Noble Novel

Noble Novel Welcome to 2N Publishing

အေးခဲသော ဆောင်း [ Christmas present ]ဝတ္ထုတိုသည်နေ့ ဒီဇင်ဘာ ၂၅ ရက်။ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးပေါ့။"Merry Christmas......
24/12/2025

အေးခဲသော ဆောင်း [ Christmas present ]
ဝတ္ထုတို

သည်နေ့ ဒီဇင်ဘာ ၂၅ ရက်။
ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးပေါ့။

"Merry Christmas..."

ဒိုရာသည် ထိုစကားလုံးအား ဘယ်နှကြိမ်မြောက်မှန်းမသိ ခပ်တိုးတိုး ရေရွတ်မိရင်း ပန်းနုရောင် စက္ကူလေးဖြင့် ထုပ်ထားသော လက်ဆောင်ထုပ်အပေါ််မှ ပန်းဆီရောင် ဖဲပြားအပွင့်လေးကို ကိုင်လိုက်မိသည်။ သည်လက်ဆောင်ထုပ်လေးကို လက်ခံယူမည့်သူကတော့ ယခုချိန်ထိ ပေါ်မလာခဲ့သေး။ သူမကတော့ မျှော်လင့်နေဆဲ။

သည်နေ့ ခရစ္စမတ်အမှီ ရောက်လာပါတော့မလားကွယ်။ ဘယ်ကို ရောက်နေလဲ သိချင်လို့ မနေ့က တစ်နေကုန် ဖုန်းဆက်ခဲ့သော်လည်း မကိုင်ပါ။ ဘာဖြစ်လို့မှန်း မသိ။ သူ သူမဖုန်းကို မကိုင်တာ တစ်ပတ်လောက် ရှိပါပြီ။

နေသန် ကောင်စုတ်ရယ်… နင် မရှိဘဲ ငါ့ရဲ့ ခရစ္စမတ်နေ့ရက်ဟာ မပြည့်စုံဘူးကွယ်။

ဒိုရာ လက်ဆောင်ထုပ်လေးကို ခပ်ငေးငေး ကြည့်နေရင်း ကလေးဘဝကို ပြန်လည်လွမ်းဆွတ်သတိရသွားမိသည်။

🌲🌲🌲🌲🌲

ဟိုးအရင် ငယ်စဉ်တုန်းက သည်လို ခရစ္စမတ်နေ့တိုင်း အလွန်ကို ပျော်ရွှင်ခဲ့ရတာပေါ့။ သူငယ်ချင်းတွေနဲ့အတူ ခရစ္စမတ် လက်ဆောင်တွေ ဖလှယ်ခဲ့ကြကာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ လက်ဆောင်ရခဲ့ရင် ပျော်လို့မဆုံး ဖြစ်ခဲ့ရချိန်တွေက လွမ်းစရာ နေ့ရက်လေးတွေအဖြစ် ကျန်နေရစ်ပြီ။

ကလေးဘဝနေ့ရက်တွေကို ပြန်စဉ်းစားမိတော့လည်း သူမရဲ့ ငယ်သူငယ်ချင်းလေး "နေသန်" က မပါမဖြစ်ပါ။ သူတို့နှစ်ယောက်ဟာ တစ်နှစ်ပတ်လုံး မတည့်။ ကြောင်နဲ့ကြွက်ကဲ့သို့ ရန်ဖြစ်ခဲ့ကြပေမဲ့ မခေါ်မပြောဘဲလည်း မနေနိုင်ကြသူတွေ ဖြစ်သည်။

နှစ်ဦးသား Sunday school အတူတက်ရုံမက မူလတန်းတက်တော့လည်း တစ်တန်းတည်း ဖြစ်သည်။ နေသန်က ပိန်ပိန်ရှည်ရှည် အသားဖြူဖြူနဲ့ မျက်ပေတုံး ကောင်လေးဖြစ်ပြီး ဒိုရာကတော့ အသားညိုညို၊ ပုပုလုံးလုံး၊ မျက်လုံးပြူးပြူးနဲ့ ကောင်မလေးပါ။ သူတို့ နှစ်ယောက်ရဲ့ ပုံစံက ဆန့်ကျင်ဘက်ဖြစ်သလို တည့်လည်း မတည့်ကြ။

မည်မျှပင် မတည့်သော်ငြား မတည့်အတူနေ မမြင်ရင်ချောင်းကြည့် သူငယ်ချင်းလေးဟာ ခရစ္စမတ် ရောက်တိုင်း သူ ကြိတ်ပြီး စုဆောင်းထားတဲ့မုန့်ဖိုးလေးနဲ့ သူမ ရချင်သည့် ပစ္စည်းတစ်ခုကို surprise အနေနဲ့ လက်ဆောင်ပေးလေ့ရှိသည်။ ဒီဇင်ဘာလ အစထဲက သူမကို လက်ဆောင်ပေးဖို့အတွက် သူ့မုန့်ဖိုးလေးတွေကို မသုံးဘဲ စုထားတတ်သူပါ။ အဲ့လိုလေး တွေးမိပြန်တော့လဲ ဒီသူငယ်ချင်းလေးကြောင့် ရင်ထဲမှာ ကြည်နူးသွားရသည်။

တစ်ယောက်နဲ့တစ်ယောက် နှစ်တိုင်း ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့ကြပေမဲ့ အသက် ရှစ်နှစ်လောက်တုန်းက သူ ပေးခဲ့တဲ့ လက်ဆောင်ကို ဒိုရာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။

"ဒီမှာ... နင့်အတွက်... "

နေသန်ပေးတဲ့လက်ဆောင်ဗူးဟာ ခပ်ကြီးကြီးဖြစ်ပြီး လေးလဲလေး၏။ ဒိုရာက ပေါ့ပေါ့လေးထင်ပြီး လက်တစ်ဖက်ထဲနဲ့ယူလိုက်မိသောကြောင့် ပြုတ်ကျမသွားအောင် နောက်တစ်ဖက်နဲ့ပါ အမြန်ကိုင်၍ ထိန်းလိုက်ရသည်။

"ဘာကြီးလဲ… လေးတယ်နော်"
"ငါ့အတွက် လက်ဆောင်ရော... "

ပြန်မဖြေဘဲ လက်ဖြန့်တောင်းနေတဲ့ သူ့လက်ထဲကို ဘူးသေးလေး ထည့်ပေးလိုက်ချိန်တွင် သူ့လက်ဆောင်နဲ့ နှိုင်းယှဉ်မိပြီး စိတ်မကောင်းသလို ဖြစ်သွားမိသေးသည်။ ဘူးထဲတွင် ဘာတွေ ပါမှန်းတော့ မသိ။ သူက ဘူးအကြီးကြီးနဲ့ လက်ဆောင်ပေးပြီး သူမကတော့ ဘူးအသေးလေးထဲမှာ Christmas card အသေးလေးနဲ့ သိုးမွေးဦးထုပ်လေးသာ ထည့်ပေးထားနိုင်သည်။

ဒီထက်မက ပိုပေးချင်သော်လည်း ဒိုရာရဲ့ မိဘတွေက နေသန်မိဘတွေလို မချမ်းသာပါ။

လက်ဆောင်ဘူးကို နေသန်က ချက်ချင်း ဖောက်ကြည့်နေလို့ ဒိုရာလည်း သူပေးတဲ့လက်ဆောင်ကို ဖောက်ကြည့်လိုက်သည်။ ဘူးအကြီးကြီးထဲ ဘာတွေပါသလဲဆိုတာ သိချင်လှပါပြီ။

"ဟင်..."

မျှော်လင့်တကြီး ဖောက်ကြည့်မိသူကြီးမှာ ဘူးထဲတွင် တွေ့လိုက်ရတာက သဲတွေဆိုတော့… ။ ဟန်မဆောင်နိုင်ပဲ ငိုမဲ့မဲ့ ဖြစ်လာမိတော့သည်။ သူ့ကိုပေးဖို့ သိုးမွေးဦးထုပ် နီရဲရဲလေးကို ပိုက်ဆံမရှိတဲ့ကြားကနေ စုဆောင်းပြီး ဝယ်ပေးခဲ့တာကို သူကတော့ သဲတွေအပြည့်ထည့်ပြီး ပြန်ပေးတယ်တဲ့လား။

မျက်စောင်းထိုးကာ ငိုချင်နေသော ဒိုရာကြောင့် နေသန်က စပ်ဖြီးဖြီးရုပ်ကြီး လုပ်ပြကာ...။

"ဘာလဲ ဘာဖြစ်လို့လဲ… နင်ကြိုက်တယ်ဆိုလို့ ပေးတာလေ မကြိုက်ဘူးလား"
"ငါ ဘယ်တုန်းက သဲတွေကို ကြိုက်တယ်လို့ ပြောဖူးလို့လဲ အီး ဟီး… နင် အကျင့်ပုတ်တာ နေသန်… "
"ဘာလဲ နင်နော်… နင်ပေးတဲ့လက်ဆောင်ကို ပြန်တောင်းချင်လို့လား… မရဘူး… ပေးပြီးသား ဖြစ်သွားပြီ"

သူမပေးတဲ့ ဦးထုပ်အနီလေးကို ချက်ချင်းကောက်စွပ်ကာ ခပ်ဝေးဝေးကို ပြေးသွားပြီး

"ပြန်ရချင်ရင် လာလုလေ... လာ... ငါ့ကို ဖမ်းမိရင် ပြန်ပေးမယ်"

လူကို စိတ်မဆိုး ဆိုးအောင် စနေပြန်သည်။ ဒိုရာက သူ့အတွက် ဝယ်ပေးထားတဲ့ ဦးထုပ်ကို ပြန်တောင်းဖို့ စိတ်ကူးမရှိသလို၊ သူ့အနောက်ကို လိုက်ဖမ်းချင်စိတ်လည်း မရှိပေ။

နင်အရမ်း လိုချင်နေတဲ့ဟာလေး ခရစ္စမတ်လက်ဆောင် ပေးမယ်လို့ ခရစ္စမတ် မရောက်ခင်ကတည်းက ပြောနေခဲ့တာဆိုတော့ သူပေးမယ့်လက်ဆောင်ကို အရမ်းကို မျှော်လင့်ခဲ့မိတာပါ။ အခုလို သဲတွေထည့်ပြီး ပေးမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲလေ။

သူ့ကို မျက်စောင်းထိုးပြီး လှည့်ထွက်ဖို့ လုပ်ချိန်မှ... ။

"ဟေး ဒိုရာ… သဲတွေအောက်မှာ တခြားဟာ ရှိသေးတယ်လေ နင် မတွေ့ဘူးလား"

သူ့စကားတွေကို မယုံသော်လည်း တကယ် ဖြစ်စေချင်သေးသည်။ ထပ်ပြီးလည်း အညာမခံချင်ပြန်နဲ့… ထွက်ဖို့ပြင်နေတဲ့ ခြေလှမ်းတွေ ရပ်တန့်နေရင်း ဘာဆက်လုပ်ရမလဲ စဉ်းစားနေမိသည်။

"မယုံလည်း နေပေါ့... ငါပဲ ပြန်ယူလိုက်တော့မယ်..."

နေသန်က အနားသို့ ရောက်လာကာ ဗူးကို ဆွဲယူတော့မယ့်ပုံမျိုး လုပ်ပြနေလို့ သူ့ လက်ထဲ ပါမသွားအောင် အမြန် ဆွဲထားလိုက်ရသေးသည်။

"အခု ကြည့်မလို့ပါဆို..."

သူမရဲ့လက်သေးသေးလေးနဲ့ သဲတွေကို ယက်ဖယ်ပြီး ကြည့်လိုက်တော့ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဘူးတစ်ဘူးကို တွေ့လိုက်ရသည်။ ထိုဘူးကို ထုတ်ယူပြီးချိန်ထိ မယုံရဲသေး။ ဖွင့်ကြည့်လိုက်တော့မှ သူမ အရမ်းရချင်တယ်လို့ ပြောခဲ့ဖူးတဲ့ မျက်လုံးအဖွင့်အပိတ်ရတဲ့ အရုပ်မလေးကို တွေ့လိုက်ရသည်။

ဒိုရာ အံ့ဩလွန်းလို့ အရုပ်လေးကို ပါးစပ်ဟပြီး ကြည့်နေမိသည်။

"ပါးစပ် ပိတ်ထားဦး… ယင်ကောင်ဝင်သွားဦးမယ်"
"အဟီးးးး "

ပျော်လွန်းလို့ ဇက်ကလေးပုကာ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ရယ်ပြလိုက်တော့...။

"ခုနတုန်းကရုပ်နဲ့ တခြားစီပဲ... အရူးမဒိုရာ... "

သူ့ဘာသာ ဘယ်လိုခေါ်ခေါ် စိတ်မဆိုးနိုင်တော့။ အရုပ်လေးကို ချစ်မြတ်နိုးစွာ ပိုက်ထွေးထားလိုက်ရင်း

"ကျေးဇူးပဲ နေသန်… "
"ကျေးဇူးတင်ရင် မုန့်ဝယ်ကျွေး မျက်ပြူးမ ... "
"အား... နာတယ်ဟဲ့ မျက်မှေးကောင်... ငါးမြွေထိုးကောင်စုတ်ရဲ့ ... "

နှစ်ခွခွဲကာ ကျစ်ထားတဲ့ ဆံကျစ်တစ်ဖက်ကို ဆောင့်ဆွဲပြီး လျှာထုတ်ပြကာ ထွက်ပြေးသွားပြန်သည်။ သူ အဲ့လို အစအနှောက်သန်လွန်းလို့ မတည့်ခဲ့ကြတာပါ။

ဆယ်ကျော်သက်အရွယ် အရမ်းလှချင်တုန်းကလည်း နေသန်ဟာ သူမကို တစ်စက်မှ ကြည့်မရခဲ့။ မိတ်ကပ်တွေ လိမ်းပြီး ပဲများထားပြီဆိုရင် မျက်နှာကြီး ရှုံ့မဲ့ပြကာ "ရုပ်ဆိုးမ ပြင်လေ မလှလေ ရုပ်ဆိုးလေ" ဟု ပျစ်ပျစ်နှစ်နှစ် ပြောဆိုတတ်သည်။ သူ ဘယ်လိုပြောပြော ဒိုရာကတော့ အလှပြင် မပျက်ပါ။ တမင် အကျင့်ပုတ်ပြီး ပြောမှန်းသိသားပဲ။ ကိုယ့်ဘာသာတော့ လှတယ်လို့ ထင်တာပဲလေ။

ထိုနှစ် Christmas မှာ သူဟာ သူမဆီကို ဘာလက်ဆောင်ထုပ်မှ မပါပဲ လက်ဗလာနဲ့ ရောက်လာခဲ့လေသည်။

"Sorry ဒိုရာ… ဒီနှစ်တော့ နင့်ကိုငါ Christmas လက်ဆောင် မပေးနိုင်တော့ဘူး"
"ဟယ်... ဟုတ်လို့လား နင်ကလည်း..."

ဘာရယ်ညာရယ် မျှော်လင့်ထားတာမျိုး မဟုတ်ပေမဲ့ နှစ်တိုင်း သူ့ဆီက လက်ဆောင် ရနေကျဆိုတော့ ဝမ်းနည်းသွားမိသည်။ ပြီးတော့ ယုံလည်း မယုံနိုင်သေး။ ဒီကောင်က သိတဲ့အတိုင်း အစအနောက် အရမ်းသန်တာဆိုတော့။

"ဟုတ်တယ် ငါရချင်တာတွေ ဝယ်လိုက်တာ ပိုက်ဆံမရှိတော့လို့… ဒါတောင် စျေးကြီးလို့ ငါ မှန်းထားသလောက် မဝယ်နိုင်ခဲ့ဘူး"
"ဟုတ်လား နင်ကလည်း အစထဲက ပြောတာမဟုတ်ဘူး ငါတတ်နိုင်သလောက် စိုက်ပေးမှာပေါ့၊ နင် ဘာရချင်တာလဲဟင်... "

အတော်ကြီး ဝမ်းနည်းနေတဲ့ပုံမျိုးမို့ စိတ်မကောင်းဖြစ်ကာ ပြောလိုက်မိသည်။ ဒီလိုပုံမျိုးက မဖြစ်ဖူးသလောက်ဆိုတော့ စနေတယ်လို့တောင် မထင်မိတော့ပါ။

"ငါလား... ဘာရချင်တာလဲဆိုတော့... ဒီမှာ နှုတ်ခမ်းနီ... "

သူ့အင်္ကျီအိတ်ထဲက ထုတ်ပြလာတဲ့ Revlon နှုတ်ခမ်းနီ လေးဘူးကို ကြည့်ပြီး ဒိုရာ ကြောင်သွားသည်။ ဒီ အသက်အရွယ်ရောက်မှ ခြောက်များ ခြောက်သွားတာလား။ သူ တကယ်ပဲ နှုတ်ခမ်းနီ ရချင်နေတာလား။ နှုတ်ခမ်းနီကို လေးဘူးတောင် ဝယ်ထားပြီးပြီလေ။

"ငါ တစ်ဘူးဝယ်ပေးမယ်နော်… နင် စိတ်မကောင်းမဖြစ်နဲ့တော့..."
"အရူးမ… ငါက နှုတ်ခမ်းနီကို ဘာလုပ်ရမှာလဲ၊ နင့်ကို ခရစ္စမတ်လက်ဆောင်ပေးဖို့ ဝယ်ခဲ့တာလေ၊ ဒါကြီးထုတ်ပြနေတာတောင် ဒုံးဝေးနေတုန်း... လအမ... မျက်ပြူးမ ..."

နေသန်ရဲ့ ချီးကျူးထောပနာပြုသံကြောင့် ဒိုရာ ရယ်လိုက်မိသည်။ သူပုံစံက တကယ်ပဲ စိတ်ဆင်းရဲနေပုံဆိုတော့ မယုံတဝက်၊ ယုံတဝက် ဖြစ်သွားခဲ့မိတာပါ။

"နင့်သူငယ်ချင်းက ယောကျာ်းစစ်စစ်ကြီးပါကွဲ့ ဒိုရာမရဲ့... နင့်အတွက် နှုတ်ခမ်းနီ ငါးဘူးဝယ်ပေးမလို့သွားတာပဲ ပိုက်ဆံမလောက်လို့ လေးဘူးပဲ ဝယ်ပေးခဲ့ရတာ နှုတ်ခမ်းနီအရောင်တွေက နင်ကြိုက်တာတွေပဲ ဟုတ်တယ်မလား"
"အင်း ဟုတ်တယ် ဟဲ့... နင်ဘယ်လိုသိ... တကယ် ငါရချင်တဲ့ဟာတွေပဲ မှန်တယ်တော်..."
"နင့်စိတ်ကို လှမ်းဖတ်လိုက်တာလေ နင်က အလှပြင်လဲ လှလာတာ မဟုတ်ပဲ တအားလှချင်တာနော်"

ကြည့်… အဲ့လိုတွေ ထပ်ပြောပြန်ပြီ။ ဒိုရာ နှုတ်ခမ်းစူလိုက်မိရင်း

"ဘာဖြစ်လဲ ငါ့ဘာသာ လှလှ မလှလှ... "
"နှုတ်ခမ်းနီ နီနီရဲရဲကြီး ဆိုးပြီး အခုလို ထော်ပြမနေနဲ့ဦး... မျောက်ဖင်နီကြီးနဲ့ တူနေဦးမယ်"
"ဘာ!!! မသာ..."

ပုခုံကို ဖြောင်းခနဲ ရိုက်ခံရပြီး အဆဲခံရတာကို ကျေနပ်စွာ ခေါင်းမော့၍ တဟားဟား အော်ရယ်နေလို့ သူမပါ စိတ်မဆိုးနိုင်တော့ပဲ အတူ လိုက်ရယ်မိတော့သည်။ အလှပြင်တာကို အမျိုးမျိုး ပြောဆိုကဲ့ရဲ့ခဲ့ပေမဲ့ နှုတ်ခမ်းနီလက်ဆောင် ဝယ်ပေးခဲ့တဲ့ သူငယ်ချင်း အစုတ်ပလုတ်လေးပါ။

🌲🌲🌲🌲🌲

နေသန်က သူမစိတ်ဆိုးအောင် အမြဲတမ်း စနောက်တတ်ပေမဲ့ ခရစ္စမတ်နေ့ တစ်ရက်မှာတော့ အလွန် စိတ်ချမ်းသာစေခဲ့သူပါ။ ထိုသို့ ချိုမြိန်သော Christmas တွေကို မပျက်မကွက် ဖန်တီးပေးတတ်ခဲ့တာ မနှစ်က ခရစ္စမတ်အထိပါပဲ။ ဒီနှစ်ကိုတော့ ခုချိန်ထိ ပေါ်မလာခဲ့သေးဘူးဆိုတော့ ပြန်မလာလောက်တော့ဘူး ထင်ပါရဲ့။

လမ်းပြင်ကို ငေးမျော်ကြည့်ရင်း နေသန်အကြောင်းကို ဆက်တွေးနေမိပြန်သည်။ ဆယ်တန်းအောင်တော့ သူက ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် တက်ခွင့်ရပြီး ဒိုရာကတော့ သူမတို့မြို့က တက္ကသိုလ်မှာသာ တက်ခဲ့ရပါသည်။

နေသန် ရန်ကုန်သွားမယ်ဆိုတော့ ကားဂိတ်ကို လိုက်ပို့ရင်း အရှက်မရှိ ငိုခဲ့မိသေးသည်။ ဒီကောင်နဲ့ အတူရှိလည်း တည့်တာ မဟုတ်ပေမယ့် ခွဲရပြန်တော့လည်း ရင်ထဲမှာ ဟာတာတာနဲ့။

နေသန်က သူမနဲ့အတူ လိုက်မငိုခဲ့ပေမဲ့ "တော်တော်ကြေကွဲလွယ်တာပဲ ကြက်ဥမ... အရူးမ" လို့ ခပ်တိုးတိုး ရေရွတ်ပြီး မျက်ရည်တွေ ဝိုင်းနေခဲ့ပါသည်။ အဲ့ဒီအချိန်တုန်းက ထိုသို့ အလွမ်းသယ်ခဲ့ကြပေမဲ့လည်း ဖုန်းဆက်ချိန် မိနစ်ပိုင်းမှာတောင် တတ်နိုင်သလောက် ရန်ဖြစ်ခဲ့ကြသေးသည်။

နွေကျောင်းပိတ်ရက်တွေမှာတောင် သင်တန်းတွေ တက်နေလို့ ပြန်မလာတတ်တဲ့ နေသန်ဟာ ဒီဇင်ဘာ ရောက်ရင်တော့ မွေးရပ်မြေကို ပြန်လာနေကျ။ Christmas နဲ့ New year ဆိုရင် သူ့မွေးရပ်မှာသာ အပျော်ဆုံးလို့ ပြောတတ်သူပါ။

ဒီဇင်ဘာလရောက်တိုင်း သူငယ်ချင်းတွေနဲ့အတူ Carol singing ထွက်ချိန်တွေကို အမှတ်အရဆုံးပါ။ နေသန်က ဂစ်တာတီးကျွမ်းကျင်သူမို့ သူပြန်ရောက်လာချိန်ကစပြီး Carol singing ထွက်တိုင်း ပင်တိုင် ဂစ်တာ တီးခတ်ပေးတတတ်၏။ တစ်အိမ်ဝင် တစ်အိမ်ထွက် "Merry Christmas" ဟု အော်ကာ သီချင်းတွေ လိုက်ဆိုကြရင်း ရန်ဖြစ်လိုက် ရယ်မောလိုက်နဲ့ ထိုအချိန်တွေကလည်း အမှတ်တရတွေပါပဲ။

"ငါ့ကို ကော်ဖီတိုက်ဦး… "

နေသန်ဟာ ကျောပိုးအိတ်အသေးလေးမှာ မုန့်တွေအစုံအလင် ထည့်ယူလာတတ်တဲ့ သူမဆီကနေ လမ်းတလျှောက်လုံး အိတ်ထဲပါလာသမျှ အစားအစာတွေကို မကုန်ကုန်အောင် တစ်မျိုးပြီးတစ်မျိုး တောင်းစားတတ်သည်။ ဒိုရာ ပြုံးဖြီးဖြီးရုပ်ကြီးကို မျက်စောင်းထိုးလိုက်ပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ကော်ဖီဓါတ်ဗူးအသေးလေးကို ထုတ်ပေးလိုက်သည်။

"စိုက်ကြည့်ရင် အလိုက်သိလေ အရူးမရဲ့... ကြည်ကြည်ဖြူဖြူ ထုတ်ပေးလိုက်တော့ နင်အသက်ထွက်သွားမှာစိုးလို့လား"
"မသာ... မသောက်နဲ့တော့ ပြန်ပေး… "

အဲ့လို ပြန်တောင်းတော့လည်း ဂီတာလွယ်ထားတဲ့လူက ကော်ဖီဘူးကို ယူပြီး သူမအနားကနေ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။ အတူရှိနေတဲ့ တခြားသူငယ်ချင်းတွေကတော့ သူတို့နှစ်ယောက်အကြောင်း သိပြီးသား လူတွေပဲမို့ ရယ်မောလို့သာ နေသည်။

ထိုထိုသို့သော အမှတ်တရတွေသာမက နေသန်နဲ့ သူမနဲ့ကြားမှာ အမှတ်ရစရာတွေက အများကြီးပါ။ တမင်သက်သက် ဖန်တီးခဲ့ကြတာ မဟုတ်။ အသက်ကြီးလာတာနဲ့အတူ ကုန်ဆုံးသွားတဲ့ နေ့ရက်လေးတွေထဲ လွမ်းစရာလေးတွေအဖြစ် ကျန်ရှိနေခဲ့တာပါ။

တဖြည်းဖြည်း အချိန်တွေ ကုန်လွန်လာလိုက်တာ သူတို့ အသက် နှစ်ဆယ့်ငါးနှစ်တောင် ရှိနေခဲ့ပါပြီ။ နေသန်ဟာ ကျောင်းပြီးတော့လည်း ရန်ကုန်မှာပဲ အလုပ်လုပ်နေရင်း ဒီဇင်ဘာလက လွဲလို့ ပြန်မလာတတ်တော့။ ဒိုရာကတော့ မိဘလက်ငုတ်လက်ရင်း စျေးဆိုင်လေးမှာ စျေးရောင်းရင်းနဲ့ပဲ မွေးရပ်မြေကို မစွန့်ခွာနိုင်ခဲ့။

ဒီနှစ်မှာတော့ ခါတိုင်းနှစ်နဲ့ မတူ။ နေသန်ရဲ့ အိမ်ပြန်ချိန်ဟာ နောက်ကျခဲ့ပါသည်။ ဘယ်နေ့ ပြန်လာမှာလဲ သိချင်လို့ လွန်ခဲ့တဲ့ တစ်ပါတ်လောက်ထဲက ဖုန်းဆက်တော့လည်း မကိုင်။ သူမကို စနှောက်ချင်လို့ တမင် မကိုင်တာမှန်း အခုမှ သဘောပေါက်တော့သည်။

ဒီနေ့ ခရစ္စမတ်နေ့တောင် ရောက်နေပြီလေ။ ခုထိ မရောက်သေးဘူးဆိုတော့ မလာဖြစ်တော့ဘူးများလား။ မလာဖြစ်လဲ အကျိုးအကြောင်းလေးတော့ ဖုန်းဆက်ပြောဦးပေါ့။

ဒီနှစ်မှာ ရင်ခုန်စွာ စောင့်မျှော်နေခဲ့ရသူကို မမြင်ရသလို သူ့ရဲ့ ခရစ္စမတ် လက်ဆောင်ကိုလည်း မရလောက်တော့ဘူးပေါ့နော်။

ထိုအတွေးကြောင့် ရင်ထဲမှာ လှိုက်ခနဲ ဝမ်းနည်းသွားမိရင်း မျက်ရည်တွေ ဝိုင်းလာခဲ့သည်။ တစ်နှစ်လုံးမှာ သူနဲ့တွေ့ရမယ့် ဒီဇင်ဘာလလေးကို အချစ်ဆုံးပါ။ ဒါပေမဲ့ ဒီနှစ် ဒီဇင်ဘာတော့ နင် ပြန်မလာတော့ဘူးလား မျက်မှေးကောင်ရယ်။ မလာဖြစ်ရင်လည်း ငါ့ဆီ ဖုန်းဆက်ပါတော့လား။ ခုချိန်ထိကို အရမ်းစနှောက်တတ်တဲ့ ငါးမြွေထိုးကောင်ဟာ ဘယ်နေရာနေ ပေါ်လာမလဲလို့ မျှော်လင့်နေပြန်သေးသည်။

ငါ့ဆီနေ့တိုင်းဖုန်းဆက်တတ်တဲ့နင့် ဘာကြောင့်များ တစ်ပတ်လောက်ကြီး အဆက်အသွယ်ဖြတ်ပြီး နေရက်တာလဲဟာ။

တကယ်တော့ မနေ့မနက်က နေသန်အမေနဲ့ စျေးထဲမှာ တွေ့ခဲ့သေးပါသည်။ "အန်တီ နေသန် ပြန်လာမှာလား" လို့ မေးလိုက်ချင်ပေမယ့်လည်း သူမ နှုတ်ဆက်တာကို မကောင်းတတ်လို့ ပြန်ပြုံးပြခဲ့ရသလို ပုံမျိုးဆိုတော့ ဘာမှ ဆက်မမေးရဲတော့။ နေသန်အမေဟာ သူမကို ခပ်တန်းတန်းဆက်ဆံနေတာ ကြာခဲ့ပါပြီ။

နေသန်ရဲ့မိဘတွေက မြို့မျက်နှာဖုံးသူဌေးတွေဖြစ်ပြီး ဒိုရာရဲ့မိဘတွေကတော့ ကုန်စုံဆိုင်လေး ဖွင့်ထားသူတွေပါ။ အဆင့်အတန်းချင်း ကွာခြားလွန်းတာကြောင့် သူ့သားနဲ့ဒိုရာ နီးစပ်သွားမှာကို စိုးရိမ်တာက ဖြစ်သင့်တာပဲလေ။

ဒီလို တွေးမိပြန်တော့လဲ ရင်မောစွာ ပင့်သက်ရှိုက်လိုက်မိပြန်သည်။ အန်တီဟာ သူမကို နေသန်ရဲ့ငယ်သူငယ်ချင်းအဖြစ်ကနေ အဆင့်တက်စေချင်ပုံ မပေါ်ပါ။

ရန်ကုန်စသွားတဲ့နေ့ထဲက အမေဖြစ်သူထံသို့ နေ့တိုင်း ဖုန်း မခေါ်တတ်သော်လည်း ဒိုရာနဲ့တော့ နေ့တိုင်း အဆက်အသွယ်မပြတ် ရှိနေကြောင်းကို ကြားသိပြီးကတည်းက သိပ်မကြည်တော့။ တစ်နေကုန် မအားကြတဲ့ နှစ်ယောက်သားဟာ ညကိုးနာရီဆို အချိန်မှန် ဖုန်းပြောသည်ဖြစ်စေ၊ online မှဖြစ်စေ တဟီးဟီး လုပ်ခဲ့ကြသည်။

ဒါကြောင့်လည်း အန်တီက နေသန်ကို ကျောင်းပိတ်ရက်တောင် အိမ်မပြန်ခိုင်းခဲ့တာလား မသိ။ သားကို တွေ့ချင်တိုင်း ရန်ကုန်သို့ လိုက်သွားတတ်ပေမဲ့ ဒီဇင်ဘာလက လွဲလို့ ပြန်မလာခိုင်းခဲ့ပေ။ ပြန်လာချိန်တိုင်းလည်း တခြားသူငယ်ချင်းတွေထက် သူမနဲ့သာ တတွဲတွဲမို့ အထူးသတိထား မျက်စိနောက်တာ ဖြစ်သင့်ပါတယ်လေ။

ဒိုရာဟာ ငယ်တုန်းကလို အသားအရမ်းမညိုတော့ပေမဲ့ ရန်ကုန်သား နေသန်ကတော့ အသားတွေဖြူပြီး ပိုသန့်လာခဲ့သည်။ ပဲကလည်း အရင်ထက် ပိုများတာ ပြောမနေပါနဲ့တော့။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် သူနဲ့ယှဉ်သွားရင် အသားညို အရပ်ပုတဲ့ ဒိုရာဟာ မှေးမှိန်သွားရမြဲ။

သူနဲ့အတူ ဆိုင်ကယ်စီးသွားတိုင်း တချို့ ကောင်မလေးတွေဆို နေသန့်အား လည်ပြန်လှည့်ငေးသွားကြသည်။ အဲ့ဒီအချိန်ဆို ဒင်းက ကျေနပ်နေတဲ့ အပြုံးကြီးနဲ့ စမာန်တက်လို့ မဆုံးတော့။

လွန်ခဲ့သောနှစ်နှစ် နေသန်ပြန်လာတုန်းက ဆံပင်ဂုတ်ထောက်နဲ့ ခပ်မိုက်မိုက် ကောင်လေးဒီဇိုင်းမျိုးမို့ ဒိုရာ မျက်လုံးထဲ ကြည့်ကောင်းနေသော်လည်း သူ့အမေက လုံးဝ ကြည့်မရခဲ့။ နေသန့်ကို ဆံပင်ညှပ်ဖို့ တတွတ်တွတ် ပြောသော်လည်း မညှပ်။ ကြားထဲကနေ မနေနိုင်တဲ့သူမက ဝင်ပြီး လျှာရှည်မိခဲ့သည်။

"နင့်အမေ ဒီလောက်ညှပ်ခိုင်းနေတာ ညှပ်လိုက်စမ်းပါ နေသန်ရာ… ဆံပင်အရှည်နဲ့ လှတာလည်း မဟုတ် ..."
"မညှပ်ချင်ပါဘူး၊ ငါ သန့်နေတာ မဟုတ်ဘူးလား"

စပ်ဖြီးဖြီးရုပ်ကြီးကို မျက်စောင်းချီလိုက်ရင်း

"သန့်ပါဘူး ရှည်ကိုင်းကိုင်း ဆံပင်ရှည်ရှည်နဲ့ဆိုတော့ အခြောက်မနဲ့ တူတယ် "
"ကြက်ဥမ… နင်လျှောက်မပြောနဲ့နော်"
"တကယ်ပြောတာပါဆို… သူများတွေက နင့်ကို အပုန်းမက အခုတော့ ပွင့်သွားရှာပြီလို့ ပြောနေကြတာ"
"ဘာ!!! "
"သွားမယ် သွားမယ်… အခုသွားညှပ်မယ် ငါလိုက်ပို့ပေးမယ် လာ လာ… ဆိုင်ကယ်ပေါ်တက်..."
"နင်ရော ငါ့ကိုညှပ်စေချင်လား "
"အင်း… ညှပ်စေချင်လို့ ပြောနေတာပေါ့ သွားစို့… "

ဒိုရာ လှည့်ပတ်ပြောလို့ ဆံပင်ညှပ်ပြီးချိန်ကစပြီး သူမအပေါ် အန်တီ ဆက်ဆံပုံ ပို၍ တင်းမာသွားခဲ့သည်။ အန်တီ ဘာလို့ဒီလို ပြောင်းလဲသွားတာလဲဆိုတာ ရိပ်မိသော်လည်း မသိချင်ယောင် ဆောင်ထားလိုက်သည်။

အန်တီ ထင်သလိုပဲ သူမ နှလုံးသားလေးဟာ သူ့သားအပေါ်မှာ မရိုးသားတော့တာ ကြာပြီလေ။ နေသန်ကတော့ လုံးဝ မရိပ်မိခဲ့။ သို့သော် အန်တီကတော့ တစ်ဦးတည်းသောသားကို ဂရုစိုက် ကြည့်ရှု့နေတဲ့ မိခင်ပီပီ မသိဘဲ မနေခဲ့ပါ။ မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုပြီး ဆင်ခြင်စေချင်ပုံရသည်။

မနှစ်က ၂၀၁၉ ခရစ္စမတ်ပြန်လာတုန်းက နေသန်က ထူးထူးဆန်းဆန်း စကားတွေ ပြောသွားခဲ့သည်။

"ဒိုရာ နင်စဉ်းစားဖူးလား… နင့်ရဲ့နံရိုးရှင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ... "

သူ့စကားကြောင့် ရင်ထဲ ထိတ်ခနဲဖြစ်သွားမိပြီး အချိန်မီ ဟန်ဆောင်လိုက်နိုင်သည်။

"အမယ်... ထူးထူးဆန်းဆန်းပါလား၊ ဘယ်သူ့ကို နင့်ရဲ့နံရိုးလေး ဖြစ်စေချင်နေလို့လဲ"
"ဖြစ်စေချင်တိုင်း ဖြစ်ခိုင်းလို့ရရင် ကောင်းမှာပေါ့... "

ဘာကိုဖြစ်စေချင်နေတာလဲ။ ဒိုရာ သူ့ကို အူကြောင်ကြောင် မျက်လုံးတွေနဲ့ ကြည့်လိုက်မိလို့

"နင့်မျက်လုံးကြီးကလဲ… လန့်လိုက်တာ... မျက်ပြူးမ..."
"မျက်ကျဉ်းကောင် မျက်ပေတုံး သန်းဥမျက်လုံး..."
"ဟား ဟား… သန်းဥမျက်လုံးပဲ ဖြစ်ရသေး ပန်ဒါမရယ်... နင့်ရဲ့နံရိုးရှင် ဘယ်သူဖြစ်မလဲဆိုတာ ငါတကယ် သိချင်တယ်"
"အမယ် နင်ကများ... နင့်ရဲ့နံရိုးကိုသာ စိတ်ဝင်စားပါ"
"အေးပါ... "

အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး အဝေးကို ငေးကြည့်နေပုံက အရင်က နေသန်နဲ့ တခြားစီပါလား။

"နေသန်… နင့်ပုံစံကြီးက ဘယ်လိုဖြစ်နေတာလဲ ငါ့ကိုစ,နေတာလား"
"ငါက? ဘယ်လိုပုံ ဖြစ်နေလို့လဲ"
"မပြောတတ်ဘူးလေ၊ တစ်မျိုးကြီးဖြစ်နေလားလို့"
"ငါမိန်းမယူမယ်ဆို နင် ဝမ်းနည်းမှာလား... "
"ဟမ်... "

အဆက်အစပ် မရှိ ပြောလာတဲ့စကားကြောင့် ဒိုရာ ကြောင်သွားသည်။ ဝမ်းနည်းရုံတင် ဘယ်ကမှာလဲ။ နင့်သူငယ်ချင်း ကြက်ဥမက အသည်းပါ ကွဲရမှာ ကောင်စုတ်ရယ်။ ကျောင်းတက်နေစဉ်တလျှောက်လုံးလဲ ဒီလို စကားမျိုးတွေ မပြောဖူးခဲ့ပဲ။ အခုမှ ဘာလို့ လာမေးနေတာလဲ။ သူ ကြိုက်တဲ့မိန်းကလေး ရှိနေပြီမို့လို့လား။

"နင်... နင်ကြိုက်တဲ့ကောင်မလေး ရှိနေပြီလား ရည်းစား ထားတော့မလို့လား..."

ဟန်ဆောင်ထားတဲ့ကြားက လေသံအဆုံးသတ်မှာ တုန်ခါသွားရသေးသည်။

"အင်း... နင်ယုံတယ်ပေါ့... ဟား ဟား… ငါထင်ပါတယ် ကြက်ဥမတို့ ကြေကွဲတော့မယ်ဆိုတာ..."
"ကြေကွဲနေဦးမယ် အားအားယားယား... "
"နင့်လည်ပင်းမှာ စာရေးပြီး ချိတ်ထားပေးရမယ်၊ သတိ… မထိရ ကြေကွဲလွယ်သည် fragile lady ကြက်ဥမ ဖြစ်သည် လို့ ရေးထားပေးရမှာ… နင့်ရဲ့ ခုချိန်ထိ ပေါ်မလာသေးတဲ့ ရည်းစားကို ငါသနားတယ် သိလား… ညော်ဆီ ရုပ်ဆိုးမကို ချစ်သူတော်ရမှာ ဘယ်လောက်သနားဖို့ ကောင်းလဲ"

တကယ်တော့ ဒိုရာကို မျက်လုံး မျက်ခုံးကောင်းကောင်း၊ ညိုစိမ့်စိမ့်လေးနဲ့မို့ ညိုချောလေးလို့ ပြောကြပါသည်။

"အမလေးတော် နင့်ရည်းစားကိုပဲ ပိုသနားရမှာ... မှေးကျဉ်းသော မျက်ဝန်းပိုင်ရှင်ကို ရည်းစားတော်ရလို့"
"ဟာ… ဒါ ကိုးရီးယားဆန်တာလို့ ခေါ်တယ်"

စကားနိုင်လုကာ ပြောဆိုရင်း မူလစကားတွေကို ပြန်လည်ဆက်စပ် မပြောမိကြတော့။ သို့သော် ဒိုရာရဲ့ ရင်ထဲက စိုးရိမ်မှုလေးကတော့ ပျောက်ပျက်မသွားနိုင်ခဲ့။ သူ တကယ်ပဲ တခြားမိန်းကလေးကို ကြိုက်သွားပြီလား။ မသေချာနိုင်သေးပေမဲ့ ပြန်သွားပြီး နောက်ပိုင်းလည်း ရည်းစားရသွားပြီလို့တော့ မကြားမိသေးပါ။

တကယ်သာ ရည်းစားရသွားရင်လည်း ဘာများ တတ်နိုင်မှာလဲလေ။

ဒိုရာ သက်ပြင်းချလိုက်မိရင်း မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်လေးနဲ့ လမ်းပေါ်ကို ထပ်ကြည့်လိုက်မိပြန်သည်။ သူများ ပေါ်လာမလားလို့ပေါ့။

ဘာလို့ ပြန်မလာတာလဲ နေသန်ရယ်။ နင်နဲ့ငါ ဒီအချိန်လေးပဲ တွေ့ရတယ်ဆိုတာ သိသိရက်နဲ့။ ဒီလက်ဆောင်လေး ပေးဖို့ စောင့်နေတယ်လေဟယ်။

သို့သော် တစ်မနက်လုံး စောင့်မျှော်နေခဲ့တဲ့ မျှော်လင့်ချက်တွေ အလကား မဖြစ်ခဲ့ပါ။ သူတို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းဖြစ်တဲ့ နွေဦးက လက်ဆောင်ဘူးကြီးနဲ့ ပေါက်ချလာခဲ့သည်။

"ဒိုရာ... ရော့ ... မင်းအတွက် ခရစ္စမတ်လက်ဆောင်တဲ့… နေသန် ပေးခိုင်းထားတာ မနေ့မနက်ထဲက ရောက်ပေမယ့် ဒီကောင်က ခရစ္စမတ်နေ့မှာမှ ပေးပေးပါဆိုလို့ အိမ်မှာ တစ်ည သိပ်လိုက်ရသေးတယ်၊ မဖွင့်ကြည့်နဲ့ဦးတဲ့… သူ video call ခေါ်ခဲ့မယ် အတူ ဖွင့်ကြည့်ကြမယ်တဲ့"

နွေဦး လာပေးသွားတဲ့ ပက်ကင်လှလှ ထုပ်ထားတဲ့ လက်ဆောင်ထုပ်ကြီးကို လက်ခံယူလိုက်ရင်း ရင်ထဲမှာ ဖော်မပြတတ်အောင် ပျော်ရွှင်သွားမိသည်။

ကြည့်စမ်း... အစုတ်ပလုတ်ကောင် နေသန်ဟာ သူမ ဖုန်းဆက်တာ လုံးဝမကိုင်ဘဲ အခုလို surprise လုပ်ရလား။ သိတတ်စအရွယ်ထဲက နှစ်စဉ်နှစ်တိုင်း သူ့ဆီက လက်ဆောင် ရနေကျမို့ ဒီနှစ် မရရင် သူမ တော်တော်ကို ဝမ်းနည်းမိမှာပါ။

ဒါဆို သူ ပြန်မလာမှာ သေချာသွားပြီပေါ့။ သူနဲ့ အပြင်မှာ မတွေ့ရတော့ဘူးပေါ့။ တစ်နှစ်မှ တစ်ခါပဲ တွေ့ရတာလေ။ အခုလို ပြန်မလာဖြစ်ဘူးဆိုလဲ ကြိုပြောပေါ့ မျက်ကျဉ်းကောင်ရယ်။ ပြီးတော့ သူ့အတွက် လက်ဆောင်လည်း မပေးရတော့ဘူးပေါ့။

ဒီလက်ဆောင်လေးကို ဖောက်ကြည့်တဲ့ အချိန်ကျရင် သူ ဘယ်လို ဖြစ်သွားမလဲ၊ ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ သိချင်နေတာကို။ ကားဂိတ်ကနေဖြစ်ဖြစ်၊ လူကြုံနဲ့ဖြစ်ဖြစ် ထည့်ပေးလိုက်ရင် ရသော်လည်း လက်ဆောင်ထုပ်လေးတွေကို အရင်လိုပဲ အတူတူ ဖွင့်ကြည့်ချင်မိတာပါ။ အဲ့လိုဖွင့်ကြည့်တဲ့အချိန်ကျရင် သူ အံ့ဩသွားမှာ သေချာသည်။

ဒိုရာ ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးစွာ ပြုံးလိုက်မိချိန်တွင် အင်္ကျီအိတ်ထဲက ဖုန်းမြည်လာလို့ ထုတ်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း နေသန် ဖြစ်နေခဲ့သည်။

အရူးကောင်ဟာ မနေ့က တစ်နေကုန်လုံး ဖုန်းမကိုင်။ အခုမှ လာဆက်နေသေး။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် လူကိုယ်တိုင် မလာနိုင်ပေမယ့် ခရစ္စမတ်လက်ဆောင်ကို မပျက်မကွက် လက်ထဲရောက်အောင် ပို့ပေးခဲ့လို့ စိတ်ဆိုးနေပေမဲ့ ကျေးဇူးလည်း တင်မိသည်။

"Merry Christmas နေသန်... အရူးကောင် ငါ့ဖုန်းကို ဘာလို့ မကိုင်တာလဲ"

လက်ဆောင်ထုပ်ကို လက်နှစ်ဖက်နဲ့ မပြီး ဖုန်းကို နားနဲ့ပုခုံးကြားညှပ်ကာ ပြောနေရင်း အခန်းထဲဝင်ခဲ့လိုက်သည်။

"Video call ပြောမယ် ခု လိုင်းဖွင့်လိုက်"

ကြည့်...သူများပြောတာ နားမထောင်ဘဲ ပြောချင်ရာပြောပြီး ဖုန်းချသွားပြန်ပြီ။ အပြင်မှာသာဆို ဒင်းရဲ့ကျောပြင်ကို ဘုန်းခနဲနေအောင် ထုပစ်မိမှာ သေချာသည်။ ဒိုရာ နှုတ်ခမ်းကိုက်ကာ အင်တာနက်ဖွင့်လိုက်တာနဲ့ ဒင်း video call ခေါ်တာနဲ့ တန်းတိုးသည်။

ဒီလက်ဆောင်ထုပ်ကြီးကို ဆရာသမားက သူနဲ့အတူ ဖွင့်စေချင်လို့ video call ခေါ်မှန်း သိလို့ ဖုန်းကို စားပွဲပေါ်သေချာတင်လိုက်ပြီး လက်ဆောင်ထုပ်ကို ဖုန်းရှေ့ မ,ပြလိုက်သည်။

"ဘာတွေလဲ ငါ ဖွင့်လိုက်တော့မယ်နော်... "
"အင်း... "
"ဟင်..."

ဒိုရာ ဘူးကို ဖွင့်ကြည့်လိုက်တော့ ဘူးထဲမှ Maple bonsai ပင်ကို ကြည့်ပြီး မျက်ရည်တွေ ဝဲလာမိသည်။ သူမအရမ်းကြိုက်တဲ့ အနီရောင် Acer palmatum ဘွန်ဇိုင်း အပင်လေးပါ။ အရင်က ဇာတ်ကားအတူတူ ကြည့်ရင်း အနီရောင်မေပယ်လ်ပင်ကြီးကို တွေ့လိုက်ရလို့ အဲ့ဒီအပင်ကြီကို ရချင်လိုက်တာလို့ အမှတ်တမဲ့ပြောခဲ့ဖူးတာကို သူက အမှတ်တရ ရှိနေခဲ့တယ်တဲ့လား။

"ကြိုက်လား… ဟာ ကြက်ဥမတို့ ကြေကွဲနေပြန်ပြီ... "

ဒိုရာ ကျချင်နေတဲ့မျက်ရည်တွေကို ပါးပြင်ပေါ်မကျလာအောင် သုတ်ပစ်လိုက်ပြီး

"အင်း… အရမ်းကြိုက်တယ် ဒီဟာက ပင်စည်ကလည်း တုတ်တုတ်လေးနဲ့ လှလည်းလှတယ် အရမ်းစျေးကြီးမှာနော်"
"အဲ့လောက်လည်း မကြီးပါဘူး၊ အဲဒီအပင် ငါဝယ်ထားတာ သုံးနှစ်လောက်ရှိပြီ၊ နင့်ကိုပေးဖို့ သေချာပြုစုထားတာ နင့်လက်ထဲရောက်မှ မသေစေနဲ့ဦးနော် နေရောင်ရတဲ့နေရာမှာထား... အဲ့ဒီအပင်နာမည်က ကြက်ဥမတဲ့... ဗူးအောက်မှာ တစ်ခု ပါသေးတယ်လေ မတွေ့ဘူးလား... "
"ဟုတ်လား... ငါက ဒီအပင်ကို ငမ်းနေရတာနဲ့ သတိမထားလိုက်မိဘူး ဘာကြီးလဲ..."

ဘွန်ဇိုင်းပင်အောက်က ဗူးတစ်ဗူးကို သတိကို မထားမိခဲ့ပါ။ ဒိုရာ ထုတ်ကြည့်လိုက်တော့ ထပ်ပြီး အံ့ဩရပြန်သည်။

"နင်... ငယ်တုန်းကအတိုင်းပဲ ပါးစပ်လေးလည်း စေ့ထားဦး ယင်ကောင် ဝင်ဥသွားဦးမယ်"

အင်္ကျီကို တစ်လှည့် ဖုန်းထဲမှ နေသန်ကိုတစ်လှည့် ကြည့်ပြီး ပြုံးလိုက်မိသည်။ ဒါ အခု သူဝတ်ထားတဲ့ အနွေးထည် အပြာရောင်နဲ့ ဆင်တူလေးပဲ။

ကြည့်စမ်း... သူမတို့နှစ်ယောက်ဟာ စိတ်ချင်း တိုက်ဆိုင်လှပါလား။ သူ့အတွက် သူမလည်း ဆွယ်တာအင်္ကျီလေး လက်ဆောင်ပေးဖို့ ကိုယ်တိုင် ထိုးထားခဲ့သည်။ သူနဲ့သူမ ဆင်တူလေးပေါ့။

"ကြိုက်လား ... ငါနဲ့ဆင်တူ... ငါကပိုလှတော့ ငါဝတ်တော့ ပိုသန့်နေရော… မင်း မနာလို မဖြစ်နဲ့ ... "

ဖုန်းထဲက စပ်ဖြီးဖြီးမျက်နှာကြီးကို မျက်စောင်းရွယ်လိုက်ပြီး

"ငါ အခုဝတ်လိုက်ဦးမယ် ဘယ်သူပိုလှလဲ ယှဉ်ကြည့်ကြမလား... "
"စိန်လိုက်လေ... "

ဒိုရာ အပေါ်မှာ ထပ်ထားသောအနွေးထည်ကို ချွတ်ကာ ချက်ချင်း လဲဝတ်လိုက်သည်။

"ဒီမှာတွေ့လား… ငါပိုလှတယ် နေသန် အစုတ်ပလုတ်ကောင် ဒါနဲ့ နေပါဦး… နင်က ရန်ကုန်မှာ အဲ့လောက်လည်း မအေးဘဲ ဘာလို့ အနွေးထည်ကြီးနဲ့လဲ"
"ငါ့ကို ရန်ကုန်မှာလို့ ဘယ်သူပြောလဲ နင့်ကို ကြွားစရာရှိတယ် နင် အံ့ဩသွားစေရမယ်... "
"အမယ်… ဘာမို့လို့ ငါက အံ့ဩရမှာလဲ ကြွားစေ ကြွားစေ... "

နေသန်ရဲ့ဖုန်းကင်မရာကို တဖက်သို့ လှည့်လိုက်တော့ တွေ့လိုက်ရတဲ့ မိန်းကလေးတစ်ယောက်။ နေသန်နဲ့ဆင်တူ အပြာရောင် အနွေးထည်လေး ဝတ်ဆင်ထားလျက်။ ဒိုရာရဲ့မျက်နှာ ဟန်မဆောင်နိုင်ပဲ ပျက်ယွင်းသွားခဲ့ရတာကို မိန်းကလေးကို ကြည့်နေတဲ့ နေသန် မမြင်လိုက်ပါ။

"ကိုကိုကလည်း ... "

မိန်းမလှလေးက ရှက်နေပုံနဲ့ ကင်မရာနဲ့ဝေးရာ ရှောင်ထွက်သွားသော်လည်း စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ဒိုရာ သူမကို သေသေချာချာကို တွေ့လိုက်ရပါသည်။ အသားဖြူဖြူလေးနဲ့ ချစ်စရာ ကောင်မလေးပါ။ နေသန်ကို ကိုကိုလို့ ခေါ်တယ်ဆိုတော့ ဒိုရာထက် ငယ်မှာ သေချာပါသည်။

"ချစ်လေးကလည်း... ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်လေ၊ လာပါ..."

သူ့ရည်းစားကို အတင်းဆွဲခေါ်နေချိန်မှာ ဒိုရာ video call ချကာ အင်တာနက်လိုင်းပါ တစ်ခါတည်း ပိတ်ပစ်လိုက်သည်။ နေသန် ပြန်မလာနိုင်တာ ဒါကြောင့်ကိုး။

ရင်ထဲက နှလုံးသားလေးရဲ့ကွဲကြေသံနဲ့အတူ ပါးပြင်ပေါ်မှာ ပူနွေးလာတာ သတိထားမိပြီး မျက်ရည်တွေကို သုတ်ပစ်သည်။ ဒီအချိန် တစ်ခဏအတွင်းမှာပင် ပျော်ရွှင်စရာတွေအားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်နဲ့ဆင်တူ အင်္ကျီကို မုန်းတီးစွာ ချွတ်နေစဉ်တွင် လက်ထဲကိုင်ထားတဲ့ဖုန်း မြည်လာလို့ ကိုင်လိုက်ရပြန်သည်။ ရုပ်မမြင်ရတော့ ငါ ဘာဖြစ်နေလဲ နင် မသိရတော့ဘူးပေါ့ နေသန်ရယ်။

"နင် ဘာလို့မရှိတော့တာလဲ ဒီမှာ ငါ့ချစ်သူလေးကို ကြွားချင်လို့ပါဆို... "
"Bill ကုန်သွားလို့ဟေ့… ကြွားချင်တဲ့လူကို သနားလိုက်တာ bill ကုန်သွားလို့ဝမ်းသာတာ ဒီတစ်ခါပဲ ရှိဖူးသေးတယ်၊ လိုင်းမကျခင်က ငါတွေ့လိုက်ပါတယ်၊ နင့်ကောင်မလေးကို... ချောချောလေးနော် နင်နဲ့တောင် မလိုက်ဘူး သိလား ပိန်ရှည်ကောင်..."

ဟန်ဆောင်ကောင်းလိုက်တဲ့အသံပါ။ ဟိုဘက်က နေသန်ကို နည်းနည်းမှ မရိပ်မိစေခဲ့။

"ငါ့ရဲ့နံရိုးလေးနဲ့ငါက လိုက်ဖက်ညီလွန်းလို့ တခြားလူတွေကတောင် ပြောနေကြသေး အရမ်းလိုက်တာပဲ အရမ်းလိုက်တာပဲဆိုပြီး... "
"အမလေးတော် နင် မုန့်ကျွေးပြီး ပြောခိုင်းထားတာမလား"
"ဟား ဟား အရူးမ… ဘယ်လိုလဲ ငါ့လက်ဆောင် ကြိုက်ရဲ့လား"
"အင်း… ကြိုက်ပါတယ်၊ ဒါနဲ့ အင်္ကျီက ဘာလို့နင်တို့စုံတွဲနဲ့ ဆင်တူ ဖြစ်နေရတာလဲ နင်တို့ဘာသာ ဝတ်တာမဟုတ်ဘူး..."

သူ စိတ်မကောင်း ဖြစ်မှာစိုးလို့ ညာပြောလိုက်မိသည်။ အမှန်အတိုင်းဝန်ခံရရင် သူပေးခဲ့တဲ့ လက်ဆောင်တိုင်းကို ကြိုက်နှစ်သက်ခဲ့ပေမဲ့ ဒီအင်္ကျီကိုတော့ နည်းနည်းမှ မကြိုက်​ေတာ့ပါ။

ငယ်ကတည်းကနေ မနှစ်ကထိ သူ ပေးခဲ့တဲ့လက်ဆောင်တိုင်းကို ရိုသေမြတ်နိုးစွာ သေချာလေး သိမ်းဆည်းထားခဲ့၏။ သူ မသိပေမဲလည်းပေါ့။

အရုပ်လေးဆို ခုထိ ခေါင်းအုံးဘေးမှာ ရှိနေဆဲ။ တစ်ယောက်တည်း ပျင်းနေချိန်ဆို ထိုအရုပ်လေးကို နေသန်လို့ သဘောထားကာ စကားတွေ ပြောခဲ့ဖူးပါသည်။ ပြီးတော့ နှုတ်ခမ်းနီ ဗူးခွံတွေကအစ သူပေးခဲ့တဲ့အရာတိုင်း မပစ်ရက်ဘဲ ဗူးလေးတစ်ခုထဲမှာ သိမ်းဆည်းထားခဲ့တာပါ။

သို့သော် ဒီနှစ်ပေးတဲ့လက်ဆောင်များထဲ သူ့လက်နဲ့ အချိန်ယူ စိုက်ပျိုးပြုစုပေးခဲ့တဲ့ maple ပင်လေးကို အရမ်းကြိုက်နှစ်သက်ပေမဲ့ ဒီအင်္ကျီလက်ဆောင်ကိုတော့ မကြိုက်ရုံမက မုန်းကိုမုန်းမိသည်။

"ငါတို့စုံတွဲနဲ့ ဆင်တူမဟုတ်ဘူး၊ နင်နဲ့ငါနဲ့အတွက်ပဲ ငါဝယ်ထားတာ ကြာပြီ ဆယ်လပိုင်းထဲက ဒီနှစ် ငါ ပြန်မလာနိုင်လို့ နင့်ဆီပို့ဖို့လုပ်တော့ ငါ့ချစ်လေးက တွေ့သွားပြီး မရရအောင် ရှာပြီးဝယ်ထားတာ သူလည်း ငါတို့သူငယ်ချင်းနှစ်ယောက်နဲ့ ဆင်တူ ဝတ်ချင်လို့တဲ့"

အဲ့ဒီစကားနဲ့တင် ကျေနပ်သွားရသည်။ သူနဲ့သက်ဆိုင်သူဟာ သူ့ချစ်သူဆိုပေမဲ့လည်း သူမအတွက် သီးသန့်ရည်စူးပြီး ဝယ်ထားတာဆိုတဲ့စကားကြောင့် ဒီအင်္ကျီလေးကို မချွတ်ပစ်ရက်တော့။

"နင်က အခု ဘယ်မှာလဲ"
"ကွတ်ခိုင်မှာ... ငါ့ချစ်သဲလေး ဇာတိလေ ဆွေပြမျိုးပြ လိုက်လည်တာ၊ ဒါကြောင့်မို့ ဒီနှစ် မပြန်လာနိုင်တာဟ..."
"အင်းပါ နင်ရည်းစားရသွားတာတောင် မသိလိုက်ရဘူးအေ တော်တော်လျှိုတာနော်... "
"အာ… နင်ကလည်း အဲ့လိုမဟုတ်ပါဘူး... ဒါ ငါ့အမေ သဘောတူထားတဲ့ မိန်းကလေးပါ ငါ့အမေက ရှာ

နဖူးမှ စာဝတ္ထုတို (ဇာတ်သိမ်း)ဪ… ရွာသားကြီးနဲ့ယူပြီး ကောင်းစားနေဦးမယ်""ရွာသားက စာရေးဆရာကြီးပါဟယ်… နင်ကတော့ စာရေးဆရာကတော်ပ...
09/10/2025

နဖူးမှ စာ
ဝတ္ထုတို (ဇာတ်သိမ်း)

ဪ… ရွာသားကြီးနဲ့ယူပြီး ကောင်းစားနေဦးမယ်"
"ရွာသားက စာရေးဆရာကြီးပါဟယ်… နင်ကတော့ စာရေးဆရာကတော်ပေါ့"

နှင်းပွင့်က ဇော်ဇော်နဲ့ ပြန်အဆင်ပြေသွားပြီမို့ စပ်ဖြဲဖြဲလုပ်နေသည်။ ထိုနေ့က ဒင်းသာ အပိုဆာဒါးအသည်းကွဲပြ၍ အတူလာမသောက်ရင်၊ ရန်ရှာမကူရင် ဤသို့ဖြစ်မည်မဟုတ်။ အခုတော့… ။

မည်သို့ပင်ဆိုစေကာမူ ပြောင်ကြီးနှင့်စတင်တွေ့ဆုံခဲ့သော သီတင်းကျွတ်လပြည့်ပြီး နှစ်လကျော်တွင် လက်ထပ်ရတော့မည်။ ပြောင်ကြီးနဲ့ပတ်သက်၍ အတွင်းကျကျ ဘာအကြောင်းအရာမှ မသိသော်ငြား ငြင်းဆန်ခွင့်ရော ချေးများခွင့်ပါ မရှိတော့။ နှစ်ဖက်ဆွေမျိုးမိဘများ စုံစုံလင်လင်ဖြင့် မင်္ဂလာပွဲကြီး ကျင်းပကာ ပြောင်ကြီးနှင့်သာ ရိုးမြေကျရမည်။

ဤသို့ဖြင့် လုံးကြီးပေါက်လှ အပျိုကြီးမမ အေးကြည်ဖြူမှာ ပြောင်ကြီးနှင့် တူနှစ်ဖြာ ရွှေဂဟေဆက်ကာ တူနှယ်တန်းတန်ခဲ့ရပါတော့သည်။

🕯️🕯️🕯️🕯️🕯️

( အဆုံး )

ပြောင်ကြီးနဲ့တွေ့ဆုံခဲ့တာ သီတင်းကျွတ်လပြည့်နေ့မှာ တစ်နှစ်ပြည့်ပါပြီ။ ကိုယ်ဝန်ကလည်း ငါးလရှိနေပြီ။

အတူနေရင် သံယောဇဉ်ရှိပြီး ချစ်သွားသည်ဟူသော စကားက မှားသည်။ ချစ်ဖို့မပြောနဲ့ မကြိုက် မကြိုက်။ သူ့တစ်ကိုယ်လုံးတွင် ရှိရှိသမျှ ဘယ်အရာမှ မကြိုက်။ အနည်းငယ်မျှ နှစ်သက်မိသောတစ်နေရာလောက် ပြပါဆိုရင်တောင် တစ်ခုမှမရှိ။

အမြင်ကတ်ဆုံးဆိုရင်တော့ စတွေ့ကတည်းကနေ ခုချိန်ထိ မတွေ့မမြင်ချင်ဘဲ တစိမ့်စိမ့်ကြည့်နေရသော မဟာနဖူးကြီးကို ချက်ချင်းထိုးပြမိမည်။

လူတကာက သူ့ကို စာရေးဆရာဟုပြောကြသည်။ စာရေးသလား၊ ဘာလုပ်သလဲ မသိ။ တစ်ခါမှတလေ တကုပ်ကုပ်လုပ်နေတတ်တာတော့ တွေ့သည်။ ဒီလို Skill နဲ့ တစ်နှစ်တစ်အုပ်ထွက်ဖို့တောင် ကံကောင်း။ သူ့ကို လူတကာမေ့လောက်ချိန်မှ ထထုတ်တော့ ဘယ်သူတွေက ဝယ်ဖတ်ကြမှာလဲ။

သူ့ရွာမှ ဆန်ဆီဆားငရုတ်ကြက်သွန်ပါမကျန် အစုံအလင်ပို့ပေးနေလို့သာ အသက်ရှူချောင်သည်။ သူအမွေရသည့် ဥယျာဉ်ခြံမြေတို့အားလည်း အစ်ကို၊ အစ်မတွေက စောင်မကြည့်ရှုလုပ်ကိုင်ပေးကြသည်ဆိုလား။ ဒင်းက မင်္ဂလာဆောင်ပြီးကတည်းက ရန်ကုန်မြို့ကနေ တစ်ဖဝါးမှမခွာ။ သူ့အစ်ကိုအစ်မတွေကတော့ မယားချစ် ရွာပစ်ဟု စနှောက်ကြသည်။ ကုန်ဈေးနှုန်းတွေ ကြီးရသည့်ကြားထဲ သူ့ဝင်ငွေနဲ့သာ ရပ်တည်ရရင် လျှာပေါ်တင်မက တစ်အိမ်လုံးမှာပါ မြက်ပေါက်သွားလိမ့်မည်။

အိမ်ထောင်ကျပြီးသွားပေမဲ့ အငယ်ဆုံးမို့ ဝိုင်းဝန်းချစ်ခင်မပျက် ကူညီကြသေးလို့ တော်သေးသည်။ သူ့ကိုမွေးပြီးမှ စီးပွားရေးက တရှိန်ထိုးတက်လာခဲ့သည်မို့ ငယ်ကတည်းက အလိုလိုက်ထားကြသည်တဲ့။ စီးပွားက တက်ချိန်မို့တက်တာကို အကြောင်းအကျိုးတိုက်ဆိုင်သွားပြီး သူ့ကိုမွေးလို့ပဲ တက်သလိုလို။

ဒါပေမဲ့ ပြောင်ကြီးရဲ့ကံကောင်းချက်ကိုတော့ လက်မခံလို့ မရ။ ဒင်းရဲ့လိုအင်ဆန္ဒများ ပြည့်ဝချက်ဆိုတာ သူမမှာ သူ့ကို တစ်စက်မှ မေတ္တာမရှိတာတောင် ပေါင်းဖက်နေရသည့်အဖြစ်ဆိုတော့ကား… ။

"ပန်းကန်တွေ ဆေးထားခဲ့လား"

သီချင်းလေးတစ်ပုဒ်ကြားပြီး အတိတ်ကို ပြန်လှန်တွေးတောနေရာမှ ပြောင်ကြီးက ထမင်းစားပြီး ဗိုက်ကလေးကိုပွတ်၍ ထွက်လာသည်မို့ မေးလိုက်သည်။

"အင်း… "
"သေချာလား"
"သေချာတယ်၊ မယုံရင် သွားကြည့်… "
"ကြည့်မနေဘူး၊ မဆေးခဲ့လို့ကတော့ နာပြီသာမှတ်… "

ပြောင်ချက်ဆိုတာ နဖူးသာမက မျက်နှာပါ ပါသေး။ သူ့ကို ဘယ်လောက်ထိ ဂျိုလုပ်လုပ် ခပ်တည်တည်သာ။

"ငါ့စာအုပ်အတွက် စာရိုက်ပေးပါလား"

ကိုယ်ဝန်ကြီးနှင့်မိန်းမကို ညှာတာရကောင်းမှန်း နားမလည်ရှာ။ သူမက ရွာမှာလိုက်မနေနိုင်သောကြောင့် သူ့မိဘတွေက မြေညီထပ်တွင် တိုက်ခန်းတစ်ခန်း ဝယ်ပေးသည်။ ကိုယ်ဝန်ရှိချိန်တွင် အလုပ်ထွက်ကာ မိတ္တူဆိုင်ကလေးဖွင့်၍ အေးဆေးနေသည်ကို ကြည့်မရဘူး ထင်ပါရဲ့။

ဒင်းကဖြင့် ဘာမှကို မည်မည်ရရ မလုပ်ဘဲ။ စာရေးဆရာပီသအောင် စာအုပ်စင်အပြည့် စာအုပ်တွေ ဝယ်စုသည့်အလုပ်သာ လုပ်သည်။

"ဒီမှာ ပြောင်ကြီး… "
"ဘာလဲ ပြောင်ကြီးမိန်းမ… "

တောက်… တစ်စက်မှ အကြောမခံ။ စာရေးဆရာဖြစ်ပြီး နှလုံးသားနူးညံ့ခြင်း မရှိ။ ရိုရမည့်အချိန်ဆို ဒင်းကရွာသား။ ဘာမှမသိတဲ့ innocence လေး။ ခွကျရမည်ဆို စာရေးဆရာ။ ချက်ချင်းကြီးကို ပြောင်းလဲသွားတတ်သည့် အနီးဆုံးရန်သူကြီး။ ဒင်းရဲ့စိတ်တွေက ကြည်ဖြူကဲ့သို့ တစ်သက်မတ်တည်း မရှိ။ သူမဆို သူ့အပေါ် Ever အမြင်ကတ်စိတ်များနှင့်သာ။

ဂျိုကြည့်ကြည့်လိုက်မှသာ စပ်ဖြဲဖြဲရုပ်ကြီးနှင့် အနားလာထိုင်သည်။

"အပျိုကြီးလို့ အခေါ်မခံရတာ ကြာပြီမလား… ဖိုးသားလေးအမေ ဖြစ်တော့မှာလေ၊ ဘယ်သူက အပျိုကြီးလို့ ခေါ်မှာလဲ"
"အဲ့ဒါ နင့်ကြောင့်… နင့်ကြောင့်လေ"

နဖူးကို တဖတ်ဖတ်နှင့်ရိုက်ကာ ရန်ရှာတော့ ပြောင်ကြီးက ရယ်ကာ သူမကို လက်ကိုဆွဲကိုင်၍ ပွေ့ဖက်သည်မို့ သူ့ရင်ခွင်ထဲသို့ ရောက်ရှိသွားတော့သည်။ အသက်ကွာပေမဲ့ စိတ်တိုချိန်မှာတော့ မလေးစားနိုင်။ နင်နဲ့ငါ ကိုင်တုပ်ကာ ရန်ရှာမိသည်။

တစ်ခါတလေ စိတ်ကောင်းဝင်နေချိန်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်တာကို အဟုတ်မှတ်လို့။ အိမ်ဦးနတ်ကြီးအဖြစ် မနည်းလေးစားပြနေရတာကို သိလျက်နှင့်။

"ဟုတ်တယ်… ငါ့ကြောင့် ငါ့ကြောင့်… ဒီဗိုက်ရဲ့တရားခံက ငါကွ… ဘာဖြစ်လဲ"

နှာဘူးအပြုံးကြီးနှင့် ဝင့်ကြွားစွာပြုံးနေသောကြောင့် စိတ်က ပို၍တိုရသည်။

"လူယုတ်မာ… "
"ဘယ်သူက ယုတ်မာလို့လဲ၊ မင်း ငြင်းလို့ ရွာပြန်မလို့လေ၊ မင်းသာ ငါနဲ့မရလို့ အသည်းတွေကွဲပြီး သောက်စားမူးယစ်သောင်းကျန်းလို့… "
"အောင်မာ… "
"ဝန်ခံလိုက်… ဝန်ခံလိုက်… ကလေးတစ်ယောက်တောင် ရတော့မှာ… ရှက်မနေနဲ့… "

သည်လိုလူကို အမြင်ကတ်တာ သူမ မလွန်။ ပြောဆိုပုံကိုကြည့်လေ။ ပတ်ဝန်းကျင်က ဘယ်လိုထင်ထင် အမှန်တရားကို ဒင်း အသိဆုံး။ ထိုနေ့က သူသာ မလာခဲ့ရင်… ။ သူ့ကြောင့် မလိုချင်သောအိမ်ထောင်သည်ဘဝကို ရရှိကာ နေသားမကျချင်ဘဲ နေသားကျနေရသည်မို့… ။

ဒေါသထွက်ထွက်နှင့် မော့ကြည့်လိုက်ချိန်တွင် သူ့မျက်နှာကြီး တိုးကပ်လာသောကြောင့် တွန်းထုတ်ကာ ခပ်ခွာခွာထိုင်လိုက်သည်။ အော်ဂလီဆန်ချိန်ဆို အဖက်ရော အနမ်းပါ မခံချင်ပါ။

"အနားကပ်မလာနဲ့နော်… "
"အပျိုကြီးရောဂါ… အပျိုကြီးရောဂါ… "

ကြည်ဖြူက တစ်ခုခု အလိုမကျတိုင်း "ငါ့ဘာသာ အပျိုကြီးလုပ်နေရင်… " ဟု အစချီကာ ရန်လုပ်တတ်လွန်းလို့ သူက "အပျိုကြီးရောဂါ" ဟု ထအော်တတ်သည်။ ဒင်းကတော့ နှာဘူးရောဂါက နှစ်ဆယ့်လေးနာရီ ဖြစ်နေတတ်ပြီး။

"ဘာပြောတယ်"
"ဘာမှ မပြောဘူး"

လူကို စပ်ဖြဲဖြဲရုပ်ကြီးလုပ်ပြပြီး စာအုပ်ထိုင်ဖတ်နေ၏။ စဉ်းစားသာ ကြည့်ကြပါ။ ထင်ပေါ်ဆိုသည့် ဤလူသားကို မေတ္တာတုံးတာ မလွန်။ စိတ်ကူးပေါက်ချိန် ပြောတတ်သည်က "မင်းစိတ်ဆိုးနေတာလေးကို ချစ်လို့" တဲ့လေ။ သူ ချစ်အောင် တမင်တကာပဲ စိတ်ဆိုးပြရတော့မလို။ သည်အချိုးတွေကြောင့် သူမနဲ့ဘယ်တော့မှ တည့်မည် မဟုတ်။

သို့ပေမဲ့ မိသားစုတစ်ခုရဲ့ မိနဲ့ဘ ဖြစ်ရတော့မည်။ ဗိုက်ထဲမှကလေးက အဖေတူသားသာဆိုရင်… ။ သားအဖနှစ်ယောက်က တစ်ဖက်၊ သူမကတစ်ဖက်နှင့် တစ်ယောက်တည်း အားငယ်ရမည်မို့ သမီးမိန်းကလေးတစ်ယောက်လောက် မွေးဦးမှပါ။ ဒါမှ ဒင်းတို့သားအဖနဲ့ ရန်ဖြစ်လို့ရမှာ။

အို… သည်တစ်ယောက်တောင် မနည်း… ဘာလို့များ နောက်တစ်ယောက်မွေးဖို့ ကြံစည်မိသနည်း။ "မွေးသာမွေး… " ဟူသောစကားသံကို ကြားယောင်ကာ ခေါင်းခါမိသွားသည်။ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ပါ။ ဗိုက်ကြီးတကားကားနဲ့ ရုံးမတက်ချင်လို့ အလုပ်ထွက်ခဲ့ရုံမက အပြင်တောင် သိပ်မထွက်ဖြစ်။ လင်ယူသားမွေးဘဝကို လိုကိုမလိုချင်ပါ။

သို့ပေမဲ့လည်း… မထင်ပေါ်တဲ့ စာရေးဆရာထင်ပေါ် ( ခ ) ပြောင်ကြီးနဲ့သာ သေဆုံးချိန်အထိ နေထိုင်သွားရတော့မည်။ အရင်းနှီးဆုံးသူစိမ်းမဟုတ်ဘဲ အနီးဆုံးရန်ဖြစ်ဖော် ရန်သူတော်ကြီးနဲ့ပေါ့။

အိုမင်းကာ သားသမီးမြေးမြစ်များရချိန်အထိ မတည့်နိုင်လောက်။ အမေပြောခဲ့သည့်အတိုင်း အပျိုကြီးလုပ်မည့်အစီအစဉ်ကို ဒင်းကြောင့် နောက်ဘဝသို့ ရွေ့ပြောင်းခဲ့ရသောကြောင့် …

ဒင်းနဲ့စတင်တွေ့ဆုံခဲ့သော သီတင်းကျွတ်လ၏နေ့ရက်ကို ပြန်လည်၍ ဘာအမှတ်မှကို မရချင်ပါ။

ပြီးပါပြီ။
အားပေးမှုကို ကျေးဇူးတင်ပါသည်။
Author✍️ N Maria Seng

နဖူးမှ စာ [ My nearest enemy ]ဝတ္ထုတို ( စ/ဆုံး )အစ"သီတင်းကျွတ်ညလေးတစ်ည ### ပြန်လည်ကာ အမှတ်ရမိပါတယ် ### "ဘယ်ကဖွင့်ထားမှန...
09/10/2025

နဖူးမှ စာ [ My nearest enemy ]
ဝတ္ထုတို ( စ/ဆုံး )

အစ

"သီတင်းကျွတ်ညလေးတစ်ည ### ပြန်လည်ကာ အမှတ်ရမိပါတယ် ### "

ဘယ်ကဖွင့်ထားမှန်း မသိသော သီချင်းသံကြောင့် ကြည်ဖြူတစ်ယောက် နံရံပေါ်မှ မင်္ဂလာဆောင်ဓာတ်ပုံကြီးကို ကြည့်လိုက်မိသလို ခပ်ပုံ့ပုံ့လေးစူထွက်နေတဲ့ဗိုက်ကိုလည်း ကိုင်လိုက်မိသည်။

သူမကတော့ မနှစ်ကသီတင်းကျွတ်ညလေးတစ်ညကို ပြန်ပြီးကို အမှတ်မရချင်ပါ။ ပြန်စဉ်းစားတိုင်း ဒေါသတွေသာ ထွက်ရသည်မို့ တမင်တကာမေ့ထားသော်လည်း… ။

"ကြည်ဖြူ… ထမင်းစားမယ်"

အိပ်ခန်းထဲမှ ထွက်လာကာ ထမင်းဝိုင်းပြင်ခိုင်းနေသော အိမ်ဦးနတ်ကြီးကို မျက်စောင်းထိုးပစ်သည်။ နေ့နေ့ညည ဒီလူကြီးကို တွေ့မြင်နေရမှတော့ ထိုနေ့ညတွေကို မေ့လို့ရနိုင်ပါတော့မလား။

"ကိုယ့်ဘာသာ သွားစားပါလား"
"ဘာဖြစ်နေပြန်ပြီလဲ"

ဒင်းက နပ်သည်။ ကြည်ဖြူက တစ်နေ့တစ်မျိုး မရိုးရအောင်စိတ်ဖောက်တတ်သည်မို့ အခုလည်း ရိပ်မိပုံပင်။

"ဘာမှမဖြစ်ပါဘူး၊ တစ်ယောက်တည်းနေချင်လို့… "
"ဖြစ်ပြန်ပြီလား အပျိုကြီးရောဂါ… ကလေးတစ်ယောက်တောင်ရတော့မယ်၊ မင်းဖြစ်ချင်တဲ့ အပျိုကြီး… ဒီတစ်သက် လုံးဝမဖြစ်နိုင်ဘူးဆိုတာ သိသင့်ပြီ"
"ရှင့်ကို ဘာပြောနေလို့လဲ၊ စိတ်ညစ်ရတဲ့ကြားထဲ… သွားစမ်းပါ"

မောင်းထုတ်မှ ပိုဆိုးတော့သည်။ လူအနားမှာကပ်ထိုင်၍ တမင်တကာဖက်နမ်းနေလို့ ဒင်းမျက်နှာကြီးကို တွန်းထားကာ

"ရှင်… မယုတ်မာနဲ့နော်"
"ဟာ… ငါ့မိန်းမကို ငါနမ်းတာ၊ ဘာယုတ်မာလို့လဲ"
"တစ်ယောက်ထဲ နေချင်တယ်လို့… သွားနော် ပြောင်ကြီး"

သူ့ရဲ့နဖူးကြီးက တစ်နေ့တခြားပိုပိုပြောင်လာသလိုပင်။ မီးရောင်အောက်မှာ အရောင်ပင်လက်နေသလိုလို။ သည်နဖူးသာမက သူ့တစ်ကိုယ်လုံးမှာ သူမ ကြိုက်နှစ်သက်သည့် အစိတ်အပိုင်းဆိုတာ တစ်ခုမှ မရှိပါ။

"ဘာပြောင်ကြီးလဲ"
"မဟုတ်လို့လား… သွားစမ်းပါ"
"မင်းနော်… အလိုလိုက်လို့ ကမ်းတက်မလာနဲ့"

သူမကို ပေစောင်းစောင်းကြည့်ကာ အနောက်ထဲသို့ ဝင်သွားတော့သည်။

"သီတင်းကျွတ်ညလေးတစ်ည ### ပြန်လည်ကာ အမှတ်ရမိပါတယ် ### မီးကလေးတွေထွန်းတော့ စည်ပါတယ် မီးထွန်းပွဲတော်မယ် ### ချစ်တဲ့ကောင်လေးတယောက် ယောင်လည်လည် တစ်ဦးတည်းလျှောက်ကာလည် ### အခုတော့တို့ရည်းစား သူလည်စရာအတွဲလေးရှိပေါ့ကွယ်"

ချစ်တဲ့ကောင်လေးတစ်ယောက်မဟုတ်ဘဲ ပြောင်ကြီးနှင့် ဖူးစာဆုံပေးခဲ့သော ထိုရက်တွေကို ဖြစ်နိုင်လျှင်…

🕯️🕯️🕯️🕯️🕯️

( ၁ )

"ကြည်ဖြူရေ… "
"ရှင်… အန်တီယု"

ပဲပြုတ်ဟု အော်သံကြားသောကြောင့် ဝရန်တာထွက်ကာ ပဲပြုတ်သည်ကို ထွက်ကြည့်နေစဉ် မျက်နှာချင်းဆိုင်တိုက်မှ အန်တီယုက လှမ်းခေါ်လို့ ထူးရသေးသည်။

ဒုတိယထပ်ကနေ အောက်သို့ငုံ့ကြည့်ရင်း ဆိုဂျူပုလင်းကို ဖွင့်၍သောက်လိုက်သည်။ ဆိုဂျူပုလင်းဆိုပေမဲ့ အထဲမှာရေထည့်ထားခြင်း ဖြစ်၏။

သီတင်းကျွတ်လပြည့်နေ့သာ ဆိုသည်။ အပူရှိန်က လုံးဝမလျော့။ တစ်နေကုန် ရေအေးအေးလေးသောက်ချင်သောကြောင့် ရေခဲသေတ္တာထဲတွင် ရေဘူးများထည့်ထားရာ ရှိသည့်ဘူးများနှင့် မလောက်တော့။

အိမ်မှာရှိသော မိသားစုသုံးဦးထဲတွင် ရေအေးကြိုက်သူက သူမတစ်ယောက်သာ။ အဖေနှင့်အမေက လူကြီးများမို့ ရေခဲရေမကြိုက်ကြ။ သို့ပေမဲ့ သူမတစ်ယောက်တည်း သောက်တာကိုပင် ရေဘူးတေွက မလောက်နိုင်။ မီးကလည်း ပျက်ချင်တဲ့အချိန် ပျက်တတ်သည်ဆိုတော့ကား။

နောက်ဆုံး အိမ်မှာရှိသော ပုလင်းလွတ်များပါမကျန် မနေ့ညကတည်းက ရေဖြည့်၍ ရေခဲသေတ္တာထဲ ထည့်ထားခြင်းဖြစ်သည်။ စောစောစီးစီးရေအေးတွေ သောက်နေလို့ အမေတွေ့ရင် အဆူခံရဦးမည်။

"သီတင်းကျွတ်ပြီနော်"

ဒါ ဝါဝင်ဝါထွက်ချိန်တိုင်း အပျိုကြီး၊ လူပျိုကြီးတွေ ကြုံတွေ့ရတဲ့ ဝဋ်ဒုက္ခတစ်ခု။ ဘယ်လောက်ထိ သမာဓိအားကောင်းလို့ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေရသလဲဆိုတာ သူတို့ သိလျက်နှင့်။ အသိမိတ်ဆွေမို့ စနှောက်တယ်ဆိုရင်တောင် နှစ်တိုင်းပြောနေရတာ အာညောင်းကြပုံ မပေါ်။ နားထောင်ရသူကသာ ပျင်းရိငြီးငွေ့ကာ နားညောင်းသည်။

ကြည်ဖြူ သောက်လက်စရေကို မျိုချပြီးနောက်

"ညနေ ဘုရားသွားမယ်လေ"

ဟု ဖြေကာ ထပ်မော့နေစဉ်

"ဟင်… "

အဲ့ဒီအခန်းမှာ လူတွေရောက်ခဲ့ပြီလား။ ဘေးချင်းယှဉ်လျက် ဝရန်တာတွင် ဆံပင်ဘုတ်သိုက် ပေတိပေစုတ်ရုပ်နှင့် ဆေးလိပ်သောက်ရင်း သူမကို ကြည့်နေတဲ့ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ကြောင်သွားသည်။ ဘယ်လိုပုံစံမှန်း မသိ။ ဖြစ်ကတတ်ဆန်းနိုင်ပုံများ။ အိပ်ရာထခါစ ယောကျာ်းတစ်ယောက်၏အလှတရားက စိတ်ပျက်ဖွယ်ကောင်းပေစွ။

ကြည်ဖြူက ထိုလူကို တစ်ခဏအတွင်းမှာ အကဲခတ်ပြီးသွားသလို သူကလည်း စီးကရက်ဖွာရင်း အငွေ့တွေကြားထဲမှ ကြည့်နေခဲ့သည်။ သူမက ရယ်ပြနှုတ်ဆက်ချင်စိတ်မရှိသလို သူကလည်း မရယ်ပြပါ။ နောက်မှ သူကြည့်နေတာက သူမလက်ထဲမှ ဆိုဂျူပုလင်းကိုမှန်း သိလိုက်ရသည်။

ဒုက္ခ… ဒီမိန်းမ အခါကြီးရက်ကြီး လပြည့်နေ့မှာတောင် စောစောစီးစီး အရက်သောက်နေတယ်လို့ ထင်ကုန်တော့မှာပဲ။ တကယ်တော့ ဟိုတစ်နေ့ညက သောက်ခဲ့ခြင်းပါ။ အို… သူ့ဘာသာ ဘယ်လိုထင်ထင်။ ဂရုစိုက်လို့… ။ ဖွက်နေလည်း မထူးမည့်အတူတူ ခပ်တည်တည်နေလိုက်တာ အကောင်းဆုံးပါ။

"အေးပါ၊ ဘုရားသွားကုသိုလ်ယူပေါ့၊ ပြီးရင် ဆုများများတောင်း… "

အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ အကုသိုလ်များလိုက်ပုံများဆိုတာ။ ဟွင်း ဟွင်း… ပြောပုံက အပျိုကြီး လင်အမြန်ရအောင် ဆုတောင်းပေါ့လေ။ ပြန်ပြောလိုက်ရ မကောင်း။ တစ်လလောက်စကားမပြောနိုင်၊ မခေါ်နိုင် ဖြစ်သွားဦးမည်။ လူတွေဆိုတာ အခက်သားလား။ အန်တီယုကို အဖက်မလုပ်တော့ပဲ တိုက်အရှေ့ရောက်လာသော ပဲပြုတ်သည်ကို လှမ်းပြောလိုက်သည်။

"ပဲပြုတ်… ငါးရာဖိုး… "
"ရမယ်"

ပဲပြုတ်သည် ချိတ်ပေးခဲ့သော ပဲပြုတ်အထုပ်ကို ကြိုးဆွဲတင်၍ ယူပြီးသည်အထိ ထိုလူက ကြည့်နေဆဲဆိုတာ မျက်ဝန်းထောင့်မှ တွေ့နေရသည်။ မိန်းမတစ်ယောက်ကို အားမနာလျှာမကျိုး ပေါ်တင်ကြီးထိုင်ကြည့်ပုံက လူကောင်းတော့ မဖြစ်နိုင်။ နှာဘူးကြီး ထင်ပါရဲ့။

ထိုလူမျိုးနှင့် တစ်လွှာတည်းအတူနေရတာ စိတ်ပျက်ဖို့ကောင်းလေစွ။ အန်တီယုကိုရော ထိုလူကိုပါ အမြင်ကတ်စိတ်များနှင့် အခန်းထဲသို့ ဝင်ခဲ့တော့သည်။

ထိုသီတင်းကျွတ်လပြည့်နေ့တွင် ကြည်ဖြူ၏ ဖူးစာဖက်ဖြစ်သော ပြောင်ကြီးနှင့် စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

🕯️🕯️🕯️🕯️🕯️

( ၂ )

ကြည်ဖြူ တိုက်ခန်းတံခါးတံခါးသော့ပိတ်နေစဉ် တစ်ဖက်အခန်းမှလူလည်း ထွက်လာသည်။ အမယ်… ခုကျ ပုဆိုးနဲ့ရှပ်နဲ့… ဆံပင်တွေကို ဆီလိမ်းကာ သပ်သပ်ရပ်ရပ်ဖြီးထားသောကြောင့် မဟာနဖူးကလည်း တလက်လက်။

ဖျတ်ခနဲလှည့်ကြည့်လိုက်မိသော စက္ကန့်ပိုင်းအတွင်း ဒီလူရဲ့ရုပ်ရည်ရူပကာဝတ်စားဆင်ယင်ပုံကို Scan ဖတ်ပြီးသွားသည်။ သူ့ဘက်ကို ယောင်၍ပင် ထပ်မကြည့်တော့ပဲ သော့ကို အိတ်ထဲထည့်နေစဉ် ဖုန်းမြည်ခဲ့သောကြောင့် အိတ်ထဲမှထုတ်၍ ကိုင်ရသေးသည်။

"ဟဲ့… အစ်မတော်… လာပြီလား"
"လာနေပြီ"
"အမြန်လာ… ငါတို့စောင့်နေတာကြာပြီ"
"လာပါပြီဆို… "

နှင်းပွင့်က သုံးအိမ်ကျော်လောက်ကနေ ဖုန်းဆက်နေခြင်းဖြစ်သည်။ ဒင်းက ဒင်းရဲ့ချစ်သူဇော်ဇော်ပါ ဘုရားဖူးလိုက်မည်မို့လောနေခြင်း ဖြစ်၏။

ဖုန်းပြောရင်း တဖြည်းဖြည်း ဆင်းနေသောသူမကို ပြောင်ကြီးက ကျော်ဖြတ်ကာ ဆင်းသွားသည်။ အတော်အလျင်လိုနေသည် ထင်ပါ့။ အမြန်ဆင်းသွားတော့လည်း အေးပါသည်။ ဒင်းကို အိမ်နီးချင်းမို့ လူရာသွင်း နှုတ်ဆက်စရာမလိုတော့။

"အေး… အမြန်လာ… ဒါပဲ"

နှင်းပွင့် ဖုန်းချသွားပြီးနောက် ဖုန်းကိုအိတ်ထဲထည့်ပြီး ခပ်သွက်သွက် ဆင်းခဲ့တော့သည်။

တိုက်ထဲမှ ထွက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်တော့ သီတင်းကျွတ်လပြည့်ညမို့ လမင်းကြီးက ထိန်ထိန်သာလျက်။ လျှပ်စစ်မီးရောင်စုံတွေကြားထဲ သဘာဝအလင်းရောင်လေးက တိုးမပေါက်နိုင်ရှာ။ ကြည်ဖြူက အေးမြသောလရောင်လေးကို အင်မတန် သဘောကျသော်ငြား မခံစားဖြစ်တာ ကြာပါပြီ။ ခြံကျယ်ဝန်းကျယ်နဲ့ နေရရင် ဘယ်လောက်ကကောင်းလိုက်မလဲ။

နှင်းပွင့်နဲ့ဇော်ဇော်က နှင်းပွင့်တို့တိုက်ရှေ့တွင် ကြည်ဖြူအား ရပ်စောင့်နေသည်။ တကယ်ဆို သူမက ဒင်းတို့အတွဲကြား ကန့်လန့်ပါနေခြင်း မဟုတ်၊ လပြည့်နေ့ညမှာ ဘုရားသွားဖို့ လွန်ခဲ့တဲ့တစ်ပတ်ကတည်းက တိုင်ပင်ထားပြီးသား။ ဇော်ဇော်က ခရီးထွက်ရမလိုလို၊ ဘာလိုလိုနှင့် မထွက်ဖြစ်သောကြောင့် သူငယ်ချင်းနှစ်ဦးကြား ကန့်လန့်ကြီး လိုက်ပါခဲ့ခြင်းသာ။

"ကြာလိုက်တာ ကြည်ဖြူမရယ်… ရည်းစားလည်း မရှိဘဲ ရှိတဲ့လူထက် ပိုကြာနေတယ်"

နှင်းပွင့်စကားကြောင့် ဇော်ဇော်က ရယ်သည်။

"ဟယ်… အလှပြင်တာနဲ့ ရည်းစားရှိတာမရှိတာနဲ့… ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့၊ ရည်းစားရှိတဲ့လူတွေက ပိုလှချင်ကြတာ မဟုတ်ဘူးလား နော့"

အီစီကလီရုပ်ကြီးနှင့် သူ့ဘဲဘက်သို့လှည့်၍ "နော့" ရသေးသည်။

"မိန်းကလေးတိုင်းက မွေးကတည်းက လှချင်ကြတယ် သိလား… ရည်းစားရှိမှ ကောက်ကာငင်ကာ လှချင်တာမဟုတ်ဘူး၊ ပြီးတော့ ငါနောက်ကျတာက အမေတို့ကို လာကန်တော့တာကို ဧည့်ခံနေရလို့… "
"ဘယ်သူလဲ"
"အမေ့တူမတွေပါ"
"ဪ… သမက်လောင်းများလားလို့… အထင်ကြီးသွားမိတယ်၊ Sorry… "

သူငယ်ချင်းအရင်းကြီးက လူကို အနီးကပ် ကပ်ဖြုတ်နေသောကြောင့် မျက်စောင်းထိုးပစ်လိုက်သည်။

"အမလေး… ကြည်ဖြူတို့က ယူချင်ရင် ခေါင်းခေါက်ရွေးလို့ရတယ် သိလား… "
"မထင်… မထင်… "

ဇော်ဇော်က စကားနိုင်လုနေသူနှစ်ဦးကြားမှာ အရယ်သမား။ သုံးယောက်သား စကားတပြောပြောနှင့် အနီးအနားမှ မဟာသကျမုနိဘုရားသို့ လမ်းလျှောက်ခဲ့ကြသည်။ သူမတို့လမ်းနှင့် ဘယ်လောက်မှ မဝေးသောဘုရားသို့ ဘုရားဖူးလာရန် ခါတိုင်းထက်တော့ ပိုပြင်ထားမိတာအမှန်။ အဝတ်အစားများကိုလည်း သစ်သစ်လွင်လွင်ဝတ်ဆင်လျက်။

"ငါ… ပရိတ်ကြီးဆယ့်တစ်သုတ်ရွတ်မှာမို့ နည်းနည်းကြာမှာနော်"
"ဪ… အေး… ရပါတယ်၊ အေးဆေးပေါ့"

နှင်းပွင့်ရဲ့အေးဆေးပေါ့ဟူသောစကားကို ယုံကြည်မိပြီး ဘုရားရောက်တော့ ကြည်ဖြူက မျက်လုံးမှိတ်အာရုံပြုကာ အေးအေးဆေးဆေးဝတ်ပြုသည်။ စထိုင်တုန်းကတော့ ဇော်ဇော် ပြီးတော့ နှင်းပွင့်က အလယ် သုံးဦးသားတန်းစီထိုင်လျက်။

ကြည်ဖြူ ဝတ်ပြုပြီးနောက် မျက်လုံးဖွင့်လိုက်သောအချိန်တွင်။

"ဟယ်… ကြည်ဖြူ… ကြည့်စမ်း… ဒီနှစ်တော့အတွဲနဲ့ပါလား"

ကြည်ဖြူက သူမကို နှုတ်ဆက်နေသောမနွဲ့ကို နားမလည်နိုင်စွာ မော့ကြည့်လိုက်လို့ မနွဲ့က သူမနံဘေးကို မေးထိုးပြသောကြောင့် လှည့်ကြည့်လိုက်မိသည်။

"ဟမ်… "

ခုနတုန်းက နံဘေးနားတွင် အတူထိုင်၍ ဘုရားဝတ်ပြုနေသော နှင်းပွင့်က ဘယ်ရောက်သွားမှန်းမသိ။ နှင်းပွင့်အစား ဘေးနားတွင် ပြောင်ကြီးက ထိုင်လျက်သား ဖုန်းသုံးနေ၏။ အတူတူလာလို့ ဘုရားရှိခိုးနေသည်ကို ထိုင်စောင့်နေသည့်ပုံမျိုး။ အတွဲဟု ထင်ချင်လည်း ထင်ရက်စရာ။

ကုသိုလ်အမျှ ပေးဝေငှပြီး ကြည်လင်နေတဲ့စိတ်ကလေးပင် ဘယ်ချောင်ကပ်သွားမှန်း မသိ။ ကြည်ဖြူက ပြောင်ကြီးကို မျက်စောင်းထိုးကာ ဆတ်ခနဲမျက်နှာလွဲလိုက်သည်။

"ဘာတွေလျှောက်ပြောနေတာလဲ မနွဲ့ရဲ့… အံ့ဩပါ့"

ဟု မနွဲ့ကို ခပ်ဆတ်ဆတ် ပြန်ပြောလိုက်သည်။ တကယ်ပဲ လူနှစ်ယောက်ကို ယှဉ်တွဲတွေ့ရုံနဲ့ မမေးမမြန်း သူ့အတွေးနှင့်သူ အတွဲဟု စွပ်စွဲပစ်တာတော့ လွန်လွန်းသည်။

"ဪ… မသိဘူးလေ၊ သီတင်းကျွတ်ပြီဆိုတော့… "

သီတင်းကျွတ်တာနဲ့ပဲ လင်ယူစရာလား။ ယောကျာ်းတစ်ယောက်နဲ့အတူတွေ့ရုံနဲ့ ထင်ရာမြင်ရာတွေ ပြောကြတဲ့ ဝန်းကျင်မှာနေရတာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။

"အဲ့ဒီနှင်းပွင့်ကလည်း… ဘယ်သွားလိုက်မှန်း မသိဘူး"

ထိုသို့ရေရွတ်မိသည်ကို

"ဘယ်သွားရမှာလဲ၊ ဟိုမှာ… ဇော်ဇော်နဲ့လေ၊ သူများက ရည်းစားရှိတာကိုးဟဲ့"

ခပ်လှမ်းလှမ်းတွင် ထိုင်စောင့်နေသောနှင်းပွင့်တို့ကို မေးငေါ့ပြပြီး ဖြေတာကိုပင် ကောင်းကောင်းမဖြေ။ စကားက အနှောင့်မလွတ်အသွားမလွတ်။ ထိုသို့ပြောသူများက တစ်ကိုယ်တည်းအပျိုကြီး အေးချမ်းနေတာကို မနာလိုသောအိမ်ထောင်သည်များ ဖြစ်သည်။

ဒင်းတို့ အပျိုမလုပ်ဘဲ လင်ယူသားမွေးပြီး ဘယ်လောက်ထိများ ပျော်နေရတာ မှတ်လို့။ လူနေမှုအဆင့်အတန်း ဘယ်လောက်ထိများ မြင့်မားသွားလို့တုန်း။ မြင့်မားသွားတဲ့လူတွေလည်း ရှိပေမဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကာ လင်တစ်ယောက်သာ အဖတ်တင်ပြီး ရှာဖွေကျွေးနေရသူများက မနည်း။ လင်ကျွေးမှု၊ သားကျွေးမှုတွေနဲ့ လူရုပ်ပေါက်အောင် ရုန်းကန်နေရသူများ၊ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်နေသူများလည်း ရိုက်သတ်လို့မကုန်နိုင်။

ထိုသို့သော အိမ်ထောင်သည်များကသာ အပျိုကြီး လင်မယူလို့ စသလိုနှောက်သလို၊ မရလို့ဘဲ မယူရသလို ခပ်နှိမ်နှိမ်ဆက်ခံချင်ကြသည်။ တကယ်တော့ ဒင်းတို့လို အိမ်ထောင်ရေးဒုက္ခများ ခံစားရအောင် အပျိုကြီးတစ်ယောက် လွတ်လပ်စွာ တင့်တယ်လှပဖူးပွင့်နေခြင်းကို မနာလိုစိတ်များနှင့် ပြောကြခြင်းဖြစ်သည်။ သူတို့ကို ဤသို့ ပြောပြန်ရင်လည်း ဆတ်ဆတ်ခါ နာကြဦးမည်။

မနွဲ့စကားကို ပြောင်ကြီးက ကြားသလား၊ မကြားလားမသိ ထသွားတော့သည်။ မနွဲ့က အမြင်ကတ်ဖို့ကောင်းလွန်းလို့ ထပ်ကာ မျက်စောင်းထိုးလိုက်သည်။

"လူကို တွေ့တာနဲ့ ပြောဆိုဖို့ပဲ၊ ကိုယ့်ဘာသာ ရှာစားနေတာ၊ မနွဲ့ကျွေးထားရလို့လား"

ကြည်ဖြူက ### computer training centre မှ trainer တစ်ဦးဖြစ်သည်။ လုပ်သက်ရှစ်နှစ်လောက်ရှိပြီမို့ နေရာလေးလည်း အတော်အတန်ရနေပါပြီ။ လစာလေးကလည်း မဆိုးမို့ ချွေတာသုံးရင် ကိုယ့်တစ်ဝမ်းတစ်ခါးအတွက် လောက်ငရုံမက စုဆောင်းနိုင်သည့်ဝင်ငွေ ရှိသည်။ ဒါကို ဘာတွေများ မျက်စိစပါးမွေးစူးနေကြသလဲ မသိ။

"အို… ငါသာကျွေးထားရရင် လင်ပေးစားပစ်တာ ကြာပြီ၊ ညည်းရုပ်ရည်နဲ့ ကြိုက်တဲ့လူတော့ ရှိမှာပါ၊ ဒါမှမဟုတ် မရှိလို့များလား… "

ပြောသွားပုံက အကြောကြီးနဲ့။ ပြန်ပြောခွင့်ပင် မရလိုက်။ မနွဲ့က လျင်မြန်ပေါ့ပါးသောခြေလှမ်းများနှင့် ထွက်သွားလေပြီ။ ကုသိုလ်ရချင်လို့ ဘုရားလာကာမှ ဘုရားဝတ်ပြုပြီး ထိုင်ရာမှ မထသေးခင် အကုသိုလ်များ အတုံးလိုက် ရနေပါပြီ။

ထိုလပြည့်ညတွင် ပြောင်ကြီးနှင့် စတင်အထင်လွဲခံခဲ့ရသည်။

🕯️🕯️🕯️🕯️🕯️

( ၃ )

အိမ်ရှေ့တွင် ဧည့်သည်ရောက်လာသံကို ကြားသည်။ အခုမှ ဘုရားကနေ ပြန်ရောက်လာသောကြောင့် ခြေလက်မျက်နှာဆေးကြောပြီး အဝတ်အစားလဲနေလို့ ထွက်မကြည့်ဖြစ်သေး။

"ဪ… မစမ်းရဲ့မောင်လား"

မစမ်းဆိုတာက လွန်ခဲ့တဲ့နှစ်လလောက်ထိ မျက်နှာချင်းဆိုင်တိုက်ခန်းမှာ နေသွားသူ မစမ်းရေဆိုသော အမျိုးသမီး။ လက်ရှိပြောင်ကြီးနေနေသော တိုက်ခန်းတွင် နေသွားသူ ဖြစ်သည်။

"ဟုတ်တယ် ဒေါ်ဒေါ်… "
"ရန်ကုန်လာတာ အလုပ်ကိစ္စလား"
"ဟုတ်ပါတယ်"
"ဪ… မှတ်မိပြီ၊ မစမ်းရဲ့မောင် စာရေးဆရာဆိုတာလား"

အမေက မစမ်းရဲ့မောင်အငယ်ဆုံးက စာရေးဆရာဆိုတာ မစမ်းကြွားလွန်းလို့ မှတ်မိနေပုံပင်။

"ဗျာ… စာရေးဆရာမဟုတ်သေးပါဘူး၊ ဝါသနာအရ နည်းနည်းပါးပါးရေးတာပါ"

အမယ်… ရှက်ကိုးရှက်ကန်းလေသံပေါ့။ ကြည်ဖြူ night cream လိမ်းရင်း အသံများကို နားစွင့်နေမိသည်။

"စာအုပ်တွေ ထုတ်တယ်ဆို… "
"လုံးချင်းက နှစ်အုပ်ပဲ ထုတ်ဖူးတာပါဒေါ်ဒေါ်"
"ဘယ်နှအုပ် ထုတ်ထုတ်ပေါ့၊ စာရေးဆရာပဲလေ၊ သမီး… ကြည်ဖြူရေ… ဧည့်သည်အတွက် တစ်ခုခု လုပ်ခဲ့ပါဦး"
"ရပါတယ်၊ ကျွန်တော် ပြန်တော့မှာ… "
"တစ်ခုခုတော့ သုံးဆောင်သွားပါဦး… ကြည်ဖြူ… "

အမေက အလုပ်ကို မဟုတ်။ ဧည့်သည်က ပြန်တော့မှာပါဆို တားနေသည်။

"ဟုတ်… အမေ"

ဟိုစာရေးဆရာဆိုသည့် လူကလည်း ဘယ်လောက်တားတား ညရှစ်နာရီထိုးနေပြီမို့ အလိုက်သိပြန်သင့်သည်။ ကြည်ဖြူက ရေခဲသေတ္တာထဲမှ ကိုလာတစ်ဘူးထုတ်ပြီး ဖန်ခွက်လေးနဲ့အတူ ဘန်းနဲ့ထည့်ယူကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့သည်။

"ဟင်… "

ဟုတ်သားပဲ။ မစမ်းရဲ့မောင်ဆိုမှတော့ ဟိုဘက်အခန်းက ပြောင်ကြီးပဲပေါ့။ ရုတ်တရက်မို့ ဦးနှောက်က အလုပ်လုပ်ပုံ မရ။ ပြောင်ကြီးကို မစမ်းရဲ့တိုက်ခန်းမှာ နေတာကို သိလျက်နှင့် မစမ်းရဲ့မောင်မှန်း ဆက်စပ်၍ မတွေးလိုက်မိ။

မစမ်းတို့က မောင်နှမငါးယောက်ရှိသည်။ မောင်နှမငါးယောက်လုံး အပျိုကြီး၊ လူပျိုကြီးများဖြစ်ကြပြီး မစမ်းတစ်ယောက်သာ အသက်လေးဆယ်ကျော်မှ ကံပေါ်ကာ အိမ်ထောင်ကျ၏။ မစမ်းအမျိုးသားက အရင်ကတည်းက ကိုးရီးယားနိုင်ငံမှာ အလုပ်လုပ်သည်။ ရွာပြန်လာချိန်ခဏတွင် မစမ်းနဲ့ချစ်ကြိုးသွယ်ကာ မင်္ဂလာဆောင်ပြီးနောက် နှစ်ဖက်အမျိုးများနှင့်ဝေးရာ ရန်ကုန်မှာလာနေကြပြီး သူ့အမျိုးသား ကိုးရီးယားထွက်သွားမှ မစမ်းလည်း ရွာပြန်သွားခဲ့သည်။

မစမ်းက မောင်နှမအကြောင်းများ မကြုံကြုံအောင်ပြော၍ ကြွားဝါနေကျ။ သူမအောက်က မောင်အငယ်ဆုံး ထင်ပေါ်ဆိုတာကိုတော့ အမြဲထည့်ပြောလွန်းလို့ လူကို တစ်ခါမှ မမြင်ဖူးပေမဲ့ သိနေခဲ့သည်။ ထင်ပေါ်ဆိုသည့်နာမည်ကို အကြားရဆုံး။ စာရေးဆရာဆိုသည့်ဂုဏ်ပုဒ်ကိုလည်း ထင်ပေါ်နာမည်ပြောတိုင်း အနောက်မှ ကွင်းစကွင်းပိတ်နှင့်ကပ်ရေးထားသကဲ့သို့ ပြောခဲ့သောကြောင့် အမေတောင် မှတ်မိနေသည်။

မစမ်းက အသားညိုညို၊ ပုသေးသေးဆိုပေမဲ့ သူ့မောင်ထင်ပေါ် (စာရေးဆရာ) ကတော့ အသားခပ်လတ်လတ်၊ အရပ်မြင့်မြင့်မို့ ရွာမှာဆို နှင်းဆီခိုင်ဟု ကြွားခဲ့သေးသည်။ ထိုသို့ အမွန်းတင်ပြောဆိုခဲ့သူကြီးအား ပြောင်ကြီးဟု မထင်ခဲ့တာ သူမ မမှား။ မျက်နှာကျကလည်း ယောကျာ်းပီသသည်ဟု ဆိုနိုင်ရုံကို။ သူတို့ရွာမှာ ယောကျာ်းသားဆိုလို့ သည်လူတစ်ယောက်ပဲရှိလို့ နှင်းဆီခိုင်ဖြစ်နေပုံပင်။

မစမ်းတို့ မောင်နှမတွေက မောင်အငယ်ဆုံးစာရေးဆရာနှင်းဆီခိုင်ကို အလွန်ပင်နှမြောတွန့်တိုကြသည်ဟု ဆို၏။ ပြောင်ကြီးအသက်ကလည်း မစမ်းနှင့်ပင် ခြောက်နှစ်ကျော်ကွာသောကြောင့် အကြီးဆုံးအစ်ကိုနှင့်ဆို ဆယ့်ငါးနှစ်ခန့် ကွာသည်။ မောင်နှမတွေက အငယ်ဆုံးလေးကို သည်းသည်းလှုပ်ဝိုင်းချစ်ကာ အလိုလိုက်ထားခဲ့ကြသည်တဲ့။

သူတို့မောင် အချောအလှပြောင်ကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားမှာကို စိုးရိမ်ခဲ့ကြပေမဲ့ အစ်ကိုအစ်မတွေခြေရာနင်းသူကြီးမို့ ရည်းစားပင် မထားပါဘူးတဲ့လေ။ မစမ်းက သူ့မောင်ကို ကြည်ဖြူနဲ့ဆိုရင်တော့ သဘောတူသည်ဟုဆိုကာ ကြုံရင်ကြုံသလို ယောင်းမဟု စနှောက်၍ ခေါ်တတ်သည်။

အရင်ကတော့ ထိုသို့ခေါ်ခံရလည်း စိတ်ထဲတွင် ဘာမှမရှိခဲ့။ နှင်းဆီခိုင်ကြီးကို ရွာက သမီးပျိုများနှင့်သဘောမတူဘဲ ကိုယ်နဲ့သဘောတူလို့ပင် ဂုဏ်ယူရမည့်အဖြစ်ဆိုတော့ကား။ ပြောင်ကြီးမှန်း မသိဘဲ မစမ်းကို "အမွေတွေအားလုံးပေးရင် ယူမယ်" ဟုပင် ပြန်လည်စနှောက်ခဲ့မိသေးသည်။

အခုတော့ စနှောက်ခြင်းပင် မခံနိုင်တော့။ တစ်ရွာလုံးပေးရင်တောင် "ကြည်ဖြူကတော့ နိုးပါရှင်" လို့သာ ခပ်သွက်သွက် ငြင်းမိမှာ မလွဲ။

"ဒါ… ဒေါ်ဒေါ်သမီးလေ၊ အေးကြည်ဖြူတဲ့"

မိဘများအရှေ့မှာတော့ ပြောင်ကြီးက ပြုံးပြနှုတ်ဆက်သောကြောင့် ယောင်နနလေးပြန်ပြုံးပြလိုက်သည်။

"နာမည်လေးက လှတယ်နော်"

ဘာသဘောနဲ့ ပြောသနည်း။ သူ့အစ်မက ကြည်ဖြူအကြောင်းတွေ ပြောထားလို့များလား။ သူမက မတော်မတရားလှပသောသူ မဟုတ်ပေမဲ့ အကြည့်ခံသည်ဟု ဆိုကြသည်။ မစမ်းကတော့ တစိမ့်စိမ့်ကြည့်လေ လှလေဟု ဆိုဖူးသည်။ ကိုယ်လုံးကိုယ်ထည်ကလည်း အရပ်မြင့်မြင့်၊ လုံးကြီးပေါက်လှမို့ သူ့မောင်နှင်းဆီခိုင်နှင့်ဆို ရှေ့သွားနောက်လိုက် အလွန်ညီကြောင်းပါ ပြောဖူးခဲ့သေးသည်မို့… ။

ကြည်ဖြူ အမေ့ဘေးမှာထိုင်ရင်း ပြောင်ကြီးကို ခပ်တင်းတင်းကြည့်လိုက်ပေမဲ့ ကိုယ်တော်ချောရဲ့အကြည့်တွေက အမေ့ထံမှာသာ။

"ဒေါ်ဒေါ်ပေးထားတာလား၊ ရိုးရိုးလေးနဲ့လှတယ်… နာမည်လေးက… "

အမေက ချီးကျူးစကားကြောင့် ကျေနပ်စွာပြုံးရင်း

"ဟုတ်တယ်၊ တနင်္ဂနွေသမီးဆိုတော့ နေ့နံသင့်ရာ ပေးလိုက်တာပါ၊ ဒါနဲ့ မစမ်းရော ရန်ကုန်မလာဘူးလား"
"လာမှာ ဒေါ်ဒေါ်… သူက ဒေါ်ဒေါ့်ဆီ ဖုန်းဆက်ဦးမယ်လို့ ပြောနေတယ်"
"ဟုတ်လား… မပြောဖြစ်တာကြာပြီ"

မစမ်းနဲ့ ရင်းနှီးသူက ကြည်ဖြူပါ။ အသက်အရွယ်မတူပေမဲ့ မစမ်းက သွက်သွက်လက်လက်၊ ပွင့်ပွင့်လင်းလင်းမို့ ကြည်ဖြူနှင့် လေပေးဖြောင့်ကာ တွဲမိခဲ့သည်။ သို့သော် မစမ်းပြန်သွားပြီးနောက်ပိုင်း တစ်ပတ်တစ်ခါပင် ဖုန်းမပြောဖြစ်။ ဒါကို အမေ့ဆီ ဘယ်တုန်းက ဖုန်းဆက်လိုက်ပါလိမ့်။

"ဒါနဲ့ မောင်ထင်ပေါ်က အသက်ဘယ်လောက်ရှိပြီလဲ"

အင်… အခုမှသိတဲ့လူကို အသက်အရွယ်တွေ မေးလို့။ မာတာမိခင်ကြီးက သူတပါးအကြောင်းကို ထိုမျှထိ စိတ်ဝင်စားသူမှ မဟုတ်ဘဲ။ ဒင်းအသက်က သုံးဆယ့်ငါးဆိုတာကို မစမ်းကောင်းမှုကြောင့် သူမကတော့ သိနေပြီးသား။

"ကျွန်တော်က သုံးဆယ့်ငါးနှစ်ပါ"
"ဪ… သုံးဆယ့်ငါးလား"
"ဟုတ်ပါတယ်ဒေါ်ဒေါ်… ဒါပေမဲ့… နှစ်ဆယ့်ငါးလို့ပဲ ထင်ကြတယ်"

သည်နဖူးနဲ့ သည်ရုပ်ရည်ကိုများ နှစ်ဆယ့်ငါးတဲ့။ သူ့ကိုယ်သူ ထင်တာပဲ ဖြစ်နိုင်သည်။

"ဟုတ်တယ်… သုံးဆယ်ငါးမပြောနဲ့… သုံးဆယ်ကျော်တယ်လို့ကို မထင်ရဘူး"
"အာ… ကျွန်တော်က နှောက်တာပါ"

အမေက ပြောင်ကြီးကို သဘောကျကာ ရယ်သည်။

"ဒါနဲ့… ဒီမှာ ဘယ်နှရက်ကြာမလဲ"

အဖေက ထိုသို့ ဝင်မေးတော့ ကြည်ဖြူလန့်သွားသည်။

"မပြောတတ်သေးဘူး ဘဘ… "
"တစ်ယောက်တည်းနေတော့ စားဖို့သောက်ဖို့ အခက်အခဲရှိမှာပေါ့"

မိဘတွေက စေတနာသဒ္ဓါတရားများ ထက်သန်မည်ကို ကြိုသိနေသောကြောင့် မျက်နှာရိပ်မျက်နှာကဲပြသော်လည်း ဘယ်သူကမှ သူမကို ကြည့်မနေ။

"ဟုတ်… မနေ့ညကမှရောက်လို့ ဒီနေ့တစ်ရက်တော့ အပြင်မှာ ဝယ်စားလိုက်တယ်"
"အပြင်မှာ မစားပါနဲ့… အိမ်မှာ လာစားပါ"
"ရပါတယ်၊ ကျွန်တော် အားနာလို့… "

အဖေ၏ဖိတ်ကြားမှုကို အမေက ပါဝင်ကူညီအားဖြည့်သည်။

"မနာပါနဲ့… မစမ်းလည်း ပြောထားတယ်၊ အဲ… စိတ်ပူနေမှာပေါ့"

အမေက ထိုသို့စကားမှားပြောသည်ကို သံသယဝင်ရကောင်းမှန်း မသိခဲ့။ အေးကြည်ဖြူတို့ အတော်ပင် တုံးအခဲ့မိသည်။

"တစ်ယောက်တည်း ချက်ပြုတ်စားဖို့ အဆင်မပြေဖြစ်နေမှာ… အိမ်မှာလာစားပါ၊ တံခါးဖွင့်ပြီး ကူလာရုံပဲကို… ဒေါ်ဒေါ်တို့က တစ်ယောက်စာပိုချက်လိုက်လို့ အပန်းမကြီးဘူး"
"ဒါဆို… ညနေစာပဲ စားပါရစေ၊ နေ့လယ်စာကိုတော့ အပြင်ထွက်ရင်း တစ်ခါတည်းစားလိုက်ပါ့မယ်"
"ဒါလည်း အဆင်ပြေတာပဲ"

ဒုက္ခ… မိဘများနဲ့ လေပေးဖြောင့်ကာ အဖွဲ့ကျကုန်ပြီ။ အဖေက ပုံမှန်ဆိုပေမဲ့ မွေးသမိခင်ကြီး၏ ပြောင်ကြီးကို အကဲခတ်နေသော မျက်ဝန်းတလက်လက်အကြည့်တို့က ကျောချမ်းဖွယ်ရာ။ ကြည်ဖြူမှာ မစမ်း၏ ယောင်းမဟု ခေါ်သံကို ကြားယောင်မိသွားပြီး စိတ်ထဲတစ်မျိုး ခံစားလိုက်ရသည်။

ထိုအချိန်ကတည်းက ကိုယ်စောင့်နတ်က နိုးဆော်ခဲ့ပုံရသည်။ ပြောင်ကြီးကို စတွေ့ကတည်းက မသိစိတ်ထဲရော သိစိတ်ထဲမှာပါ အတော်ကြီးကို အမြင်မကြည်ခဲ့မိ။

သူက စာအုပ်ထုတ်ရန်ကိစ္စကိုအကြောင်းပြပြီး ကြည်ဖြူကို လေ့လာရန်အတွက်ပါ ရန်ကုန်မြို့သို့ ကြွမြန်းခဲ့ခြင်းပါတဲ့။ မစမ်းက ကြည်ဖြူရဲ့ပုံတွေကိုပြကာ အလှော်ကောင်းမှုကြောင့် စိတ်ဝင်စားလာကာ အပြင်မှာ တွေ့ဆုံကြည့်ရန် တက်ကြွတဲ့ကြက်ဖကြီးဖြစ်သွားခဲ့သည်။

ထိုသို့ ချော်လဲရောထိုင် အကြံဆိုးနှင့် ရန်ကုန်မြို့သို့ လာခဲ့မှန်းကို မသိစိတ်က သိနေခဲ့ပုံပင်။ သူ့အကြံအစည်တွေကိုသာ ကြိုသိခဲ့ရင် ရှောင်နေမိမှာ သေချာသည်။

သို့သော် ထိုအချိန်က အမြင်ကတ်စိတ်လေးသာရှိရုံ သဘောရိုးနဲ့မို့ "အမြန်ပြန်ပါတော့ မောင်မင်းကြီးသား ထင်ပေါ်ရယ်" ဟုလောက်သာ တွေးမိခဲ့၏။

🕯️🕯️🕯️🕯️🕯️

( ၄ )

ဘုရားသိကြား… လောကကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တာများလား။ ဝါထွက်တာနဲ့ ကြည်ဖြူကို လာမြန်းတဲ့လူများ ရှိပါသည်တဲ့။ ထိုလူတွေကား အခြားမဟုတ်။ နံဘေးအခန်းမှ ပြောင်ကြီးနှင့် နောက်ဘက်တစ်လမ်းမှလူပျိုကြီး ဦးအောင်ထက်တို့ ဖြစ်သည်။

နှစ်ယောက်လုံးအသက်အရွယ်က မတိမ်းမယိမ်း၊ ပြောင်ကြီးက အရပ်မြင့်တာတစ်ခုတည်း သာသည်။ အလုပ်အကိုင်များကလည်း ဦးအောင်ထက်က မိဘချန်ခဲ့သော တိုက်ခန်းများကို ငှားစားနေသူ၊ ပြောင်ကြီးကလည်း စာရေးဆရာအမည်ခံကာ ဘာမှမည်မည်ရရ လုပ်မည့်ပုံ မပေါ်။

စန်းပွင့်ပုံကြီးက ကြိုးဆွဲချချင်ဖွယ်ရာ။ အပျိုကြီးဖြစ်ချင်လို့ ရည်းစားပင် မထားသူကို ပိုင်ရှင်မဲ့မို့ သနားကရုဏာအပြည့်နဲ့ တော်ကောက်ကြမည့်ပုံမျိုးကြီး။ လာတောင်းတာကိုပင် ကျေးဇူးတွေအပုံလိုက်တင်ရမည့်ပုံ။

အသက်လေးက နှစ်ဆယ့်ရှစ်နှစ်အရွယ်၊ သည်ရုပ်သည်ရည်လေးနှင့် အပူမရှာ မယူချင်လို့၊ အပျိုကြီးလုပ်ချင်လို့သာ အိမ်ထောင်မပြုတာဟု လူပျိုကြီးများနှင့် အအိုကြီးများက စဉ်းစားမိပုံ မပေါ်။ အလကားသက်သက် အပျိုကြီးစားရင်းသွင်းကာ ရှာကြံပြောဆိုစနှောက်နေကြသည်။

ကြည်ဖြူကတော့ ထိုနှစ်ယောက်လုံးကို အော်ဂလီဆန်သောခံစားချက်များနှင့် ခံစားချက်များက ဘယ်လိုမှ မကောင်း။

ပြောင်ကြီးက ညနေပိုင်းတိုင်း ကြွမြန်းလာ၍ ညနေစာစားသောက်နေမှာသည်မှာ တစ်ပတ်ခန့်ရှိပါပြီ။ လူကြီးတွေက အားနာလို့ ခေါ်သည်ကို အတည်ကြီးလာစားမည် မထင်ခဲ့။

သို့ပေမဲ့ ဝင်ထွက်သွားလာနေသည်က ရိုးရိုးသားသားပုံမျိုးမို့ အရင်ကထက် မဆိုစလောက်အနည်းငယ် အမြင်ကြည်လာချိန်မှာ ဒင်းက အကြံဆိုးကြီးနဲ့… ။ သည်လိုတွေဖြစ်မှာစိုးလို့ ဒင်းထမင်းစားချိန်တိုင်း ရှောင်နေတာကို မာတာမိခင်ကြီးက ခူးခပ်ကျွေးမွေးခိုင်းတော့… ။ စေတနာရှိလှသည်မဟုတ်ပေမဲ့ စိတ်ရင်းမယုတ်သောကြောင့် ကောင်းကောင်းမွန်မွန် ခူးခပ်ပေးခဲ့တာကို စာရေးဆရာကြီးက သူ့ရဲ့အိမ်သူသက်ထားအဖြစ် စိတ်ကူးယဉ်ပစ်ပုံပင်။

စိတ်ညစ်ရသည်ကြားထဲ နှင်းပွင့်က အိပ်ခန်းထဲထိ ဝင်ရောက်ကာ

"ကြည်ဖြူမတို့က တကယ်ပဲ ခေါင်းခေါက်ရွေးရမယ့် ကံဇာတာပါလား၊ ပြောင်ကြီးတို့ကတော့ အိမ်ကိုဝင်ထွက်စားသောက်နေပြီမို့ ပိုနီးစပ်တာပေါ့လေ၊ ဒါပေမဲ့ စိတ်တိုင်းကျရွေးချယ်လို့ရပါသေးတယ်၊ ကဲ… ပြောင်ကြီးနဲ့ အောင်ကြီး… ဘယ်သူ့ကိုရွေးမလဲဆိုတာ စောင့်ကြည့်နေတယ် ဟဲ… ဟဲ"

ဟု စနှောက်နေသောကြောင့် ဒေါကန်ရသေးသည်။

မိဘများကလည်း ပြောင်ကြီးကို အခန်းချင်းကပ်ရက်မို့ ပို၍သဘောကျပုံပင်။ ပြီးတော့ စာရေးဆရာဟူသော အလုပ်အကိုင်နဲ့။ ကြည်ဖြူအတွက်ကတော့ နှစ်ယောက်လုံးက သူ မသာ၊ ကိုယ်အသုဘများသာ။

"ဗေဒင်ဆရာက မှန်တယ်တော်၊ သမီးကို ဒီနှစ်ထဲ အိမ်ထောင်ကျကိန်းရှိတယ်လို့ ဟောထားတာ၊ အခုတော့ တောင်းရမ်းတဲ့လူက နှစ်ယောက်တောင်… ငါ့သမီး ကြိုက်တဲ့တစ်ယောက်ကို ခေါင်းခေါက်ရွေးလို့ရတယ်၊ အပျိုကြီးလို့ ခေါ်ခဲ့တဲ့လူတွေကို ချေလို့ရပြီ"

မက်လောက်စရာလူသားများဆိုတော့ကား။ တစ်ယောက်နဲ့ယူပြီးတာနဲ့ ချေနိုင်တဲ့အဆင့်သို့ တန်းတက်သွားရောလား။ကြည်ဖြူအမြင်မှာတော​့ ပြောင်ကြီးရော အောင်ကြီးပါ မဟန်ရေးချမဟန်။

ဗေဒင်ဆရာ ဟောကိန်းများ မှားပါစေသားဟု ကြိတ်ကာဆုတောင်းလိုက်မိသည်။

"ဘာအပျိုကြီးလဲ၊ သမီးက အခုမှ နှစ်ဆယ့်ရှစ်… ငယ်ပါသေးတယ်"

အရွယ်တော် တစ်ဆိတ်ဟိုင်း၍ အစိတ်ပိုင်းကို ကျော်လွန်ခဲ့တာမှ သုံးနှစ်သာရှိသေးသည်။ ဘယ့်နှယ် ဇွတ်ကို အပျိုကြီးစာရင်းသွားကာ တွေ့ကရာလူနှင့် ပေးစားနေကြသနည်း။

"ဒီအသက်အရွယ်ကျော်သွားရင် ဘယ်သူမှလာတောင်းကြတော့မှာမဟုတ်ဘူးနော်"

မတောင်းလေ ကောင်းလေ။ အေးဆေး အပျိုကြီးလုပ်ရတာ ဘယ်လောက်ကောင်းလဲ။ ကြည်ဖြူက ထိုအတွေးတွေနဲ့အတူ မျက်ကြောစင်းကြီးနှင့် နေနေသောကြောင့်

"ငါ့နှယ်… သမီးလေးတစ်ယောက်ရှိပါတယ်၊ သည်အသက်အရွယ်ထိ ပူပင်နေရတယ်"
"ဘာပူပင်ရလို့လဲ အမေရဲ့… သမီးက ဘာလုပ်နေလို့လဲ"
"အခုတော့ ဘာမှမလုပ်သေးဘူးပေါ့၊ အသက်ကြီးမှ လင်ရချင်ပြီး မဖြစ်သင့်တဲ့လူတွေနဲ့ ဖြစ်မှာစိုးလို့ ပြောနေတာ"

ငင်… အသက်ကြီးပြီး သေဆုံးချိန်ထိ လင်မရချင်ဘဲ အေးအေးဆေးဆေး နေကြသူတွေမှ တစ်ပုံကြီးပါ။ ရချင်တဲ့လူတွေလည်း ရှိမှာပေါ့။ ကြည်ဖြူကတော့ လင်မရချင်သောသူများရှိရာအရပ်သို့သာ မျက်နှာမူသည်။

"သူများ ကောင်းကောင်းမွန်မွန်ကမ်းလှမ်းတုန်း လက်ခံနော် ကြည်ဖြူ… နောက်မှ မဟုတ်မဟတ်တွေ ခေါ်လာလို့တော့ နင်နဲ့ငါ အတွေ့ပဲ"

အမေက ချော့ပြောမရတော့ ခြိမ်းခြောက်ပြန်သည်။ အေးကြည်ဖြူက ဆယ်နှစ်သမီးဆိုတော့ကား။

"အမေရယ်… အိမ်ထောင်ပြုတယ်ဆိုတာ… "
"အေး… ဘာဖြစ်လဲ ဆက်ပြော"
"သူစိမ်းနှစ်ယောက်ပေါင်းစပ်တာ"
"ဪ… အေး… ငါ အခုမှသိတယ်"
"အကြောင်းမသိတဲ့လူကို ဘယ်သူက ယူချင်မှာလဲ"
"ဟဲ့… ယူပြီးရင် သိလာမှာလေ"
"ယူပြီးမှသိပြီး မကြိုက်ရင် ဘယ်လိုလုပ်မလဲ"
"အဲ့ဒီအချိန်တော့ မကြိုက်မရှိပါဘူးအေ၊ ဒါဆို အကြောင်းသိတဲ့သူစိမ်းဖြစ်ချင်ရင် နောက်လမ်းထဲက မောင်အောင်ထက်နဲ့… "
"အိုး… သူ့အကြောင်းလည်း မသိပါဘူး"
"အဲ့လောက်ထိ အကြောင်းသိတဲ့လူ ရချင်ရင် ဘာလို့ ငယ်ချစ်တွေဘာတွေ မထားခဲ့သလဲ"
"အဲ့ဒါက… အမေ ဖန်တီးပေးခဲ့ရမှာလေ၊ အမေ့သူငယ်ချင်းသားတို့ ဒါမှမဟုတ် အိမ်နီးချင်းရွယ်တူရှိမှ ငယ်ချစ်ဦးဆိုတာ ရှိမှာပေါ့"
"ဖြစ်ရလေဟယ်… ညည်းဘာသာ ကျောင်းမှာရှာလည်း ရသားပဲ"
"အာ… ကျောင်းကကောင်တွေကို တစ်စက်မှကြည့်မရပါဘူး"

ဇီဇာကြောင်လွန်းသောသူမကို အမေက နှုတ်ခမ်းကိုမဲ့ကာ မပြောချင်ဘူးဆိုသည့် အဓိပ္ပာယ်အပြည့်အဝပါဝင်သော အကြည့်များနှင့်ကြည့်လျက်။

"ဘယ်သူ့နေနေ…ညည်းကြည့်ရတဲ့လူ တစ်ယောက်မှရှိမှာမဟုတ်ဘူး၊ ကဲပါ အခုရှာပေးမယ်… အိမ်နီးချင်း ကြီးချစ်… မောင်ထင်ပေါ်လေ"
"အား… ပြောင်ကြီးကိုများ… တော်ပါတော့ အမေရယ်၊ ကြက်သီးမွေးညင်းထတောင် ထတယ်၊ သမီး ဘယ်သူ့ကိုမှ မယူနိုင်ဘူး အပြတ်ပြောထားပြီးပြီနော်"

တကယ်ဆို အေးကြည်ဖြူဆိုသော သူမက အသားအရေဝါညက်ညက်နှင့် ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်။ ကွန်ပျူတာအကြည့်များသောကြောင့် မျက်မှန်တပ်ရသည်ကိုပင် မျက်ကပ်မှန် ပြောင်းတပ်ထားလို့ ပို၍ပင်လှလာသေး။ အမေပြောသလို မိဘပေးစားတာယူမည်၊ ရတာယူမည်ဟူသော ရုပ်ရည်မျိုးမှ မဟုတ်ဘဲ။

"အေး… နင်ပြောသလို တစ်သက်လုံးအပျိုကြီးလုပ်ရင်လုပ်… မလုပ်ဘဲနဲ့ ဂဂျိုးဂဂျောင်တွေခေါ်လာခဲ့ရင်တော့… ငါလည်း အဲ့ဒီနှစ်ယောက်ထက် မသာရင် မပေးစားနိုင်ဘူး၊ အဲ့ဒီအချိန်ကျမှ လင်ရချင်လို့ပါ အမေရယ် ပေးစားပါလို့ လာမလုပ်နဲ့"

ဘဝ ဘဝ။ ကြည်ဖြူ၏ လင်စံရွေးနှုန်းက ပြောင်ကြီးနှင့်အောင်ကြီးတို့ထက် သာရမည်တဲ့။ ဒင်းတို့က ဘာအရည်အချင်းတွေမ​ျား ရှိနေလို့လဲ။ စာရေးဆရာထက်သာအောင် ထုတ်ဝေသူရှာရမလား၊ တိုက်ခန်းပိုင်ရှင်ထက်သာအောင် ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကို ရှာရမည်လား။

အလကားနေရင်း ထိုနှစ်ယောက်ကြောင့် စိတ်ရှုပ်ရသည်။ ဒင်းတို့ မိန်းမမြန်မြန်ရသွားလျှင် ကောင်းမည်။

🕯️🕯️🕯️🕯️🕯️

( ၅ )

"အပျိုကြီး… ဝါကျွတ်ပြီနော်"
"သီတင်းကျွတ်ပြီနော် အပျိုကြီး… "
"ဒီနှစ်ရော ဘယ်လိုလဲ"
"ဝါကတော​့ နှစ်တိုင်းကျွတ်နေတာပဲ၊ ဒီအပျိုကြီးရော ဘယ်တော့လဲ"

ဒါက ဝါဝင်ဝါထွက်တိုင်း အပျိုလူပျိုများကို စိတ်အနှောင့်အယှက် အပေးနိုင်ဆုံးဂြိုလ်သားစကားများ။ ဒါပေမဲ့ သည်နှစ်မှာတော့

"အပျိုကြီးစွံတော့မယ်ဆို… "
"စားရတော့မယ်ဆို ဘယ်တော့လဲ"
"လက်ဖွဲ့ပြင်ထားပြီနော်"

မရိုးနိုင်သော၊ မထပ်သောစကားလုံးများနှင့် စကြပြန်သည်။ သည်လိုစနှောက်ခံရခြင်း၏ တရားခံက ကိုအောင်ထက်ပါ။ ဒင်း ဖြန့်လို့ လမ်းထဲကလူတွေ သိသွားကြသည်။ သူမ လက်မခံတာကို တစ်ခွန်းမှ မဟ။ ပြောစကားများက သူနဲ့ပဲ အကြောင်းပါတော့မလိုလို၊ ဘာလိုလို။

ပြောင်ကြီးကိုတော့ လူသိမများ။ သို့ပေမဲ့ မာတာမိခင်ကြီးကောင်းမှုနှင့် လမ်းထဲတွင် စာရေးဆရာတစ်ယောက်ရှိတာကို သိသွားကြရုံမက ထိုစာရေးဆရာက တစ်လွှာတည်းနေပြီး ကြည်ဖြူ့ကို မေ

Address

Yangon

Telephone

+959972402899

Website

Alerts

Be the first to know and let us send you an email when Noble Novel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category