄။အောင်ပန်းဆင်တဲ့ ပစ်မှတ်-4000
၅။ အကောင်းဆုံးကိုသာပေးပါ -4000
၆။ တွန်းအား- 4000
၇။ ဟာသနဲ့ လောဂျစ် -4000
၈။ လူငယ်အတွေးအမေးအဖြေ -4500
၉။ ၂၁ရာစု ကမ္ဘာ့ရွာ၊ ကမ္ဘာ့စီးပွား-4000
၁၀။ တကယ်လုပ်ကြမှာလား-4000
၁၁။ အကြီးကြီးကို စဉ်းစားပါ- 4000
၁၂။ ကျွန်တော်တို့ဆရာတွေ ဘယ်ရောက်ကုန်ပြီလဲ-3500
၁၃။ အချမ်းသာဆုံးလူသား-4000
၁၄။ အရူး၊ လူတော်နှင့် ပညာရှိ -3500
၁၅။ သမ္မတသစ်သစ် ပိုက်ဆံသစ်သစ် -4000
၁၆။ အငယ်ဆုံးနှင့် အထက်မြက်ဆုံး-4000
၁၇။ နိုင်ငံရေး နောက်ပြန်မလှည့်ဖို့-4000
၁၈။ ၂၁ရာစုအိပ်မက်-3500
၁၉။ ဘုရားသခင်သို့ အီးမေးလ်ပို့ခြင်း- 4000
၂၀။ ဘယ်သူ့မှာ တာဝန်ရှိလဲ-4000
၂၁။ ခေတ်ဆန်းချိန်နှင့် လူငယ်ကဏ္ဍ-4000
၂၂။ သမ္မတထွက်ညာ-ဟစ်တလုံး-2500
၂၃။ ကြယ်သီးတပ်မှားနေသော မြန်မာပြည်-4500
၂၄။ ကွန်ညက် -2000
၂၅။ ပညာလိုသံမှိုနှက်သလိုပ-4500
၂၆။ အောင်မြင်မှုအတွက်ကွန်ရက်-4000
၂၇။ ကျွန်တော်လည်း နဂါးဖြစ်သွားပါတယ်-၄၅၀၀
၂၈။ မေတ္တာဖြင့် ကယ်တင်နေသူများ-၄၀၀၀
၂၉။ မြန်မာစကားကို သတ်ပစ်ပါ-ကလောင်စုံ-၅၀၀၀

အခြားစာရေးဆရာများ၏ စာအုပ်များ
၃၀။ ကိုဖိုးစောနှင့် သူ၏ကျောင်းသားများ-စောလူ -4500
၃၁။ လူကောင်းများ၏မသိစိတ်မှ ဘက်လိုက်ခြင်း-ကျွန်း- 4000
၃၂။ ဒိုင်ယာရီ- ဒေါက်တာကျော်တင့် -4500
၃၃။ အာဆီယံဝတ္ထုတိုများ -စောလူ -5000
၃၄။ အားကောင်းတဲ့ပဉ္စလက်-4500
၃၅။ ရေခဲမင်းသမီးလေး-မလတ် -3000
၃၆။ ဟယ်လိုအိုလဖ်-မလတ် -2500

ph/ viber- 09777630181
ကို ဆက်သွယ်မှာယူနိုင်ပါသည်။

04/01/2021

အွန်လိုင်း စာအုပ်ဆိုင်တွေမှာ တွေ့ရတဲ့ အခက်အခဲတစ်ခုကတော့ စာအုပ်ပို့ခကို များတယ်လို့ အထင်ခံရတာပါပဲ။ ဒီပို့ခဟာ စာအုပ်တိုက်တွေက ရတာ မဟုတ်ပါဘူး။ အခန့်မသင့်ရင် စိုက်ရပါသေးတယ်။ ဒါပေမဲ့ ဝယ်သူတွေအနေနဲ့ ပို့ခများတယ်လို့ ထင်တာလည်း မမှားပါဘူး။ ဘာလို့လည်းဆိုတော့ တစ်သောင်းတန်ပစ္စည်းအတွက် ပို့ခက ၂၀၀၀ ဆိုတာ မများပေမဲ့ နှစ်ထောင်တန်စာအုပ်အတွက်တော့ ပို့ခ ၁၀၀၀ဆိုတာ များနေတယ်လို့ ခံစားရလို့ပါ။
ဒီအတွက် Rangoon Varsity Press page ကနေ ရန်ကုန်မြို့တွင်း ပို့ခ ၅၀၀ နဲ့ ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ စာအုပ်ကတော့ လောလောဆယ် ဂလိုဘယ်အလင်းတိုက်ထုတ် စာအုပ်တွေပဲ ရနိုင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ မိတ်ဖက်စာအုပ်တိုက်တွေနဲ့ ညှိနှိုင်းကာ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။
မှာယူရရှိနိုင်တဲ့စာအုပ်လေးတွေကို ဒီ Page မှာ ဖော်ပြသွားမှာပါ။ လက်ရှိမှာတော့ အောက်ပါ စာရင်းထဲက စာအုပ်တွေကို ရန်ကုန်မြို့တွင်း ဘယ်နှအုပ်ယူယူ ပို့ခ ၅၀၀ နဲ့ ပို့ပေးသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာခင်မောင်ညို၏ စာအုပ်များ
၁။ မိစ္ဆာနှင့် မစ္စပရမ်း- 3000
၂။ လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း- 2000
၃။ မွန်းတည့်ချိန်မှာ ကြည့်ကြပါ- 1500
၄။ ပါရဒိုင်း- 2000
၅။ အောင်ပန်းဆင်တဲ့ ပစ်မှတ်-2000
၆။ အကောင်းဆုံးကိုသာပေးပါ -2000
၇။ တွန်းအား- 2000
၈။ ဟာသနဲ့ လောဂျစ် -2000
၉။ လူငယ်အတွေးအမေးအဖြေ -2500
၁၀။ ၂၁ရာစု ကမ္ဘာ့ရွာ၊ ကမ္ဘာ့စီးပွား-2000
၁၁။ အကြီးကြီးကို စဉ်းစားပါ- 2000
၁၂။ ကျွန်တော်တို့ဆရာတွေ ဘယ်ရောက်ကုန်ပြီလဲ-1800
၁၃။ အချမ်းသာဆုံးလူသား-2000
၁၄။ အရူး၊ လူတော်နှင့် ပညာရှိ -1800
၁၅။ သမ္မတသစ်သစ် ပိုက်ဆံသစ်သစ် -2000
၁၆။ သံပုရာသီးတစ်တောင်းကြောင့်နှင့် နိုင်ငံတကာဝတ္ထုတိုများ-2500
၁၇။ အငယ်ဆုံးနှင့် အထက်မြက်ဆုံး-2000
၁၈။ နိုင်ငံရေး နောက်ပြန်မလှည့်ဖို့-2000
၁၉။ ၂၁ရာစုအိပ်မက်-1800
၂၀။ ဘုရားသခင်သို့ အီးမေးလ်ပို့ခြင်း- 2000
၂၁။ ဘယ်သူ့မှာ တာဝန်ရှိလဲ-2000
၂၂။ ခေတ်ဆန်းချိန်နှင့် လူငယ်ကဏ္ဍ-2000
၂၃။ ပညာလူမှုအသိုင်းအဝိုင်းကို တည်ဆောက်ခြင်း-2000
၂၄။ မြန်မာ့နိုင်ငံရေးအခင်းအကျင်း ဘာလဲဘယ်လဲ-2000
၂၅။ သမ္မတထွက်ညာ-ဟစ်တလုံး-1500
၂၆။ ကြယ်သီးတပ်မှားနေသော မြန်မာပြည်-2500
၂၇။ ဦးနှောက်အတွက် အာဟာရ နှလုံးသားရဲ့ အာဟာရ-1500
၂၈။ ကွန်ညက် -1000
၂၉။ အောင်မြင်မှုအတွက်ကွန်ရက်-2000
၃၀။ အသိဉာဏ်မဲ့ခြင်းဟာ အပြစ်လား-2500
၃၁။ ပညာလို သံမှိုနှက်သလိုပ-2500
၃၂။ ကျွန်တော်လည်း နဂါးဖြစ်သွားပါတယ်-၂၅၀၀
၃၃။ မေတ္တာဖြင့် ကယ်တင်နေသူများ-၂၀၀၀
၃၄။ မြန်မာစကားကို သတ်ပစ်ပါ-ကလောင်စုံ-၃၀၀၀

အခြားစာရေးဆရာများ၏ စာအုပ်များ
၃၆။ ကိုဖိုးစောနှင့် သူ၏ကျောင်းသားများ-စောလူ -3500
၃၇။ လူကောင်းများ၏မသိစိတ်မှ ဘက်လိုက်ခြင်း-ကျွန်း- 2000
၃၈။ ဒိုင်ယာရီ- ဒေါက်တာကျော်တင့် -4500
၃၉။ အာဆီယံဝတ္ထုတိုများ -စောလူ -4000
၄၀။ အားကောင်းတဲ့ပဉ္စလက်-4500
၄၁။ ရေခဲမင်းသမီးလေး-မလတ် -1800
၄၂။ ဟယ်လိုအိုလဖ်-မလတ် -1500

25/12/2020

ခရစ္စမတ်လက်ဆောင်...
#ဒေါက်တာခင်မောင်ညို

(၁)
“ခရစ္စမတ်ဆိုတာ ဘာလဲဖေဖေ”
“ခရစ်ယာန်တွေ စမတ်ကျတဲ့နေ့ ပေါ့ကွ”
“ဟုတ်တာပဲ”
အဖေပြောတာ သဘာဝကျတယ်ဆိုပြီး ခရစ္စမတ်ကို ခရစ်ယာန်တွေ စမတ်ကျတဲ့နေ့လို့ သားက မှတ်ထားသည်။
သူက စာအုပ်တွေကို ရှာသည်။ ပြီးတော့အဖေ့ကို ပြောသည်။
“အဖေက ကောင်းကောင်းမဖြေဘူး”
“ငါဘာပြောလို့လဲ”
“ခရစ္စမတ်ဆိုတာ ခရစ်ယာန်တွေ စမတ်ကျတဲ့နေ့ဆို”
“ဟားဟား.. တို့ငယ်ငယ်တုန်းက ဒီလိုထင်တာပဲကွ။ ရပ်ကွက်ထဲက ခရစ်ယာန်လူငယ်လေးတွေဟာ နက္ကတိုင်တွေ၊ဆု(Suit) တွေနဲ့ လမ်းပေါ်ကနေ ဖြတ်သွားကြတာ ငါတို့ အားကျကြတာ”
“ဒါပေမဲ့ အဲဒါ ခရစ်တော်မွေးနေ့ မဟုတ်လား”
“ဟုတ်တယ်လေ”
“အဖေက ဘာလို့ အမှန် မပြောတာလဲ”
“ဒါနဲ့ငါ မင်းကို မေးဦးမယ်။ မင်းက အမှန်ကို ဘယ်လို သိလာတာလဲ”
“စာအုပ်တွေထဲ ရှာဖတ်တာပေါ့”
“ဒီလိုပေါ့။ ငါလည်း ရှာဖတ်ရတာပဲ”
“ဒါပေမဲ့ ကျွန်တော်က အဖေ့ကိုယုံပြီးသူငယ်ချင်းတွေကို သွားပြောရင် သူတို့ ကျွန်တော့်ကို ရယ်မှာပေါ့”
“ရယ်မှာပေါ့။ မင်းက ရယ်စရာတွေကို ပြောတာကိုး”
“အဖေပြောတာပဲ”
“ငါက ရယ်စရာပြောတာ။ တကယ့်အမှန်ကို သိချင်ရင် လူတွေပြောတိုင်း မယုံနဲ့။ မင်းအဖေပြောတာကိုတောင် မယုံနဲ့.. ဟားဟား..”
သားသင်ခန်းစာ ကောင်းကောင်းရသွားသည်။
ကိုယ်ကျူးရင် ဒူးကိုမျှ မယုံရ။

(၂)
နောက်တစ်နေ့ သားက မေးပြန်သည်။
“ခရစ္စမတ်မှာ ကြက်ဆင်သား စားကြတယ်ဆို”
“ဟုတ်တယ်သား”
“ဒါဆို ပျော်စရာကြီး”
“မင်းက စကားကို မဆင်မခြင်ပြောတာပဲ”
“ဟာအဖေကလဲ။ ခရစ္စမတ်ညစာစားပွဲမှာ ကြက်ဆင်ကောင်လုံး မီးကင်ပြီး စားရတာပဲ မဟုတ်လား”
“အေးလေ”
“ဘယ်လောက် ပျော်စရာကောင်းမလဲ အဖေ”
“လျှောက်ပြောနေ။ မင်းသာ ကြက်ဆင်ဖြစ်ရင် ပျော်မလား”
“ခင်ဗျာ”
အဖေပြောတာလည်း ဟုတ်ပေသားပဲဟု သားစဉ်းစားနေသည်။

(၃)
နောက်တစ်နေ့ သားက မေးပြန်သည်
“အဖေ။ ခရစ္စမတ်ပြီး နောက်တစ်ရက်ကို ဘောက်ဆင်(Boxing Day) လို့ ခေါ်တယ်ဆို”
“ဟုတ်တယ်ကွ”
“ဘာလို့ ဘောက်ဆင်(Boxing Day) လို့ ခေါ်တာလဲ”
“ဒီလိုလေကွာ။ ခရစ္စမတ်ပြီးတဲ့‌နောက်တစ်နေ့ ဒီဇင်ဘာ ၂၆ ရက် မှာ သူဌေးတွေ၊ အလုပ်ရှင်တွေက သူတို့ရဲ့ အစေခံတွေ ဝန်ထမ်းတွေကို လက်ဆောင်ပေးတာတွေ၊ ဘောနပ်စ်ပေးတာတွေ လုပ်တယ်။ အဲဒီနေ့မှာ သူတို့ လက်အောက်က အစေခံတွေဝန်ထမ်းတွေကို သေတ္တာလေး(ဗူးလေး)မှာလက်ဆောင် ထည့်ပေးပြီး သူတို့မိသားစုတွေနဲ့ အတူတူနေဖို့ ခွင့်ပြုတဲ့နေ့ ကိုအစွဲပြုတယ်။ နောက်ပိုင်းမှာ ခရစ္စမတ်မတိုင်မီ ချာ့ချ်ဘုရားကျောင်းတွေမှာ အလှူခံထားပြီး အဲဒီနေ့မှာဆင်းရဲတဲ့သူတွေကို အလှူခံသေတ္တာတွေထဲက ပိုက်ဆံတွေ ပစ္စည်းတွေ လက်ဆောင်ပေးတဲ့အလေ့ရှိတယ်။ ဘာကြောင့် (Boxing Day) လို့ ခေါ်တာလဲဆိုတာတော့ တိတိကျကျ မသိကြဘူးတဲ့”
“Box ဆိုတာ ဗူးသေတ္တာလို့ ပြောတာပေါ့ဟုတ်လား”
“ဟုတ်တယ် သား”
“နောက်တစ်မျိုးလည်း ဖြစ်နိုင်တယ်”
“ဘယ်လိုမျိုးလဲ”
“ခရစ္စမတ်ဆိုတာ ဆန်တာကလော့စ်က ကလေးတွေကို လက်ဆောင်ပေးတယ်။ ခရစ္စမတ်ပြီးတဲ့ နောက်တစ်နေ့မှာမှ ကိုယ်ရတဲ့လက်ဆောင် ကိုယ် ဖွင့်ပြီးယူကြတယ်”
“ဟုတ်တယ်လေ။ ခြေအိတ်လေးတွေထဲထည့်ထားတာတွေလည်း ရှိတာပဲ”
“ဒီလိုရတဲ့အခါ တစ်ယောက်ကများ တစ်ယောက်ကနည်းနဲ့ မညီမမျှဖြစ်တော့စကားများပြီး ထိုးကြိတ်(Boxing )လုပ်တာမျိုးတွေ ဖြစ်လာတယ်လေ။ ဒါကို Boxing လုပ်တယ်ဆိုပြီး Boxing Day လို့ခေါ်တာလည်း ဖြစ်နိုင်တာပေါ့”
“မင်း စဉ်းစားတာမျိုးကတော့ ရယ်ရတယ်။ ဒါပေမဲ့ ကောင်းတယ်”

(၄)
"သား၊ နိုင်ငံခြားမှာ အသက် ၂၆ နှစ်ရှိတဲ့ အိမ်ထောင်မရှိတဲ့ မိန်းမပျိုလေးတွေကို ခရစ္စမတ်ကိတ်လို့ ခေါ်ကြတယ်။ ဘာလို့လဲသိလား”
“မသိဘူး”
“ဒါက မိန်းခလေးအချင်းချင်းနောက်တဲ့စကားပေါ့။ ခရစ္စမတ်ဟာ ဘယ်နေ့မှာ ကျလဲ”
“ဒီဇင်ဘာ၂၅ မှာ”
“ခရစ္စမတ်ဟာ ဒီဇင်ဘာ ၂၅ ဆိုတော့ ဒီမတိုင်ခင်မှာ အင်မတန်အနံ့သင်းတဲ့ ကိတ်မုန့်တွေ ဖုတ်ကြတယ်။ အချို့လည်း ဆိုင်က ဝယ်တာပေါ့။ ခရစ္စမတ်နေ့ ဒင်နာစားပြီး ကိတ်တွေ စားသောက်ကြတယ်။ ပျော်ပွဲတွေ၊ ဆင်နွှဲတာတွေ ရှိတာပေါ့။
နောက်တစ်နေ့မှာ ကိတ်မုန့်ကျန်နေသေးရင်(မေ့ပြီး စားပွဲပေါ် မတင်ဖြစ်တာမျိုးတွေပေါ့လေ) အဲဒီကျန်နေတဲ့ ကိတ်မုန့်တွေဟာ ခရစ္စမတ်မတိုင်မီလောက်တော့ ပေါ်ပြူလာ မဖြစ်တော့ဘူး”
“အင်းပေါ့။ လူတွေ ဝအီနေကြပြီကိုး”
“ခရစ္စမတ်ဟာ ၂၅ ရက်ဆိုတော့ အဲဒီနေ့ နောက်တစ်နေ့ဟာ ၂၆ ရက်ပေါ့။ ၂၆ ရက်ကျရင် ခရစ္စမတ်ကိတ်ဟာ ပေါ်ပြူလာမဖြစ်သလို အပျိုလေးတွေဟာလည်း ၂၆ နှစ်ဖြစ်သွားရင် သူတို့ကို ခရစ္စမတ်ကိတ်လို့ ခေါ်လိုက်တာပဲ”
“အတော်ကောင်းတာပဲ”

(၅)
“ဒါနဲ့ သားကို ခရစ္စမတ်အကြောင်းပြောနေတာ အပျက်(Negative Sense) တွေပဲ များနေလား မသိဘူး။ အပြု(Positve) တွေ ပြောရရင် မကောင်းဘူးလား”
“ကောင်းတာပေါ့။ ကျွန်တော်ကတော့ဆောင်းတွင်းကို သဘောကျတယ်။ ခရစ္စမတ်တို့၊ နယူးရီးယား တို့ကိုလည်း သဘောကျတယ်”
“ဟုတ်ပါတယ်။ ခရစ္စမတ်ဟာ အကောင်းတွေ အတော်စုနေတယ်။ သူက Holiday ကာလ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ လက်ဆောင်ရတယ်။ ညစာလည်း ကောင်းကောင်းစားရတယ်လေ။ လူတွေဟာ လက်ဆောင်ပေးတဲ့ဓလေ့ ရှိတယ်။ ဘယ်သူက ပေးပေးမပေးပေး မိဘတွေကတော့ သူတို့သားသမီးတွေအတွက် ခရစ္စမတ်ထရီး (Christmas Tree) မှာ ဒါမှမဟုတ် အိမ်တစ်နေရာမှာ ‌ခြေအိတ်လေးတွေကို နာမည်ထိုးပြီးချိတ်ထားပေးတဲ့ အလေ့ရှိတယ်။ သားသမီးတွေ ညအိပ်သွားမှ သူတို့ဟာ အိတ်တွေထဲကိုလက်ဆောင်တွေ ထည့်ပေးပြီး အိပ်တယ်။ မနက်ကျတော့ကလေးတွေ ကိုယ့်အိတ်ကိုဖွင့်တာပေါ့”
“မိဘတွေကလည်း ဆင်တာကလော့စ်က လာပေးတယ်ဆိုပြီး အိတ်ထဲထည့်ပေးတာပေါ့ ဟုတ်လား”
“ဟုတ်တယ်။ အဖေက ကောင်လေးနှစ်ယောက်အကြောင်းပုံပြင်လေးပြောပြမယ်”
“ဟုတ်ကဲ့”
“တစ်ခါက အိမ်တစ်အိမ်မှာ အမေအဖေရယ် သားနှစ်ယောက်ရယ် အတူတကွ နေကြတယ်။ သူတို့ရဲ့ သားအကြီးဟာ အင်မတန်မှ အဆိုးမြင်တတ်တယ်။ သားအငယ်ကျတော့ ဘာမဆိုအကောင်းမြင်တတ်ပြန်ရော။
ခရစ္စမတ်ရက်မှာ မိဘတွေသားနှစ်ယောက်ရဲ့စိတ်သဘောထားကိုစမ်းကြည့်မယ်ဆိုပြီး သားကြီးရဲ့ ခြေအိတ်ထဲမှာ ဓာတ်ခဲနဲ့ သွားတဲ့ ရီမုတ်ကွန်ထရိုးပါတဲ့ ကားလေး ထည့်ထားပေးတယ်။ သားအငယ်ရဲ့ခြေအိတ်ထဲမှာတော့ မြင်းချေးတွေကိုပဲ ထည့်ပေးပါသတဲ့။
နောက်တစ်နေ့မနက်ကျတော့ သူတွေနိုးလာတဲ့အခါ သူတို့သဘောထားကိုကြားချင်လို့ မိဘတွေဟာ တိတ်တဆိတ် နားထောင်နေကြသတဲ့။
သားကြီးက "သွားပါပြီကွာ။ ဒီဘက်ထရီကားအတွက် ငါတော့ ဓာတ်ခဲဖိုးကုန်တော့မှာပဲ။ ပြီးတော့ ဒီအမျိုးအစားကပျက်လွယ်တယ်။ ဆန်တာကလော့စ်ဟာ လုပ်ချလိုက်ပြန်ပြီ"လို့ ညည်းညူသတဲ့။
သားငယ်လေးကျတော့ သူ့ရဲ့ ခြေအိတ်ထဲမှာ မြင်းချေးတွေမြင်တော့ ဝမ်းသာအားရ သူ့မိဘအခန်းထဲ ပြေးဝင်လာတယ်။
“အမေရယ် ကြည့်ပါဦး။ သားကို ဆန်တာကလော့စ်က မြင်းတစ်ကောင်ပေးတာ အမေရဲ့ သိလား။ မြင်းက ဒီအိတ်လေးနဲ့ မဆန့်ဘူး။ လွတ်ထွက်ပြေးသွားပြီပေါ့ အမေရဲ့”
“သား ဘယ်လို သိလဲ”
“သိတာပေါ့ အမေရယ်။ သားခြေအိတ်ထဲမှာ မြင်းချေးတွေ ကျန်ခဲ့တာပဲ”တဲ့။

နိဂုံး
ခရစ္စမတ်ဟာ အများသူငါ ပြုံးပျော်ကြဖို့ ပေးထားတဲ့ ကာလတစ်ခုပါ။ ခရစ်ယာန်တွေဟာ နှစ်ပေါင်းများစွာ ကတည်းက ဒီရက်တွေမှာ ပျော်ရွှင်ခဲ့ကြပါတယ်။ သူတို့ လေးစားတဲ့ ခရစ်တော်ရဲ့မွေးနေ့မဟုတ်လား။ ဒီနှစ်မှာတော့ သူတို့အိမ်မှာပဲ (Stay Home) နေပြီးတော့ ဆင်နွှဲကြရတော့တာပေါ့။
ဘယ်လိုဖြစ်ဖြစ် ကိုဗစ်ဟာ ခရစ္စမတ်ပွဲတော် ကျင်းပတာကို ဖျက်ဆီးနိုင်ပေမဲ့ လူတွေရဲ့အတွင်းမှာရှိနေတဲ့ စိတ်ဓာတ်ကိုတော့ ဘယ်အခါမှာမှ မဖျက်ဆီးနိုင်ကြောင်း တင်ပြအပ်ပါတယ်။
Merry Christmas!

#ဒေါက်တာခင်မောင်ညို

24/12/2020

တန်ဖိုးထားခြင်းအနုပညာ...
#ဒေါက်တာခင်မောင်ညို

“ဆရာညိုကို ပုံတစ်ပုံ ပြောပြမယ်”
“ကောင်းတာပေါ့။ ကျုပ်က ပုံကြိုက်တာပဲ ကိုဘသစ်”
“တစ်ခါက ....ပေါ့... ။ တစ်ခါက ပြင်သစ်နိုင်ငံမှာ နီပိုလီယံဘိုနာပတ်ရဲ့ ထမင်းချက်တွေနဲ့ ဘတ်တလာတွေ ခေါင်းကြီးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ နီပိုလီယံရဲ့ ဇွန်းခက်ရင်းနဲ့ ထမင်းပန်းကန် ခိုးခံရလို့ပဲ။
ဒါနဲ့ သူတို့ဟာ မကြံတတ်လို့ မင်းဆရာ ပညာရှိအမတ်ကြီးထံ သွားပြောပြပြီး အကြံတောင်းသတဲ့။
“ဇွန်းခက်ရင်း၊ ထမင်းပန်းကန်၊ လက်ဆေးဇလုံ အားလုံးအခိုးခံလိုက်ရပြီ”
“ဟေ ဟုတ်လား။ ဒါတွေက ဈေးကြီးတာကိုး”
“ဟုတ်ကဲ့ပါ အမတ်ကြီး။ သူတို့တစ်နေရာမှာ ရောင်းမှာပဲ။ လောလောဆယ် ဘုရင်ကြီး စိတ်မဆိုးအောင် ဘယ်လို လုပ်ရမလဲလို့ အမတ်ကြီးကို လာမေးတာပါ”
“မင်းတို့ ရွှေခွက်၊ ရွှေဇွန်းတွေနဲ့ပဲ ပြင်ပေးလိုက်ပါ”
“ဘုရင်ကြီး စိတ်ဆိုးမှာပေါ့”
“ငါ့တာဝန်ထားပါ”
နောက်နေ့ နပိုလီယံ စားတော်ခေါ်ရာဆီသို့ ပညာရှိအမတ်ကြီး ရောက်လာတယ်။
“လာပါ အမတ်ကြီး”
ဒီအချိန်မှာ နပိုလီယံရဲ့တပည့်တွေက စားတော်ပွဲများ လာချတယ်။
နီပိုလီယံက ကြည့်လိုက်ပြီး မေးတယ်။
”ဟေ့ကောင်တွေ အလူမီနီယံတွေ ဘာဖြစ်သွားလို့လဲ”
သူတို့ ပညာရှိအမတ်ကြီးကို လှမ်းကြည့်လိုက်တယ်။
“ဒီလိုပါ။ အရှင်ကံဇာတာ အညံ့ထဲကို ရောက်နေလို့ အညံ့နဲ့ ယတြာချေနေတာ။ ပန်းကန်အကောင်းတွေကို ဘေးဖယ်ထားတယ်။ ဒီရက်တော့ ရွှေခွက်နဲ့ပဲစားပါဦး”
နီပိုလီယံက ပညာရှိအမတ်စကားကိုနားထောင်ပြီး သူရဲ့ ညစာကို ကောင်းမွန်မြိန်ယှက်စွာ စားသောက်သွားလေသတဲ့”
“ဘာကြီးလဲ မသိဘူး”
“နောက်တစ်နေ့မှာ ဘတ်တလာနဲ့ ထမင်းချက်တွေဟာ သူခိုးတွေကို ဖမ်းမိပြီး သူတို့ ဇွန်းခက်ရင်းပန်းကန်တွေကို ပြန်ရသတဲ့။ တော်သေးတာပေါ့။ ဒါဟာ သိန်းချီတန်တဲ့ ပစ္စည်းတွေ။ ငါတို့မလျော်နိုင်ဘူး တဲ့”

▪️▪️▪️

“သဘောပေါက်လား”
“တမျိုးကြီးပဲ”
“ဆရာညို မရှင်းဘူးလား”
“မရှင်းဘူးလေ။ ခင်ဗျား ဘာပြောချင်တာလဲ”
“ဒီလိုလေ အလူမီနီယံဆိုတာ ခုခေတ် သုံးတဲ့ ဒန်သတ္တုပေါ့။ နီပိုလီယံက ဒန်သတ္တုကို မြတ်နိုးရတာကတော့ အဲဒီခေတ်က အလူမီနီယမ်ထုတ်လုပ်တဲ့နည်းကို ရှာမတွေ့သေးဘူးလေ။ အလူမီနီယမ်က ရွှေထက် ရှားတယ်။ နီပိုလီယမ်က ဒန်ကို မြတ်နိုးတာ ရှားလို့ ပါပဲ”
“အင်း။ ဒီခေတ်မှာလည်း သူဌေးကြီးတွေဟာ ကားအကြီးကြီးတွေစီး၊ ဓာတ်ဆီတွေစားမှ တန်ဖိုးရှိတယ် ထင်ကြတာမျိုး”
“ဟုတ်တယ်။ ခုခေတ်မှာတော့ ရွှေက အလူမီနီယံထက် တန်ဖိုးရှိတာက သူဟာ ရှားပါးရုံမျှမဘူး။ အရောင်မမှိန်။ ပျက်မသွားဘူး။ တာရှည်ခံတယ်။ ရှားတော့လည်း ရှားတယ်။ အဓိကကတော့ လူတွေ တန်ဘိုးထားတာပါပဲ”
“ဟုတ်ပါတယ်”
“ အရေးကြီးတဲ့ နောက်တစ်ခုက ခင်ဗျားက ဘာကောင်လဲပေါ့ဗျာ။ခင်ဗျား လုပ်တာ ကိုင်တာ ခိုင်းတာတွေကို လိုက်လုပ်ဖို့ ဆိုရင် ခင်ဗျားမှာ အာဏာ ဒါမှမဟုတ် ဩဇာ ဒါမှမဟုတ် ငွေကြေးရှိဖို့ လိုတယ်။ ဒါမှဟုတ် ခင်ဗျားဟာ ထင်ရှားတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုဆိုရင် လူတွေက တန်ဖိုးထားတာပဲ”

▪️▪️▪️

ကျွန်တော်ငယ်ငယ်က ဆင်းရဲတယ်။ အဖေနဲ့ အမေက ဆင်းရဲကြတာကိုး။ ဘာကြောင့်လဲဆိုတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သွားခဲ့တာကြောင့်ပါပဲ။ စစ်ကြီးအပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ ရှားပါးတဲ့ခေတ်ပေါ့။
ကျွန်တော့်အဖေက မြင်းလှည်းမောင်းတယ်။ အမေက ဆိတ်မွေးတယ်။ အင်မတန်ထင်းပေါတဲ့ဒေသ ဖြစ်ပေမဲ့ အမေက အလကားရတဲလွှစာမှုန့်မီးဖိုလုပ်ကာ ထမင်းချက်တယ်။ ချွေတာခဲ့ပါတယ်။ အမေတို့ မချမ်းသာခဲ့ပါဘူး။
(မင်းသိင်္ခကတော့ပြောတယ်။ ချမ်းသာတယ်ဆိုတာ သုံးလို့မကုန်အောင် ငွေတွေဝင်လာမှတဲ့) ကျွန်တော် လက်ခံပါတယ်။
မုန့်ဟင်းခါးတစ်ပွဲ ၁၀ ပြားကို တစ်လတစ်ခါတောင် မစားနိုင်ပါဘူး။
နောက်ဆုံး အဖေက ကျန်းမာရေးမှူးသင်တန်း ရန်ကုန်မှာ သွားတက်တယ်။
အမေက ထားဝယ်မိုင်းဘက်ကို သွားပြီး မိုးကာ သွားရောင်းတယ်။ (အမေ့မိုးကာ ကွာလတီမမီလို့ ရှုံးတယ်)
ကျွန်တော်တို့မောင်နှမတွေကိုတော့ အမေက အဖိုးရဲ့အိမ်မှာ အပ်ခဲ့တယ်။
အဖိုးအိမ်မှာ မိသားစုနည်းနည်းကြီးတယ်။
ဘယ်လိုဖြစ်ဖြစ် ကျွန်တော်နဲ့ ကျွန်တော့်အစ်မက အဖိုးအိမ်မှာ နေရတယ်။
(အစ်ကိုကြီးက ဦးလေးနဲ့ ထားဝယ်သွားနေနေတာ ဖြစ်တယ်)
အဖိုးက ကျွန်တော့်အဖွားအရင်း လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က ဆုံးသွားတော့ မိန်းမထပ်ယူထားတယ်။
အဖွားမှာ သမီးသုံးယောက် ပါခဲ့တယ်။ အဖိုးမှာတော့ သားသမီး ခြောက်ယောက်ကျော် ရှိတယ်။ ကျော်လို့ပြောတာ ကျွန်တော်မသိမမီတဲ့ ကျွန်တော့် ဘကြီးတွေ ကြီးဒေါ်တွေ ရှိလို့ပါပဲ။
ထားပါ။ အဖွားအသစ်နဲ့တော့ အဖိုးဟာ သမီးတစ်ယောက်ပဲ ရှိတယ်။
ကျွန်တော်တို့အားလုံးအတွက် ကျွေးမွေးဖို့ အဖိုးက တာဝန်ယူရတယ်။
အင်မတန်ပေါတဲ့ ခေတ်ကာလပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းမစားရပါဘူး။ နေ့တိုင်း စားရတာကတော့ ငါးပိထောင်းပါပဲ။
ငါးပိကို သေသေချာချာထောင်းတယ်။ ငရုတ်သီးမှုန့်တွေ ပုဇွန်ခြောက်မှုန့်တွေနဲ့ပါ။
ဟင်းချိုပါတယ် ထင်တယ်။ မမှတ်မိတော့ပါ။
ထမင်းဝိုင်းမှာ ကျွန်တော်တို့တတွေက “တောင်ဖြိုမယ်”လို့ ပြောကြပါတယ်။
ငါးပိထောင်းကို တစ်ဖဲ့စီဖဲ့ယူစားတာ တောင်နဲ့တူတဲ့ ငါးပိလုံးကြီး ပြိုသွားတာပါပဲ။ ထမင်းဝိုင်းထိုင်ပြီး မစားခင်က ဒီနေ့ ဘာတောင်လဲလို့ မေးရင် တစ်ယောက်က တောင်ညို၊ နောက်တစ်ယောက်က ဒေါနတောင်၊ နောက် ပတ်ကွိုင်တောင်၊ နောက် ရှမ်းတောင်တန်း၊ စာရာမေရိတောင်၊ ဝိတိုရိယတောင်.... အမျိုးမျိုးပြောတော့တာပဲ။ စားကောင်းပါတယ်။ မကောင်းလည်း စားရမှာပဲလေ။
ကျွန်တော်တို့မောင်နှမကိုတော့ အဖွားဒွေးက မကြည်ပါဘူး။
သူက ကျွန်တော်တို့ကို မြေပန်းကန်နဲ့ ကျွေးပါတယ်။
မြေပန်းကန်ဆိုတာ မြေကြီးရောင် ဖုတ်ထားတဲ့ အိုးပုံစံပါ။ အဖျားအနားတွေမှာ စဉ့်ရည်သုတ်ထားတယ်။ အဓိကက ကောက်စိုက်သမတွေကို ကျွေးမွေးတဲ့အခါ သုံးတဲ့ပန်းကန်ပါ။ အောက်ခြေအဆင့် စားသုံးတာပေါ့။ စစ်အပြီး ကြွေရည်သုတ်ပန်းကန်တွေ၊ သတ္တုပန်းကန်တွေလည်း ရှားတာကိုး။
ယခုခေတ်မှာ ဒီလိုပန်းကန်တွေ မရှိတော့ပါ။
ကျွန်တော်ကတော့ အဲဒီလို ပန်းကန်တွေကို မကြိုက်ပါ။
ဒါပေမဲ့ ကိုဘသစ်ပြောတဲ့ နပိုလီယံလိုစဉ်းစားရင်တော့ အဆင်ပြေလားပဲ။
ဘာကြောင့်လဲဆိုတော့ မြေပန်းကန်ဟာ ရှားပါးပန်းကန် မဟုတ်လား။
တကယ်လို့ ကျွန်တော်သာသမ္မတဖြစ်ခဲ့ရင် မြေပန်းကန်ဟာ ပြတိုက်မှာထားတဲ့ ပစ္စည်းဖြစ်လာမှာ မဟုတ်လား။

▪️▪️▪️

ကျွန်တော် Mark Twain ရဲ့ Tom Sawyer ကိုသတိရတယ်။ Tom Sawyer ကိုမှီးပြီး ဇဝနက ဆိုးပေလို့ ဘာသာပြန် ရေးထားတာတွေရှိတယ်။
Tom Sawyer ဟာ အင်မတန် ကစားမက်တဲ့ ကလေးတစ်ယောက်ပဲ။ မိဘမရှိဘူး။ အန်တီပေါ်လီနဲ့ နေရတယ်။
သူဆိုးလွန်းလို့ အများက လက်မြှောက်ထားရတယ်။
တစ်ရက်ကျောင်းပိတ်ရက်မှာ သူ့ကို ဒဏ်ပေးတယ်။ ဘာလုပ်ခိုင်းလဲဆိုတော့ သစ်သားနဲ့ ကာထားတဲ့ ဝင်းခြံတစ်ခုလုံးကို ပတ်ချာလည် ဆေးသုတ်ခိုင်းတယ်။
ဒီအတွက် တွမ်က သွားကစားလို့ မရတော့ဘူးပေါ့။ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေက ဆော့တဲ့အချိန်မှာ သူဒဏ်ပေးခံရတော့ ဘယ်လောက်စိတ်ပျက်စရာကောင်းလဲ။ သူ့ငယ်ချင်းတွေက သူတို့ကစားကွင်းမှာ တွမ်ကို မတွေ့တော့ အိမ်လိုက်သွားတယ်။ တွမ်က ဒဏ်ပေးခံနေရတာကိုး။
သူငယ်ချင်းတွေက သူ့ကိုကြည့်ပြီး ရယ်တယ်။
သူက သူငယ်ချင်းတွေကို လှည့်မကြည့်ဘူး။ စိတ်ပါဝင်စားစွာနဲ့ဆေးသုတ်တယ်။
သူငယ်ချင်းတွေ အံ့အားသင့်ပြီး သူ့ကိုမေးတော့ သူက “ရှူးတိုးတိုး... ငါက အနုပညာဖန်တီးနေတာ”တဲ့။
သူငယ်ချင်းတွေက အံ့အားသင့်သွားတယ်။
“အနုပညာဟုတ်လား”
“ဟုတ်တယ်လေ။ ဘယ်ကလေးက ဆေးသုတ်တာ တွေ့ဖူးလို့လဲ။ မင်းတို့ရော ဆေးသုတ်ဖူးလား”
“ဟင်အင်း”
“စုတ်တံလေးကို ဆေးထဲနှစ် အသာအရာထုတ်လိုက်။ ဆေးဘူးနှုတ်ခမ်းမှာသပ် ပြီးတော့ ဒီလိုစုတ်ချက်လေးတွေ နူးနူးညံ့ညံ့နဲ့ သုတ်တာ”
သူငယ်ချင်းတွေက Tom Sawyer လုပ်တာကို အဟုတ်မှတ်ကာ ငေးကြည့်နေကြတယ်။
တစ်ယောက်က “ဟေ့ ငါ့ကိုတစ်ချက်လောက် ပေးသုတ်ပါလား”
“ဘယ်သုတ်လို့ ဖြစ်မှာလဲ။ မင်းက အနုပညာကို တတ်မှ မတတ်တာ”
“ဟာကွာ နည်းနည်းပါးပါးတော့ ပြပေးပေါ့။ မင်းကို ငါ့ခွေလေး ပေးလှိမ့်မယ်”
“မရပါဘူး”
“ငါ အပိုင်ပေးမယ်”
“ဒါဆိုပြီးရော ဖွဖွလေးကိုင်ရတယ်“
သူက ပြောဆိုပြီး စုတ်တံကို ပေးလိုက်တယ်။
နောက်တစ်ယောက်က ”ငါ့လည်း ပေးသုတ်”တဲ့။
“ဘယ်ဖြစ်လဲ”
“ငါ့စစ်သားရုပ်လေး မင်းကို ပေးပါမယ်”
မကြာပါဘူး။ Tom Sawyerဆီမှာ သူငယ်ချင်းတွေရဲ့အရုပ်တွေရောက်လာတယ်။
တွမ်က သူ့သူငယ်ချင်းတွေ ဆေးသုတ်တာကို ထိုင်ကြည့်နေတယ်။

▪️▪️▪️

တန်ဘိုးထားဖို့ လိုပါတယ်။
မိမိမှာရှိတာကို တန်ဘိုးထားပါ။ မိမိအနေနဲ့ ဘာကိုမှ အားငယ်စရာမလိုပါဘူး။
တစ်ခုပဲရှိတယ်။ အလူမီယံကို ရှားပါးစဉ်က မြတ်နိုးပေမဲ့ အတွင်းတန်ဘိုးမရှိတဲ့အခါ စွန့်ပယ်ဖို့တော့ လိုတယ်။
တန်ဖိုးဆိုတာကို သဘောပေါက်ပါ။
ကျွန်တော်ကတော့ ခုထက်ထိလည်း ကြွေပန်းကန်လှလှကိုပဲ ထမင်းစားချင်တယ်။
တဲအိမ်ထက်ကို တိုက်အိမ်မှာပဲ နေချင်တယ်။
ကြမ်းကြားလေဟာ အေးပေမဲ့ Air con ကို သဘောကျတယ်။
ငပိထောင်းကို သဘောကျပေမဲ့ ကြက်ကြော်ကို ပိုကြိုက်တာပဲ။
ဒါပေမဲ့ ငပိထောင်းစားရလို့လည်း မသိမ်ငယ်ပါနဲ့။ အမေရိကန်ရောက်သူငယ်ချင်းတွေက ကြက်ကြော်ကို နေ့တိုင်းဝယ်စားနိုင်ပေမဲ့ ငပိထောင်းကို တမ်းတတဲ့ရက်တွေ ရှိပါတယ်။
တောတွေတောင်တွေထဲသွားပြီး တဲတွေမှာ အိပ်ရတဲ့ အရသာကို သဘောကျတယ်။
(လူမှုအခြေပြု ခရီးသွားတဲ့အခါ Home Stay နေတာမျိုးပေါ့)
ဘာကို တန်ဖိုးထားမလဲ။ မိမိရောက်ရာအရပ်မှာ ပျော်ပါ။ အကောင်းဆုံးကို လုပ်ပါ။ မသိမ်ငယ်နဲ့။
အထူးသဖြင့် မိမိကိုယ်ကို မသနားပါနဲ့။

#ဒေါက်တာခင်မောင်ညို

08/12/2020

ပရော်ဖက်ရှင်နယ် (Professional)...
#ဒေါက်တာခင်မောင်ညို

Professional
ကျွန်တော်သဘောကျတဲ့ ဂျူးပုံပြင်လေး ရှိတယ်။
ဂျူးတစ်ယောက်ဟာ အာလူးကြော် ရောင်းပြီး ချမ်းသာသွားသတဲ့။
သူချမ်းသာတာကို သိတော့ သူရဲ့သူငယ်ချင်းက ငွေလာချေးတယ်။
“သူငယ်ချင်း၊ မင်းချမ်းသာနေတာကို ကြားတော့ ဝမ်းသာတယ်“
“အေး၊ ငါလည်း ဝမ်းသာပါတယ်”
“မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ချမ်းသာတာလဲ”
“ဒီနေရာက အသွားအလာ များတယ်လေ။ လူတွေက အလွယ်တကူစားဖို့ အာလူးကြော်ဝယ်ကြတာ များတာကိုး”
“အင်း၊ ဒါနဲ့ ငါလည်း ဟိုဘက်မှာ စတိုးဆိုင်ဖွင့်ဖို့ လုပ်နေတယ်”
“ဟုတ်လား။ ကောင်းတာပေါ့”
“ငါ့မှာ အရင်းအနှီးနည်းနေလို့ မင်း ငါ့ကိုငွေချေးနိုင်မလား”
“ဪ.. ဒါလား။ ငါမင်းကို ပြောဖို့ ကျန်သွားသေးတယ်။ ချမ်းသာကြီးပွားဖို့ Principle လိုတယ်ကွ”
“ဘယ်လို Principle လဲ”
“အလုပ်အပေါ် ထားရှိသင့်တဲ့ သဘောထားပေါ့။ အချို့ကလည်း Professionalism လို့ ခေါ်တယ်"
“ရှင်းပြပါဦး”
“ဒီလိုကွာ။ ငါက အာလူးကြော် ရောင်းတယ်။ ငါ့စီးပွားရေးပေါ့။ ငါ့ဘေးမှာ ကော်မာရှယ်ဘဏ် ရှိတယ်။ တွေ့လား”
“တွေ့ပါတယ်”
“သူတို့က ပိုက်ဆံနဲ့ ပတ်သက်ပြီး လုပ်တယ်”
“အင်း”
“သူတို့က Principle ရှိတယ်။ Professional တွေလို့ ပြောရမလားပဲ။ ငါ အာလူးကြော် ရောင်းကောင်းနေတယ်ဆိုပြီး သူတို့က အာလူးကြော်လာရောင်းပြီး ငါ့ဈေးကွက်ထဲကို မကျူးကျော်ဘူ”
“ဪ.. အင်း”
“ငါလည်း သူတို့ ငွေချေးတဲ့လုပ်ငန်းကိုဘယ်တော့မှ မစွက်ဖက်ဘူး။ ဒီတော့ သူငယ်ချင်း... မင်း ငွေချေးချင်ရင် ဟိုဘက်ဘဏ်နဲ့ စကား သွားပြောပေတော့”

ကိုဗစ်ကိုကုမလို့
ခုတလော ကိုဗစ်က ကျွန်တော်တို့အားလုံးရဲ့ကိုယ်စိတ်နှလုံးသုံးပါးစလုံးကို ဒဏ်ရာရစေတယ်။
ငါ ဖျားနေပြီ။ လည်ချောင်း နာနေပြီ။
ကိုဗစ်ပဲလားဆိုပြီး စိတ်ပူနေတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့လောက် ကျွန်တော် ဆံပင်ညှပ်၊ ခေါင်းလျှော် လုပ်တယ်။
နောက်နေ့ညနေကျတော့ ဖျားပါလေရော။ လည်ချောင်း နာတယ်။ ချောင်းဆိုးတယ်။ အဖျားလည်းတက်တော့ ပါရာဆီတမောကို သောက်တယ်။
နောက်တစ်နေ့မှာ သူငယ်ချင်းဆရာဝန်ဆီ ဖုန်းဆက်တယ်။ အကျိုးကြောင်းကို ပြောပြတော့သူက “ကျွန်တော် message ပို့လိုက်မယ်” ဆိုပြီး စာတို ပို့ပေးပါတယ်။
သုံးရက်သောက်တော့ နေကောင်းသွားတယ်။ ၃၀ရက်နေ့ကနေ ညအထိ နာနေတဲ့ လည်ချောင်းဟာ ၃၁ ရက်နေ့မှာ အလျှင်း ပျောက်သွားတယ်။ ဝမ်းသာလိုက်တာ။
ကောင်းလိုက်တာပေါ့။
ဒါပေမဲ့ နိုဝင်ဘာ တစ်ရက်နေ့မှာ လက်ကို အရက်ပျံဖြန်းတော့ အနံ့မရတော့ဘူး။ Ethanol 70% နဲ့ လုပ်ထားတဲ့ လက်သန့်ဆေးရည်ဟာ အနံ့အတော် ပြင်းတယ်။ ဒါပေမဲ့ ကျွန်တော် ဘာအနံ့မှမရဘူး။
ဒါနဲ့ အဘထ ရှူဆေး ရှူကြည့်တယ်။ အနံ့မရဘူး။ ပရုပ်ဆီ ရှူကြည့်တယ်။ အနံ့မရဘူး။ သေချာပြီ။ အနံ့ပျောက်တာ သေချာပြီပေါ့။ အဖျားလည်း ပြန်တက်တယ်။ ၉၉.၅ ဖာရင်ဟိုက်ရှိတာပေါ့။
သူငယ်ချင်းဆရာဝန်ကို ဆက်တယ်။ သူ ဆေးရေးပေးတယ်။
နောက်မိတ်ဆွေတစ်ယောက်က ကိုဗစ်ဖြစ်ရင်ပြော၊ ဆေးပေးမယ်ဆိုပြီးပြောထားတာရှိတော့ သူ့ကို ဆက်တယ်။ သူက ဆေးသုံးဗူး ပို့ပေးတယ်။ အညွှန်းလည်း ရေးပေးတယ်။
ကျွန်တော်က သူတို့‌ပြောတဲ့အတိုင်းနေထိုင်စားသောက်တယ်။ ဆေးလည်းသောက်တယ်။ ၂ ရက်ကြာတော့ အချို့အနံ့တွေရတယ်။ အဖျားလည်းကျသွားတယ်။
၆ ရက်မြောက်မှာ အနံ့အားလုံး ပြန်ရတယ်။
စာရေးဆရာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်အကြောင်းကြားတော့ အသေးစိတ်ကို စာရေးပြီး လိုင်းပေါ်တင်လိုက်ပါတယ်။
“လူတွေကို ကယ်ရတာပေါ့ ဆရာ”တဲ့။
လိုင်းပေါ်က လူတွေ သဘောကျပါတယ်။ ဒါပေမဲ့ဆရာဝန်တစ်ယောက်ကတော့ "နာမည်ကျော်စာရေးဆရာတွေ ဆေးကုနေကြပြီ။ ဒုက္ခပါပဲ”လို့ရေးပါတယ်။
အဲဒီဆရာဝန်ဟာ Professionalism ကို ပြောတာပါ။ ကျွန်တော်တို့က လူတွေကို ဆေးကုလို့ မရပါဘူး။ လုပ်လည်း မလုပ်သင့်ပါဘူး။
လူတွေမှာ သူ့ Professional နဲ့သူ ရှိပါတယ်။ သူငယ်ချင်းကတော့ စေတနာနဲ့ လိုင်းပေါ်တင်ပေးတာပါ။ ဒါပေမဲ့ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ Principle ကို သတိထားသင့်ပါတယ်။
အချို့က ဘာမဆို လုပ်ရဲပါတယ်။ ဒါပေမဲ့ လုပ်ရဲတာနဲ့ လုပ်သင့်တာကို လုပ်ဖို့ အရေးကြီးပါတယ်။

စာနယ်ဇင်းများ
ယနေ့မှာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာများဟာ အင်မတန်အရေးကြီးတယ်။ သူတို့ဟာ အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များစတဲ့ ဩဇာ အာဏာ Power ကြီးတဲ့ လူတွေကို စောင့်ကြည့်ပြီး မမှန်တာလုပ်တာတို့ မမှန်တာပြောဆိုတာတွေ ဘောင်တွေမူဝါဒတွေကနေ ခွဲထွက်တာတွေကို စောင့်ကြည့်ပြီး ပြည်သူတွေကိုသတင်းပေးကြတယ်။ တကယ်တမ်း သူတို့မှာ ဘာဩဇာအာဏာမှ မရှိပါဘူး။ သို့သော် သူတို့ဟာ Truth nothing but truth ဆိုတဲ့ Policy နဲ့လုပ်ဆောင်နေတဲ့ (Principle ကိုဆွဲကိုင်ထားတဲ့) Professional တွေဖြစ်ပါတယ်။
ဒီနေရာမှာ လိုင်းပေါ်က လူအတော်များများဟာ သူတို့ တွေ့သမျှ၊ သိသမျှကို သတင်းအနေနဲ့ တင်လာကြတဲ့ခေတ်ကို ရောက်လာတယ်။
ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ အနည်းဆုံး ဖေ့ဘုတ်အကောင့်တစ်ခုစီ ရှိလို့ပါပဲ။
သူတို့ဟာ Professional တွေ မဟုတ်ကြဘူး။ ဒီအတွက် အမှားတွေ ပါလာမယ်။ ဘက်လိုက်တာတွေ ရှိလာပါမယ်။ သတင်းအမှားတစ်ခုဟာ တစ်ဖက်လူအတွက် ဘယ်လောက်နစ်နာသွားစေတယ်ဆိုတာကို သူတို့ မသိနိုင်ဘူး။
သတင်းဆိုတာ ဘက်မလိုက်ရဘူး။ တစ်ဘက်တည်းအမြင်နဲ့လည်း မရေးရဘူး။ မျှတမှုတွေ ရှိရပါတယ်။
သူတို့မှာ စာနယ်ဇင်းအတတ်ပညာဆိုတာလည်း မရှိဘူး။
သတင်းတွေကို ဒီအတိုင်းရေးလိုက်ရင် အဆင်ပြေမယ်လို့ ထင်နေကြတယ်။
ဒီနေရာမှာ ကိုယ်တိုင် ဘာမှမတတ်ဘဲ လုပ်တဲ့အတွက် ခွင့်လွှတ်နိုင်ပေမဲ့ အချို့ကျတော့လည်း ပျက်လို ပျက်စီး၊ ဖျက်လို ဖျက်ဆီးလုပ်ဖို့ အကြံနဲ့ ရေးသားကြတာတွေ ရှိတယ်။
ဒါတွေကတော့ Fake News သတင်းမှားတွေပါပဲ။
တစ်ကမ္ဘာလုံးမှာလည်း သတင်းအမှားတွေကြောင့် ပြဿနာများစွာ ဖြစ်နေတာကို တွေ့ရတယ်။
တစ်ယောက်က ရေးတာ ဖတ်ဖူးတယ်။
အကြံပေးတာပါ။
မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်သမ္မတလို ဒူတာတေးလို တစ်ယောက်ရှိရင် ကောင်းမှာပဲတဲ့။
သဘောတူပါသလား။ လူတစ်ယောက်ကိုပစ်သတ်ပြီးမှ သူ့အိတ်ထဲ ဘိန်းထည့်ထားတာမျိုး လုပ်လာနိုင်တဲ့ အလားအလာကိုလည်း သတိပြုပါ။ တရားခံဆိုတာ အပြစ်ရှိတယ်လို့ အတည်ပြုပြီးမှ တရားခံဖြစ်တာပါ။
ဘယ်သူ့ကိုမှ မသတ်သင့်ပါ။ သူတို့ကို စစ်ဆေး ပြောဆိုခွင့်ပေးဖို့ လိုပါတယ်။

ခရီးအစ
ယနေ့ NLD မဲနိုင်တာက ခရီးအစပါပဲ။ အောင်ပွဲခံတာကိုတော့ အပြစ်မတင်လိုပါ။ သို့သော် ဒါဟာ ခရီး အစ ဆိုတာကို မမေ့လိုက်ပါနဲ့။
သူတို့နိုင်ငံကို ဘယ်လို တည်ဆောက်မလဲ။ ကမ္ဘာ့အလယ် ဘယ်လိုရပ်တည်မလဲ။
နောက်ကျနေတယ်။ အရမ်းကိုနောက်ကျနေပါတယ်။
တစ်နေ့၂၅ နာရီအလုပ်လုပ်ဖို့လိုတယ် ဆိုတာ ခေါင်းဆောင်တွေက တိုက်တိုက်တွန်းတွန်းနဲ့ အားပေးတဲ့စကားတွေပါပဲ။ သူများ ခြေတစ်လှမ်းလှမ်းရင် ကိုယ်က ခြောက်လှမ်းလောက် လှမ်းရမယ်တဲ့။ မြန်မာတို့ ထိပ်ကိုရောက်ဖို့ စီးပွားရေးက အရေးပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပညာဘက်မှာ ချို့တဲ့ခဲ့လို့ ဒီလိုဖြစ်တာ မဟုတ်လား။ ကိုယ်ပိုင်ဂြိုဟ်တုရှိပေမဲ့ ကိုယ်တိုင် မထုတ်လုပ်၊ မလွှင့်တင်နိုင်သေးပါဘူး။ ပညာမရှိရင် သူ၏ဝန်ထမ်း ဖြစ်မှာပဲ။
စီးပွားရေးဆိုတာ ဒိုမီနိုသက်ရောက်မှု (Domino Effect) ပါ။ တစ်ခုထိရင် နောက်တစ်ခု ပြိုလဲသလို တစ်ခုကောင်းရင် နောက်တစ်ခု ကောင်းပါတယ်။သို့သော် ပျက်စီးတာ လွယ်တယ်။ တည်ဆောက်တာကတော့ ခက်ပါတယ်။
နှစ်ပေါင်းရာထောင်က တည်ထားခဲ့တဲ့ မြန်မာနိုင်ငံကို ကျွန်တော်တို့ခေတ်မှ မညံ့အောင် ဘယ်လို ဦးဆောင်မှာလဲ။
မျှော်လင့်နေကြပါတယ်။

#ဒေါက်တာခင်မောင်ညို

07/12/2020

ကိုဗစ်ကာလနဲ့ ကျေးဇူးရှင်များ..
#ဒေါက်တာခင်မောင်ညို

ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ရာမလို၊ သူတို့အလုပ် သူတို့လုပ်တာပဲ။ သူတို့ကို ကျေးဇူရှင်လို့ ထင်နေတဲ့ mindset ဟာ မမှန်ဘူးလို့ ယူဆတဲ့ Post တစ်ခုကို ဖတ်လိုက်ရတယ်။
အဲဒါနဲ့ပတ်သက်ပြီး စဉ်းစားမိတာကို တင်ပြပါတယ်။

(၁)
ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ခံစားမှုတွေ အများကြီးကို ကြားနာရတယ်။သဘောကွဲလွဲမှုတွေ အများကြီးအပြင် မေးခွန်းအများကြီးကိုလည်း တွေ့ရပါတယ်။
သဘောကွဲလွဲမှုအကြား နေတတ်တာဟာ မှန်ကန်တဲ့ဘဝလို့ ယူဆနိုင်တယ်။
တစ်ချိန်က မိမိနဲ့မတူ ငါ့ရန်သူဆိုပြီး ရန်ပြုတတ်တယ်။
နောက်တော့ လောကမှာ အမျိုးမျိုးရှိတယ်ဆိုတာကို သိလာတယ်။ (ကျွန်တော်တို့ ပြောနေကျကတော့ လူအမျိုးမျိုး၊ နတ်အမျိုးမျိုး၊ ဘုရားရှိခိုးအမျိုးမျိုးပေါ့)
ဘုရားရှိခိုးသော်မှ အမျိုးမျိုးဖြစ်နေတဲ့လူတွေဟာ ဘယ်လိုမှမတူဘူး။
စောစောကပြောသလို မတူတာ ဘာကြောင့် မတူတာလဲဆိုတာကို ပထမသိရမယ်။ အတူနေမယ်ဆိုရင်တော့ အလျော့ပေးမှု (Compromise) တွေ လုပ်ကြရမှာပါပဲ။ တင်းထားလို့မှမရတာပဲ။
ဘယ်လိုဖြစ်ဖြစ် လူသားတွေရဲ့ဘဝကို ပြန်ကြည့်ရင် မိမိလုပ်နိုင်တာတွေထက် ပိုရနေတာကို တွေ့ရပေမယ်။ ဒါဟာ ရှေးက လူတွေ နှစ်ပေါင်းများစွာ လမ်းကြောင်းတွေ ချပေးခဲ့တာကြောင့်ပါပဲ။
ဥပမာ ကျွန်တော်အိမ်ကနေ ထွက်တယ်။ ကားပေါ် တက်တယ်။ ဈေးကိုသွားတယ်ဆိုပါစို့။
ကျွန်တော် အိမ်ကိုလည်း မဆောက်နိုင်ဘူး။ လက်ရန်းတစ်ခုကိုတောင် မလုပ်နိုင်ဘူး။
ကားပေါ်တက်တော့ ကျွန်တော် ကားဘီးတစ်လုံးလည်း မလုပ်တတ်ဘူး။
လမ်းပေါ်သွားတယ်။ လမ်းကိုရော... သူများ(အစိုးရတစ်ရပ်ရပ်) ခင်းထားပေးတာပဲလေ။
ဈေးထဲဝင်။ ပစ္စည်းတွေ အများကြီး ဝယ်လို့ရတယ်။ ကိုယ် မစိုက်ထားတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကိုယ် မွေးမထားတဲ့ ကြက်ဝက်ဘဲတွေ၊ ကိုယ် မဖမ်းထားတဲ့ ငါးပုဇွန်တွေ.... အများကြီး။
ပိုက်ဆံတော့ ပေးရတာပေါ့။
ကျွန်တော်ဆို ပိုက်ဆံ ဘယ်ကရလဲ။
စာရေးခြင်းက ရတာပေါ့။
အရင်က ကျွန်တော်စာသင်တယ်။ အဲဒီက ရတယ်။
စာသင်တယ်ဆိုလို့ ပြောရဦးမယ်။ ကျွန်တော်တို့ ဆရာတွေကို အနန္တောအနန္တ ငါးပါးဆိုပြီး မိဘနဲ့ တစ်ဂိုဏ်းထဲ ထားကာ ကန်တော့ကြတယ်။ ကိုဗစ်ကာလမှာတောင် ကန်တော့ကြတယ်။ ဆေးဝါးတွေ၊ ငွေကြေးထောက်ပံ့မှုတွေ အိမ်တိုင်ရာရောက် ပို့ပေးတာပဲ။
ကျွန်တော်တပည့်တွေဟာ အဖွဲ့တွေ ဖွဲ့ပြီး နှစ်စဉ် ဒါမှမဟုတ် တစ်နှစ်ခြားဆီ ကန်တော့တာပဲ။
ရန်ကုန်တက္ကသိုလ်ကဆို ..၂၀၁၉ မှာ ရာပြည့်အကြိုဆိုပြီး ဓာတုဗေဒဌာနက ကန်တော့တယ်။ အခြားဌာနတွေကလည်း သူတို့ဆရာတွေကို သူတို့ ကန်တော့တာပေါ့။ နောက် RC ကလည်း ကန်တော့တယ်။ မော်လမြိုင်တက္ကသိုလ်ကလည်း ကန်တော့တယ်။ ဒီနှစ် နှစ်တစ်ရာတင်းတင်းပြည့်တဲ့ ဒီဇင်ဘာလမှာ သူတို့ ကန်တော့ကြဦးမယ်တဲ့။
ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့တတွေဟာ ဝန်ထမ်းတွေလေ။ လစာရလို့အလုပ်လုပ်တာပဲ။ ဘာလို့ သူတို့က မိဘနဲ့ တစ်ဂိုဏ်းထဲထားကာ ကန်တော့ကြတာလဲ။
ဆရာတွေက ဘာလို့ ကျေးဇူးရှင်တွေ ဖြစ်နေရတာလဲ။

(၂)
ဒါက ဓလေ့ထုံးတမ်းလို့ပြောနိုင်ပါတယ်။ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက သူတို့ရဲ့ ကျေးဇူးတရား၊ ဂါရဝတရားကို ဖော်ပြတာပါပဲ။ ကျေးဇူးတင်သင့်တယ်လို့ ယူဆတဲ့သူတွေ အများကြီးရှိကြတယ်။
ကျွန်တော်တို့သင်ဖူးတဲ့ စာအုပ်တစ်အုပ်ရှိခဲ့တယ်။ အဲဒါက ကမ္ဘာ့ကျေးဇူးရှင်များ ဆိုတာပါပဲ။ ကမ္ဘာကြီးကို ကျေးဇူးပြုသူတွေပေါ့။ ကမ္ဘာသူကမ္ဘာသားတွေ အနေနဲ့ သူတို့ကျေးဇူးကို ဖော်ကျူးတာပါပဲ။
ခုခေတ်ဆိုရင် ကွန်ပျူတာတို့၊ လက်ကိုင်ဖုန်းတို့ တီထွင် လုပ်ကိုင်တဲ့သူတွေကို ကျေးဇူးရှင်လို့ သတ်မှတ်နိုင်တာပေါ့။ ဒါပေမဲ့ သူတို့ဟာ ပိုက်ဆံရလို့ လုပ်တာပဲ။ ငါက ဝယ်ကိုင်ရတယ်ဆိုပြီး သဘောထားလို့လည်း ရပါတယ်။
စိတ်ဝင်စားစရာ အကြောင်းအရာလေးကို ပြောပြမယ်။
တီထွင်တဲ့ပုဂ္ဂိုလ်တွေအများကြီးအနက် ကမ္ဘာ့နံပါတ်တစ်ကတော့ ပုံနှိပ်စက်ကိုတီထွင်တဲ့ ဂူတင်ဘာ့ချ်(Gutenberg) ပဲတဲ့။ တကယ်တော့ ခုခေတ်မှာ ပုံနှိပ်စက်ဆိုတာ တဖြည်းဖြည်းဆိတ်သုဉ်းသွားမယ့် အရာပါပဲ။
ဒါပေမဲ့ အဲဒီစာလုံးတွေ လဲလှယ်ပြီးအသုံးပြုနိုင်တဲ့ ပုံနှိပ်စက်ရဲ့အကျိုးကျေးဇူးကြောင့် ကမ္ဘာကြီးဟာ ရပ်တန့်လို့မရအောင် တိုးတက်လာသတဲ့။
သက်သေပြထားတာတွေ ရှိတယ်။
ဂူတင်ဘာ့ချ် ပုံနှိပ်စက်မပေါ်မီ ဥရောပဟာ ကမ္ဘာမှာ ဆင်းဆင်းရဲရဲအောက်ကျနောက်ကျ ရှိနေသတဲ့။ တရုတ်ပြည်မှာ ပိုးဖဲကတ္တီပါတွေနဲ့တိုးတက်နေချိန်မှာ ဥရောပဟာ အမဲလိုက်တုန်းပဲတဲ့။
ဒါပေမဲ့ ဂူတင်ဘာ့ချ်ရဲ့ ကျေးဇူးကြောင့် စာအုပ်တွေ ပေါပေါများများ ရလာနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်။
စာအုပ်တွေ ပေါများလာပြီး နောက်အနှစ် ၅၀ မှာ ဥရောပဟာ တရုတ်ပြည်ကို ကျော်တက်သွားနိုင်ခဲ့တယ်လို့ ဆိုတယ်။
ဒုတိယသက်သေပြချက်ကတော့ ငွေဝယ်ကျွန်တွေ အကြောင်းပါပဲ။ ၁၇ ရာစုနှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ လူတွေ လိုတယ်။ ဒီတော့အမေရိကန်တွေဟာ အာဖရိကတိုက်က လူမည်းတွေကို ဖမ်းဆီးကျွန်ပြုကာ အလုပ်ခိုင်းတယ်။ ဒီကျွန်တွေကို တိရစ္ဆာန်များသဖွယ် အရောင်းအဝယ်ပြုကြတယ်။ ဒီလို ငွေဝယ်ကျွန်စနစ်ဟာ နှစ် ၂၀၀ ကျော် ကြာခဲ့တယ်။ မတရားဖိနှိပ်တဲ့ ငွေဝယ်ကျွန်စနစ်ဟာ ဘာကြောင့် ဒီလောက်ကြာအောင် ရှင်သန်ခဲ့လဲ။ ဆန်းစစ်လိုက်တဲ့အခါ ငွေဝယ်ကျွန်တွေဟာ စာမဖတ်ရခြင်းကြောင့်ပဲတဲ့။
သူတို့ စာမဖတ်ရဘူး။ သူတို့ကို စာမသင်ပေးရဘူး။ စာအုပ်မပေးရဘူး။ စာဖတ်တာ၊ စာတတ်စေတာ၊ စာသင်ပေးတာ‌တွေ တွေ့ရင် သတ်ပစ်သတဲ့။ တကယ်တော့ လူမည်းတွေ အ, သွားတာဟာ စာမတတ်လို့ပါပဲ။
ဒါကြောင့် ကျွန်တော် တော့ ‘မအ,အောင် စာဖတ်ပါ’ လို့ ပြောချင်ပါတယ်။
ယနေ့မှာ လူမည်းတွေဟာ နိုင်ငံရေး၊ အနုပညာ၊ အားကစား စတဲ့ကဏ္ဍ တွေမှာ ထူးချွန်ပြောင်မြောက်သူတွေ ဖြစ်လာ တယ်။ တစ်ချိန်က လူဖြူတွေနဲ့ ထမင်းတောင် အတူတူစားခွင့်မရတဲ့ လူမည်းတွေဟာ သမ္မတဖြစ်လာတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ ဖြစ်လာတဲ့အထိ တိုးတက်လာတယ်။

(၃)
ကျွန်တော်တို့တစ်တွေဟာ ကောင်းကွက်ရှာကာ ကျေးဇူးတင်လို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အားလုံးဟာ ကျေးဇူးခံ၊ ကျေးဇူးစားတွေချည်းပါပဲ။
ကျွန်တော်တို့စားနေတဲ့ ထမင်းတစ်ပန်းကန်ကိုပဲ ကြည့်ပါ။
စပါးလည်းမစိုက်ဘူး။ ထွန်ယက်ခြင်းလည်းမပြုဘူး။ ခြွေလှေ့တာ၊ ကြိတ်ခွဲတာလည်း မသိဘဲ ခပ်တည်တည် ဆိုင်ကနေ ပိုက်ဆံပေး ဝယ်စားနေကြတယ်။
ကျွန်တော်တို့က ပြောတယ်၊။ တောင်သူလယ်သမားကြီးတွေ ဟာ ကျေးဇူးရှင်ပဲလို့။
သူတို့က ပြောတယ်။ မဟုတ်တာပဲ။ ဆန် ဆီ ဆေး ဆား ... အားလုံး ပိုက်ဆံပေးဝယ်ရတာပဲ မဟုတ်လား တဲ့။
ဒီလို ပြောလို့လည်း ရပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်လို့လည်း ဒီလိုပဲပေါ့။
ကိုဗစ်ကာလမှာ ကျန်းမာရေးတန်ဖိုးကို ပိုသိလာတယ်။
ဆေးဝန်ထမ်းတွေဟာ သူတို့လုပ်ငန်းသဘာဝအရ အသက်အန္တရာယ်တွေနဲ့ ပိုနီးလာတယ်။
ကျွန်တော်တို့ သဘောပေါက်လာကြတယ်။ သူတို့ကို အားပေးရတယ်။
ဘောလုံးပွဲတွေမှာ လက်ခုပ်တီးအားပေးတယ်။ သူတို့ဖာသာသူတို့ ကန်ကြတာပဲ။ သဘောကျလို့ အားပေးတယ်။
ကိုဗစ်နဲ့ပတ်သက်လို့တော့ ကျန်းမာရေးဝန်ထမ်းတွေက အလုပ်လုပ်နေကြတာ ကျွန်တော်တို့ မြင်နေရတာပဲ။ အဲဒီအထဲမှာ ကိုယ်လည်း သူတို့ကစားပွဲထဲ ပါနေကြသလို ကျွန်တော်တို့လည်း ကစားပွဲထဲ ပါသွားနိုင်တာပဲ။
သူတို့ ပင်ပန်းလှပါတယ်။ PPE ဝတ်စုံကို တစ်ရက်လောက် ဝတ်ကြည့်လိုက်ပါလား။
ကျွန်တော်သိတဲ့ ဆေးဝန်ထမ်းတွေရဲ့ မျက်နှာတွေ၊ ခြေလက်တွေမှာ အဖုတွေ အနီစက်တွေ ထွက်လာတယ်။
သူတို့ တကယ်ပင်ပန်းပါတယ်။
သူတို့ကို ကျွန်တော်တို့က လက်ခုပ်တီးကာ အားပေးကြတယ်။ ဒါလည်း ကောင်းတာပဲ မဟုတ်လား။

(၄)
ပိုက်ဆံရလို့ လုပ်တာပဲတဲ့။
မှန်ပါတယ်။ Professional တွေကိုး။ ပရဟိတသမားတွေကလွဲရင် ကျန်တဲ့သူတွေ ပိုက်ဆံရလို့ အလုပ်လုပ်ပါတယ်။ (အလှူရှင်တွေကတော့ ပိုက်ဆံပေးတာပေါ့)
ကျွန်တော် စောစောက ပြောသလိုပါပဲ။
သူတို့ဟာ ဝန်ထမ်းတွေပါပဲ။
ဝန်ထမ်းတွေထဲမှာ တာဝန်ကျေရုံ လုပ်တဲ့သူတွေ ရှိပါတယ်။ တာဝန်ယူ၊ တာဝန်ခံသူတွေလည်း ရှိတယ်။ တာဝန်သိလို့ တာဝန်ပိသူတွေလည်း ရှိပါတယ်။
ကိုဗစ်ကာလမှာတော့ အားလုံးလိုလို ကြိုးစားရပါတယ်။
သူတို့ကို ကျွန်တော်တို့ လေးစားကြပါတယ်။
“သူ့အလုပ်သူ လုပ်တာပါကွာ။ ပိုက်ဆံရလို့ လုပ်တာပါကွာ" ... ဆိုတာမျိုးကိုလည်း လက်ခံပါတယ်။
(အဖေအမေတို့ သွေးသားသောင်းကျန်းလို့ ကျွန်တော့်ကို မွေးတာပါ ဆိုတဲ့ ပြောစကားကို သတိမိတယ်)
ဗြဟ္မစိုရ်တရားလေးပါး ဆိုတာရှိတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပါ။
စကားအရ ငြင်းခုန်နေတာတော့ မဟုတ်ပါ။ စောစောက ပြောသလိုပါပဲ။ လွတ်လပ်စွာ သဘောကွဲနိုင်ပါတယ်။
ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆရာသမားဆိုတာ ရှိတယ်။ ဘယ်လိုဖြစ်ဖြစ် Mutual Respect တော့ ရှိရပါတယ်။
သူ့ဘက်က မရှိရင်တောင် ကိုယ့်ဘက်က Respect လေးတော့ ရှိရပါတယ်။
လိုအပ်ရင် ကျေးဇူးတင်ပါ။
အားလုံးကို လေးစားပါတယ်။

#ဒေါက်တာခင်မောင်ညို
(မြန်မာတိုင်းမ်တွင် ဖော်ပြပါရှိပြီး ဆောင်းပါး ဖြစ်ပါသည်)

လုပ်ကြံသတ်ဖြတ်မှုများ၏ အကျိုးဆက်...                     #ဒေါက်တာခင်မောင်ညို  “ကိုဘသစ် ဦးကိုနီသတင်း ဖတ်ပြီးပြီလား”“မနေ့က ...
24/11/2020

လုပ်ကြံသတ်ဖြတ်မှုများ၏ အကျိုးဆက်...
#ဒေါက်တာခင်မောင်ညို

“ကိုဘသစ် ဦးကိုနီသတင်း ဖတ်ပြီးပြီလား”
“မနေ့က ဖေ့ဘုတ်တွေကနေ ဖတ်နေရတဲ့ သတင်းလား”
ကိုဘသစ်နဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့တော့ ဒီမေးခွန်းကို မေးခဲ့တာပါပဲ။
“ဟုတ်တယ်ဗျ။ ဇန်နဝါရီလ ၂၉ ရက်နေ့ညနေ ၅ နာရီလောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရားရုံးချုပ်ရှေ့နေ၊ NLD ဥပဒေအကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ဦးကိုနီထွက်လာပါတယ်။လာရောက်ကြိုဆိုတဲ့ မြေးလေးကို ပွေ့ချီလိုက်ထားတဲ့အချိန်မှာပဲ ပန်းရောင် အင်္ကျီဝတ်ဆင်ထားတဲ့ တစ်ယောက်က ဦးကိုနီရဲ့ နားထင်ကိုတေ့ကာ သေနတ်နဲ့ပစ်ထည့်လိုက် သတဲ့”
“ဒီလုပ်ကြံသူတွေက အဆင်သင့်လုပ်ထားကြတာနဲ့ တူပါတယ်။ သနားပါတယ်ဗျာ။ ဦးကိုနီမိသားစု ဘယ်လောက်ပူဆွေးမလဲ”
“ဟုတ်ပါ့။ သူ့ဇနီး ဒေါ်တင်အေးဆိုတာလည်း တရားလွှတ်ချုပ်ရှေ့နေပါပဲ။ သားတစ်ယောက်၊ သမီးနှစ်ယောက်ရှိပါတယ်။ သားက ကွန်ပြူတာဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်ပြီး သမီးနှစ်ယောက်မှာ ဆရာဝန်များဖြစ်ကြသတဲ့”
“ဒါနဲ့ မြေလေးရော ဘာဖြစ်သွားသေးလဲ”
“ကံအားလျော်စွာ မြေးလေး ဘာဒဏ်ရာမှရမရခဲ့ပါဘူး။ တာဝန်သိသူ ပြည်သူ များက ဝိုင်းဝန်းဖမ်းဆီးတဲ့အခါ တရားခံဟာ သေနတ်နဲ့ ရမ်းပစ်တယ်။ လူ(၇)ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်”
“ဒါနိုင်ငံရေးလုပ်ကြံမှုပဲ"
“မှန်တာပေါ့။ ဒီလို လုပ်ကြံမှုဟာ မြန်မာ့သမိုင်းမှာ နိုင်ငံရေးလုပ်ကြံမှု အနေနဲ့ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုလို့မြင်ပါတယ်”
“ဘယ်လိုမြင်တာလဲကိုဘသစ်”
“နိုင်ငံရေးလုပ်ကြံမှုတွေဟာ ဆိုးကျိုးသက်ရောက်မှု များစွာနဲ့ နောက်ဆက်တွဲပြဿနာများစွာကိုဖြစ်ပေါ်စေပါတယ်။
ပထမဦးဆုံးကျွန်တော်ပြောချင်တာက ကနောင်မင်းသားလုပ်ကြံခံရမှုပါပဲ”
“အင်း၊ ဒါကိုကျွန်တော်တို့က သာမာန် အာဏာလုမှုတစ်ရပ်လို့ပဲ သဘောထားပါတယ်”
“မဟုတ်ဘူးဆရာညို။ ဒီ့ထက်ပိုတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာပါတယ်။အိမ်ရှေ့စံ ကနောင်မင်းသားကြီးဟာ ယောအတွင်း ဝန်ဦးဖိုးလှိုင်နဲ့အတူတိုင်းပြည် လူမှုရေးကာကွယ်ရေးစီးပွားရေးတွေကို တည်ဆောက်နေတယ်။ စက်ရုံတွေတည်ဆောက်နေတယ်။ သူ့ရဲ့ လက်နက်စက်ရုံက လက်နက်တွေစမ်းတာ သမိုင်းမှာပါတယ်”
“ဖတ်ရတယ်။ သာသာနာတော်ပိုင်တွေက စိတ်မကောင်းတာမျိုး ကြားဖူးတယ်”
“မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အသက်သတ်တာ မလိုလားပါဘူး။ ကနောင်မင်းသားကြီးမရှိတဲ့နောက်ပိုင်းမှာ တိုင်းပြည်ဖယိုဖရဲဖြစ်တော့တာပဲ။ သီပေါမင်းအာဏာရယူတယ်။ အဲဒီအချိန်မှာပဲ အင်္ဂလိပ်တွေဟာ တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကို စ စ်ကြေညာကာ ဝင်တိုက်တယ်။ တကယ်တမ်း သေနတ်တစ်ချက်မှမဖောက်လိုက်ရဘဲ သီပေါမင်းကိုဖမ်းဆီးသွားတယ်တဲ့”
“မြန်မာတွေ အင်္ဂလိပ်ကို မတိုက်နိုင်ဘူးလား”
“ အင်္ဂလိပ်တွေဟာ စစ်ရေးအင်အားကြီးနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ သူတို့ဟာ အိန္ဒိယ၊ မလေးရှားကျွန်းဆွယ် ၊ တို့ကိုသိမ်းပိုက်ထားပြီးဖြစ်တယ်။ သူတို့ကိုနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့မြန်မာတို့ရဲ့အရည်အသွေးလည်း ဂရုစိုက်ကြည့်ရင်မြင်နိုင်ပါတယ်”
“ပြောပြပါဦး”
“ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိပါတယ်။ ၄ ဆက်မြောက် ဆင်ဖြူရှင်လက်ထက်မှာ တရုတ်က ကျူးစစ်ဝင်ရောက်လာတယ်”
“တရုတ်တွေဝင်ရောက်တာ အများကြီးပဲလေ။ မြန်မာပြည်မှာ ကုလားကျမင်းရှိသလို တရုတ်ပြေးမင်းဆိုတာလည်းရှိတယ်”
“နရသီဟပတေ့ဟာ တရုတ်ပြေးမင်းပေါ့။ သူ့လက်ထက်ကလည်း ဒီလိုပဲတရုတ်တွေ ဝင်ရောက်ခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာ တရုတ်စစ်သည်များဟာ နယ်စပ်ယူနန် ပြည်နယ်မှာသာ မကပါဘူး။ ပီကင်းမြို့က တရုတ်ဗိုလ်ချုပ်များပါ ပါဝင်လာတယ်။ မြန်မာစစ်တပ်က တရုတ်ကိုရင်ဆိုင်တွေ့တယ်။ တရုတ်စစ်သည်တွေ အင်မတန်များပါတယ်”
“တရုတ်တွေက လူဦးရေများတယ်လေ။ "တရုတ်တို့လာသည် ရိုင်ရိုင်လော ရိုင်ရိုင်လော၊ မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်လော”ဆိုတဲ့ ကာချင်း ကြားဖူးပါတယ်”
“မြန်မာစစ်သည်တွေဟာ တရုတ်တွေရဲ့မြားဒဏ်ကို ကြံကြံခံရင်း ခုခံတယ်။ အဓိကကတော့ မြန်မာအမြောက်စစ်သည်တွေပဲ။ သူတို့ ဟာ အမြောက်ပေါင်းများများစွာနဲ့ ခုခံပါတယ်။ ခဲယမ်းကျောက်အမြောက်တွေရဲ့အင်အားဟာ အင်မတန်ထိရောက်ခဲ့တယ်။ တရုတ်စစ်ဗိုလ်ချုပ်တွေ ကျဆုံးတယ်။နောက်ဆုံးတရုတ်တွေ ဆုတ်ခွာသွားကြပါတယ်”
“မြန်မာတွေတော်တာ အသိအမှတ်ပြုသင့်တယ်”
“ဒီအကြောင်းမှတ်တမ်းကို တရုတ်ပြည်ပီကင်းပြတိုက်မှာ ယနေ့တိုင်ရှိပါသေးတယ်။ တရုတ်က အသိအမှတ်ပြုပါတယ်”
“အင်း မြန်မာတို့ဟာ တရုတ်လို အင်အားများတဲ့တပ်ကို နိုင်ခဲ့ပါတယ်နော်”
“ဟုတ်ပါတယ်။ ဒါပေမဲ့ကနောင်မင်းသားကျဆုံးသွားလေတော့ အင်္ဂလိပ်တပ်ကို အသာတကြည် အရှုံးပေးခဲ့ရတယ်”
“ကနောင်မင်းသားကျဆုံးသွားတဲ့အတွက် မြန်မာတစ်မျိုးသားလုံး စောစောစီးစီး ကျွန်ဖြစ်ရတာပါပဲ”

▪️ ▪️ ▪️

“လုပ်ကြံခံရတဲ့ပြဿနာ ကြီးတာကို ပြောချင်သေးတယ်”
“ဘယ်သူလုပ်ကြံခံရတာကို ပြောချင်တာလဲ”
"ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ အလုပ်အကြံခံရတယ်”
“လွတ်လက်ရေးရဖို့ ၅ လအလိုမှာပေါ့"
“ဟုတ်တယ်။ ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူတွေကိုကတိပေးခဲ့ပါတယ်။
“တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမယ်”တဲ့။ နှစ်တစ်ရာကျော် ကျွန်ဖြစ်ခဲ့တဲ့မြန်မာပြည်ကို လွတ်လပ်ရေးတစ်နှစ်အတွင်းရစေမယ်ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက အာမခံကာ ကတိပေးသွားတယ်။ တစ်နှစ်မပြည့်ပါဘူး။ ဒီလို အလုပ်အကြံခံခဲ့ရပေမဲ့လည်း ဗိုလ်ချုပ်ပြောထားတဲ့အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးရခဲ့ပါတယ်”
“အင်မတန်တော်တာပဲ”
“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကိုတော့ အစားထိုးလို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတာကို ရှင်းပြပါမယ်။
၁၉၆၅ ခုနှစ်မှာ စင်ကာပူဟာ မလေးရှားနဲ့ ခွဲထွက်ကာ လွတ်လပ်ရေးရခဲ့ပါတယ်။ စင်ကာပူမှာ အာဏာအရှိဆုံးက ဝန်ကြီးချုပ်ဖြစ်တယ်။ ဝန်ကြီးချုပ်လီကွမ်ယူးဟာ မြန်မာပြည်ကို အားကျခဲ့ပါတယ်။ သူအာဏာရလာပြီး နောက်ငါးနှစ်အတွင်းရန်ကုန်မြို့ကို အမီလိုက်မယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူသဘောကျတဲ့ ရန်ကုန်နဲ့ မြန်မာပြည်ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီးနောက်ဆုံး LDC လို့ခေါ်တဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ဒီတော့ ဝန်ကြီးချုပ်လီကွမ်ယူက သူရဲ့ ကက်ဘိနက်မှာပြောတယ်။
“မြန်မာပြည်ခုလိုဆင်းရဲသွားတာဘာကြောင့်လဲသိလား။တကယ်တော့ဗိုလ်ချုပ်အောင်ဆန်းတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံလိုက်လို့ပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ အလုပ်အကြံမခံရအောင် အစီအမံတွေ လုပ်ရမယ်”ဆိုပြီး ပြောခဲ့ပါတယ်”

▪️ ▪️ ▪️

ကိုဘသစ်က လုပ်ကြံခံရတာတွေကိုပြောတော့ ကျွန်တော်လည်း သိသမျှကိုပြောရပါတယ်။
“ကျွန်တော်တို့စာပေနယ်မှာလည်း သိပ္ပံမောင်ဝ အလုပ်ကြံခံရတာဟာ စာပေအတွက် များစွာဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။
ဒီအတိုင်းပဲ ဂျာနယ်လစ်တစ်ဦး ဖြစ်တဲ့ ဆရာဒေါက်တာသန်းထွဋ်အောင်ကိုလည်း ကုန်းသီးနဲ့ပစ်ကာ လုပ်ကြံဖို့ကြိုးစားဖူးပါတယ်”
“မှန်တာပေါ့။ ဘယ်သူ့ကိုမဆို လုပ်ကြံသတ်ဖြတ်ခံရခြင်းဟာ လူ့ဘောင်လောကအတွက် ဆိုးကျိုးသာဖြစ်စေပါတယ်”
“အင်း၊ ကျွန်တော်ကတော့ ဆရာဦးကိုနီကို စာရေးဆရာတစ်ယောက်လို့ပဲ မြင်ပါတယ်။ တရားခွင်မှတိုက်ပွဲများဆိုတဲ့ သူရဲ့ပထမဦးဆုံး စာအုပ်ကို ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ ကောင်းပါတယ်”
“သူက တရားဥပဒေဆိုင်ရာစာအုပ်တွေဆောင်းပါးတွေကို ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ သုံးသပ်ချက်များကို ရေးခဲ့ပါတယ်”
“ဟုတ်တယ်။ ကျွန်တော့်ကိုလည်းနိုင်ငံရေးနဲ့ ဥပဒေရေးတို့နဲ့ ပတ်သက်ပြီးရေးဖို့တိုက်တွန်းကာ အကူအညီပေးခဲ့ပါတယ်။ သူ့မှာကျွန်တော်နဲ့သဘောထားကိုက်ညီတဲ့အယူအဆ နှစ်ခုရှိပါတယ်”
“ဘာတွေလဲ”
“ပထမတစ်ခုက အခြေခံဥပဒေကိုပြင်ဆင်မဲ့အစား အသစ်တဖန်ရေးဆွဲဖို့ဖြစ်တယ်။ ဒုတိယတစ်ခုကတော့ စင်ကာပူရဲ့ ဘာသာရေးသဟဇာတဖြစ်မှု ဥပဒေ (Religious Harmony Act )ကို အတုယူဖို့ပါပဲ”
“ရှင်းပြပါဦး”
“စင်ကာပူမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊မွတ်ဆလင် နဲ့ ဟိန္ဒူဘာသာဝင်များရှိတယ်။ သူတို့ဟာ အတူတကွ နားလည်သဘောပေါက်ကာ ဘာသာရေး ညီညွတ် မျှတမှုအတွက် လေးစားလိုက်နာဖို့ဥပဒေကို ပြဋ္ဌာန်းပေးထားပါတယ်။ကလေးငယ်ဘဝကတည်းက လေ့ကျင့်ပျိုးထောင်ပေးထားတာကို သူခဏခဏပြောပါတယ်”
“သူက အတော်လေ့လာတာပဲ”
“မှန်ပါတယ်။ ဦးကိုနီဟာ အများယုံကြည်လေးစားခံရတဲ့ပညာတတ်တစ်ယောက်ပါ။သူဟာ မဲအနိုင်ရရှိတဲ့ NLDလွှတ်တော်ကိုယ်စားလှယ်များကိုဥပဒေရေးရာ ပို့ချပေးခဲ့သူပါ”
“သူကဥပဒေကိုတကယ် နားလည်တာပဲ"
“လူအချင်းချင်း နှိပ်စက်ခြင်းကင်းစေဖို့ ဥပဒေကို နားလည်တတ်မြောက်ထားဖို့လိုတယ်”ဆိုတာသူ့ရဲ့ဆောင်ပုဒ်ပါ"
“ဆိုးပါတယ်ဗျာ။ အကြမ်းဖက်မှုဟာလောကကြီးကိုပျက်စီးစေတာကိုလူတွေမသိကြဘူးလား”
“ကျွန်တော်တို့လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ညှိုးရန်စတွေကိုဖြေဖျောက်ပြီး ငြိမ်းချမ်းစွာအတူတကွ နေထိုင်ဖို့လိုတယ်။
အမုန်းတွေကိုဖြေဖျောက်ကာ မေတ္တာထားနိုင်မှသာ သယာတဲ့ လူ့ဘောင်ကိုတည်ဆောက်နိုင်မယ်လို့ယုံကြည် ပါတယ်”

▪️ ▪️ ▪️

“ဒါနဲ့ ကျွန်တော်တို့ပြည်သူ့အစိုးရဘာလုပ်သင့်သလဲ”
“ဘာကိုပြောတာလဲ”
“တုံ့ပြန်ဖို့လေ”
“ဒါလား။ ခေါင်းဆောင်များသတိရှိကြဖို့နဲ့ လုံခြုံရေးဂရုစိုက်ပါလို့ မှာချင်တာပဲ”
“ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရတဲ့ ကာလတုန်းက ပြောကြတာတွေရှိတယ်။ ဆရာကြီးဒီးဒုတ်ဦးဘချို့က ဗိုလ်ချုပ်ဟာ ကံနိမ့်နေတယ် သတိထားလို့ မှာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ယတြာဗေဒင်တွေကို မယုံဘူး”
“လက်တွေ့ကျတဲ့သူကိုး။ ဘယ်ယုံပါ့မလဲ”
“စာရေးဆရာ သိပ္ပံမောင်ဝကိုလည်း အဲဒီနေ့မှာ လုပ်ကြံခံရမယ်ဟောခဲ့တာပဲ။ အဲဒီနေ့မှာ သူဟာကန့်ဘလူနားက ရွာတစ်ရွာကို ရောက်နေတယ်။ ည(၉)နာရီမှာ သူမသေသေးတော့ဗေဒင်ဆရာမှားပြီထင်တယ်လို့ စာရေးလိုက်တယ်။ဒီအချိန်မှာပဲ သူ ထောင်ချထားခဲ့ဖူးတဲ့ဓားပြဟာ သူ့ကိုသတ်သွားတယ်”
“ည၁၂ နာရီမထိုးမီ သတ်သွားတော့ ဗေဒင်မှန်တာပဲဗျို့”
“ဗေဒင်မှန်တာမမှန်တာထက် အသက်မသေအောင် ဂရုစိုက်ဖို့ လိုတယ်”
“ဗိုလ်ချုပ်လည်း သူ့ကိုစောင့်ဖို့ထားတဲ့ ကင်းသမားတွေကို ဖယ်လိုက်တယ်။ လူတိုင်းက ကိုယ့်ကိုချစ်တယ်လို့ သူကယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သူ့စေတနာ ဖြူစင်တာကိုး”
“ကံကြမ္မာပေါ့လေ။ ဒါပေမဲ့ ဒီလိုသတ်ဖြတ်တာဟာ ဘယ်ကိုမှမရောက်ဘူး”
“မှန်ပါတယ်။ တိုင်းပြည်ကြီးဒီမိုကရေစီခရီးသွားနေတာကို အားလုံးကူညီဖို့ လိုတယ်"
“ဒီလုပ်ကြံခံရတာတွေကို ရပ်တန်းကရပ်ကြဖို့ ဆန္ဒပြုပါတယ်"

#ဒေါက်တာခင်မောင်ညို
("ကျွန်တော်လည်း နဂါးဖြစ်သွားပါတယ်" စာအုပ်တွင် ပါရှိပြီးသား ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်)

Address

No. 297, Anawrahtar Road Between 5th Street & Wardan Street. Lanmadaw Township
Yangon
11131

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959777630181

Website

Alerts

Be the first to know and let us send you an email when Rangoon Varsity Press posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rangoon Varsity Press:

Share

Category