02/02/2026
ဆရာမ သန်းမြင့်အောင်ရဲ့ လွမ်းဖွယ့်။
ဝတ္ထုဟန်ရေးဖွဲ့ထားတဲ့ ဆရာမ ရဲ့ ဘဝဇာတ်လမ်းပါ။
ပရဟိတမိခင်ကြီးလို့အများကဆိုကြတဲ့ ဒေါ်သန်းမြင့်အောင်ရဲ့ငယ်ဘဝကစပြီးရေးဖွဲ့ထားတာပါ။
Memoir လို့လဲဆိုနိုင်ပေမဲ့ အဲ့သလောက်လဲမပြည့်စုံ။
စာမျက်နှာတစ်ရာလောက်နဲ့ ဒေါ်သန်းမြင့်အောင်ဘဝကို မခြုံငုံနိုင်ပါဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ၊သမီးနှစ်ယောက်နဲ့မုဆိုးမ။
ပုဇွန်တောင်စျေးထဲက သရက်သီးသနပ်ရောင်းခဲ့တဲ့ဘဝတွေ။
အဲဒီကနေ အများကိုကူညီချင်တဲ့စိတ်၊တပိုင်တနိုင်လိုက်ကူညီခဲ့တာ၊(နာရေးကူညီမှုတွေ၊သုခရိပ်မြုံတွေ ခေတ်မရောက်သေးဘူး)။အဲဒီစိတ်.သန္ဓေတည်လာတာမျိုး ဖတ်ချင်မိတာပါ။
ပြီးတော့ စာပေနယ်ထဲမျက်နှာငယ်ငယ်နဲ့ဝင်ခဲ့ရတာ။
ကျောထောက်နောက်ခံမရှိ၊အုပ်စုဖွဲ့မှုတွေကြောင့် ဘေးရောက်ခဲ့ရတာ။
ကိုယ့်ဝတ္ထုလေးတစ်ပုဒ် မဂ္ဂဇင်းစာမျက်နှာထက်.တက်လာဖို့
ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာမျိုးဖတ်ချင်တာ။
တကယ်တော့ ဆရာမ သန်းမြင့်အောင်ကို အခုချိန်မြင်တွေ့ရသူတွေအတွက်
၁၉၈၅လောက်က မသန်းမြင့်အောင်ရဲ့ ဘဝကို ပြလိုက်စေချင်တာပါ။
ဘယ်လိုရုန်းကန်ခဲ့တယ်
ဘယ်လိုဘေးဖယ်ခံခဲ့ရတယ်
ဘယ်လို အနစ်နာခံကူညီခဲ့တယ် ဆိုတာမျိုးတွေ
စုံစုံလင်လင်လေး အချိန်ပေးပြီး ရေးပါဦးလို့တောင်းဆိုပါရစေ။
နောက်တချက်ကတော့ (အားလဲနာတယ်ခင်လဲခင်တယ်)ပေါ့။
စာရေးတဲ့အခါ ကိုယ့်စာကို ကိုယ်ပြန်မစစ်နိုင်လောက်အောင်အလုပ်များနေရင်
တည်းဖြတ်သူလက် ထဲ အပ်ပေးစေချင်တာပါ။
စာမျက်နှာ ၇၀ ဒုတိယစာပိုဒ်အထိ စကားပြောဟန်နဲ့ရေးလာပြီး
တတိယစာပိုဒ်ကနေ အဆုံးထိ စကားပြေဟန်ဖြစ်သွားပါရော။
(ဒါတော့ နည်းနည်းဆိုးတယ်.အမ ရေ လို့အပြစ်တင်ရပါ့မယ်)
တကယ်တော့လဲ ဒေါ်သန်းမြင့်အောင်လို အမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ ဒီစာအုပ်သေးသေးလေးနဲ့ မလုံလောက်ပါဘူး။
အများအကျိုးအတွက်လို့ပါးစပ်ကမပြောပဲ လက်တွေ့လုပ်ခဲ့သူတယောက်မို့တန်ဘိုးထားတာပါ။
ငါ့အတွက် ငါ့မိသားစုအတွက် ဆိုတဲ့ ငါ အခြေပြု ခေတ်ကြီးမှာ
ထမင်းစားတိုင်း သူများတွေဘယ်လိုစားနေပါလိမ့် လို့တွေးတတ်သူ ဆရာမ သန်းမြင့်အောင်ရဲ့(စိတ်)ကို ပရိသတ်တစ်ယောက်အနေနဲ့ ဖတ်ချင်မိပါသေးတယ်။
အကောင်းဆုံးလွတ်မြောက်မှုဆိုတာ ကိုယ်ကျိုးစွန့်မှုပဲ လို့ဆိုတယ်မဟုတ်လား။
Review@U Zar Ga Nar
စာအုပ်တန်ဖိုး - ၇၅၀၀ (ကျပ်)