Momentum Book Publishing

Momentum Book Publishing Book publication & distribution

လူဆိုတဲ့ ထိုအကောင်လူငြိမ်း (မြန်မာပြန်)HUMAN ACTSHan Kang•••••••••• တန်ဘိုး - ၂၀၀၀၀ ကျပ်📌 ဇန်နဝါရီလ (၃၁ ) ရက်နေ့ အထိ မှာ...
14/01/2026

လူဆိုတဲ့ ထိုအကောင်
လူငြိမ်း (မြန်မာပြန်)

HUMAN ACTS
Han Kang

••••••••••

တန်ဘိုး - ၂၀၀၀၀ ကျပ်

📌 ဇန်နဝါရီလ (၃၁ ) ရက်နေ့ အထိ မှာယူမှုများအတွက်
ပို့ခ အခမဲ့ (Deli Free) နဲ့ ပို့ဆောင်ပေးပါမယ်။

👥အမည်
📫နေရပ်လိပ်စာ
☎ဖုံးနံပါတ် တို့ကို Messenger မှာ ပေးပို့ပြီး
မှာယူနိုင်ပါတယ်။

🛑 ၀၉၄၂၀၃၀၇၀၃၀ ကိုလည်း
ဆက်သွယ် မှာယူနိုင်ပါတယ်။

📌
မှာယူသည့် စာအုပ်များကို
(၁၇ . ၁ . ၂၀၂ ၆)နေ့မှာ
စတင်ပို့ဆောင်ပေးမှာပါ။

"လူဆိုတဲ့ ထိုအကောင်" ဆိုတာ
=====================

ကိုရီးယားစာရေးဆရာမ ဟန်ကန်းရဲ့
“ကောင်လေးလာနေပြီ”ဝတ္ထုကတော့ ဖြစ်ပြီး
ဟန်ကန်းရဲ့ ဝတ္ထုတွေကို ဘာသာပြန်နေကျ
ဒီဘရော့စမစ်ကပဲ “Human Acts ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ ဆရာလူငြိမ်းက အဲဒီ အင်္ဂလိပ်ဘာသာပြန်မူကနေ မြန်မာလို ပြန်ထားတာဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်ဖွားကိုရီးယားစာရေးဆရာမ ဟန်ကန်းဟာ ၂၀၂၄ ခုနှစ် စာပေနိုဘယ်လ်ဆုရှင် ဖြစ်ပါတယ်။

စာပေနိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့ကတော့
‘လူ့သမိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ထိလွယ်ရှလွယ် လူသားဖြစ်တည်မှုကို ဖော်ကျူးတဲ့ ကဗျာဆန်ဆန် စကားပြေ အရေးအသားကြောင့်’ လို့ ဟန်ကန်းကို မှတ်ချက်ပြုပါတယ်။

အခုဝတ္ထုဟာ ၁၉၈၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူး လူထုအုံကြွမှုကို အခြေခံရေးဖွဲ့ထားတဲ့ ဝတ္ထုပါ။

ဒီဝတ္ထုမှာ အခန်း (၇)ခန်းပါတယ်။ ဇာတ်ကောင်တစ်ယောက်ကို တစ်ခန်းချင်းစီနဲ့ အခန်း (၆) ခန်းရေးဖွဲ့ထားပြီး၊ နောက်ဆုံးအခန်း(၇) ကတော့ စာရေးဆရာကိုယ်တိုင်က ဇာတ်ကြောင်းကို ဖြည့်စွက်ပြောပြတဲ့အခန်းပါ။
ဇာတ်ကောင် ခြောက်ယောက်မှာ ငါးယောက်က လူထုအုံကြွမှုမှာ တိုက်ရိုက်ပါဝင်ခဲ့ကြတဲ့ သူတွေဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ကောင်လေးရဲ့ အမေပါ။

အခန်းတိုင်းက ဇာတ်ကောင်အသီးသီးဟာ ကောင်လေးဆိုတဲ့ ဇာတ်ကောင်နဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေကြတယ်။ အဲဒီ ကောင်လေးကို ပြန်လည်တမ်းတမှုတွေ၊ သတိတရရှိမှုတွေနဲ့ ဝတ္ထုကို ရေးဖွဲ့ထားတယ်။

ဝတ္ထုကို အလောင်းတွေထပ်နေတဲ့ ရက်စက်တဲ့ ဇာတ်ကွက်နဲ့ စဖွင့်ပြခဲ့တယ်။ အဲဒီလို အလောင်းတွေထားနဲ့ နေရာကို
ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်က သူ့ သူငယ်ချင်းအလောင်းများ ရှိနေမလားလို့ လာရှာခဲ့တယ်။ အဲဒီနေရာမှာ အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ဖို့၊ ရိုးရာထုံးစံအရ အသုဘပွဲ အခမ်းအနားတွ ကျင်းပဆုတောင်းပေးနိုင်ကြဖို့၊ အလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖော်ထုတ်နိုင်ကြဖို့ စတဲ့ကိစ္စတွေအတွက် စု‌ပေါင်းကူညီပေးခဲ့နေကြတဲ့ စေတနာ့ဝန်ထမ်း လူငယ်တစ်စုနဲ့ ရှိနေကြတယ်။ သူငယ်ချင်းအလောင်းကို လာရှာတဲ့ ကောင်လေးပါ သူတို့အဖွဲ့နဲ့အတူ ကူညီလုပ်ကိုင်ပေးခဲ့
တာက ဒီဇာတ်လမ်းရဲ့ ကျောရိုးပါပဲ။

ဒီဝတ္ထုထဲက ပုန်ကန်ထကြွခဲ့ကြတဲ့ ဇာတ်ကောင်တွေဟာ သူတို့လုပ်ရပ်အတွက် ဂုဏ်ယူနေတာ မရှိကြသလို
သူရဲကောင်းဆန်တယ်လို့လည်း မခံစားကြတဲ့ ပုံမျိုးနဲ့ စာရေးဆရာက ပုံဖော်ထားပါတယ်။

လူသားဘဝရဲ့ မတည်မြဲမှု၊ ကြိုတင်ခန့်မှန်းမရမှု၊ ချက်ချင်းလက်ငင်း တိရစ္ဆာန်သာသာ ဘဝမျိုးကို ရောက်ရှိသွားနိုင်မှု၊ လူသားမျိုးနွယ်ကြီးရဲ့ စုပေါင်းရက်စက်ကြမ်းကြုတ်နိုင်မှု၊ အတိတ်ဝန်ထုပ်ဝန်ပိုးနဲ့ ရှင်သန်နေရမှု၊ မသိစိတ်ရဲ့ မောင်းနှင်အားနဲ့ ရှင်သန်နေရမှုတွေကို ဖတ်ရှုရမယ့် ဝတ္ထုတစ်ပုဒ်ပါပဲ။

လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရက်စက်ကြမ်းကြုတ်နိုင်မှု၊ စွန့်လွှတ်အနစ်နာခံနိုင်မှုဆိုတာတွေထက် လူတွေဟာ အစုအဖွဲ့ကြောင့် ပိုပြီးရက်စက်လာနိုင်ကြသလို ပိုပြီးလည်း စွန့်လွှတ်စွန့်စားနိုင်ကြပုံတွေကို လည်း ပုံဖော်ပြထားတယ်။

ဒီလိုမျိုး ဇာတ်ကောင်တွေရဲ့ စိတ်ဒဏ်ရာတွေ၊ အတိတ်ရဲ့ မပြတ်တမ်းခြိမ်းခြောက်မှုတွေနဲ့အတူ လူသားဘဝနဲ့ လူသားဆန်ဖို့ အချက်တွေက ဘာတွေများလဲဆိုတဲ့ မေးခွန်းကို ဇာတ်ကောင်တွေကတဆင့် မေးခွန်းထုတ်ခဲ့တယ်။

အသိဉာဏ် အင်အားအကြီးဆုံးဆိုတဲ့ လူသားမျိုးနွယ်ဟာ တစ်ဖက်မှာ အနူးညံ့ဆုံး ဖြစ်နေတတ်ပြီး တစ်ချိန်ချိန်မှာ အကြမ်းကြုတ်ဆုံး ဘာကြောင့်ဖြစ်လာရတာလဲ ဆိုတာမျိုးကို မေးခွန်းထုတ်တယ်။
ရက်စက်မှုတွေနဲ့ အစပြုပြီး ဒဏ်ရာတွေနဲ့ အဆုံးသတ်တဲ့ ဒီဝတ္တုရဲ့ အဆုံးမှာ

ဒီဝတ္တုဟာ နိုင်ငံရေးလှုပ်ရှားမှုကို ဂုဏ်ပြုတဲ့ ဝတ္တုတစ်ပုဒ် ဆိုတာထက် လူသားတစ်ရပ်လုံး၊ တစ်နည်းအားဖြင့်လူ့ယဉ်
ကျေးမှု ဖွံ့ဖြိုးတိုးတက်ချိန်ကတည်းက ပါလာခဲ့ပြီး အစုအဖွဲ့လိုက် ရက်စက်ကြမ်းကြုတ်နိုင်ကြတာဟာ မျိုးရိုးဗီဇလိုဖြစ်နေခဲ့တဲ့ လူသားရဲ့ သဘာဝ၊ နောက် ပင်ကိုယ်ပကတိသဘောကို မဆောင်တဲ့ လူ့စိတ်ပိုင်းဆိုင်ရာတွေရဲ့ ဖြစ်အင်နဲ့ အကြမ်းဖက်မှု လူ့သမိုင်း သံသရာကြီးကို ဖော်ကျူးပြီး မေးခွန်းတွေထုတ်ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။

တစ်နည်းအားဖြင့်တော့ ပင်ကိုယ်သဘောမဆောင်ဘဲ ဆန့်ကျင်ဘက် အစွန်းတွေထိအောင် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေတတ်တဲ့ လူ့စိတ်သည်ပင် စစ်ပွဲအသွင်၊ ပဋိပက္ခအသွင် ဆောင်နေတာလား ဆိုတာကိုတော့… ဝတ္ထုကို ဖတ်ရင်း ဆက်လက်အဖြေရှာကြည့်ကြရအောင်ပါ။
=============================
ကျေးဇူးတင်ပါတယ်
Momentum Book Publishing

လူ ဆိုတဲ့ ထို အကောင်လူငြိမ်း Human ActsHan Kang(၂၀၂၄ ခုနှစ် စာပေနိုဘယ်လ် ဆုရှင်)
14/01/2026

လူ ဆိုတဲ့ ထို အကောင်
လူငြိမ်း
Human Acts
Han Kang
(၂၀၂၄ ခုနှစ် စာပေနိုဘယ်လ် ဆုရှင်)

04/01/2026
သူပုန်မ ဒိုင်ယာယီမအိ"ငါ့ ခရစ္စမတ်ကိုဘယ်သူရွေ့ သလဲ”ကျွန်မ၏ ဇာတိချက်မြုပ်ရာအရပ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဟင်္သ...
24/12/2025

သူပုန်မ ဒိုင်ယာယီ
မအိ

"ငါ့ ခရစ္စမတ်ကိုဘယ်သူရွေ့ သလဲ”

ကျွန်မ၏ ဇာတိချက်မြုပ်ရာအရပ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဖြစ်ပါသည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး ရခိုင်ရိုးမ၏ ဆင်ခြေဖုံးအရပ်ဆိုရမည်ပင်။ ဟင်္သာတမြို့ သည် ခရိုင်ရုံးစိုက်ရာမြို့ပီပီ မြို့နယ် တိုက်နယ် စီရင်စုစသဖြင့် ရွာနီးချုပ်စပ်မှ ဈေးဝယ်ဈေးသည်တို့ဖြင့် ကုန်ရောင်းကုန်ဝယ်စည်ကားရာမြို့ လည်းဖြစ်သည်။ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုလည်းစုံလှပါပေ၏။ ငယ်ရွယ်စဉ်ဘဝ
ကိုပြန်တွေးကြည့်လျှင်အစ္စလာမ်ဘာသာဝင် တွေနေ့စဉ်ဆွန်းလောင်းသည့် အပြင်ဝါဆိုသင်္ကန်းကထိန်သင်္ကန်းကပ်လှူရာ၌ ခေါင်းဆောင်များကို ကုသိုလ်ပါဝင်နေကျ။ နှစ်စဉ် အာဇာနည်နေ့တိုင်း ကျဆုံးလေပြီးသော အလေးပြုပြီးပြန်လာသူတွေကိုစမိုင်တိုက်ကျွေးလေ့ရှိပါသေး၏။ ကျောင်းကထိန်များတွင် ခရစ်ယာန်ဘာသာဝင်တို့ .အလှူငွေထည့်ဝင်နေကျ၊ သင်္ကန်းဝါဝါမြင်လျှင် ဦးတော်ဟုလက်ဆယ်ဖြာထိပ်ထက်မိုး၍ ဝတ်ပြုစေခဲ့သည်မှာ ကျွန်မလူမှန်းသိခါစမှ အခမဲ့ကျောင်းဆရာလုပ် စသည်ဆိုရမည်။ လာသောကျွန်မ၏အဖိုးသည် အမျိုးသားပညာဝန်ဦးဖိုးကျားလက်ထက်မှာ လမ်းနဘေး၌ဖြစ်စေ၊ ကိုရင်ဦးပဉ္စင်းမရွေး သင်္ကန်းမြင်တိုင်းရောက်ရာနေရာတွင် ဒူးတုပ်ပျပ်ဝပ်ဦးချကန်တော့စေခဲ့သည်။ ကျောင်းအားရက်တို့၌ ရပ်ကွက်တိုင်းတွင်နတ်ကန္နားပွဲတို့ . တစ်ပွဲမကရှိနေတတ်လေသည်။ တစ်ပွဲမှတစ်ပွဲ ကူးအားပေးရသည်မှာထမင်းမေ့ဟင်းမေ့။ ကျွန်မတို့မြို့မှ နတ်ပွဲသည် ဇာတ်ပွဲတမျှစမ်းနားလေသည်ကိုး။ နတ်ပြေအေးဆိုလျှင် တစ်နိုင်ငံလုံးလှည့်ပတ်ကရသည်အထိ။ ရေငံပိုင်ဦးရှင်ကြီးကို အိမ်တိုင်းလိုလို ပူဇော်ပသကြသည်။ မိဆိုင်ဖဆိုင် ရိုးရာနတ်ကိုလည်း မေ့လျော့မထားကြဘဲနှစ်စဉ်ကန်တော့ရ၏။ အိမ်တွင်းနတ်၊ တော်လေးပါးနှင့် ကလေးနတ်များပါမကျန်ရအောင် မေမေကစီမံ၍ တစ်အိမ်သား
လုံးကန်တော့ကြရပါသည်။ ဖေဖေကတော့ မင်းနတ်များကိုစာရင်းမသွင်းပါဘဲဘုရားမှတစ်ပါး ကိုးကွယ်ဆည်းကပ်ဖွယ်မဟုတ်ဟုမှတ်ယူသူပီပီတစ်နေ့လျှင် ၃ ကြိမ်ခန့် ဘုရားဝတ်ပြုပါသည်။ဖေဖေ့မိတ်ဆွေနှင့် တပည့်များအိမ်မှ ဘုရားကိုးဆူပွဲများသို့ ဖေဖေ၊ မပတို့နှင့် အတူရောက်ဖူသည်။ စားသောက်ဖွယ်မုန့်ပဲသားရည်စာ မျိုးစုံစားရသဖြင့် ပျော်လှသည်ကိုမမေ့ပါ။အလယ်တန်းကျောင်းသူဘဝရောက်မှသာခရစ္စမတ်နှင့်စတင်ရင်းနှီးခဲ့ပြီးနောက် ရတန်းသုံးနှစ်တိတိ ခရစ္စမတ်အတွက်ရည်စူးကာမုန့်ဖိုးထဲမှငွေစုဖူးခဲ့လေသည်။ ကျွန်မနေသာနေရှင်နယ်အမျိုးသားအလယ်တန်းကျောင်းတွင်အများစုမှာကရင်ဆရာ၊ဆရာမများဖြစ်ပြီးဝပ ာဆရာ၊ ဆရာမနည်းလှလေသည်။ မိမိအတန်းပိုင်းဖြစ်စေ၊ ဘာသာရပ်ဆိုင်ရာဖြစ်စေ ခရစ်ယာန်ဘာသာဝင် ဆရာ၊ ဆရာမများကိုလက်ဆောင်ပေးချင်သည်မှာတပည့်တိုင်း၏ တပည့်တိုင်း၏ ဆန္ဒဖြစ်ပေသည်။ တပည့် ကျောင်းသား၊ ကျောင်းသူများမှာတော့ဗုဒ္ဓဘာသာထုံးစံအရဆရာကန်းတော့ပွဲကျင်းပကြပါသေးသည်။

အထက်တန်းကျောင်းရောက်သည့်အခါ ယခင်ကအသက်ငယ်ကြသဖြင့် မိဘများဝန်ပိသည်ကို မသိတတ် သော်လည်းအသက်အရွယ်အရမိဘအပေါ် ညှာတာစိတ်ကြောင့် မိမိတို့၏ရိုးရာမဟုတ်သော ခရစ္စမတ်ကို ဘာသိဘာသာနေဖြစ်တော့သည်။ ကျောင်းကြီးဆိုတော့လည်း ကထိန်ပွဲနှင့် ဆရာကန်တော့ပွဲကို ကျားကုတ် ကျားခဲကျင်းပရန် တစ်ကျောင်းလုံးတက်ကြွနေလေသည်။ ကျောင်းကြီးနှင့် ကျွန်မဝေးခဲ့သည်။ အတိမြေနဲ့ ဝေးခဲ့သည်။ ၁၉၈၂ ခုနှစ်ရောက်သော် ရန်ကုန်မြို့နှင့်ပါ ဝေးကွာခဲ့တော့ပြီ။ အချို့ကိစ္စများသည်ကာ နှစ်ပေါင်းအတော်ကြာ
ပြီးပါမှ အတိတ်ဖြစ်စဉ်မှာမိမိထင်မြင်ယူထားသည်ထက် ရုပ်လုံးကြွလာသည်ကို တွေ့ရလေသည်။ ၁၉၈၂ ခုနှစ်တွင် လက်နတ်ကိုင်တော် လှန်ရေးထဲ ခြေပုံပစ်ဝင်ခဲ့သည်။ ၁၉၈၃ ခုနှစ် ဒီဇင်ဘာလလယ်ခန့်မှာ နောက်တန်းရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းမုံးကိုးမြို့မှ စထွက်လာသည်။ အစိုးရတပ် အခြေအနေကိုထောက်လှမ်းရင်း ၂၀၂ စစ်ဒေသဂ္ဂင်ထဲဝင်ဖို့ဖြစ်၏။ ဗမာပြည်ကွန်မြူနစ်ပါ တီမြောက်ပိုင်း ဗဟိုဌာနခွဲနှင့် ၂ဝ၂ စစ်ဒေသကြားခံနယ်မြေသည် ရင်တုန်ရောက်ချားဖွယ် ဧရိယာဖြစ်ပေသည်။ တွင်ပြင်များ တွင် ရှမ်း၊ ကချင်တို့နေထိုင်ရာရွာများရှိပြီးရွားများ၏ အထက်တောင်ကုန်းများတွင်လည်းကောင်း၊ ကားလမ်း အနီးတစ်ဝိုက်တွင်လည်းကောင်း အစိုးရတပ်တို့ စခန်းချလေ့ရှိသည်။

ရွာများအား ဖြတ်သန်းစဉ် စိတ်ချရသည့်အနေအထားဆိုပါကတစ်ညအိပ်နားကြသည်။ တစ်နေ့လုံး ချီတက်ကာရွာရောက်လျှင်အမြဲသတိအနေအထားဖြင့် အိပ်စက်ရသည့်ညမျိုးတွေရှိသလိုနေ့လယ်ကြောင် တောင်တွင် ရွာကိုအပြေးဖြတ်သန်း ဖောက်ထွက်ရသည့်မျိုးလည်းရှိ၏။ ခါးစောင်းခန့် ခြံစည်းရိုးများကို 'ပြေး'

သောအမိန့်ပေးသံအောက်မှာဘယ်ပုံဘယ်နည်းကျော်မိမှန်းမပင် မသိတော့ပေ။ ပြေးရင်းလွှားရင်း ချီတက်ရင်း ညနေစောင်းသော် ရွာတစ်ရွာ၏ ဆင်ခြေဖုံးသို့ ကပ်မိကြပြီး။ ဆည်းဆာမပီတပီတွင် ရွာကို အဝေးမှလှမ်းကာ ပျပြုပြင်ရာမှရွာရောက်လျှင်နားရန် အာသီသစိတ်ဖြင့် တက်ကြွလာ၏။ ရွာမရောက်မီတောတန်း၌ ပက်ခေါက်သီး (ဗမာခေါ် ပင်စိမ်းသီး) ကိုတွေ့လျှင် အပင်အောက်မှအသီးကြွေများကိုကောက်ယူမိသည်။ အရသာမှာဖန်ချိုချဉ် သုံးမျိုးပေါင်းဖြစ်၍ စားပြီးရေသောက်သော် အားဖြစ်သလိုခံစားရ၏။ ထိုစဉ် သေနတ်သံများကို ရုတ်တရက် လူနှစ်ရပ်ခန့်မြင့်သောစိန်နားပန်းမြို့ကြီးနဘေးမှာအကာအကွယ်ယူနေပြီဖြစ်သည်။ ကြားရသဖြင့် တပ်ခွဲမှူးရဲဘော်ဝင်းလှိုင်က သူသွား၍ စနည်းနာမည်ဟုပြောကာရွာဘက်ထွက်သွား၏။ တစ်နာရီခန့်ကြာသော် သေနတ် သံလည်းထပ်မကြားရ။ တပ်ခွဲမှူးလည်း ပြန်ရောက်လာကာရွာ၌ အသုဘပွဲရှိ၍ သေနတ် ဖောက်ခြင်းသာ ဖြစ် ကြောင်းစိတ်မပူဖို့ပြောသည်။ ထိုညထိုရွာကိုကျော်ပြီးနောက်တစ်ရွာရောက်မှ အိပ်စက်အနားယူကြ၏။ အိပ်ရန် ပြင်သောအချိန်၌ ကြယ်ထွက်ချေပြီ။ ရှမ်းရွာများဖြစ်၍ တစ်သက်မမေ့နိုင်စရာနေ့တစ်နေ့အဖြစ် အလိုလိုမှတ် တမ်းတင်စွဲထင်းပြီး ဖြစ်နေသည်။

ထိုအဖြစ်အပျက်သည် နောင် ၂၅ နှစ်ကြာသောအခါ ကျွန်မနှင့် ကျွန်မသားကြီး (တပ်မတော်သား/ခလရ-၁၃) တို့ တွေ့ဆုံလျက် အေးအေးဆေးဆေးစကားပြောခိုက် ၁၉၈၃ ခုနှစ် ခရစ္စမတ်နေ့တွင် ကျွန်မတို့တပ်ဖွဲ့အား ကျည်ဆန်လက်ဆောင်ပေးခဲ့သူမှာ ကျွန်မ၏သားကြီးဖြစ်နေသည်ကို လုံး၀မျှော်လင့် မထင်ထားဘဲ သိလိုက်ရလေသည်။ တီးမားတွင် အနီးကပ်ရှိထိုကချင်ရွာ အနီးတောင်ကုန်း ပေါ်၌သားကြီးတို့ စခန်းချပါသတဲ့။ အနီးအနားရွာများသို့သူတို့ရှိကြောင်းလှန့်သည့်အနေဖြင့် တောင်ကုန်းပေါ်မှ ဆင်းလာပြီး သေနတ် ဖောက်လိုက် သူမှာလည်းသူပင် ရှေ့ဆုံးကဖြစ်ကြောင်း ပြောပြပါသည်။ သားက ကျွန်မနှင့် ၆ လခန့်သာခြားလျက် ၁၉၈၂ ခုနှစ်ကုန်ပိုင်းမှာတပ်မတော်ထဲ ဝင်ခဲ့သူဖြစ်၏။ ရွာသို့ ၁၉၉၅ ခုနှစ်မှာသုံ့ပန်းအဖြစ် ကျွန်မ ပြန်မရောက်မီကပင် ကရင်ပြည်နယ်ဘက်စစ်ဆင်ရေး (မာနယ်ပလော) မှာ နှစ်စဉ်နီးပါး တာ၀န်ကျခဲ့သည်။ သားက တပ်၀င်စဉ် မိခင်နာမည်၌ ` ကွယ်လွန် 'ဟု ရေးပေးမည်။ စစ်စိတ်၊ စစ်သွေးပါပုံရသောသားသည် ဒုတိယတန်းဖတ်စာ သင်ခဲ့ကတည်းက စစ်သူကြီးမဟာဗန္ဓုလကို အထူးအားကျခဲ့သူဖြစ်၏။ နောက်တော့ သူအား ကျစံပြုရာသည် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာပြန်လေသည်။ တစ်ဖန် သည်ထက်ကြီးပြင်းလာချိန်၌ ကျွန်မဖတ်သော နိုင်ငံရေး စာအုပ်များကိုယူဖတ်ကျင့်ရှိရာမှ ချေခွေးဗားရားကိုသူပွဲပြန်ပါ၏။ ထိုသားသည် ၁၆ နှစ်မပြည့်မီကပင် အသက်လိမ်၍ စစ်ထဲဝင်ခဲ့၏။ စစ်တပ်ကအသက်မပြည့်၍ လက်မခံသော် အိမ်မပြန်ရဲတော့ပြီဆိုပြီး စစ်ဗိုလ်အိမ်မှာ ကပ်လျက်နေခဲ့သူ။ ရန်ကုန်သို့ ကျွန်မ ပြန်ရောက်သည့်အခါရှေ့တန်းထွက်ခါ နီးမွေ့မိခင်ကို ကန်တော့လိုကြောင်း၊ မိခင်၏ လုံချည်ရေသီနားကိုဆောင်သွားလိုကြောင်းပြောသဖြင့်ရန်ကုန်မှာ ကျွန်မတို့သား အမိ ပြန်လည်ဆုံစည်းကြ၏။ သို့မဟုတ်လျှင် ကျွန်မကလည်းစစ်တပ်တွင်းသို့ သွားရောက်လည်ပတ် တည်းခိုရန် စိတ်မကူးသေးချေ။ သူနှင့်တွေ့ခိုက် စကားစမြည်ပြောရင်း ကျွန်မ၏ ပထမဆုံးတိုက်ပွဲအတွေ့ အကြုံ၀ယ် ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့၌ ကျွန်မတို့တပ်ဖွဲ့ အားကျည်ဆန်လက်ဆောင်ပေးသူမှာ ကျွန်မ၏ ရင်နှစ် သည်းခြာသားကြီးသြရသဖြစ်နေကြောင်းသိလိုက်ရပုံကားဇာတ်နာလှပါပေသည်။ ဟိုဘက်ကအမေပေါ့နော် …ဟုဆိုကာ ခေါင်းငိုက်စိုက်ကျသွားသော သား၏မျက်နှာထားကို ကျွန်မတစ်သက်တွင် မေ့ပျောက်ရမည်မထင်တော့ပေ။ သူ့သေနတ်ဖျားမှာ ကျွန်မအသက်ပါသွားသည်ရှိသော် ဆိုသောအတွေးကသူ့မျက်နှာထက် မဖုံးနိုင် မဖိနိုင်။ ကျွန်မကအတော်ပင် နှစ်သိမ့်ဖြောင်းဖျခဲ့ရသောရေစ္စမတ်နေ့တစ်နေ့အကြောင်းက ကျွန်မတို့ သားအမိကြားတွင် ထာ၀စဉ် ဥဒါန်းတွင်နေမည်သာ။

ကျွန်မတို့သားအမိလိုဇာတ်လမ်းမျိုးသည် မြန်မာနိုင်ငံတွင်မည်ရွေ့မည်မျှရှိနေပါပြီလဲ။
ဟာလေလုယာ ဆိုမည်တွေ တိတ်တဆိတ် ရင်ထဲမှာပဲလား။
မီးလောင်ပြင်မှာ ခရစ္စမတ်သစ်ပင် မစိုက်အားပါ။စစ်ဘေးရှောင် ဝန်းမှာ Happy Christmas သံများမစည်နိုင်ရှာ။
အမေကသားကိုလွမ်း၍ သားကအမေ့ကို တမ်းတချိန်များ အောက်တွင် ခရစ္စမတ်အချိန်အခါသည် ပျောက်ရှနေလေပြီတကား။

မအိ

ဟိုမားကို လိုက်ရှာခြင်းဒီနိုဗို (မြန်မာပြန်)Chasing HomerLA'SZLO' KRASZNAHORKAI(2025  ခုနှစ် စာပေနိုဘယ်လ် ဆုရှင်)  တန်ဘိ...
04/12/2025

ဟိုမားကို လိုက်ရှာခြင်း
ဒီနိုဗို (မြန်မာပြန်)

Chasing Homer
LA'SZLO' KRASZNAHORKAI
(2025 ခုနှစ် စာပေနိုဘယ်လ် ဆုရှင်)

တန်ဘိုး - ၈၀၀၀ ကျပ်

📌 ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၁ ) ရက်နေ့ အထိ မှာယူမှုများအတွက်
📌ပို့ခ အခမဲ့ (Deli Free) နဲ့ ပို့ဆောင်ပေးပါမယ်။

👥အမည်
📫နေရပ်လိပ်စာ
☎ဖုံးနံပါတ် တို့ကို Messenger မှာ ပေးပို့ပြီး
မှာယူနိုင်ပါတယ်။

📌 ၀၉၄၂၀၃၀၇၀၃၀ ကိုလည်း
ဆက်သွယ် မှာယူနိုင်ပါတယ်။
📌
မှာယူသော စာအုပ်များကို ဒီဇင်ဘာ လကုန်ပိုင်းမှာ စတင်ပို့ဆောင်ပါ့မယ်။

"ဟိုးမားကို လိုက်ရှာခြင်း " (Chasing Homer)
(သို့မဟုတ်)
အဓိပ္ပာယ်မဲ့ အကြောက်တရား၏ စကြဝဠာ
===========================

ဤဝတ္ထုလေးသည် အကျဉ်းချုပ် ခြင်းကို ငြင်းဆန်နေသလို၊ အကျဉ်းချုပ်ခြင်းကို ကျော်လွန်နေခဲ့သည်။ «အမည်မသိ လူတစ်ယောက်သည် လျှို့ဝှက်လူသတ်သမားများထံမှ အသက်လု၍ ပြေးသည်၊ ဘဝအကြောင်း ကွေ့ဝိုက်သော မေးခွန်းများကို သူ့ဖာသာသူ ဆွေးနွေးငြင်းခုန်သည်» ဟူ၍ တစ်ကြောင်းထဲရေးလိုက်လျှင် ခရက်စ်နဟော့ကိုင်း၏ တမင်ဖန်တီးထားသော «အဓိပ္ပာယ်မဲ့မှု» ကို လွဲချော်သွားပေလိမ့်မည်။

ဘယ်သူက ဘယ်အချိန်မှာ ဘာကြောင့် ဘယ်လို လိုက်ရှာနေသလဲ ဆိုသည့် နောက်ခံအစပ်အဆက်ကို သူ ဂရုမစိုက်။ ဘယ်နေရာမှာ ပြေးနေသလဲ ဆိုသည်မှာလည်း ခဏတာ ဖြတ်ခနဲ လက်ခနဲ ဖြစ်သည်။ ဇာတ်ကြောင်းပြောသူကို «မယုံကြည်ရသောဇတ်ကောင်» ဟု ဆိုခြင်းသည် မလုံလောက်။ အဖြစ်အပျက်များနှင့် နောက်ခံအချက်များမှာ သူ့အတွင်း၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော နတ္ထိကဝါဒ စွဲလန်းရူးသွပ်မှု၏ အပြင်ဘက်ရှိ အသေးအဖွဲများ အပရိကများသာ။

ဤစာအုပ်သည် စိတ်လှုပ်ရှားဖွယ် စုံထောက်ဝတ္ထုလည်း မဟုတ်၊ ပြဇာတ်ဆန်ဆန် အက်ရှင်ဇာတ်ကြမ်းလည်း မဟုတ်။ တစ်ကြောင်းဆွဲ ဇာတ်လမ်းက ရုပ်ပြစာအုပ်ဆန်နေသော်လည်း။ ဤစာအုပ်သည် အခြေခံအုတ်မြစ်များကို ဖြိုဖျက်ပြီး ထွက်ပြေးခြင်း၊ ရပ်တန့်ခြင်း သို့မဟုတ် တစ်နေရာတည်းတွင် စွဲနေခြင်း၏ အချည်းနှီးဖြစ်မှု၊ ရူးသွပ်မှု၊ သေစေနိုင်မှုကို ဆိုလိုသည်။ တစ်ကြောင်းတည်းသော စိတ်က ရူးသွပ်မှုကို မွေးဖွားသည်။ ထိုရူးသွပ်မှုက ဇာတ်ကြောင်းပြောသူကို ဤပြေးလွှားမှုသည် အမှန်တကယ် ဖြစ်ပျက်နေခြင်းလား၊ တကယ့်လူသားများ မရှိသော မှောင်မိုက်ပြီး ကွေ့ကောက်နေသော စိတ်ကူးယဉ် လောက ထဲလား ဟု မေးခွန်းထုတ်စေသည်။

သီအိုရီဆိုင်ရာ အသိပညာနယ်ပယ်အားလုံးတွင် သူသည် အထူးသဖြင့် သင်္ချာကို ရွံရှာသည်။ သင်္ချာသည် အမြဲလှုပ်ရှား ပြောင်းလဲနေသော ကမ္ဘာကို စည်းမျဥ◌်းနှင့် အဓိပ္ပာယ်ပေးရန် ကြိုးစားသည်ဟု သူ ယူဆသည်။ «၁ + ၁ = ၂» ဟူသော ရိုးရှင်းမှုကပင် သူ့ကို နက်နက်ရှိုင်းရှိုင်း အနှောင့်အယှက်ဖြစ်စေပြီး ပျို့အန်ချင်စရာ ဖြစ်သည်။
ရာစုနှစ်များစွာ ကျွန်ုပ်တို့သည် ဂျီဩမေတြီကို စကြဝဠာတစ်ခုလုံး လွှမ်းခြုံထားသော ကျိုးကြောင်းညီညွတ်သည့် အစီအစဉ်နှင့် တည်ဆောက်ပုံဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထို့ပြင် ယူကလစ်၏ ကျောင်းသားတိုင်း ကောင်းစွာသိထားသကဲ့သို့ပင်၊ နောက်ပိုင်းသင်္ချာဆိုင်ရာ အတွေးအခေါ်အားလုံး၏ အခြေခံဖြစ်သော အမှတ်တစ်ခုတည်းကို အနက်ဖွင့်ဆိုရန် ခက်ခဲသော အလုပ်ဖြင့် စတင်သည်။ ထိုမှတစ်ဆင့် အားများနှင့် လှုပ်ရှားမှုများကို သင်္ချာနိယာမများဖြင့် ချုပ်နှောင်ယဥ◌်ပါးစေနိုင်သည်။ သို့သော် ဇာတ်ကြောင်းပြောသူအဖို့ တစ်ခုတည်းသော အမှတ်၊ လွှမ်းခြုံထားသော ဖွဲ့စည်းပုံများ၊ ယုတ္တိနှင့် သင်္ချာစနစ်များ နှင့် ရပ်နားမှု ပုံစံ အားလုံးသည် ထိန်းချုပ်မရသော ဗရမ်းဗတာ ရွေ့လျားမှုများ၏ ဂရုမစိုက်သော၊ ကျိုးကြောင်းမကျသော စကြာဝဋာ၏ ရူးသွပ်မှုများကို ချက်ပြုတ်ထားခြင်းမျှသာ ဖြစ်သည်။
“မည်သည့်အရာမှ အဆုံးစွန်သော ရည်ရွယ်ချက်မရှိသည့်အတွက်ပင်၊ တကယ်တမ်း ဘယ်အရာမှ ရည်ရွယ်ချက်မရှိ။ ၎င်းသည် အမြဲတစေ ဖြစ်တည်မှု၏ အမှုန်အမွှားတစ်ခုသာဖြစ်သည်။ သူကိုယ်တိုင်က ဖြစ်စဉ်တစ်ခုထက်မပို။ ဖြစ်စဉ်တစ်ခုမှ တစ်ခုသို့ လှည့်လည်သွားလာနေခြင်းသာ၊ သို့မဟုတ် ပိုမို တိကျစွာပြောရလျှင်၊ ဖြစ်စဉ်တစ်ခုမှ နောက်တစ်ခုသို့ လိမ့်သွားရင်း၊ နောက်ဖြစ်စဉ်တစ်ခုထဲသို့ ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားသည်အထိ ရုန်းကန်နေရသည်...”

၁၉၈၅ ခုနှစ် သူ၏ ပွဲဦးထွက် ဝတ္ထု Sátántangó မှစ၍
ခရက်စ်နဟော့ကိုင်းသည် ရှည်လျားသော ဝါကျများကို အထူးပြုခဲ့သည်။ ၂၀၁၁ ခုနှစ်ထုတ် 'Madness and Civilization' တွင် ဝေဖန်ရေးဆရာ ဂျိမ်းစ် ဝုဒ်က «တကယ်ပင် တစ်စုံတစ်ခု ဖြေရှင်းနေသလို ကိုယ့်ကိုယ်ကို ပြင်ဆင်နေသော ခြေလှမ်းမျိုး၊ သို့သော် နာကျင်စွာ၊ ရယ်စရာကောင်းစွာ၊ ဤပြင်ဆင်မှုများသည် မည်သည့်အခါမျှ မှန်ကန်သော အဖြေကို မဖြစ်ပေါ်စေခဲ့» ဟု ဆိုခဲ့သည်။ ထို့ပြင် သူက သဘောတရားအရ ဆန့်ကျင်ဘက်ဖြစ်နေသော «လှုပ်ရှားနေသော အကြောဆိုင်းမှု» ဟု ထပ်မံ သတ်မှတ်ခဲ့သည်။ ခရက်စ်နဟော့ကိုင်း၏ လက်ရာများကို ဘာသာပြန်ခဲ့သော ဂျော့ဂျ် ဆီးဇ်တက်စ်ကမူ « လောင်မြိုက်စီးဆင်းနေသော စကားလုံးချော်ရည်ပူများ၊ တစ်စစ နီးကပ်လာသော ကံဆိုးမိုးမှောင် ကျမှုနှင့် ပျက်စီးမှု၏ ကြွယ်ဝသော ပျစ်ချွဲချွဲ၊ အစုအဝေးတစ်ခု » ဟု တင်စားခဲ့သည်။

Chasing Homer တွင်လည်း ခရက်စ်နဟော့ကိုင်းသည် သူ၏ စာပေအမှတ်အသားဖြစ်သည့် အလုံးစုံ ပျက်သုန်းမှု ဆီသို့ သာဦးတည်ရေးဖွဲ့ထားသည်။ သူ့ဝါကျများ၏ ဆင်းရဲဒုက္ခခံစားရမှုနှင့် ညှဉ်းပန်း နှိပ်စက်ခံရမှုသည် ၎င်းတို့၏ဟန်နှင့် တည်ဆောက်ပုံတွင် ပွင့်လင်းမြင်သာစွာတင်ပြထားသည်။ ၎င်းတို့သည် ရှည်လျားရုံသာမက၊ မိမိကိုယ်ကိုတမင် စိတ်ညှိုးငယ် ရူးသွပ်စေသည်။ ခရက်စ်နဟော့ကိုင်းသည် စာအုပ်ခေါင်းစဉ်အတိုင်း အိမ်ပြန်လိုသော လူတစ်ယောက်ကို ရေးသည် မဟုတ်။ အိမ်ဆိုသည့် အယူအဆကို ရှောင်တိမ်းနေသော လူတစ်ယောက်ကို ရေးသည်။ သူ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှုကို အရှုံးမပေး။ ပြေးမည့်အစား ပုန်းနေဖို့ သေလောက်သည့် သွေးဆောင်မှုများကို ရှောင်နိုင်သရွေ့ အသက်ရှင်နိုင်မည်။
“ခိုလှုံရာနေရာများကို ရှာဖွေမနေဖို့ပင်။ အကြောင်းမှာ ထိုသို့သောခိုလှုံရာနေရာများသည် အန္တရာယ်ရှိဆုံးဖြစ်သည်။ ကျွန်ုပ်ကို လိုက်လံရှာဖွေသူ များသည် ပထမဆုံး ထိုနေရာများတွင်သာ ရှာဖွေမည်ဖြစ်သည့်အပြင်၊ ခိုလှုံရာနေရာများသည် သင်၏ကြောက်ရွံ့မှုကို တိုးပွားစေတတ်သည်။ အပြင်ဘက်ရှိ မသိရသောအန္တရာယ်များကို ကြောက်ရွံ့မှုသည် သူ့ဖာသာ ပြန်လည်ပေါက်ဖွားပြီး အားကောင်းကာ လွှမ်းမိုးလာသည်။ ၎င်းသည် သင့်အား ကောက်ချက်ချ နိင်စွမ်းမရှိတော့အောင် သို့မဟုတ် အပြင်ဘက်တွင် တကယ် ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ မှားယွင်းသော ကောက်ချက်များ ဆွဲမိစေသည်။ ထို့ကြောင့် ဤခိုလှုံရာနေရာများသည် ကိုယ့်ကိုယ်ကို သတ်သေသည့်ဗျူဟာတစ်ခုဖြစ်သည်။ ၎င်းသည် နောက်ဆုံးတွင် သင့်အား အကာအကွယ်မဲ့ဖြစ်စေသည်”

ဇာတ်ဆောင် ဖျက်ဆီးလိုသော ထောင်ချောက်များသည် ပြင်ပကမ္ဘာက ခိုလှုံရာနေရာများသာ မက၊ သူ့ဦးနှောက်ထဲရှိ ထောင်ချောက်များလည်း ပါဝင်သည်။ "ကောင်းခြင်းသည် ထောင်ချောက်အားလုံးထဲတွင် လှည့်စားမှုအရှိဆုံးဖြစ်သည်" ဟု သူကဆိုသည်။

သူသည် ပညာတတ်လည်း ဖြစ်သည်။ ရှေးဟောင်းနှင့် ခေတ်သစ် ဘာသာစကား၊ စာပေ၊ ဒဿနိကဗေဒ၊ သင်္ချာဘာသာရပ်များ နှင့် အထင်ကြီးစရာ ကိုယ်ရေးမှတ်တမ်းရှိသူဖြစ်သည်။ ယခု ထိုပညာများသည် အသုံးမဝင်။ အပြင်လောကတွင် ရှင်သန်ရေးနှင့် လက်နက်မပါ တိုက်ခိုက်ရေးအတွက် ကျွမ်းကျင်မှုများ မသင်ခဲ့ရခြင်းကို နောင်တရနေသည်။ သို့သော် လမ်းပေါ်ကဉာဏ် မရှိခြင်းက ပြေးလွှားရန် စိတ်ဓာတ်ကို မလျော့စေပါ။ ပညာရေးတွင် အဓိပ္ပာယ်နှင့် တန်ဖိုး မတွေ့သော အဓိပ္ပာယ်မဲ့ဝါဒီ ဖြစ်သော်လည်း၊ ရှင်သန်ရေး တိုက်ပွဲတွင် ရှုံးနိမ့်သူ မဟုတ်။

ဆူဇန် ဆွန်တက်ဂ် (ခရက်စ်နဟော့ကိုင်း၏ လက်ရာများကို ချစ်မြတ်နိုးသူ၊ သူ၏ ဇာတ်ညွှန်းဖြင့် ရိုက်ကူးထားသော ဘဲလာ တားရ်၏ ခုနစ်နာရီကြာ Sátántangó ရုပ်ရှင်ကို အထူးချီးကျူးသူ) အတွက်မူ စာသားကို ဖမ်းယူခြင်း၊ နားလည်သဘောပေါက်ခြင်း (သံသယရှိသူတစ်ဦးကို ဖမ်းဆီးသည့်နည်းတူ) နှင့် လက်လှမ်းမမီနိုင်သော၊ မျှော်လင့်ချက်မရှိသော "အဓိပ္ပာယ်" အတွက် ခွဲခြမ်းစိတ်ဖြာခြင်းဆိုသည့် လုပ်ငန်းစဉ်အားလုံးသည် အနက်ဖွင့်ဆိုခြင်းပင်ဖြစ်သည်။ ဤသည်မှာ အနုပညာ၏စွမ်းအားကို လုယူသော ကြမ်းတမ်းပြီး ခြောက်သွေ့စေသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ Sontag က 'Against Interpretation' အက်ဆေးတွင် "အစစ်အမှန်အနုပညာတွင် ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်စေနိုင်သော စွမ်းရည်ရှိသည်။ အနုပညာလက်ရာကို ၎င်း၏အကြောင်းအရာသို့ လျှော့ချပြီး အနက်ဖွင့်ဆိုခြင်းဖြင့် အနုပညာလက်ရာကို ယဉ်ကျေးအောင် ပြုလုပ် လိုက်ခြင်း ဖြစ်သည်။ အနက်ဖွင့်ဆိုခြင်းသည် အနုပညာကို စီမံခန့်ခွဲနိုင်စေ၊ သက်တောင့်သက်သာရှိစေသည်" ဟု ရေးသားခဲ့သည်။

ခရက်စ်နဟော့ကိုင်း၏ စာပေသည် ထိန်းချုပ်နိုင်ခြင်း၊ သက်သောင့်သက်သာ ဖြစ်ခြင်း လုံးဝ မရှိ။ ဖမ်းဆီးရ ခက်ခဲပြီး မထိန်းချုပ်နိုင်သော စီးကြောင်းအဖြစ် တမင်ဖန်တီးထားသည် ။ ဆွန်တက်ဂ်ကဲ့သို့ အနုပညာတစ်ခုလုံးအတွက် ပုံစံနှင့် အကြောင်းအရာကြား အချည်းနှီး ခွဲခြားမှုကို နည်းပါးအောင် လုပ်နိုင်သူများအဖို့ ခရက်စ်နဟော့ကိုင်းသည် အမြင်ရှိသူ ဖြစ်သည်။ Chasing Homer ၏ ရှည်လျားသော ဝါကျများသည် စီးဆင်းသည်၊ သွေးယိုစီးသည်အထိဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းကို ကြမ်းတမ်းပြီး အနုပညာဆန်မှုကို ဖျက်ဆီးသည့် အနက်ဖွင့်ဆိုခြင်းဖြင့် သွေးယိုစီးအောင် မလုပ်ရပါ။ ဤကွေ့ကောက်နေသော စိတ်ကူးစီးကြောင်း ဝါကျများသည် ဇာတ်ဆောင်ကဲ့သို့ စာမျက်နှာပေါင်းများစွာ ပြေးလွှားနေပြီး ဖမ်းဆီးခံရမည် သို့မဟုတ် ဓားဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံရမည် ကြောက်ရွံ့သောကြောင့် အပြည့်အဝ ရပ်တန့်ခြင်း မရှိ။
ဤစမ်းသပ်ထားသော ရင်သိမ့်တုန်ဝထ္ထုတွင် စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို အလွှာတစ်ခုကို ခရက်စ်နဟော့ကိုင်းက ဘူဒါပက်စ်မြို့မှ အခမဲ့ဂျက်စ် ဂီတရေးသားတီးမှုတ်သူ ဆီးဗက်စတာ မီလွို့စ်၏ ဂီတဖြင့် ဖြည့်စွက်ထားသည်။ အခန်းတစ်ခန်းစီ ခေါင်းစဉ်အောက်တွင် QR ကုဒ်များဖြင့် သူ၏ အနုပညာအမြင်ကို ဒစ်ဂျစ်တယ် ခေတ်သို့ ယူဆောင်လာပြီး၊ ဂျာမန် စိတ်ကူးယဉ် ပန်းချီဆရာ
မက်စ် နူးမန်း၏ ပုံများဖြင့် Chasing Homer ကို ရောနှောမီဒီယာ Mixed Media အဖြစ် ပြောင်းလဲစေသည်။ မီလွို့စ်၏ မူမမှန်သော စည်းချက်နှင့် စမ်းသပ်မှုဆန်သော အသံများသည် ဂီတစည်းကမ်း အပြင်ဘက်တွင် ရှိသည်။ ဟာမိုနီနှင့် စည်းချက်သင်္ကေတများကို မောက်မာသောအတွေးအခေါ်များအဖြစ် မောင်းထုတ်ခံရသည်။ နူးမန်း၏ ပုံများသည် မှိန်ဖျော့သော အဖြူရောင် နောက်ခံ၊ မှုန်ဝါးနေသော အနက်ရောင် ပုံသဏ္ဌာန်များ၊ အိပ်မက်ဆိုးဆန်သော မျက်နှာများဖြင့် စိုးရိမ်ပူပန်မှုကို အနုပညာအဖြစ် ပုံဖော်မှု ဖြစ်သည်။

ခရက်စ်နဟော့ကိုင်းနှင့် သူ၏ ဇာတ်ဆောင်အဖို့ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအတွေ့အကြုံများသည် ကျွန်ုပ်တို့ကို တစ်ဦးချင်း တည်ရှိမှု၊ ရည်ရွယ်ချက်၊ နေရာ၊ အမှတ်အသားတို့တွင် ခိုင်မာစွာ ရပ်တည်နေသည်ဟု လှည့်စားနေသော အမြင်အာရုံ လှည့်ကွက် ဖြစ်သည်။ သို့သော် ဤသည်မှာ ကျွန်ုပ်တို့ အမြဲတမ်း အချည်းနှီး လွတ်မြောက်ရန် ကြိုးစားနေရသော ငရဲတစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တည်ရှိမှုဆိုင်ရာ ထိတ်လန့်မှုမှ လွတ်မြောက်ရန် သာမန်သက်တောင့်သက်သာရှိမှုများနှင့် ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ သေချာမှုများကို ရှာဖွေကြသော်လည်း၊ သေခြင်းနှင့် ပျက်စီးခြင်းသည် မဆုတ်မနစ် လိုက်လံ နေမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့တွင် အိုရီးစတီး (Orestes) ကဲ့သို့ ပင်ကျွန်ုပ်တို့၏စိတ်ကူးထဲရှိ Furies များထံမှ ထွက်ပြေးရန် ရွေးချယ်စရာမရှိဘူးလား။ မရှိဖို့ များပါသည်။
ဟိုးမားကို လိုက်ရှာခြင်းတွင် ဇာတ်လမ်းအထွတ်အထိပ်၊သို့မဟုတ် ဝမ်းနည်းဖွယ်ရာအဆုံးသတ်မရှိပါ။ သို့ရာတွင် ရယ်စရာကောင်းသော၊ မရေရာမှုနှင့် အဓိပ္ပာယ်မဲ့မှု၏ အဆုံးသတ်ပွေ့ဖက်မှုတစ်ခုသာ ရှိပေသည်။
==============================
ကျေးဇူးတင်ပါတယ်
Momentum Book Publishing

၂၀၂၅ ခုနှစ် စာပေနိုဘယ်ဆုရ စာရေးဆရာလက်စလို ခရက်စ်နဟော့ကိုင်း  ရဲ့ လက်ရာဟိုးမားကို လိုက်ရှာခြင်း ဒီနိုဗို (မြန်မာပြန်ဆိုသည...
30/11/2025

၂၀၂၅ ခုနှစ်
စာပေနိုဘယ်ဆုရ စာရေးဆရာ
လက်စလို ခရက်စ်နဟော့ကိုင်း ရဲ့ လက်ရာ

ဟိုးမားကို လိုက်ရှာခြင်း
ဒီနိုဗို (မြန်မာပြန်ဆိုသည်)

Chasing Homer
LÁSZLÓ KRASZNAHORKAI
(2025 Noble Prize in Literature)

လက်စလို ခရက်စ်နဟော့ကိုင်း (သို့မဟုတ်) အဆုံးမဲ့ အကထဲ မျက်လုံး မှိတ်မထားသူ လက်စလို ခရက်စ်နဟော့ကိုင်း၏ စာပေစကြဝဠာထဲ ဝင်ရောက...
28/11/2025

လက်စလို ခရက်စ်နဟော့ကိုင်း
(သို့မဟုတ်)
အဆုံးမဲ့ အကထဲ မျက်လုံး မှိတ်မထားသူ

လက်စလို ခရက်စ်နဟော့ကိုင်း၏ စာပေစကြဝဠာထဲ ဝင်ရောက်ခြင်းဆိုသည်မှာ ထူးခြားသော ရာသီဥတုတစ်မျိုးကို အလျှင်းမတွန့်ဆုတ်ဘဲ လက်ခံခြင်း ဖြစ်သည်။

နက်နက်ရှိုင်းရှိုင်း လှပနေသော ယိုယွင်းပျက်စီးခြင်း၏ အပိုင်းအစအမှုန်အမွှားလေးများ မဆုံးတမ်း ဖြည်းဖြည်းချင်း ရွာသွန်းနေသော ရာသီဥတု။ စာမျက်နှာပေါင်းများစွာ ဆန့်တန်းထွက်သွားသော ရှုပ်ထွေး၍ လမ်းကြောင်းများစွာ ကွေ့ကောက်နေသော ဝါကျများ။ ရူးသွပ်မှု၏ အစွန်းတွင် တုန်လှုပ်နေသော ဇာတ်ကောင်များ။ တစ်စစီ ပျက်ယွင်းနေသော (စိတ်)အတွင်းနှင့် အပြင် နှစ်မျိုးလုံး၏ ရှုခင်းများ။

၁၉၅၄ ခုနှစ် ဟန်ဂေရီတွင် မွေးဖွားခဲ့သော ဤစာရေးဆရာသည် ဝတ္ထုရေးသူ တစ်ဦးသာ မဟုတ်။ သူသည် ပျက်စီးခြင်း မြေပုံဆွဲသူ၊ ကမ္ဘာပျက်ကာလ၏ ကဗျာဆရာ၊ အဓိပ္ပာယ် အဆောက်အအုံများ၏ ပျက်စီးလွယ်မှုကို အဓိက စူးစမ်းသူ ဖြစ်သည်။

ဤကမ္ဘာသည် ဗရမ်းဗတာအဖြစ်ဆီသို့ အရှိန်နှင့် ပြေးဝင်နေသည်။ သူ၏ ဘဝနှင့် လက်ရာများသည် ထိုအရှိန်ကို မျက်ခြည်မပြတ် စိုက်ကြည့်နေသည့် တစ်ခုတည်းသော မှတ်တမ်းမျှသာ ဖြစ်သည်။ ထို့ကြောင့် သူ့စာအုပ်တစ်အုပ်ကို ဖွင့်လိုက်သည်နှင့် သင်သည် မိုးရွာသံကို ကြားရပြီ။ ပျက်စီးခြင်း၏ မိုးရွာသံကို။ ထိုအသံသည် ဘယ်တော့မှ မရပ်တန့်ပါ။ သင်လည်း မရပ်တန့်ရပါ။ အဘယ်ကြောင့်ဆိုသော် ရပ်တန့်ခြင်းသည် သေခြင်းဖြစ်သည်။ ခရက်စ်နဟော့ကိုင်း၏ စကြဝဠာတွင် တစ်ခုတည်းသော တရားမှာ ဆက်လက် ရွေ့လျားနေခြင်း ဖြစ်သည်။
ထို့ကြောင့်
ဖတ်ပါ။
ပြေးပါ။
မရပ်ပါနှင့်။
သို့မဟုတ်
မိုးစက်များက သင့်ကို လုံးလုံး ဖုံးအုပ်သွားလိမ့်မည်။

ခရက်စ်နဟော့ကိုင်း၏ အတ္ထုပ္ပတ္တိသည် သူ၏ အနုပညာဆိုင်ရာ စွဲလမ်းမှုများအတွက် မထင်ရှားသော်လည်း အရေးကြီးလှသော နောက်ခံအခြေအနေကို ပေးသည်။ သူ အရွယ် ရောက်လာချိန်သည် ဟန်ဂေရီ ကွန်မြူနစ်စနစ်၏ မီးခိုးရောင် ဗျူရိုကရေစီ ယန္တရားကြီး၏ နှောင်းပိုင်းကာလဖြစ်သည်။ ထိုစနစ်သည် ကြီးကျယ်ခမ်းနားသော ယူတိုပီယန် ဇာတ်ကြောင်းများဖြင့် တည်ဆောက်ထားခဲ့သော်လည်း အဓိပ္ပာယ်မဲ့မှုနှင့် ဖိနှိပ်မှုအဖြစ်သို့ ပြိုကျခဲ့သည် ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ပျက်စီးယိုယွင်းနေသော Grand Narrative မဟာဇာတ်ကြောင်းကြီးတစ်ခုထဲတွင် နေထိုင်ခဲ့ရသည့် အတွေ့အကြုံသည် သူ၏ လက်ရာများကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးထားသည်။ သူသည် ဥပဒေနှင့် ဟန်ဂေရီစာပေကို လေ့လာခဲ့သော်လည်း သူ၏ ကျယ်ပြန့်သော ခရီးသွားလာမှုများ၊ အထူးသဖြင့် တရုတ်နှင့် ဂျပန်သို့ ခရီးစဉ်များသည် သူ၏ ဒဿနိကဗေဒဆိုင်ရာ ရှုထောင့်ကို ချဲ့ထွင်ပေးခဲ့သည်။ အချိန်၏ သံသရာလည်မှုနှင့် ဗလာနယ်ဆိုင်ရာ အယူအဆများပါရှိသည့် အရှေ့အာရှတွေးခေါ်မှုကို ရင်ဆိုင်ကြုံတွေ့ရခြင်းသည် အနောက်တိုင်း၏ မျဉ်းဖြောင့်ကျသော၊ တိုးတက်မှုဗဟိုပြုသည့် ကမ္ဘာ့အမြင်နှင့် ကွဲပြားသော အမြင်ကို သူ့အား ပေးအပ်ခဲ့သည်။ ဗဟိုဥရောပအတွေးအခေါ်နှင့် စကြဝဠာဆန်သော၊ အဆိုးမြင်သည့် အရှေ့တိုင်းရှုထောင့်တို့၏ ဤပေါင်းစပ်မှုသည် သူ၏ ထူးခြားသော အသံ ၊ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ခဲ့သည်။

ထို့ကြောင့် သူ၏ ဝါကျများသည် အဆုံးမဲ့ စီးဆင်းနေသည်။ အချိန်သည် စက်ဝိုင်းအတိုင်း ပတ်နေသည်။ အဓိပ္ပာယ်ဆိုသည်မှာ အမြဲ ပျက်စီးလွယ်သည်။ တိုးတက်မှုဆိုသည်မှာ လှည့်စားခြင်းသာ ဖြစ်သည်။ သူ ရေးသားသည်မှာ ပျက်စီးခဲ့သော ကွန်မြူနစ် ယူတိုပီယာကို မဟုတ်တော့။ အနောက်တိုင်း တိုးတက်မှု ယူတိုပီယာကိုပါ ဖြစ်သည်။ သူ ရေးသားသည်မှာ ဗဟို ဥရောပ၏ အမှိုက်ပုံထဲတွင် ထိုင်နေပြီး အရှေ့တိုင်း၏ ဗလာနယ်ကို ရှုမှတ်နေသော လူတစ်ယောက်၏ အမြင်ဖြစ်သည်။ ထို့ကြောင့် သူ၏ စကြဝဠာတွင် မျှော်လင့်ချက်ဆိုသည်မှာ မရှိ။ သို့သော် ဗလာနယ်ထဲတွင် အလှတရား ရှိသည်။ အဆုံးမဲ့ စီးဆင်းနေသော ဝါကျများထဲတွင် လွတ်မြောက်မှု ရှိသည်။ သူ ရေးသားရခြင်းမှာ ပျက်စီးနေသော ဇာတ်ကြောင်းကြီးများကို ထပ်မံ မယုံကြည်ရန် ဖြစ်သည်။ အဆုံးသတ်ဆိုသည်မှာ မရှိကြောင်း၊ အစဆိုသည်မှာ မရှိကြောင်း တစ်ခုတည်းသော အမှန်တရားမှာ ဆက်လက် ရွေ့လျားနေခြင်း ဖြစ်ကြောင်း သူ ကြေညာရန် ဖြစ်သည်။ ထို့ကြောင့် သူ၏ ဝါကျများသည် အဆုံးမဲ့ စီးဆင်းနေရသည်။ ရပ်တန့်လျှင် သေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ခရက်စ်နဟော့ကိုင်း၏ စကြဝဠာသည် အရှေ့နှင့် အနောက်၊ ကွန်မြူနစ်နှင့် ဗုဒ္ဓဘာသာ၊ ယူတိုပီယာနှင့် ဗလာနယ် တို့၏ အဆုံးစွန်ဆုံး ပေါင်းစပ်မှု ဖြစ်သည်။

သူ၏ စာပေပရောဂျက်ကို ပထမဆုံး ဝတ္ထု စာတန်တန်ဂို (၁၉၈၅) ဖြင့် အပြည့်အဝ ကြေညာခဲ့သည်။
မိုးမပြတ်ရွာနေသော၊ ရွံ့ဗွက်များ ပြည့်နှက်နေသော၊ နိုင်ငံတော်က လုံးဝ စွန့်ပစ်ထားခဲ့သော စုပေါင်းခြံတစ်ခုတွင် ဇာတ်အိမ်တည်ထားသည့် ဤဝတ္ထုသည် သူ့ စကြဝဠာတစ်ခုလုံး၏ အသေးစား မြေပုံ ဖြစ်သည်။ အရက်သမား၊ ၊ လူလိမ်၊ လမ်းပျောက်နေသော ဝိညာဉ်များ စုစည်းထားသော အသိုက်အဝန်း။ သူတို့သည် ဆွဲဆောင်မှုရှိပြီး (messiah) မက်ဆိုင်းယာ အသွင်ရှိသော အီရီမီယာ့စ် ပြန်လာမည်ကို စောင့်ဆိုင်းနေကြသည်။ သူက ကယ်တင်ခြင်းကို ကတိပေးသည်။ သို့သော် တကယ်တမ်း ပေးအပ်သည်မှာ ပို၍ သန့်စင်သော ပျက်စီးခြင်းတစ်မျိုးသာ ဖြစ်သည်။ ဝတ္ထု၏ ထင်ရှားသော ဖွဲ့စည်းပုံ—အခန်း ၁၂ ခန်း—သည် တန်ဂိုအက၏ ရှေ့တိုး နောက်ဆုတ် ခြေလှမ်းများကို အတိအကျ ထင်ဟပ်သည်။ တိုးတက်မှုဆိုသည်မှာ လှည့်စားခြင်းသာ ဖြစ်ပြီး သမိုင်းဆိုသည်မှာ လှည့်စားမှုနှင့် ကိုယ့်ကိုယ်ကို လှည့်စားမှု၏ ပိတ်ဆို့ထားသော စက်ဝိုင်း တစ်ခုဖြစ်ကြောင်း ထင်ရှားစေသည်။ ဤတွင် ခရက်စ်နဟော့ကိုင်း၏ ထူးခြားသော ဟန်သည် ပြည့်စုံပြီးဖြစ်သည်၊ သူ့ဇာတ်ကောင်များ၏ စိတ်အစွဲများ၊ ခရုပတ်ပုံစံအတွေးများကို အတုယူထားသည့် မရပ်တန့်နိုင်သော၊ ရေတံခွန်လို စီးဆင်းနေသော ဝါကျများသည် ကြောက်စရာ ကောင်းပြီး စွဲမက်ဖွယ်ကောင်းသော ပြင်းထန်သည့် သိပ်သည်းဆကို တည်ဆောက်ပေးသည်။
စာမျက်နှာပေါင်းများစွာ ဖြတ်ကျော်လာသည့်
တစ်ကြောင်းထဲသော ဝါကျ၊
ဖြတ်တောက်မရ။
အသက်ရှူခွင့် မပေး။
အဆုံးသတ်ခွင့် မပေး။
ဤသည်မှာ သူ၏ စတင်မှု ဖြစ်သည်။
ဤသည်မှာ သူ၏ ကမ္ဘာ ဖြစ်သည်။
မိုးရွာနေဆဲ ဖြစ်သည်။
ရွံ့ဗွက်များ ပိုမို နက်ရှိုင်းလာသည်။
အီရီမီယာ့စ် ပြန်မလာပါ။
သို့သော် လူများ စောင့်နေဆဲ ဖြစ်သည်။
စက်ဝိုင်းအတိုင်း ပတ်နေဆဲ ဖြစ်သည်။
တန်ဂိုအက မပြီးဆုံးပါ။
ဘယ်တော့မှ မပြီးဆုံးပါ။

ဤသည်မှာ ခရက်စ်နဟော့ကိုင်း၏ ပထမဆုံး ကြေညာချက် ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် သူ ကမ္ဘာကို ပြောခဲ့သည်။
“မင်းတို့ ရှေ့သို့ တိုးနေသည်ဟု ထင်နေသော်လည်း တကယ်တမ်းက တစ်နေရာတည်းမှာသာ ပတ်နေခဲ့သည်။”

ဤစကားသည် သူ၏ နောက်ဆုံး ဝတ္ထုအထိ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ၂၀၂၅ ခုနှစ် နိုဘဲလ်ဆုရရှိချိန်အထိပင်။
ခရက်စ်နဟော့ကိုင်းအား "အဆိုးမြင်ဝါဒီ" အဖြစ် တံဆိပ်ကပ်ခြင်းသည် သူ၏ စာပေပရောဂျက်ကို မှားယွင်းနားလည်ခြင်းပင် ဖြစ်သည်။ သူ၏ မြင်ကွင်းသည် မှောင်မိုက်လှသည်မှာ ငြင်းမရသော်လည်း၊ သူ၏ စာရေးခြင်း လုပ်ရပ်ကိုယ်၌— သူ့ ဘာသာစကား၏ အံ့ဖွယ်ရှည်လျားမှု၊ အဆက်မပြတ် ထိန်းသိမ်းထားနိုင်မှု၊ ရင်သပ်ရှုမောစရာ အားထုတ်မှု_— ကခုခံမှုတစ်ရပ်ပင်ဖြစ်သည်။ သူ၏ ရှည်လျားသော ဝါကျများသည် ပျက်စီးခြင်း၏ လက္ခဏာမဟုတ်ဘဲ၊ ယင်းကို ဂရုတစိုက် တိကျစွာ၊ ဂီတဆန်ဆန် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့ခြင်း၏ ရေလွှမ်းမိုးမှုကို ကာကွယ်ရန် တည်ဆောက်ထားသော ဆည်များဖြစ်ပြီး၊ ဗိသုကာပညာ၏ သိပ်သည်းသောအားဖြင့် ဗလာနယ်ကို တားဆီးထားသည်။ သူ့ကိုဖတ်ရှုခြင်းသည် စိတ်ဓာတ်ကျစရာအတွေ့အကြုံမဟုတ်ဘဲ၊ စိတ်နှလုံးသားသက်သာရာရစေသော အတွေ့အကြုံ တစ်ခုဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား အမှောင်ထုကို ဖြတ်သန်းခေါ်ဆောင်သွားပြီး ကျွန်ုပ်တို့အား ထိုနေရာတွင် ထားရစ်ခဲ့ရန်မဟုတ်ဘဲ၊ ပြိုလဲခြင်း၏ ဗဟို၌ပင် ထိတ်လန့်စရာ၊ အံ့အားသင့်ဖွယ် အလှတရားတစ်ခုရှိကြောင်း၊ ဖုန်မှုန့်များ ကျဆင်းလာသည့်အခါ ဖြစ်ပေါ်လာသော ရှုပ်ထွေးသောပုံစံများ၏ အလှ၊ အပျက်အစီးများအတွင်း ရပ်တည်နေသော နောက်ဆုံးလူ၏ တည်ကြည်သောဂုဏ်သိက္ခာတို့ ကို မီးမောင်းထိုးပြခဲ့သည်။

ခရက်စ်နဟော့ကိုင်းသည် နှစ်သိမ့်မှု သို့မဟုတ် ကယ်တင်ခြင်းကို မဆောင်ကြဉ်းပေးပါ။ ယင်းအစား သူသည် အမှန်တရား၏ အေးစက်ပြတ်သားသော အလင်းရောင်ကို ဆောင်ကြဉ်းပေးသည်။ သူသည် ၂၀ ရာစုနှင့် ၂၁ ရာစုများ၏ မှောင်မည်းသော ဝိညာဉ်လှိုဏ်ဂူ— ၎င်း၏ နိုင်ငံရေးပျက်ကွက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးများနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဗလာနယ်များ—အတွင်းသို့ စိုက်ငေးကြည့်ရှုခဲ့ပြီး ပြန်လည်အစီရင်ခံရန် သတ္တိရှိခဲ့သူ တစ်ဦးဖြစ်ကာ၊ ကျွန်ုပ်တို့ခေတ်၏ စွမ်းအားအပြင်းထန်ဆုံးနှင့် မူရင်းဆန်ဆုံး စကားပြေအချို့ဖြင့် ထိုဝိညာဉ်လှိုဏ်ဂူသည် ဗလာမဟုတ်ကြောင်း ၎င်းသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ပုံရိပ်များဖြင့် ပြည့်လျှမ်းနေပြီး၊ ထိုရောင်ပြန်ဟပ်မှုများသည် ကျွန်ုပ်တို့ ကိုယ်တိုင် ဖန်တီးထားသော အဆုံးမဲ့၊ လှပ၊ ထိတ်လန့်စရာ အက တစ်ခုထဲတွင် အတူတကွ အကခုန်နေကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူ ပြောသည်။ “ကြည့်ပါ။ ဤသည်မှာ ငါတို့ ဖြစ်သည်။ ဤသည်မှာ ငါတို့ ဖန်တီးထားသော အရာ ဖြစ်သည်။ ဤသည်မှာ ငါတို့ အက ဖြစ်သည်။”
ထို့ကြောင့် သူ ရေးသားနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဖတ်ရှုနေဆဲ ဖြစ်သည်။ မှန်ထဲ ကြည့်ရဲရန်။ ကျွန်ုပ်တို့ ကိုယ်တိုင် မြင်ရဲရန်။
အမှန်တရား၏ အေးစက်စက် အလင်းထဲတွင် ကခုန်နေဆဲ ဖြစ်ကြောင်း အတူတကွ သက်သေထူရန် ဖြစ်သည်။
ဤသည်မှာ ခရက်စ်နဟော့ကိုင်း။
အမှန်တရား၏ မှန်ကို ကိုင်ထားသူ။
အဆုံးမဲ့ အကထဲ တစ်ဦးတည်းသော မျက်လုံးမှိတ်မထားသူပင်။

ဒီနိုဗို

ဒုတိယအကြိမ်
13/09/2025

ဒုတိယအကြိမ်

17/06/2025

ဆရာကြည်မင်း
၁၆ /၆/ ၂၀၂၅ နေ့ ည ၁၁ နရီ ၁၅ မိနစ်မှာ
ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါတယ်။
ဆရာ ကောင်းရာသုဂတိ မှာ ငြိမ်းချမ်းပါစေ။

"စာသမားတွေအတွက် စာအုပ်လေးအုပ်"••••••••••••••••ဆရာညိုထွန်းလူ ရဲ့ ဖတ်ညွှန်းပါ။📌စာသမားများနှင့်စပ်၍ ကျွန်တော်သတိထားမိသည်မှာ...
25/03/2025

"စာသမားတွေအတွက် စာအုပ်လေးအုပ်"
••••••••••••••••
ဆရာညိုထွန်းလူ ရဲ့ ဖတ်ညွှန်းပါ။

📌
စာသမားများနှင့်စပ်၍ ကျွန်တော်သတိထားမိသည်မှာ . ..
စာသမားမည်သည် မျက်စိနှစ်လုံး ပွင့်နေသည့်အချိန်ကာလအတွင်း စာအုပ်မရှိလျှင် မနေတတ်ဟူသောအချက်ပင်ဖြစ်လေသည်။ စာသမားဟု ကျွန်တော်က ဆိုလိုက်သဖြင့် ထိုအသိုက်တွင် တက္ကသိုလ်ပါမောက္ခ၊အထက်တန်းကျောင်းဆရာ၊ယဉ်ကျေးမှုဝန်ထမ်း၊အယ်ဒီတာများသာပါသည်မဟုတ်ပါ။ ဘာအလုပ်ကိုပင် လုပ်ကိုင်နေပါစေ၊စာအုပ်ကိုတယုတယရှိတတ်သော၊စာအုပ်ကိုမက်မက်မောမော ဖတ်တတ်သော လူစားသည် စာသမားပင်ဖြစ်ပါသည်။
ညွှန်း- စာသမား(ဆရာတိုက်စိုး)


ဆရာနေမင်းနိုင် ဘာသာပြန်ဆိုခဲ့သည့် တရုတ်စာရေးဆရာ ယန်းလျန်ခဲ၏ စာအုပ်လေးအုပ်ကိုဖတ်ရှုပြီးနောက် အထက်ဖော်ပြပါအတိုင်း ဆရာတိုက်စိုး၏ စာသမားသည်ကျွန်တော့်အတွေးထဲသို့ဖျတ်ကနဲ ရောက်လာခဲ့သည်။ ထို့နောက်ကိုယ်ဖတ်ခဲ့ရသည့်စာတွေအကြောင်းကို လက်ဖက်ရည်ဆိုင်တွင် တစ်ယောက်နှင့်တစ်ယောက် ကြည်ကြည်နူးနူး အရသာရှိရှိဖြင့်အပြန်အလှန်မျှဝေခံစားခဲ့ကြသည့် ကွယ်လွန်သူ ကိုသိုက်ကြီး(စာရေးဆရာသိုက်ထွန်းသက်)ကိုလည်းလွမ်းသတိရလိုက်မိပြန်သည်။ စာသမားတွေ၏ ဘဝနှင့်လောကသည် သူတို့သံယောဇဉ်တွယ်တာနေကြသည့်စာအုပ်တွေထဲမှာပဲရှိနေကြစမြဲ။



သူတို့အချင်းချင်း လက်ဖက်ရည်ဆိုင်မှာဆုံကြသည်။ ဖတ်ခဲ့ရသည့်စာအုပ်တွေအကြောင်းပြောကြမည်။ ရေနွေးကြမ်းလေးမော့လိုက်၊စိတ်ကူးထဲပေါ်လာသည့်စာအုပ်တွေအကြောင်းပြောလိုက်။ တစ်ခါတရံတော့ အကြမ်းပန်းကန်ထဲက ရေနွေးတွေအေးစက်နေသည်ကိုသတိမထားမိဘဲ မုဒိတာပွားပြီးပြောခဲ့
ကြသည့်စာအုပ်တွေထဲမှာပဲနစ်မြောနေခဲ့ရသည့်အဖြစ်။ အဲသည်လို လွမ်းစရာကောင်းသည့် တစ်ခါက စာသမားတွေ၏ဘဝကိုကျွန်တော်သံယောဇဉ်ကြီးခဲ့သည်။

စာသမားတွေ၏စိတ်အာရုံထဲတွင်သူတို့ဖတ်ခဲ့ကြသည့်စာအုပ်တွေအကြောင်းပဲရှိသည်။ သို့ရာတွင် တဆင့်တက်၍ စာအုပ်ဈေးကွက်အကြောင်းကိုပြောမိကြလျှင်ဖြင့်(ကိုယ်တိုင်ကလည်းစာရေးနေသူမို့) နည်းနည်းလေးအသက်ရှူကျပ်ချင်သလိုလိုဖြစ်ရပြန်တော့၏။
ယနေ့ကာလကြီးတွင် ရသဝတ္ထုတွေ
မျက်နှာငယ်နေရရှာသည်။

ဝတ္ထုတွေရေးကြသည့်စာရေးဆရာတွေခမျာလည်း မဂ္ဂဇင်းတွေပျောက်ကုန်၍ရေးကွက်နေရာမရှိ။

ထို့ပြင် အစစအရာရာကုန်ဈေးနှုန်းတွေကြီးမြင့်နေ၍ စာအုပ်တစ်အုပ်ဖြောင့်ဖြောင့်ဖြုးဖြူးထွက်ဖို့အရေးကလည်းမလွယ်ကူ။ ပြီးတော့ထုတ်ဝေသူတွေဖက်ကိုကြည့်ပြန်သောအခါ သူရို့ခမျာများလည်း သူ့အမောနဲ့သူ။ ယင်းသမို့ကြောင့် စာအုပ်ဈေးကွက်တွင်ရေရာသေချာဖို့ နေကြာစိုက်ကြရမည့်အရေးကအတော်ကိုမလွယ်သည့်ကိစ္စဖြစ်သည်။

အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်တွေကလည်းများသမှုတ်လား။ သည်တော့ထုတ်ဝေသူနှင့်စာရေးဆရာတွေလည်း သားရွှေအိုးထမ်းရမည့်ကိန်းဆိုက်ဖို့အရေးကိုသိပ်မမျှော်လင့်ရဲကြတော့။ မည်သို့ပင်ဖြစ်စေ တတ်နိုင်သမျှတော့ လုံးချင်းဝတ္ထုတွေနှင့် ဘာသာပြန်ရသဝတ္ထုတွေကို ထုတ်ဝေနေကြဆဲဖြစ်၍တော်သေးရဲ့ဟုတွေးလိုက်မိသည်။
ဘာသာပြန်ရသဝတ္ထုတွေ၏စာအုပ်ဈေးကွက်အနေအထားကို ကျွန်တော်မသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်စဉ် ဘာသာပြန်ရသဝတ္ထုစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် လစဉ်ထွက်နေဆဲမို့ဝမ်းသာနေရ၏။

ဘာသာပြန်ဆိုသူစာရေးဆရာတွေက ကျွန်တော့်ထက်အသက်ငယ်ရွယ်သူ၊ကျွန်တော်နှင့်ရွယ်တူတန်းတူ၊ကျွန်တော့်ထက်အသက်အရွယ်ကြီးရင့်သူစသဖြင့် အမျိုးမျိုးရှိကြသော်လည်းသူတို့၏စေတနာဖြင့်အားထုတ်မှုကြောင့် ကျွန်တော်တို့စာဖတ်သူတွေလည်းနိုင်ငံတကာစာပေနှင့်ထိတွေ့ရင်းနှီးခွင့်ရလာခဲ့ကြသည်။ ဖတ်ခဲ့ရသည့်၊ဖတ်နေဆဲနိုင်ငံတကာက ဝတ္ထုတွေ။ အရှေ့တောင်အာရှကဝတ္ထုတွေ(အထူးသဖြင့်ထိုင်း၊ဗီယက်နန်၊အင်ဒိုနီးရှား)။ တရုတ်၊အိန္ဒိယ၊ဂျပန်။ ပြီးတော့ ဥရောပ၊အမေရိကန်၊အာဖရိကနှင့်လက်တင်အမေရိကစသည်ဖြင့်။

နိုင်ငံတစ်နိုင်ငံနှင့်လူမျိုးတစ်မျိုး၏အကြောင်းကိုသိနားလည်ဖို့ စာအုပ်စာပေတွေကတဆင့် ဆက်သွယ်ပေးထားသည်။ အဲဒါမှလည်းတစ်ယောက်အကြောင်းတစ်ယောက်အပြန်အလှန်နားလည်မှုရှိပြီး ကိုယ်ချင်းစာနာစိတ်တွေနှင့်ချစ်ခင်ရင်းနှီးမှုတွေတိုးပွားလာကြမည်။ ဤကမ္ဘာတွင် နေရာဒေသတွေခြားနား၊အသားအရောင်တွေကွဲပြားလည်းမူလဇစ်မြစ်က လူပဲမဟုတ်ပါလား။

ယနေ့အချိန်မှာဖြင့် ရွာကြီးတစ်ရွာလိုဖြစ်နေသည့်ကမ္ဘာကြီးသည် ဆူပွက်နေ၏။ နိုင်ငံတော်တော်များများမှာရှိကြသည့်အစိုးရတွေက သူတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားလက်
လွတ်လုပ်ကြသည်ကိုတွေ့မြင်နေရ၏။
ဦးပြုံးချို၏တေးဘုမ္မာသီချင်းထဲကလို တေးဘုမ္မာ၊အနိစ္စ ဒုက္ခ အနတ္တ တရားမရကြ မှားကြအလွန်သာဟူ၍သာပြောရတော့မည်။ သို့သော်
လည်း အုပ်ချုပ်သူအစိုးရနှင့်ပြည်သူလူထုကိုခွဲခြားမြင်ကြဖို့ လိုသည်။ တစ်နိုင်ငံက အစိုးရမကောင်းတာတွေကိုဒေါပွပြီး အဆိုပါနိုင်ငံကလူမျိုးတွေကိုပါ ရောကြုံး၍ ငါကိုင်တုပ်လို့ဘယ်ဖြစ်ပါ့မလဲ။ အစိုးရဆိုသည်ကအနိစ္စမို့ အချိန်တန်သည်နှင့် စင်မြင့်ပေါ်မှဆင်းသွားရမှာမြေကြီးလက်ခတ်မလွဲ။ နိုင်ငံနှင့်ပြည်သူလူထုသာလျှင် ကျန်ရစ်နေပါလိမ့်မည်။

. . .

♦စာအုပ်လေးအုပ်ကိုရေးသားခဲ့သူ စာရေးဆရာယန်းလျန်ခဲကို ၁၉၅၈ခုနှစ်တွင် တရုတ်ပြည် ဟဲနန်ပြည်နယ် စုန့်ခရိုင်မှာမွေးဖွားခဲ့သည်။ သူ့ခမျာ မဟာအငတ်ဘေးကြီး(၁၉၅၉ . .၁၉၆၁)ကိုကြုံတွေ့ခဲ့ရပြီး ကလေးဘဝမှဆယ်ကျော်သက်အရွယ်ထိအောင် ဘဝတလျှောက်လုံးဆင်းရဲမွဲတေမှုနှင့်ရောဂါဘယထူပြောမှုများကိုရင်ဆိုင်ဖြတ်သန်းလာခဲ့ရသည်။ ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နှင့်ကျောင်းထွက်ခဲ့ရပြီး သူဖြတ်သန်းခဲ့ရသည့်ခေတ်နှင့် သူ့ဘဝအတွေ့အကြုံများ
သည် သူ့စာပေလက်ရာများတွင်ထင်ဟပ်နေလျက်ရှိသည်။

တရုတ်ပြည်တွင်ပြည်သူများက အာဏာပိုင်တို့အား ဝေဖန်ခွင့်ပြုခဲ့သည့်ပန်းပေါင်းတစ်ရာလှုပ်ရှားမှု(၁၉၅၆)နှင့်လက်ယာဆန့်ကျင်မှု(၁၉၅၇)ပေါ်ပေါက်ခဲ့သည်။ ပြည်သူများအကြားတွင်လည်း အချင်းချင်းတံဆိပ်ကပ်မှုများကြောင့် ပြန်လည်ပညာပေးရေးစခန်းသို့ တော်တော်များများပို့ဆောင်ခံကြရသည်။
ပြန်ညာစခန်းသို့ ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်တံဆိပ်အကပ်ခံလိုက်ရသည့် ပညာရှင်ပညာတတ်တွေအရေအတွက်မည်မျှရှိမည်လဲ။

မော်စီတုန်းက ၁၉၅၇ခုနှစ် နိုဝင်ဘာလကုန်တွင် မော်စကိုမှပြန်လာပြီး မဟာခုန်ပျံကျော်လွှားရေးအထွေထွေလမ်းစဉ်ကို ချမှတ်ခဲ့သည်။ အကျိုးဆက်အဖြစ်လူဦးရေဆယ်သန်းခန့် အစာရေစာငတ်မွတ်သေဆုံးခဲ့ရသည့်အငတ်ဘေးကြီးအပါအဝင် ကွပ်မျက်ခံရမှု၊ မတရားအလုပ်ကြမ်းခိုင်းစေခံရမှုတို့ကြောင့် လူဦးရေသန်း၃၀မှ၄၅သန်းအထိ သေဆုံးခဲ့ကြရသည်။

စာအုပ်လေးအုပ်ဝတ္ထုကို ယန်းလျန်ခဲက ထိုခေတ်ထိုကာလ၏ ပေါ်လစီရေးရာအမှားအယွင်းများနှင့်လူသားတို့ကြုံတွေ့ခဲ့ကြသည့် ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်များကို အသေးစိတ်ရှာဖွေဖော်ထုတ်ထားသည်။ ဆိုရလျှင်ပြန်ညာ(ပြန်လည်ပညာပေးရေး)စခန်းတစ်ခုကိုဇာတ်အိမ်တည်ထားပြီး ထိုစခန်းမှာ ရာဇဝတ်သားအဖြစ်သတ်မှတ်ခံခဲ့ရ
သည့် ပညာတတ်ပညာရှင်တွေအကြောင်းကိုရေးထားခြင်းဖြစ်သည်။
တရုတ်ပြည်သူများသည် ယဉ်ကျေးမှုတော်လှန်ရေး(၁၉၆၆ . .၁၉၇၆)ကိုလည်းကြုံတွေ့ခဲ့ရသည်။ ထိုအချိန်ကကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို တရုတ်စာရေးဆ
ရာများရေးသားသည့်ဝတ္ထုတွေထဲမှတဆင့် ကျွန်တော်တို့သိခွင့်ရခဲ့သည်။

ဥပမာဆရာနေဝင်းမြင့်ဘာသာပြန်ခဲ့သည့်တရုတ်စာရေးဆရာယဲ့ရှင်၏ လင်မျှော်တိမ်။
ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း မော်စီတုန်းရဲ့ညွှန်ကြားမှုအရ အထက်တန်းကျောင်းဘွဲ့ရလူငယ်မောင်မယ်(၁၄)သန်းကျော် မြို့ပြမှကျေးလက်သို့စေလွှတ်ခြင်းခံရသည်။ မူဝါဒအမှားအယွင်းနှင့်စနစ်တစ်ခုအောက်မှာအညွန့ကျိုးခဲ့ရသည့်လူငယ်တွေနှင့်နောက်မျိုးဆက်အထိရိုက်ခတ်ခံရသည့်အကြောင်းကိုစာရေးဆရာက ဝတ္ထုအဖြစ်ရေးဖွဲ့သွားခြင်းဖြစ်သည်။
ဆရာလူငြိမ်းဘာသာပြန် စာရေးဆရာလျောက်လူဂို၏ငါသည်တရုတ်ပြည်စာအုပ်ကိုလည်းဖတ်ဖြစ်သည်။

"အဲသည်စာအုပ်ထဲက အစုလိုက်အပြုံလိုက် သတ်ပွဲကြီးပြီး နောက်တစ်ရက်ကို ငါမှတ်မိနေသေးတယ်။ ငါတစ်ယောက်တည်း တီအင်မင်ရင်ပြင်ကိုထွက်လာခဲ့တာ။ အချိန်က ညသန်းခေါင်ယံအချိန်ပေါ့။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်ဖွဲ့တွေကတော့ သွေးစွန်းနေတဲ့မျက်နှာပြင်ကို ဆေး
ကြောနေကြတယ်။ အစာငတ်ခံဆန္ဒပြခဲ့တဲ့ တဲတွေကို ဖျက်သိမ်းနေကြပြီး ရင်ပြင်တစ်ခုလုံးဟာ လူသူကင်းမဲ့လို့။ ဒါပေမယ့်အမှိုက်တွေကတော့ နေရာတိုင်းမှာ ပြန့်ကျဲနေရာယူနေတုန်းပဲ။ နောက်တော့ သွေးစွန်းနေတဲ့ရှပ်တွေနဲ့ မာဖလာတွေရော။ တကယ်လို့ မင်းသာအနီးကပ်ကြည့်ခွင့်ရမယ်ဆိုရင်မျက်နှာပြင်ကျောက်သားထဲကိုစိမ့်ဝင်နေတဲ့ သွေးတွေ
ကိုမြင်နိုင်မှာ . . .။"

စာဖတ်ရင်းဖြင့် တစ်ချိန်က ကမ္ဘာကိုတုန်လှုပ်ချောက်ချားသွားစေခဲ့သည့် တရုတ်ပြည်က အဖြစ်အပျက်ကြီးကိုမြင်ယောင်သွားခဲ့သည်။ စာရေးဆရာလျောက်လူဂိုက
"ဝါဒတရားတွေအတွက် အသက်ပေးနေရတာကို ကျွန်မစက်ဆုပ်မိတယ်၊ ဒါတွေက ဝမ်းနည်းကြေကွဲစရာတွေများလွန်းနေပြီး လွမ်းဆွေးစရာ သက်သက်ပါပဲ၊ ပြီးတော့ဘာမှအရေးမပါတာတွေလေ၊ ကျွန်မအဖေတို့ မျိုးဆက်ဆိုဝါဒတိုက်ပွဲတွေအတွက် ပေးဆပ်ခဲ့ရုံသက်သက်ပဲ၊ ဒါတွေက ကျွန်မကို အမြဲချုပ်နှောင်ထားသလိုဖြစ်ပြီး မလွပ်လပ်သလိုခံစားရတော့ တကယ်မုန်းမိပါတယ်ဟုသူ့အမြင်ကိုပြောခဲ့သည်။ စဉ်းစားစရာဖြစ်သည်။

ထားလိုက်တော့၊ ပြန့်လျားသွားသည့်အတွေးတွေကို ဘရိတ်အုပ်၍ ပြောလက်စ စာအုပ်လေးအုပ်အကြောင်းကိုပဲဆက်ပါဦးမည်။


သည်ဝတ္ထု(စာအုပ်လေးအုပ်)ကို ဘာသာပြန်ဆိုခဲ့သည့်ဆရာနေမင်းနိုင်၏အမှာစာတွင် တရုတ်စာပေရေးရာများတွင် ယဉ်ကျေးမှုတော်လှန်ရေး(၁၉၆၆ _၁၉၇၆)နှင့် ပတ်သက်
သည်များကို ဝေဖန်ရေးသားကြသည်နှင့် နှိုင်းစာလျှင် မဟာခုန်ပျံကျော်လွှားရေးကာလနှင့် သူ၏နောက်ဆက်တွဲ အနိဌာရုံများကို ဖော်ထုတ်ခဲ့ကြသည်ကနည်းပါးလှပါသည်ဟု ရေး
သားထားသည်ကိုတွေ့ရှိရသည်။ သို့ကြောင့်ကျွန်တော်တို့စာဖတ်ပရိသတ်တွေအတွက် သည်စာအုပ်ကိုဖတ်ရင်း တရုတ်ပြည်က မဟာခုန်ပျံကျော်လွှားရေးအကြောင်းကိုသိခွင့်ရလိုက်၍ ကျေနပ်စရာဟုဆိုရတော့မည်။

စာအုပ်လေးအုပ်ဆိုတာကမြစ်ဟောင်းကြီး။ ရာဇဝတ်မှုမှတ်တမ်း။ ကောင်းကင်သားတော်နှင့်စီစီဖပ် ဒဏ္ဍာရီသစ်တို့ဖြစ်သည်။ စာရေးဆရာက မြစ်ဝါမြစ်ကြီးနဘေးရှိ ပြန်ညာစခန်းတစ်ခုစခန်းကိုးဆယ့်ကိုးကိုဇာတ်လမ်းတည်ထားသည်။ ပြီးမှဝတ္ထုထဲက ဇာတ်ကောင်တွေကို ကိုယ်ပိုင်အမည်မရှိဘဲ
အတွေးအခေါ်ပညာရှင်၊စာရေးဆရာ၊ဂီတပညာရှင်စန္ဒရားဆရာမ၊ဘာသာရေးပညာရှင်စသဖြင့်အမှတ်သင်္ကေတပြု၍ ရည်ညွှန်းဖော်ပြထားသည်။ အဲသည်စခန်းကိုကလေးသာသာ
ပေါက်စနလေးတစ်ယောက်က အုပ်ချုပ်သည်။
စာအုပ်လေးအုပ်ဖြစ်သော်လည်း စာအုပ်တစ်အုပ်က စာမျက်နှာအချို့သည် အခြားစာအုပ်၏ အခန်းစာမျက်နှာထဲသို့ခုန်ကူးသွားသည်ကိုတွေ့ရသည်။သို့ရာတွင် စာဖတ်သူတွေအဖို့ စိတ်အနှောင့်အရှက်မဖြစ် စာအုပ်လေးအုပ်အကြောင်းကိုမေ့လျော့သွားပြီး စာရေးဆရာ၏ အရေးအဖွဲ့အတတ်ပညာအားကောင်းလွန်း၍စာအုပ်ကြီးတစ်အုပ်လုံးကိုဖတ်ရင်း စီးမျောသွားသည်။ဖတ်ရတာက ပြန်ညာစခန်းမှာရှိကြသည့်အနိဌာရုံအကြောင်းတွေပါပဲ။ တစ်ချို့နေရာများတွင် ယုတ္တိလွန်ကဲနေသည်ကိုလည်းတွေ့ရသည်။
ကျွန်တော်သည် သည်ဝတ္ထုကြီးကို စိတ်ဆင်းရဲစွာဖြင့်ဖတ်ရသည်။ ရှေ့ဘာဖြစ်မည်ဆိုတာကိုလည်း သိချင်မိသည်။ စာအုပ်ထဲကအခန်းတိုင်းမှာ အနိဌာရုံတွေချည်း။ စိတ်ရွှင်လန်းစရာတစ်ကွက်မျှမရှိ။ သည်နှယ်ခံစားမှုမျိုးကို ဆရာမြသန်းတင့်ဘာသာပြန်သည့် ပြင်သစ်စာရေးဆရာ ဒိုးမိနစ်လာပီယဲ၏ သုခမြို့တော် ကိုဖတ်ခဲ့စဉ်တုန်းကလည်း ကြုံခဲ့ရသည်။ စာအုပ်ထဲက ဇာတ်ကောင်တွေနှင့်စိတ်ဆင်းရဲစရာများသည် ကျွန်တော့်ရင်ထဲသို့တပြုံတထွေးကြီးရောက်လာခဲ့သည်။ နှစ်သက်သဘောကျသော်လည်း နောက်တစ်ကြိမ်ပြန်ဖတ်ရမှာကိုတော့ကြောက်လန့်နေဆဲ။

စာအုပ်လေးအုပ်ကိုဖတ်ရင်း မြစ်ဝါမြစ်ကမ်းနဘေးရှိပြန်ညာစခန်းတွေကိုမြင်ယောင်သွားသည်။ မြစ်ဝါမြစ်အကြောင်းကို မိုးအခါရေကြီးသည်၊မြစ်ကမ်းနဘေးမှာမြေဆီဩဇကောင်း၍ စိုက်ပျိုးရေးအတွက် အားကိုးရသည်စသဖြင့် လောက်သာသိခဲ့ရသော်လည်း သည်စာအုပ်ကိုဖတ်လိုက်ရတော့မှ မြစ်ကမ်းနဘေးရှိ အချို့နေရာများသည် ရုရှားဆိုက်ဗေးရီးယားလိုပါလားဟု တွေးလိုက်မိသည်။

စာရေးဆရာယန်းလျန်ခဲသည် နာမည်ကြီးစာရေးဆရာဖြစ်သည်။ နိုင်ငံတကာစာပေဆုအဖြစ် ၂၀၁၄ခုနှစ်တွင်ဖရန့်ကပ်ဖကာဆုကို ရရှိခဲ့သည်။ သူရေးခဲ့သည့်စာတွေကလည်း စိစစ်ရေးအဖြတ်အတောက်တွေဖြင့်ကင်းလွတ်သည်ဟူ၍မရှိ။ သို့သော် စာပေဆင်ဆာများကိုအံတု၍ သူယုံကြည်ရာကိုရဲရဲဝံ့ဝံ့ရေးသည်။ သည်ဝတ္ထု(စာအုပ်လေးအုပ်)စာမူကို တရုတ်ပြည်မကြီးတွင် လက်ခံထုတ်ဝေပေးမည့် ထုတ်ဝေသူရှာမရ၍ မိတ်ဆွေများနှင့်လုပ်ဖော်ကိုင်ဖက်များစသည့် သီးသန့်ပရိသတ်အတွက် အုပ်ရေအနည်းငယ်ပုံနှိပ်ခဲ့သည်။ ထို့နောက်
ဟောင်ကောင်နှင့်ထိုင်ဝမ်တွင် တရုတ်ဘာသာဖြင့်ပုံနှိပ်ထုတ်ဝေခဲ့ပြီးနောက်ပိုင်းတွင် သည်စာအုပ်ကို တခြားဘာသာပေါင်းများစွာပြန်ဆိုခြင်းခံရသည်။
အံ့ဩစရာကောင်းတာက သူ့စာအုပ်တွေကို နိုင်ငံတကာသို့ဘာသာပြန်ဆိုပြီးပျံ့နှံ့နေသော်လည်း သူ့နိုင်ငံအတွင်းရှိ စာဖတ်ပရိသတ်တွေကတော့ လက်လှမ်းမမှီနိုင်ဘဲရှိနေကြဆဲ။
သည်အတွက် ကျွန်တော်မည်သို့မျှ မှတ်ချက်မပြုလို။ယန်းလျန်ခဲ၏ စာအုပ်လေးအုပ်ကိုဖတ်ခွင့်ရလိုက်တာကစာသမားတွေအတွက် ကံကောင်းလေစွဟုတွေးရင်း အိမ်နီးချင်းနိုင်ငံကြီးဆီသို့ စိတ်ကူးဖြင့် လှမ်းမျှော်ကြည့်လိုက်မိသည်။

ညိုထွန်းလူ

Address

Yangon
1181

Telephone

09420307030

Website

Alerts

Be the first to know and let us send you an email when Momentum Book Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Momentum Book Publishing:

Share

Category