07/12/2020
ကိုဗစ်ကာလနဲ့ ကျေးဇူးရှင်များ..
#ဒေါက်တာခင်မောင်ညို
ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ရာမလို၊ သူတို့အလုပ် သူတို့လုပ်တာပဲ။ သူတို့ကို ကျေးဇူရှင်လို့ ထင်နေတဲ့ mindset ဟာ မမှန်ဘူးလို့ ယူဆတဲ့ Post တစ်ခုကို ဖတ်လိုက်ရတယ်။
အဲဒါနဲ့ပတ်သက်ပြီး စဉ်းစားမိတာကို တင်ပြပါတယ်။
(၁)
ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ခံစားမှုတွေ အများကြီးကို ကြားနာရတယ်။သဘောကွဲလွဲမှုတွေ အများကြီးအပြင် မေးခွန်းအများကြီးကိုလည်း တွေ့ရပါတယ်။
သဘောကွဲလွဲမှုအကြား နေတတ်တာဟာ မှန်ကန်တဲ့ဘဝလို့ ယူဆနိုင်တယ်။
တစ်ချိန်က မိမိနဲ့မတူ ငါ့ရန်သူဆိုပြီး ရန်ပြုတတ်တယ်။
နောက်တော့ လောကမှာ အမျိုးမျိုးရှိတယ်ဆိုတာကို သိလာတယ်။ (ကျွန်တော်တို့ ပြောနေကျကတော့ လူအမျိုးမျိုး၊ နတ်အမျိုးမျိုး၊ ဘုရားရှိခိုးအမျိုးမျိုးပေါ့)
ဘုရားရှိခိုးသော်မှ အမျိုးမျိုးဖြစ်နေတဲ့လူတွေဟာ ဘယ်လိုမှမတူဘူး။
စောစောကပြောသလို မတူတာ ဘာကြောင့် မတူတာလဲဆိုတာကို ပထမသိရမယ်။ အတူနေမယ်ဆိုရင်တော့ အလျော့ပေးမှု (Compromise) တွေ လုပ်ကြရမှာပါပဲ။ တင်းထားလို့မှမရတာပဲ။
ဘယ်လိုဖြစ်ဖြစ် လူသားတွေရဲ့ဘဝကို ပြန်ကြည့်ရင် မိမိလုပ်နိုင်တာတွေထက် ပိုရနေတာကို တွေ့ရပေမယ်။ ဒါဟာ ရှေးက လူတွေ နှစ်ပေါင်းများစွာ လမ်းကြောင်းတွေ ချပေးခဲ့တာကြောင့်ပါပဲ။
ဥပမာ ကျွန်တော်အိမ်ကနေ ထွက်တယ်။ ကားပေါ် တက်တယ်။ ဈေးကိုသွားတယ်ဆိုပါစို့။
ကျွန်တော် အိမ်ကိုလည်း မဆောက်နိုင်ဘူး။ လက်ရန်းတစ်ခုကိုတောင် မလုပ်နိုင်ဘူး။
ကားပေါ်တက်တော့ ကျွန်တော် ကားဘီးတစ်လုံးလည်း မလုပ်တတ်ဘူး။
လမ်းပေါ်သွားတယ်။ လမ်းကိုရော... သူများ(အစိုးရတစ်ရပ်ရပ်) ခင်းထားပေးတာပဲလေ။
ဈေးထဲဝင်။ ပစ္စည်းတွေ အများကြီး ဝယ်လို့ရတယ်။ ကိုယ် မစိုက်ထားတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကိုယ် မွေးမထားတဲ့ ကြက်ဝက်ဘဲတွေ၊ ကိုယ် မဖမ်းထားတဲ့ ငါးပုဇွန်တွေ.... အများကြီး။
ပိုက်ဆံတော့ ပေးရတာပေါ့။
ကျွန်တော်ဆို ပိုက်ဆံ ဘယ်ကရလဲ။
စာရေးခြင်းက ရတာပေါ့။
အရင်က ကျွန်တော်စာသင်တယ်။ အဲဒီက ရတယ်။
စာသင်တယ်ဆိုလို့ ပြောရဦးမယ်။ ကျွန်တော်တို့ ဆရာတွေကို အနန္တောအနန္တ ငါးပါးဆိုပြီး မိဘနဲ့ တစ်ဂိုဏ်းထဲ ထားကာ ကန်တော့ကြတယ်။ ကိုဗစ်ကာလမှာတောင် ကန်တော့ကြတယ်။ ဆေးဝါးတွေ၊ ငွေကြေးထောက်ပံ့မှုတွေ အိမ်တိုင်ရာရောက် ပို့ပေးတာပဲ။
ကျွန်တော်တပည့်တွေဟာ အဖွဲ့တွေ ဖွဲ့ပြီး နှစ်စဉ် ဒါမှမဟုတ် တစ်နှစ်ခြားဆီ ကန်တော့တာပဲ။
ရန်ကုန်တက္ကသိုလ်ကဆို ..၂၀၁၉ မှာ ရာပြည့်အကြိုဆိုပြီး ဓာတုဗေဒဌာနက ကန်တော့တယ်။ အခြားဌာနတွေကလည်း သူတို့ဆရာတွေကို သူတို့ ကန်တော့တာပေါ့။ နောက် RC ကလည်း ကန်တော့တယ်။ မော်လမြိုင်တက္ကသိုလ်ကလည်း ကန်တော့တယ်။ ဒီနှစ် နှစ်တစ်ရာတင်းတင်းပြည့်တဲ့ ဒီဇင်ဘာလမှာ သူတို့ ကန်တော့ကြဦးမယ်တဲ့။
ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့တတွေဟာ ဝန်ထမ်းတွေလေ။ လစာရလို့အလုပ်လုပ်တာပဲ။ ဘာလို့ သူတို့က မိဘနဲ့ တစ်ဂိုဏ်းထဲထားကာ ကန်တော့ကြတာလဲ။
ဆရာတွေက ဘာလို့ ကျေးဇူးရှင်တွေ ဖြစ်နေရတာလဲ။
(၂)
ဒါက ဓလေ့ထုံးတမ်းလို့ပြောနိုင်ပါတယ်။ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းက သူတို့ရဲ့ ကျေးဇူးတရား၊ ဂါရဝတရားကို ဖော်ပြတာပါပဲ။ ကျေးဇူးတင်သင့်တယ်လို့ ယူဆတဲ့သူတွေ အများကြီးရှိကြတယ်။
ကျွန်တော်တို့သင်ဖူးတဲ့ စာအုပ်တစ်အုပ်ရှိခဲ့တယ်။ အဲဒါက ကမ္ဘာ့ကျေးဇူးရှင်များ ဆိုတာပါပဲ။ ကမ္ဘာကြီးကို ကျေးဇူးပြုသူတွေပေါ့။ ကမ္ဘာသူကမ္ဘာသားတွေ အနေနဲ့ သူတို့ကျေးဇူးကို ဖော်ကျူးတာပါပဲ။
ခုခေတ်ဆိုရင် ကွန်ပျူတာတို့၊ လက်ကိုင်ဖုန်းတို့ တီထွင် လုပ်ကိုင်တဲ့သူတွေကို ကျေးဇူးရှင်လို့ သတ်မှတ်နိုင်တာပေါ့။ ဒါပေမဲ့ သူတို့ဟာ ပိုက်ဆံရလို့ လုပ်တာပဲ။ ငါက ဝယ်ကိုင်ရတယ်ဆိုပြီး သဘောထားလို့လည်း ရပါတယ်။
စိတ်ဝင်စားစရာ အကြောင်းအရာလေးကို ပြောပြမယ်။
တီထွင်တဲ့ပုဂ္ဂိုလ်တွေအများကြီးအနက် ကမ္ဘာ့နံပါတ်တစ်ကတော့ ပုံနှိပ်စက်ကိုတီထွင်တဲ့ ဂူတင်ဘာ့ချ်(Gutenberg) ပဲတဲ့။ တကယ်တော့ ခုခေတ်မှာ ပုံနှိပ်စက်ဆိုတာ တဖြည်းဖြည်းဆိတ်သုဉ်းသွားမယ့် အရာပါပဲ။
ဒါပေမဲ့ အဲဒီစာလုံးတွေ လဲလှယ်ပြီးအသုံးပြုနိုင်တဲ့ ပုံနှိပ်စက်ရဲ့အကျိုးကျေးဇူးကြောင့် ကမ္ဘာကြီးဟာ ရပ်တန့်လို့မရအောင် တိုးတက်လာသတဲ့။
သက်သေပြထားတာတွေ ရှိတယ်။
ဂူတင်ဘာ့ချ် ပုံနှိပ်စက်မပေါ်မီ ဥရောပဟာ ကမ္ဘာမှာ ဆင်းဆင်းရဲရဲအောက်ကျနောက်ကျ ရှိနေသတဲ့။ တရုတ်ပြည်မှာ ပိုးဖဲကတ္တီပါတွေနဲ့တိုးတက်နေချိန်မှာ ဥရောပဟာ အမဲလိုက်တုန်းပဲတဲ့။
ဒါပေမဲ့ ဂူတင်ဘာ့ချ်ရဲ့ ကျေးဇူးကြောင့် စာအုပ်တွေ ပေါပေါများများ ရလာနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်။
စာအုပ်တွေ ပေါများလာပြီး နောက်အနှစ် ၅၀ မှာ ဥရောပဟာ တရုတ်ပြည်ကို ကျော်တက်သွားနိုင်ခဲ့တယ်လို့ ဆိုတယ်။
ဒုတိယသက်သေပြချက်ကတော့ ငွေဝယ်ကျွန်တွေ အကြောင်းပါပဲ။ ၁၇ ရာစုနှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ လူတွေ လိုတယ်။ ဒီတော့အမေရိကန်တွေဟာ အာဖရိကတိုက်က လူမည်းတွေကို ဖမ်းဆီးကျွန်ပြုကာ အလုပ်ခိုင်းတယ်။ ဒီကျွန်တွေကို တိရစ္ဆာန်များသဖွယ် အရောင်းအဝယ်ပြုကြတယ်။ ဒီလို ငွေဝယ်ကျွန်စနစ်ဟာ နှစ် ၂၀၀ ကျော် ကြာခဲ့တယ်။ မတရားဖိနှိပ်တဲ့ ငွေဝယ်ကျွန်စနစ်ဟာ ဘာကြောင့် ဒီလောက်ကြာအောင် ရှင်သန်ခဲ့လဲ။ ဆန်းစစ်လိုက်တဲ့အခါ ငွေဝယ်ကျွန်တွေဟာ စာမဖတ်ရခြင်းကြောင့်ပဲတဲ့။
သူတို့ စာမဖတ်ရဘူး။ သူတို့ကို စာမသင်ပေးရဘူး။ စာအုပ်မပေးရဘူး။ စာဖတ်တာ၊ စာတတ်စေတာ၊ စာသင်ပေးတာတွေ တွေ့ရင် သတ်ပစ်သတဲ့။ တကယ်တော့ လူမည်းတွေ အ, သွားတာဟာ စာမတတ်လို့ပါပဲ။
ဒါကြောင့် ကျွန်တော် တော့ ‘မအ,အောင် စာဖတ်ပါ’ လို့ ပြောချင်ပါတယ်။
ယနေ့မှာ လူမည်းတွေဟာ နိုင်ငံရေး၊ အနုပညာ၊ အားကစား စတဲ့ကဏ္ဍ တွေမှာ ထူးချွန်ပြောင်မြောက်သူတွေ ဖြစ်လာ တယ်။ တစ်ချိန်က လူဖြူတွေနဲ့ ထမင်းတောင် အတူတူစားခွင့်မရတဲ့ လူမည်းတွေဟာ သမ္မတဖြစ်လာတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ ဖြစ်လာတဲ့အထိ တိုးတက်လာတယ်။
(၃)
ကျွန်တော်တို့တစ်တွေဟာ ကောင်းကွက်ရှာကာ ကျေးဇူးတင်လို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အားလုံးဟာ ကျေးဇူးခံ၊ ကျေးဇူးစားတွေချည်းပါပဲ။
ကျွန်တော်တို့စားနေတဲ့ ထမင်းတစ်ပန်းကန်ကိုပဲ ကြည့်ပါ။
စပါးလည်းမစိုက်ဘူး။ ထွန်ယက်ခြင်းလည်းမပြုဘူး။ ခြွေလှေ့တာ၊ ကြိတ်ခွဲတာလည်း မသိဘဲ ခပ်တည်တည် ဆိုင်ကနေ ပိုက်ဆံပေး ဝယ်စားနေကြတယ်။
ကျွန်တော်တို့က ပြောတယ်၊။ တောင်သူလယ်သမားကြီးတွေ ဟာ ကျေးဇူးရှင်ပဲလို့။
သူတို့က ပြောတယ်။ မဟုတ်တာပဲ။ ဆန် ဆီ ဆေး ဆား ... အားလုံး ပိုက်ဆံပေးဝယ်ရတာပဲ မဟုတ်လား တဲ့။
ဒီလို ပြောလို့လည်း ရပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်လို့လည်း ဒီလိုပဲပေါ့။
ကိုဗစ်ကာလမှာ ကျန်းမာရေးတန်ဖိုးကို ပိုသိလာတယ်။
ဆေးဝန်ထမ်းတွေဟာ သူတို့လုပ်ငန်းသဘာဝအရ အသက်အန္တရာယ်တွေနဲ့ ပိုနီးလာတယ်။
ကျွန်တော်တို့ သဘောပေါက်လာကြတယ်။ သူတို့ကို အားပေးရတယ်။
ဘောလုံးပွဲတွေမှာ လက်ခုပ်တီးအားပေးတယ်။ သူတို့ဖာသာသူတို့ ကန်ကြတာပဲ။ သဘောကျလို့ အားပေးတယ်။
ကိုဗစ်နဲ့ပတ်သက်လို့တော့ ကျန်းမာရေးဝန်ထမ်းတွေက အလုပ်လုပ်နေကြတာ ကျွန်တော်တို့ မြင်နေရတာပဲ။ အဲဒီအထဲမှာ ကိုယ်လည်း သူတို့ကစားပွဲထဲ ပါနေကြသလို ကျွန်တော်တို့လည်း ကစားပွဲထဲ ပါသွားနိုင်တာပဲ။
သူတို့ ပင်ပန်းလှပါတယ်။ PPE ဝတ်စုံကို တစ်ရက်လောက် ဝတ်ကြည့်လိုက်ပါလား။
ကျွန်တော်သိတဲ့ ဆေးဝန်ထမ်းတွေရဲ့ မျက်နှာတွေ၊ ခြေလက်တွေမှာ အဖုတွေ အနီစက်တွေ ထွက်လာတယ်။
သူတို့ တကယ်ပင်ပန်းပါတယ်။
သူတို့ကို ကျွန်တော်တို့က လက်ခုပ်တီးကာ အားပေးကြတယ်။ ဒါလည်း ကောင်းတာပဲ မဟုတ်လား။
(၄)
ပိုက်ဆံရလို့ လုပ်တာပဲတဲ့။
မှန်ပါတယ်။ Professional တွေကိုး။ ပရဟိတသမားတွေကလွဲရင် ကျန်တဲ့သူတွေ ပိုက်ဆံရလို့ အလုပ်လုပ်ပါတယ်။ (အလှူရှင်တွေကတော့ ပိုက်ဆံပေးတာပေါ့)
ကျွန်တော် စောစောက ပြောသလိုပါပဲ။
သူတို့ဟာ ဝန်ထမ်းတွေပါပဲ။
ဝန်ထမ်းတွေထဲမှာ တာဝန်ကျေရုံ လုပ်တဲ့သူတွေ ရှိပါတယ်။ တာဝန်ယူ၊ တာဝန်ခံသူတွေလည်း ရှိတယ်။ တာဝန်သိလို့ တာဝန်ပိသူတွေလည်း ရှိပါတယ်။
ကိုဗစ်ကာလမှာတော့ အားလုံးလိုလို ကြိုးစားရပါတယ်။
သူတို့ကို ကျွန်တော်တို့ လေးစားကြပါတယ်။
“သူ့အလုပ်သူ လုပ်တာပါကွာ။ ပိုက်ဆံရလို့ လုပ်တာပါကွာ" ... ဆိုတာမျိုးကိုလည်း လက်ခံပါတယ်။
(အဖေအမေတို့ သွေးသားသောင်းကျန်းလို့ ကျွန်တော့်ကို မွေးတာပါ ဆိုတဲ့ ပြောစကားကို သတိမိတယ်)
ဗြဟ္မစိုရ်တရားလေးပါး ဆိုတာရှိတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပါ။
စကားအရ ငြင်းခုန်နေတာတော့ မဟုတ်ပါ။ စောစောက ပြောသလိုပါပဲ။ လွတ်လပ်စွာ သဘောကွဲနိုင်ပါတယ်။
ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆရာသမားဆိုတာ ရှိတယ်။ ဘယ်လိုဖြစ်ဖြစ် Mutual Respect တော့ ရှိရပါတယ်။
သူ့ဘက်က မရှိရင်တောင် ကိုယ့်ဘက်က Respect လေးတော့ ရှိရပါတယ်။
လိုအပ်ရင် ကျေးဇူးတင်ပါ။
အားလုံးကို လေးစားပါတယ်။
#ဒေါက်တာခင်မောင်ညို
(မြန်မာတိုင်းမ်တွင် ဖော်ပြပါရှိပြီး ဆောင်းပါး ဖြစ်ပါသည်)