24/12/2025
အေးခဲသော ဆောင်း [ Christmas present ]
ဝတ္ထုတို
သည်နေ့ ဒီဇင်ဘာ ၂၅ ရက်။
ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးပေါ့။
"Merry Christmas..."
ဒိုရာသည် ထိုစကားလုံးအား ဘယ်နှကြိမ်မြောက်မှန်းမသိ ခပ်တိုးတိုး ရေရွတ်မိရင်း ပန်းနုရောင် စက္ကူလေးဖြင့် ထုပ်ထားသော လက်ဆောင်ထုပ်အပေါ််မှ ပန်းဆီရောင် ဖဲပြားအပွင့်လေးကို ကိုင်လိုက်မိသည်။ သည်လက်ဆောင်ထုပ်လေးကို လက်ခံယူမည့်သူကတော့ ယခုချိန်ထိ ပေါ်မလာခဲ့သေး။ သူမကတော့ မျှော်လင့်နေဆဲ။
သည်နေ့ ခရစ္စမတ်အမှီ ရောက်လာပါတော့မလားကွယ်။ ဘယ်ကို ရောက်နေလဲ သိချင်လို့ မနေ့က တစ်နေကုန် ဖုန်းဆက်ခဲ့သော်လည်း မကိုင်ပါ။ ဘာဖြစ်လို့မှန်း မသိ။ သူ သူမဖုန်းကို မကိုင်တာ တစ်ပတ်လောက် ရှိပါပြီ။
နေသန် ကောင်စုတ်ရယ်… နင် မရှိဘဲ ငါ့ရဲ့ ခရစ္စမတ်နေ့ရက်ဟာ မပြည့်စုံဘူးကွယ်။
ဒိုရာ လက်ဆောင်ထုပ်လေးကို ခပ်ငေးငေး ကြည့်နေရင်း ကလေးဘဝကို ပြန်လည်လွမ်းဆွတ်သတိရသွားမိသည်။
🌲🌲🌲🌲🌲
ဟိုးအရင် ငယ်စဉ်တုန်းက သည်လို ခရစ္စမတ်နေ့တိုင်း အလွန်ကို ပျော်ရွှင်ခဲ့ရတာပေါ့။ သူငယ်ချင်းတွေနဲ့အတူ ခရစ္စမတ် လက်ဆောင်တွေ ဖလှယ်ခဲ့ကြကာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ လက်ဆောင်ရခဲ့ရင် ပျော်လို့မဆုံး ဖြစ်ခဲ့ရချိန်တွေက လွမ်းစရာ နေ့ရက်လေးတွေအဖြစ် ကျန်နေရစ်ပြီ။
ကလေးဘဝနေ့ရက်တွေကို ပြန်စဉ်းစားမိတော့လည်း သူမရဲ့ ငယ်သူငယ်ချင်းလေး "နေသန်" က မပါမဖြစ်ပါ။ သူတို့နှစ်ယောက်ဟာ တစ်နှစ်ပတ်လုံး မတည့်။ ကြောင်နဲ့ကြွက်ကဲ့သို့ ရန်ဖြစ်ခဲ့ကြပေမဲ့ မခေါ်မပြောဘဲလည်း မနေနိုင်ကြသူတွေ ဖြစ်သည်။
နှစ်ဦးသား Sunday school အတူတက်ရုံမက မူလတန်းတက်တော့လည်း တစ်တန်းတည်း ဖြစ်သည်။ နေသန်က ပိန်ပိန်ရှည်ရှည် အသားဖြူဖြူနဲ့ မျက်ပေတုံး ကောင်လေးဖြစ်ပြီး ဒိုရာကတော့ အသားညိုညို၊ ပုပုလုံးလုံး၊ မျက်လုံးပြူးပြူးနဲ့ ကောင်မလေးပါ။ သူတို့ နှစ်ယောက်ရဲ့ ပုံစံက ဆန့်ကျင်ဘက်ဖြစ်သလို တည့်လည်း မတည့်ကြ။
မည်မျှပင် မတည့်သော်ငြား မတည့်အတူနေ မမြင်ရင်ချောင်းကြည့် သူငယ်ချင်းလေးဟာ ခရစ္စမတ် ရောက်တိုင်း သူ ကြိတ်ပြီး စုဆောင်းထားတဲ့မုန့်ဖိုးလေးနဲ့ သူမ ရချင်သည့် ပစ္စည်းတစ်ခုကို surprise အနေနဲ့ လက်ဆောင်ပေးလေ့ရှိသည်။ ဒီဇင်ဘာလ အစထဲက သူမကို လက်ဆောင်ပေးဖို့အတွက် သူ့မုန့်ဖိုးလေးတွေကို မသုံးဘဲ စုထားတတ်သူပါ။ အဲ့လိုလေး တွေးမိပြန်တော့လဲ ဒီသူငယ်ချင်းလေးကြောင့် ရင်ထဲမှာ ကြည်နူးသွားရသည်။
တစ်ယောက်နဲ့တစ်ယောက် နှစ်တိုင်း ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့ကြပေမဲ့ အသက် ရှစ်နှစ်လောက်တုန်းက သူ ပေးခဲ့တဲ့ လက်ဆောင်ကို ဒိုရာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။
"ဒီမှာ... နင့်အတွက်... "
နေသန်ပေးတဲ့လက်ဆောင်ဗူးဟာ ခပ်ကြီးကြီးဖြစ်ပြီး လေးလဲလေး၏။ ဒိုရာက ပေါ့ပေါ့လေးထင်ပြီး လက်တစ်ဖက်ထဲနဲ့ယူလိုက်မိသောကြောင့် ပြုတ်ကျမသွားအောင် နောက်တစ်ဖက်နဲ့ပါ အမြန်ကိုင်၍ ထိန်းလိုက်ရသည်။
"ဘာကြီးလဲ… လေးတယ်နော်"
"ငါ့အတွက် လက်ဆောင်ရော... "
ပြန်မဖြေဘဲ လက်ဖြန့်တောင်းနေတဲ့ သူ့လက်ထဲကို ဘူးသေးလေး ထည့်ပေးလိုက်ချိန်တွင် သူ့လက်ဆောင်နဲ့ နှိုင်းယှဉ်မိပြီး စိတ်မကောင်းသလို ဖြစ်သွားမိသေးသည်။ ဘူးထဲတွင် ဘာတွေ ပါမှန်းတော့ မသိ။ သူက ဘူးအကြီးကြီးနဲ့ လက်ဆောင်ပေးပြီး သူမကတော့ ဘူးအသေးလေးထဲမှာ Christmas card အသေးလေးနဲ့ သိုးမွေးဦးထုပ်လေးသာ ထည့်ပေးထားနိုင်သည်။
ဒီထက်မက ပိုပေးချင်သော်လည်း ဒိုရာရဲ့ မိဘတွေက နေသန်မိဘတွေလို မချမ်းသာပါ။
လက်ဆောင်ဘူးကို နေသန်က ချက်ချင်း ဖောက်ကြည့်နေလို့ ဒိုရာလည်း သူပေးတဲ့လက်ဆောင်ကို ဖောက်ကြည့်လိုက်သည်။ ဘူးအကြီးကြီးထဲ ဘာတွေပါသလဲဆိုတာ သိချင်လှပါပြီ။
"ဟင်..."
မျှော်လင့်တကြီး ဖောက်ကြည့်မိသူကြီးမှာ ဘူးထဲတွင် တွေ့လိုက်ရတာက သဲတွေဆိုတော့… ။ ဟန်မဆောင်နိုင်ပဲ ငိုမဲ့မဲ့ ဖြစ်လာမိတော့သည်။ သူ့ကိုပေးဖို့ သိုးမွေးဦးထုပ် နီရဲရဲလေးကို ပိုက်ဆံမရှိတဲ့ကြားကနေ စုဆောင်းပြီး ဝယ်ပေးခဲ့တာကို သူကတော့ သဲတွေအပြည့်ထည့်ပြီး ပြန်ပေးတယ်တဲ့လား။
မျက်စောင်းထိုးကာ ငိုချင်နေသော ဒိုရာကြောင့် နေသန်က စပ်ဖြီးဖြီးရုပ်ကြီး လုပ်ပြကာ...။
"ဘာလဲ ဘာဖြစ်လို့လဲ… နင်ကြိုက်တယ်ဆိုလို့ ပေးတာလေ မကြိုက်ဘူးလား"
"ငါ ဘယ်တုန်းက သဲတွေကို ကြိုက်တယ်လို့ ပြောဖူးလို့လဲ အီး ဟီး… နင် အကျင့်ပုတ်တာ နေသန်… "
"ဘာလဲ နင်နော်… နင်ပေးတဲ့လက်ဆောင်ကို ပြန်တောင်းချင်လို့လား… မရဘူး… ပေးပြီးသား ဖြစ်သွားပြီ"
သူမပေးတဲ့ ဦးထုပ်အနီလေးကို ချက်ချင်းကောက်စွပ်ကာ ခပ်ဝေးဝေးကို ပြေးသွားပြီး
"ပြန်ရချင်ရင် လာလုလေ... လာ... ငါ့ကို ဖမ်းမိရင် ပြန်ပေးမယ်"
လူကို စိတ်မဆိုး ဆိုးအောင် စနေပြန်သည်။ ဒိုရာက သူ့အတွက် ဝယ်ပေးထားတဲ့ ဦးထုပ်ကို ပြန်တောင်းဖို့ စိတ်ကူးမရှိသလို၊ သူ့အနောက်ကို လိုက်ဖမ်းချင်စိတ်လည်း မရှိပေ။
နင်အရမ်း လိုချင်နေတဲ့ဟာလေး ခရစ္စမတ်လက်ဆောင် ပေးမယ်လို့ ခရစ္စမတ် မရောက်ခင်ကတည်းက ပြောနေခဲ့တာဆိုတော့ သူပေးမယ့်လက်ဆောင်ကို အရမ်းကို မျှော်လင့်ခဲ့မိတာပါ။ အခုလို သဲတွေထည့်ပြီး ပေးမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲလေ။
သူ့ကို မျက်စောင်းထိုးပြီး လှည့်ထွက်ဖို့ လုပ်ချိန်မှ... ။
"ဟေး ဒိုရာ… သဲတွေအောက်မှာ တခြားဟာ ရှိသေးတယ်လေ နင် မတွေ့ဘူးလား"
သူ့စကားတွေကို မယုံသော်လည်း တကယ် ဖြစ်စေချင်သေးသည်။ ထပ်ပြီးလည်း အညာမခံချင်ပြန်နဲ့… ထွက်ဖို့ပြင်နေတဲ့ ခြေလှမ်းတွေ ရပ်တန့်နေရင်း ဘာဆက်လုပ်ရမလဲ စဉ်းစားနေမိသည်။
"မယုံလည်း နေပေါ့... ငါပဲ ပြန်ယူလိုက်တော့မယ်..."
နေသန်က အနားသို့ ရောက်လာကာ ဗူးကို ဆွဲယူတော့မယ့်ပုံမျိုး လုပ်ပြနေလို့ သူ့ လက်ထဲ ပါမသွားအောင် အမြန် ဆွဲထားလိုက်ရသေးသည်။
"အခု ကြည့်မလို့ပါဆို..."
သူမရဲ့လက်သေးသေးလေးနဲ့ သဲတွေကို ယက်ဖယ်ပြီး ကြည့်လိုက်တော့ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဘူးတစ်ဘူးကို တွေ့လိုက်ရသည်။ ထိုဘူးကို ထုတ်ယူပြီးချိန်ထိ မယုံရဲသေး။ ဖွင့်ကြည့်လိုက်တော့မှ သူမ အရမ်းရချင်တယ်လို့ ပြောခဲ့ဖူးတဲ့ မျက်လုံးအဖွင့်အပိတ်ရတဲ့ အရုပ်မလေးကို တွေ့လိုက်ရသည်။
ဒိုရာ အံ့ဩလွန်းလို့ အရုပ်လေးကို ပါးစပ်ဟပြီး ကြည့်နေမိသည်။
"ပါးစပ် ပိတ်ထားဦး… ယင်ကောင်ဝင်သွားဦးမယ်"
"အဟီးးးး "
ပျော်လွန်းလို့ ဇက်ကလေးပုကာ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ရယ်ပြလိုက်တော့...။
"ခုနတုန်းကရုပ်နဲ့ တခြားစီပဲ... အရူးမဒိုရာ... "
သူ့ဘာသာ ဘယ်လိုခေါ်ခေါ် စိတ်မဆိုးနိုင်တော့။ အရုပ်လေးကို ချစ်မြတ်နိုးစွာ ပိုက်ထွေးထားလိုက်ရင်း
"ကျေးဇူးပဲ နေသန်… "
"ကျေးဇူးတင်ရင် မုန့်ဝယ်ကျွေး မျက်ပြူးမ ... "
"အား... နာတယ်ဟဲ့ မျက်မှေးကောင်... ငါးမြွေထိုးကောင်စုတ်ရဲ့ ... "
နှစ်ခွခွဲကာ ကျစ်ထားတဲ့ ဆံကျစ်တစ်ဖက်ကို ဆောင့်ဆွဲပြီး လျှာထုတ်ပြကာ ထွက်ပြေးသွားပြန်သည်။ သူ အဲ့လို အစအနှောက်သန်လွန်းလို့ မတည့်ခဲ့ကြတာပါ။
ဆယ်ကျော်သက်အရွယ် အရမ်းလှချင်တုန်းကလည်း နေသန်ဟာ သူမကို တစ်စက်မှ ကြည့်မရခဲ့။ မိတ်ကပ်တွေ လိမ်းပြီး ပဲများထားပြီဆိုရင် မျက်နှာကြီး ရှုံ့မဲ့ပြကာ "ရုပ်ဆိုးမ ပြင်လေ မလှလေ ရုပ်ဆိုးလေ" ဟု ပျစ်ပျစ်နှစ်နှစ် ပြောဆိုတတ်သည်။ သူ ဘယ်လိုပြောပြော ဒိုရာကတော့ အလှပြင် မပျက်ပါ။ တမင် အကျင့်ပုတ်ပြီး ပြောမှန်းသိသားပဲ။ ကိုယ့်ဘာသာတော့ လှတယ်လို့ ထင်တာပဲလေ။
ထိုနှစ် Christmas မှာ သူဟာ သူမဆီကို ဘာလက်ဆောင်ထုပ်မှ မပါပဲ လက်ဗလာနဲ့ ရောက်လာခဲ့လေသည်။
"Sorry ဒိုရာ… ဒီနှစ်တော့ နင့်ကိုငါ Christmas လက်ဆောင် မပေးနိုင်တော့ဘူး"
"ဟယ်... ဟုတ်လို့လား နင်ကလည်း..."
ဘာရယ်ညာရယ် မျှော်လင့်ထားတာမျိုး မဟုတ်ပေမဲ့ နှစ်တိုင်း သူ့ဆီက လက်ဆောင် ရနေကျဆိုတော့ ဝမ်းနည်းသွားမိသည်။ ပြီးတော့ ယုံလည်း မယုံနိုင်သေး။ ဒီကောင်က သိတဲ့အတိုင်း အစအနောက် အရမ်းသန်တာဆိုတော့။
"ဟုတ်တယ် ငါရချင်တာတွေ ဝယ်လိုက်တာ ပိုက်ဆံမရှိတော့လို့… ဒါတောင် စျေးကြီးလို့ ငါ မှန်းထားသလောက် မဝယ်နိုင်ခဲ့ဘူး"
"ဟုတ်လား နင်ကလည်း အစထဲက ပြောတာမဟုတ်ဘူး ငါတတ်နိုင်သလောက် စိုက်ပေးမှာပေါ့၊ နင် ဘာရချင်တာလဲဟင်... "
အတော်ကြီး ဝမ်းနည်းနေတဲ့ပုံမျိုးမို့ စိတ်မကောင်းဖြစ်ကာ ပြောလိုက်မိသည်။ ဒီလိုပုံမျိုးက မဖြစ်ဖူးသလောက်ဆိုတော့ စနေတယ်လို့တောင် မထင်မိတော့ပါ။
"ငါလား... ဘာရချင်တာလဲဆိုတော့... ဒီမှာ နှုတ်ခမ်းနီ... "
သူ့အင်္ကျီအိတ်ထဲက ထုတ်ပြလာတဲ့ Revlon နှုတ်ခမ်းနီ လေးဘူးကို ကြည့်ပြီး ဒိုရာ ကြောင်သွားသည်။ ဒီ အသက်အရွယ်ရောက်မှ ခြောက်များ ခြောက်သွားတာလား။ သူ တကယ်ပဲ နှုတ်ခမ်းနီ ရချင်နေတာလား။ နှုတ်ခမ်းနီကို လေးဘူးတောင် ဝယ်ထားပြီးပြီလေ။
"ငါ တစ်ဘူးဝယ်ပေးမယ်နော်… နင် စိတ်မကောင်းမဖြစ်နဲ့တော့..."
"အရူးမ… ငါက နှုတ်ခမ်းနီကို ဘာလုပ်ရမှာလဲ၊ နင့်ကို ခရစ္စမတ်လက်ဆောင်ပေးဖို့ ဝယ်ခဲ့တာလေ၊ ဒါကြီးထုတ်ပြနေတာတောင် ဒုံးဝေးနေတုန်း... လအမ... မျက်ပြူးမ ..."
နေသန်ရဲ့ ချီးကျူးထောပနာပြုသံကြောင့် ဒိုရာ ရယ်လိုက်မိသည်။ သူပုံစံက တကယ်ပဲ စိတ်ဆင်းရဲနေပုံဆိုတော့ မယုံတဝက်၊ ယုံတဝက် ဖြစ်သွားခဲ့မိတာပါ။
"နင့်သူငယ်ချင်းက ယောကျာ်းစစ်စစ်ကြီးပါကွဲ့ ဒိုရာမရဲ့... နင့်အတွက် နှုတ်ခမ်းနီ ငါးဘူးဝယ်ပေးမလို့သွားတာပဲ ပိုက်ဆံမလောက်လို့ လေးဘူးပဲ ဝယ်ပေးခဲ့ရတာ နှုတ်ခမ်းနီအရောင်တွေက နင်ကြိုက်တာတွေပဲ ဟုတ်တယ်မလား"
"အင်း ဟုတ်တယ် ဟဲ့... နင်ဘယ်လိုသိ... တကယ် ငါရချင်တဲ့ဟာတွေပဲ မှန်တယ်တော်..."
"နင့်စိတ်ကို လှမ်းဖတ်လိုက်တာလေ နင်က အလှပြင်လဲ လှလာတာ မဟုတ်ပဲ တအားလှချင်တာနော်"
ကြည့်… အဲ့လိုတွေ ထပ်ပြောပြန်ပြီ။ ဒိုရာ နှုတ်ခမ်းစူလိုက်မိရင်း
"ဘာဖြစ်လဲ ငါ့ဘာသာ လှလှ မလှလှ... "
"နှုတ်ခမ်းနီ နီနီရဲရဲကြီး ဆိုးပြီး အခုလို ထော်ပြမနေနဲ့ဦး... မျောက်ဖင်နီကြီးနဲ့ တူနေဦးမယ်"
"ဘာ!!! မသာ..."
ပုခုံကို ဖြောင်းခနဲ ရိုက်ခံရပြီး အဆဲခံရတာကို ကျေနပ်စွာ ခေါင်းမော့၍ တဟားဟား အော်ရယ်နေလို့ သူမပါ စိတ်မဆိုးနိုင်တော့ပဲ အတူ လိုက်ရယ်မိတော့သည်။ အလှပြင်တာကို အမျိုးမျိုး ပြောဆိုကဲ့ရဲ့ခဲ့ပေမဲ့ နှုတ်ခမ်းနီလက်ဆောင် ဝယ်ပေးခဲ့တဲ့ သူငယ်ချင်း အစုတ်ပလုတ်လေးပါ။
🌲🌲🌲🌲🌲
နေသန်က သူမစိတ်ဆိုးအောင် အမြဲတမ်း စနောက်တတ်ပေမဲ့ ခရစ္စမတ်နေ့ တစ်ရက်မှာတော့ အလွန် စိတ်ချမ်းသာစေခဲ့သူပါ။ ထိုသို့ ချိုမြိန်သော Christmas တွေကို မပျက်မကွက် ဖန်တီးပေးတတ်ခဲ့တာ မနှစ်က ခရစ္စမတ်အထိပါပဲ။ ဒီနှစ်ကိုတော့ ခုချိန်ထိ ပေါ်မလာခဲ့သေးဘူးဆိုတော့ ပြန်မလာလောက်တော့ဘူး ထင်ပါရဲ့။
လမ်းပြင်ကို ငေးမျော်ကြည့်ရင်း နေသန်အကြောင်းကို ဆက်တွေးနေမိပြန်သည်။ ဆယ်တန်းအောင်တော့ သူက ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် တက်ခွင့်ရပြီး ဒိုရာကတော့ သူမတို့မြို့က တက္ကသိုလ်မှာသာ တက်ခဲ့ရပါသည်။
နေသန် ရန်ကုန်သွားမယ်ဆိုတော့ ကားဂိတ်ကို လိုက်ပို့ရင်း အရှက်မရှိ ငိုခဲ့မိသေးသည်။ ဒီကောင်နဲ့ အတူရှိလည်း တည့်တာ မဟုတ်ပေမယ့် ခွဲရပြန်တော့လည်း ရင်ထဲမှာ ဟာတာတာနဲ့။
နေသန်က သူမနဲ့အတူ လိုက်မငိုခဲ့ပေမဲ့ "တော်တော်ကြေကွဲလွယ်တာပဲ ကြက်ဥမ... အရူးမ" လို့ ခပ်တိုးတိုး ရေရွတ်ပြီး မျက်ရည်တွေ ဝိုင်းနေခဲ့ပါသည်။ အဲ့ဒီအချိန်တုန်းက ထိုသို့ အလွမ်းသယ်ခဲ့ကြပေမဲ့လည်း ဖုန်းဆက်ချိန် မိနစ်ပိုင်းမှာတောင် တတ်နိုင်သလောက် ရန်ဖြစ်ခဲ့ကြသေးသည်။
နွေကျောင်းပိတ်ရက်တွေမှာတောင် သင်တန်းတွေ တက်နေလို့ ပြန်မလာတတ်တဲ့ နေသန်ဟာ ဒီဇင်ဘာ ရောက်ရင်တော့ မွေးရပ်မြေကို ပြန်လာနေကျ။ Christmas နဲ့ New year ဆိုရင် သူ့မွေးရပ်မှာသာ အပျော်ဆုံးလို့ ပြောတတ်သူပါ။
ဒီဇင်ဘာလရောက်တိုင်း သူငယ်ချင်းတွေနဲ့အတူ Carol singing ထွက်ချိန်တွေကို အမှတ်အရဆုံးပါ။ နေသန်က ဂစ်တာတီးကျွမ်းကျင်သူမို့ သူပြန်ရောက်လာချိန်ကစပြီး Carol singing ထွက်တိုင်း ပင်တိုင် ဂစ်တာ တီးခတ်ပေးတတတ်၏။ တစ်အိမ်ဝင် တစ်အိမ်ထွက် "Merry Christmas" ဟု အော်ကာ သီချင်းတွေ လိုက်ဆိုကြရင်း ရန်ဖြစ်လိုက် ရယ်မောလိုက်နဲ့ ထိုအချိန်တွေကလည်း အမှတ်တရတွေပါပဲ။
"ငါ့ကို ကော်ဖီတိုက်ဦး… "
နေသန်ဟာ ကျောပိုးအိတ်အသေးလေးမှာ မုန့်တွေအစုံအလင် ထည့်ယူလာတတ်တဲ့ သူမဆီကနေ လမ်းတလျှောက်လုံး အိတ်ထဲပါလာသမျှ အစားအစာတွေကို မကုန်ကုန်အောင် တစ်မျိုးပြီးတစ်မျိုး တောင်းစားတတ်သည်။ ဒိုရာ ပြုံးဖြီးဖြီးရုပ်ကြီးကို မျက်စောင်းထိုးလိုက်ပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ကော်ဖီဓါတ်ဗူးအသေးလေးကို ထုတ်ပေးလိုက်သည်။
"စိုက်ကြည့်ရင် အလိုက်သိလေ အရူးမရဲ့... ကြည်ကြည်ဖြူဖြူ ထုတ်ပေးလိုက်တော့ နင်အသက်ထွက်သွားမှာစိုးလို့လား"
"မသာ... မသောက်နဲ့တော့ ပြန်ပေး… "
အဲ့လို ပြန်တောင်းတော့လည်း ဂီတာလွယ်ထားတဲ့လူက ကော်ဖီဘူးကို ယူပြီး သူမအနားကနေ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။ အတူရှိနေတဲ့ တခြားသူငယ်ချင်းတွေကတော့ သူတို့နှစ်ယောက်အကြောင်း သိပြီးသား လူတွေပဲမို့ ရယ်မောလို့သာ နေသည်။
ထိုထိုသို့သော အမှတ်တရတွေသာမက နေသန်နဲ့ သူမနဲ့ကြားမှာ အမှတ်ရစရာတွေက အများကြီးပါ။ တမင်သက်သက် ဖန်တီးခဲ့ကြတာ မဟုတ်။ အသက်ကြီးလာတာနဲ့အတူ ကုန်ဆုံးသွားတဲ့ နေ့ရက်လေးတွေထဲ လွမ်းစရာလေးတွေအဖြစ် ကျန်ရှိနေခဲ့တာပါ။
တဖြည်းဖြည်း အချိန်တွေ ကုန်လွန်လာလိုက်တာ သူတို့ အသက် နှစ်ဆယ့်ငါးနှစ်တောင် ရှိနေခဲ့ပါပြီ။ နေသန်ဟာ ကျောင်းပြီးတော့လည်း ရန်ကုန်မှာပဲ အလုပ်လုပ်နေရင်း ဒီဇင်ဘာလက လွဲလို့ ပြန်မလာတတ်တော့။ ဒိုရာကတော့ မိဘလက်ငုတ်လက်ရင်း စျေးဆိုင်လေးမှာ စျေးရောင်းရင်းနဲ့ပဲ မွေးရပ်မြေကို မစွန့်ခွာနိုင်ခဲ့။
ဒီနှစ်မှာတော့ ခါတိုင်းနှစ်နဲ့ မတူ။ နေသန်ရဲ့ အိမ်ပြန်ချိန်ဟာ နောက်ကျခဲ့ပါသည်။ ဘယ်နေ့ ပြန်လာမှာလဲ သိချင်လို့ လွန်ခဲ့တဲ့ တစ်ပါတ်လောက်ထဲက ဖုန်းဆက်တော့လည်း မကိုင်။ သူမကို စနှောက်ချင်လို့ တမင် မကိုင်တာမှန်း အခုမှ သဘောပေါက်တော့သည်။
ဒီနေ့ ခရစ္စမတ်နေ့တောင် ရောက်နေပြီလေ။ ခုထိ မရောက်သေးဘူးဆိုတော့ မလာဖြစ်တော့ဘူးများလား။ မလာဖြစ်လဲ အကျိုးအကြောင်းလေးတော့ ဖုန်းဆက်ပြောဦးပေါ့။
ဒီနှစ်မှာ ရင်ခုန်စွာ စောင့်မျှော်နေခဲ့ရသူကို မမြင်ရသလို သူ့ရဲ့ ခရစ္စမတ် လက်ဆောင်ကိုလည်း မရလောက်တော့ဘူးပေါ့နော်။
ထိုအတွေးကြောင့် ရင်ထဲမှာ လှိုက်ခနဲ ဝမ်းနည်းသွားမိရင်း မျက်ရည်တွေ ဝိုင်းလာခဲ့သည်။ တစ်နှစ်လုံးမှာ သူနဲ့တွေ့ရမယ့် ဒီဇင်ဘာလလေးကို အချစ်ဆုံးပါ။ ဒါပေမဲ့ ဒီနှစ် ဒီဇင်ဘာတော့ နင် ပြန်မလာတော့ဘူးလား မျက်မှေးကောင်ရယ်။ မလာဖြစ်ရင်လည်း ငါ့ဆီ ဖုန်းဆက်ပါတော့လား။ ခုချိန်ထိကို အရမ်းစနှောက်တတ်တဲ့ ငါးမြွေထိုးကောင်ဟာ ဘယ်နေရာနေ ပေါ်လာမလဲလို့ မျှော်လင့်နေပြန်သေးသည်။
ငါ့ဆီနေ့တိုင်းဖုန်းဆက်တတ်တဲ့နင့် ဘာကြောင့်များ တစ်ပတ်လောက်ကြီး အဆက်အသွယ်ဖြတ်ပြီး နေရက်တာလဲဟာ။
တကယ်တော့ မနေ့မနက်က နေသန်အမေနဲ့ စျေးထဲမှာ တွေ့ခဲ့သေးပါသည်။ "အန်တီ နေသန် ပြန်လာမှာလား" လို့ မေးလိုက်ချင်ပေမယ့်လည်း သူမ နှုတ်ဆက်တာကို မကောင်းတတ်လို့ ပြန်ပြုံးပြခဲ့ရသလို ပုံမျိုးဆိုတော့ ဘာမှ ဆက်မမေးရဲတော့။ နေသန်အမေဟာ သူမကို ခပ်တန်းတန်းဆက်ဆံနေတာ ကြာခဲ့ပါပြီ။
နေသန်ရဲ့မိဘတွေက မြို့မျက်နှာဖုံးသူဌေးတွေဖြစ်ပြီး ဒိုရာရဲ့မိဘတွေကတော့ ကုန်စုံဆိုင်လေး ဖွင့်ထားသူတွေပါ။ အဆင့်အတန်းချင်း ကွာခြားလွန်းတာကြောင့် သူ့သားနဲ့ဒိုရာ နီးစပ်သွားမှာကို စိုးရိမ်တာက ဖြစ်သင့်တာပဲလေ။
ဒီလို တွေးမိပြန်တော့လဲ ရင်မောစွာ ပင့်သက်ရှိုက်လိုက်မိပြန်သည်။ အန်တီဟာ သူမကို နေသန်ရဲ့ငယ်သူငယ်ချင်းအဖြစ်ကနေ အဆင့်တက်စေချင်ပုံ မပေါ်ပါ။
ရန်ကုန်စသွားတဲ့နေ့ထဲက အမေဖြစ်သူထံသို့ နေ့တိုင်း ဖုန်း မခေါ်တတ်သော်လည်း ဒိုရာနဲ့တော့ နေ့တိုင်း အဆက်အသွယ်မပြတ် ရှိနေကြောင်းကို ကြားသိပြီးကတည်းက သိပ်မကြည်တော့။ တစ်နေကုန် မအားကြတဲ့ နှစ်ယောက်သားဟာ ညကိုးနာရီဆို အချိန်မှန် ဖုန်းပြောသည်ဖြစ်စေ၊ online မှဖြစ်စေ တဟီးဟီး လုပ်ခဲ့ကြသည်။
ဒါကြောင့်လည်း အန်တီက နေသန်ကို ကျောင်းပိတ်ရက်တောင် အိမ်မပြန်ခိုင်းခဲ့တာလား မသိ။ သားကို တွေ့ချင်တိုင်း ရန်ကုန်သို့ လိုက်သွားတတ်ပေမဲ့ ဒီဇင်ဘာလက လွဲလို့ ပြန်မလာခိုင်းခဲ့ပေ။ ပြန်လာချိန်တိုင်းလည်း တခြားသူငယ်ချင်းတွေထက် သူမနဲ့သာ တတွဲတွဲမို့ အထူးသတိထား မျက်စိနောက်တာ ဖြစ်သင့်ပါတယ်လေ။
ဒိုရာဟာ ငယ်တုန်းကလို အသားအရမ်းမညိုတော့ပေမဲ့ ရန်ကုန်သား နေသန်ကတော့ အသားတွေဖြူပြီး ပိုသန့်လာခဲ့သည်။ ပဲကလည်း အရင်ထက် ပိုများတာ ပြောမနေပါနဲ့တော့။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် သူနဲ့ယှဉ်သွားရင် အသားညို အရပ်ပုတဲ့ ဒိုရာဟာ မှေးမှိန်သွားရမြဲ။
သူနဲ့အတူ ဆိုင်ကယ်စီးသွားတိုင်း တချို့ ကောင်မလေးတွေဆို နေသန့်အား လည်ပြန်လှည့်ငေးသွားကြသည်။ အဲ့ဒီအချိန်ဆို ဒင်းက ကျေနပ်နေတဲ့ အပြုံးကြီးနဲ့ စမာန်တက်လို့ မဆုံးတော့။
လွန်ခဲ့သောနှစ်နှစ် နေသန်ပြန်လာတုန်းက ဆံပင်ဂုတ်ထောက်နဲ့ ခပ်မိုက်မိုက် ကောင်လေးဒီဇိုင်းမျိုးမို့ ဒိုရာ မျက်လုံးထဲ ကြည့်ကောင်းနေသော်လည်း သူ့အမေက လုံးဝ ကြည့်မရခဲ့။ နေသန့်ကို ဆံပင်ညှပ်ဖို့ တတွတ်တွတ် ပြောသော်လည်း မညှပ်။ ကြားထဲကနေ မနေနိုင်တဲ့သူမက ဝင်ပြီး လျှာရှည်မိခဲ့သည်။
"နင့်အမေ ဒီလောက်ညှပ်ခိုင်းနေတာ ညှပ်လိုက်စမ်းပါ နေသန်ရာ… ဆံပင်အရှည်နဲ့ လှတာလည်း မဟုတ် ..."
"မညှပ်ချင်ပါဘူး၊ ငါ သန့်နေတာ မဟုတ်ဘူးလား"
စပ်ဖြီးဖြီးရုပ်ကြီးကို မျက်စောင်းချီလိုက်ရင်း
"သန့်ပါဘူး ရှည်ကိုင်းကိုင်း ဆံပင်ရှည်ရှည်နဲ့ဆိုတော့ အခြောက်မနဲ့ တူတယ် "
"ကြက်ဥမ… နင်လျှောက်မပြောနဲ့နော်"
"တကယ်ပြောတာပါဆို… သူများတွေက နင့်ကို အပုန်းမက အခုတော့ ပွင့်သွားရှာပြီလို့ ပြောနေကြတာ"
"ဘာ!!! "
"သွားမယ် သွားမယ်… အခုသွားညှပ်မယ် ငါလိုက်ပို့ပေးမယ် လာ လာ… ဆိုင်ကယ်ပေါ်တက်..."
"နင်ရော ငါ့ကိုညှပ်စေချင်လား "
"အင်း… ညှပ်စေချင်လို့ ပြောနေတာပေါ့ သွားစို့… "
ဒိုရာ လှည့်ပတ်ပြောလို့ ဆံပင်ညှပ်ပြီးချိန်ကစပြီး သူမအပေါ် အန်တီ ဆက်ဆံပုံ ပို၍ တင်းမာသွားခဲ့သည်။ အန်တီ ဘာလို့ဒီလို ပြောင်းလဲသွားတာလဲဆိုတာ ရိပ်မိသော်လည်း မသိချင်ယောင် ဆောင်ထားလိုက်သည်။
အန်တီ ထင်သလိုပဲ သူမ နှလုံးသားလေးဟာ သူ့သားအပေါ်မှာ မရိုးသားတော့တာ ကြာပြီလေ။ နေသန်ကတော့ လုံးဝ မရိပ်မိခဲ့။ သို့သော် အန်တီကတော့ တစ်ဦးတည်းသောသားကို ဂရုစိုက် ကြည့်ရှု့နေတဲ့ မိခင်ပီပီ မသိဘဲ မနေခဲ့ပါ။ မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုပြီး ဆင်ခြင်စေချင်ပုံရသည်။
မနှစ်က ၂၀၁၉ ခရစ္စမတ်ပြန်လာတုန်းက နေသန်က ထူးထူးဆန်းဆန်း စကားတွေ ပြောသွားခဲ့သည်။
"ဒိုရာ နင်စဉ်းစားဖူးလား… နင့်ရဲ့နံရိုးရှင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ... "
သူ့စကားကြောင့် ရင်ထဲ ထိတ်ခနဲဖြစ်သွားမိပြီး အချိန်မီ ဟန်ဆောင်လိုက်နိုင်သည်။
"အမယ်... ထူးထူးဆန်းဆန်းပါလား၊ ဘယ်သူ့ကို နင့်ရဲ့နံရိုးလေး ဖြစ်စေချင်နေလို့လဲ"
"ဖြစ်စေချင်တိုင်း ဖြစ်ခိုင်းလို့ရရင် ကောင်းမှာပေါ့... "
ဘာကိုဖြစ်စေချင်နေတာလဲ။ ဒိုရာ သူ့ကို အူကြောင်ကြောင် မျက်လုံးတွေနဲ့ ကြည့်လိုက်မိလို့
"နင့်မျက်လုံးကြီးကလဲ… လန့်လိုက်တာ... မျက်ပြူးမ..."
"မျက်ကျဉ်းကောင် မျက်ပေတုံး သန်းဥမျက်လုံး..."
"ဟား ဟား… သန်းဥမျက်လုံးပဲ ဖြစ်ရသေး ပန်ဒါမရယ်... နင့်ရဲ့နံရိုးရှင် ဘယ်သူဖြစ်မလဲဆိုတာ ငါတကယ် သိချင်တယ်"
"အမယ် နင်ကများ... နင့်ရဲ့နံရိုးကိုသာ စိတ်ဝင်စားပါ"
"အေးပါ... "
အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး အဝေးကို ငေးကြည့်နေပုံက အရင်က နေသန်နဲ့ တခြားစီပါလား။
"နေသန်… နင့်ပုံစံကြီးက ဘယ်လိုဖြစ်နေတာလဲ ငါ့ကိုစ,နေတာလား"
"ငါက? ဘယ်လိုပုံ ဖြစ်နေလို့လဲ"
"မပြောတတ်ဘူးလေ၊ တစ်မျိုးကြီးဖြစ်နေလားလို့"
"ငါမိန်းမယူမယ်ဆို နင် ဝမ်းနည်းမှာလား... "
"ဟမ်... "
အဆက်အစပ် မရှိ ပြောလာတဲ့စကားကြောင့် ဒိုရာ ကြောင်သွားသည်။ ဝမ်းနည်းရုံတင် ဘယ်ကမှာလဲ။ နင့်သူငယ်ချင်း ကြက်ဥမက အသည်းပါ ကွဲရမှာ ကောင်စုတ်ရယ်။ ကျောင်းတက်နေစဉ်တလျှောက်လုံးလဲ ဒီလို စကားမျိုးတွေ မပြောဖူးခဲ့ပဲ။ အခုမှ ဘာလို့ လာမေးနေတာလဲ။ သူ ကြိုက်တဲ့မိန်းကလေး ရှိနေပြီမို့လို့လား။
"နင်... နင်ကြိုက်တဲ့ကောင်မလေး ရှိနေပြီလား ရည်းစား ထားတော့မလို့လား..."
ဟန်ဆောင်ထားတဲ့ကြားက လေသံအဆုံးသတ်မှာ တုန်ခါသွားရသေးသည်။
"အင်း... နင်ယုံတယ်ပေါ့... ဟား ဟား… ငါထင်ပါတယ် ကြက်ဥမတို့ ကြေကွဲတော့မယ်ဆိုတာ..."
"ကြေကွဲနေဦးမယ် အားအားယားယား... "
"နင့်လည်ပင်းမှာ စာရေးပြီး ချိတ်ထားပေးရမယ်၊ သတိ… မထိရ ကြေကွဲလွယ်သည် fragile lady ကြက်ဥမ ဖြစ်သည် လို့ ရေးထားပေးရမှာ… နင့်ရဲ့ ခုချိန်ထိ ပေါ်မလာသေးတဲ့ ရည်းစားကို ငါသနားတယ် သိလား… ညော်ဆီ ရုပ်ဆိုးမကို ချစ်သူတော်ရမှာ ဘယ်လောက်သနားဖို့ ကောင်းလဲ"
တကယ်တော့ ဒိုရာကို မျက်လုံး မျက်ခုံးကောင်းကောင်း၊ ညိုစိမ့်စိမ့်လေးနဲ့မို့ ညိုချောလေးလို့ ပြောကြပါသည်။
"အမလေးတော် နင့်ရည်းစားကိုပဲ ပိုသနားရမှာ... မှေးကျဉ်းသော မျက်ဝန်းပိုင်ရှင်ကို ရည်းစားတော်ရလို့"
"ဟာ… ဒါ ကိုးရီးယားဆန်တာလို့ ခေါ်တယ်"
စကားနိုင်လုကာ ပြောဆိုရင်း မူလစကားတွေကို ပြန်လည်ဆက်စပ် မပြောမိကြတော့။ သို့သော် ဒိုရာရဲ့ ရင်ထဲက စိုးရိမ်မှုလေးကတော့ ပျောက်ပျက်မသွားနိုင်ခဲ့။ သူ တကယ်ပဲ တခြားမိန်းကလေးကို ကြိုက်သွားပြီလား။ မသေချာနိုင်သေးပေမဲ့ ပြန်သွားပြီး နောက်ပိုင်းလည်း ရည်းစားရသွားပြီလို့တော့ မကြားမိသေးပါ။
တကယ်သာ ရည်းစားရသွားရင်လည်း ဘာများ တတ်နိုင်မှာလဲလေ။
ဒိုရာ သက်ပြင်းချလိုက်မိရင်း မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်လေးနဲ့ လမ်းပေါ်ကို ထပ်ကြည့်လိုက်မိပြန်သည်။ သူများ ပေါ်လာမလားလို့ပေါ့။
ဘာလို့ ပြန်မလာတာလဲ နေသန်ရယ်။ နင်နဲ့ငါ ဒီအချိန်လေးပဲ တွေ့ရတယ်ဆိုတာ သိသိရက်နဲ့။ ဒီလက်ဆောင်လေး ပေးဖို့ စောင့်နေတယ်လေဟယ်။
သို့သော် တစ်မနက်လုံး စောင့်မျှော်နေခဲ့တဲ့ မျှော်လင့်ချက်တွေ အလကား မဖြစ်ခဲ့ပါ။ သူတို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းဖြစ်တဲ့ နွေဦးက လက်ဆောင်ဘူးကြီးနဲ့ ပေါက်ချလာခဲ့သည်။
"ဒိုရာ... ရော့ ... မင်းအတွက် ခရစ္စမတ်လက်ဆောင်တဲ့… နေသန် ပေးခိုင်းထားတာ မနေ့မနက်ထဲက ရောက်ပေမယ့် ဒီကောင်က ခရစ္စမတ်နေ့မှာမှ ပေးပေးပါဆိုလို့ အိမ်မှာ တစ်ည သိပ်လိုက်ရသေးတယ်၊ မဖွင့်ကြည့်နဲ့ဦးတဲ့… သူ video call ခေါ်ခဲ့မယ် အတူ ဖွင့်ကြည့်ကြမယ်တဲ့"
နွေဦး လာပေးသွားတဲ့ ပက်ကင်လှလှ ထုပ်ထားတဲ့ လက်ဆောင်ထုပ်ကြီးကို လက်ခံယူလိုက်ရင်း ရင်ထဲမှာ ဖော်မပြတတ်အောင် ပျော်ရွှင်သွားမိသည်။
ကြည့်စမ်း... အစုတ်ပလုတ်ကောင် နေသန်ဟာ သူမ ဖုန်းဆက်တာ လုံးဝမကိုင်ဘဲ အခုလို surprise လုပ်ရလား။ သိတတ်စအရွယ်ထဲက နှစ်စဉ်နှစ်တိုင်း သူ့ဆီက လက်ဆောင် ရနေကျမို့ ဒီနှစ် မရရင် သူမ တော်တော်ကို ဝမ်းနည်းမိမှာပါ။
ဒါဆို သူ ပြန်မလာမှာ သေချာသွားပြီပေါ့။ သူနဲ့ အပြင်မှာ မတွေ့ရတော့ဘူးပေါ့။ တစ်နှစ်မှ တစ်ခါပဲ တွေ့ရတာလေ။ အခုလို ပြန်မလာဖြစ်ဘူးဆိုလဲ ကြိုပြောပေါ့ မျက်ကျဉ်းကောင်ရယ်။ ပြီးတော့ သူ့အတွက် လက်ဆောင်လည်း မပေးရတော့ဘူးပေါ့။
ဒီလက်ဆောင်လေးကို ဖောက်ကြည့်တဲ့ အချိန်ကျရင် သူ ဘယ်လို ဖြစ်သွားမလဲ၊ ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ သိချင်နေတာကို။ ကားဂိတ်ကနေဖြစ်ဖြစ်၊ လူကြုံနဲ့ဖြစ်ဖြစ် ထည့်ပေးလိုက်ရင် ရသော်လည်း လက်ဆောင်ထုပ်လေးတွေကို အရင်လိုပဲ အတူတူ ဖွင့်ကြည့်ချင်မိတာပါ။ အဲ့လိုဖွင့်ကြည့်တဲ့အချိန်ကျရင် သူ အံ့ဩသွားမှာ သေချာသည်။
ဒိုရာ ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးစွာ ပြုံးလိုက်မိချိန်တွင် အင်္ကျီအိတ်ထဲက ဖုန်းမြည်လာလို့ ထုတ်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း နေသန် ဖြစ်နေခဲ့သည်။
အရူးကောင်ဟာ မနေ့က တစ်နေကုန်လုံး ဖုန်းမကိုင်။ အခုမှ လာဆက်နေသေး။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် လူကိုယ်တိုင် မလာနိုင်ပေမယ့် ခရစ္စမတ်လက်ဆောင်ကို မပျက်မကွက် လက်ထဲရောက်အောင် ပို့ပေးခဲ့လို့ စိတ်ဆိုးနေပေမဲ့ ကျေးဇူးလည်း တင်မိသည်။
"Merry Christmas နေသန်... အရူးကောင် ငါ့ဖုန်းကို ဘာလို့ မကိုင်တာလဲ"
လက်ဆောင်ထုပ်ကို လက်နှစ်ဖက်နဲ့ မပြီး ဖုန်းကို နားနဲ့ပုခုံးကြားညှပ်ကာ ပြောနေရင်း အခန်းထဲဝင်ခဲ့လိုက်သည်။
"Video call ပြောမယ် ခု လိုင်းဖွင့်လိုက်"
ကြည့်...သူများပြောတာ နားမထောင်ဘဲ ပြောချင်ရာပြောပြီး ဖုန်းချသွားပြန်ပြီ။ အပြင်မှာသာဆို ဒင်းရဲ့ကျောပြင်ကို ဘုန်းခနဲနေအောင် ထုပစ်မိမှာ သေချာသည်။ ဒိုရာ နှုတ်ခမ်းကိုက်ကာ အင်တာနက်ဖွင့်လိုက်တာနဲ့ ဒင်း video call ခေါ်တာနဲ့ တန်းတိုးသည်။
ဒီလက်ဆောင်ထုပ်ကြီးကို ဆရာသမားက သူနဲ့အတူ ဖွင့်စေချင်လို့ video call ခေါ်မှန်း သိလို့ ဖုန်းကို စားပွဲပေါ်သေချာတင်လိုက်ပြီး လက်ဆောင်ထုပ်ကို ဖုန်းရှေ့ မ,ပြလိုက်သည်။
"ဘာတွေလဲ ငါ ဖွင့်လိုက်တော့မယ်နော်... "
"အင်း... "
"ဟင်..."
ဒိုရာ ဘူးကို ဖွင့်ကြည့်လိုက်တော့ ဘူးထဲမှ Maple bonsai ပင်ကို ကြည့်ပြီး မျက်ရည်တွေ ဝဲလာမိသည်။ သူမအရမ်းကြိုက်တဲ့ အနီရောင် Acer palmatum ဘွန်ဇိုင်း အပင်လေးပါ။ အရင်က ဇာတ်ကားအတူတူ ကြည့်ရင်း အနီရောင်မေပယ်လ်ပင်ကြီးကို တွေ့လိုက်ရလို့ အဲ့ဒီအပင်ကြီကို ရချင်လိုက်တာလို့ အမှတ်တမဲ့ပြောခဲ့ဖူးတာကို သူက အမှတ်တရ ရှိနေခဲ့တယ်တဲ့လား။
"ကြိုက်လား… ဟာ ကြက်ဥမတို့ ကြေကွဲနေပြန်ပြီ... "
ဒိုရာ ကျချင်နေတဲ့မျက်ရည်တွေကို ပါးပြင်ပေါ်မကျလာအောင် သုတ်ပစ်လိုက်ပြီး
"အင်း… အရမ်းကြိုက်တယ် ဒီဟာက ပင်စည်ကလည်း တုတ်တုတ်လေးနဲ့ လှလည်းလှတယ် အရမ်းစျေးကြီးမှာနော်"
"အဲ့လောက်လည်း မကြီးပါဘူး၊ အဲဒီအပင် ငါဝယ်ထားတာ သုံးနှစ်လောက်ရှိပြီ၊ နင့်ကိုပေးဖို့ သေချာပြုစုထားတာ နင့်လက်ထဲရောက်မှ မသေစေနဲ့ဦးနော် နေရောင်ရတဲ့နေရာမှာထား... အဲ့ဒီအပင်နာမည်က ကြက်ဥမတဲ့... ဗူးအောက်မှာ တစ်ခု ပါသေးတယ်လေ မတွေ့ဘူးလား... "
"ဟုတ်လား... ငါက ဒီအပင်ကို ငမ်းနေရတာနဲ့ သတိမထားလိုက်မိဘူး ဘာကြီးလဲ..."
ဘွန်ဇိုင်းပင်အောက်က ဗူးတစ်ဗူးကို သတိကို မထားမိခဲ့ပါ။ ဒိုရာ ထုတ်ကြည့်လိုက်တော့ ထပ်ပြီး အံ့ဩရပြန်သည်။
"နင်... ငယ်တုန်းကအတိုင်းပဲ ပါးစပ်လေးလည်း စေ့ထားဦး ယင်ကောင် ဝင်ဥသွားဦးမယ်"
အင်္ကျီကို တစ်လှည့် ဖုန်းထဲမှ နေသန်ကိုတစ်လှည့် ကြည့်ပြီး ပြုံးလိုက်မိသည်။ ဒါ အခု သူဝတ်ထားတဲ့ အနွေးထည် အပြာရောင်နဲ့ ဆင်တူလေးပဲ။
ကြည့်စမ်း... သူမတို့နှစ်ယောက်ဟာ စိတ်ချင်း တိုက်ဆိုင်လှပါလား။ သူ့အတွက် သူမလည်း ဆွယ်တာအင်္ကျီလေး လက်ဆောင်ပေးဖို့ ကိုယ်တိုင် ထိုးထားခဲ့သည်။ သူနဲ့သူမ ဆင်တူလေးပေါ့။
"ကြိုက်လား ... ငါနဲ့ဆင်တူ... ငါကပိုလှတော့ ငါဝတ်တော့ ပိုသန့်နေရော… မင်း မနာလို မဖြစ်နဲ့ ... "
ဖုန်းထဲက စပ်ဖြီးဖြီးမျက်နှာကြီးကို မျက်စောင်းရွယ်လိုက်ပြီး
"ငါ အခုဝတ်လိုက်ဦးမယ် ဘယ်သူပိုလှလဲ ယှဉ်ကြည့်ကြမလား... "
"စိန်လိုက်လေ... "
ဒိုရာ အပေါ်မှာ ထပ်ထားသောအနွေးထည်ကို ချွတ်ကာ ချက်ချင်း လဲဝတ်လိုက်သည်။
"ဒီမှာတွေ့လား… ငါပိုလှတယ် နေသန် အစုတ်ပလုတ်ကောင် ဒါနဲ့ နေပါဦး… နင်က ရန်ကုန်မှာ အဲ့လောက်လည်း မအေးဘဲ ဘာလို့ အနွေးထည်ကြီးနဲ့လဲ"
"ငါ့ကို ရန်ကုန်မှာလို့ ဘယ်သူပြောလဲ နင့်ကို ကြွားစရာရှိတယ် နင် အံ့ဩသွားစေရမယ်... "
"အမယ်… ဘာမို့လို့ ငါက အံ့ဩရမှာလဲ ကြွားစေ ကြွားစေ... "
နေသန်ရဲ့ဖုန်းကင်မရာကို တဖက်သို့ လှည့်လိုက်တော့ တွေ့လိုက်ရတဲ့ မိန်းကလေးတစ်ယောက်။ နေသန်နဲ့ဆင်တူ အပြာရောင် အနွေးထည်လေး ဝတ်ဆင်ထားလျက်။ ဒိုရာရဲ့မျက်နှာ ဟန်မဆောင်နိုင်ပဲ ပျက်ယွင်းသွားခဲ့ရတာကို မိန်းကလေးကို ကြည့်နေတဲ့ နေသန် မမြင်လိုက်ပါ။
"ကိုကိုကလည်း ... "
မိန်းမလှလေးက ရှက်နေပုံနဲ့ ကင်မရာနဲ့ဝေးရာ ရှောင်ထွက်သွားသော်လည်း စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ဒိုရာ သူမကို သေသေချာချာကို တွေ့လိုက်ရပါသည်။ အသားဖြူဖြူလေးနဲ့ ချစ်စရာ ကောင်မလေးပါ။ နေသန်ကို ကိုကိုလို့ ခေါ်တယ်ဆိုတော့ ဒိုရာထက် ငယ်မှာ သေချာပါသည်။
"ချစ်လေးကလည်း... ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်လေ၊ လာပါ..."
သူ့ရည်းစားကို အတင်းဆွဲခေါ်နေချိန်မှာ ဒိုရာ video call ချကာ အင်တာနက်လိုင်းပါ တစ်ခါတည်း ပိတ်ပစ်လိုက်သည်။ နေသန် ပြန်မလာနိုင်တာ ဒါကြောင့်ကိုး။
ရင်ထဲက နှလုံးသားလေးရဲ့ကွဲကြေသံနဲ့အတူ ပါးပြင်ပေါ်မှာ ပူနွေးလာတာ သတိထားမိပြီး မျက်ရည်တွေကို သုတ်ပစ်သည်။ ဒီအချိန် တစ်ခဏအတွင်းမှာပင် ပျော်ရွှင်စရာတွေအားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
သူတို့နှစ်ယောက်နဲ့ဆင်တူ အင်္ကျီကို မုန်းတီးစွာ ချွတ်နေစဉ်တွင် လက်ထဲကိုင်ထားတဲ့ဖုန်း မြည်လာလို့ ကိုင်လိုက်ရပြန်သည်။ ရုပ်မမြင်ရတော့ ငါ ဘာဖြစ်နေလဲ နင် မသိရတော့ဘူးပေါ့ နေသန်ရယ်။
"နင် ဘာလို့မရှိတော့တာလဲ ဒီမှာ ငါ့ချစ်သူလေးကို ကြွားချင်လို့ပါဆို... "
"Bill ကုန်သွားလို့ဟေ့… ကြွားချင်တဲ့လူကို သနားလိုက်တာ bill ကုန်သွားလို့ဝမ်းသာတာ ဒီတစ်ခါပဲ ရှိဖူးသေးတယ်၊ လိုင်းမကျခင်က ငါတွေ့လိုက်ပါတယ်၊ နင့်ကောင်မလေးကို... ချောချောလေးနော် နင်နဲ့တောင် မလိုက်ဘူး သိလား ပိန်ရှည်ကောင်..."
ဟန်ဆောင်ကောင်းလိုက်တဲ့အသံပါ။ ဟိုဘက်က နေသန်ကို နည်းနည်းမှ မရိပ်မိစေခဲ့။
"ငါ့ရဲ့နံရိုးလေးနဲ့ငါက လိုက်ဖက်ညီလွန်းလို့ တခြားလူတွေကတောင် ပြောနေကြသေး အရမ်းလိုက်တာပဲ အရမ်းလိုက်တာပဲဆိုပြီး... "
"အမလေးတော် နင် မုန့်ကျွေးပြီး ပြောခိုင်းထားတာမလား"
"ဟား ဟား အရူးမ… ဘယ်လိုလဲ ငါ့လက်ဆောင် ကြိုက်ရဲ့လား"
"အင်း… ကြိုက်ပါတယ်၊ ဒါနဲ့ အင်္ကျီက ဘာလို့နင်တို့စုံတွဲနဲ့ ဆင်တူ ဖြစ်နေရတာလဲ နင်တို့ဘာသာ ဝတ်တာမဟုတ်ဘူး..."
သူ စိတ်မကောင်း ဖြစ်မှာစိုးလို့ ညာပြောလိုက်မိသည်။ အမှန်အတိုင်းဝန်ခံရရင် သူပေးခဲ့တဲ့ လက်ဆောင်တိုင်းကို ကြိုက်နှစ်သက်ခဲ့ပေမဲ့ ဒီအင်္ကျီကိုတော့ နည်းနည်းမှ မကြိုက်ေတာ့ပါ။
ငယ်ကတည်းကနေ မနှစ်ကထိ သူ ပေးခဲ့တဲ့လက်ဆောင်တိုင်းကို ရိုသေမြတ်နိုးစွာ သေချာလေး သိမ်းဆည်းထားခဲ့၏။ သူ မသိပေမဲလည်းပေါ့။
အရုပ်လေးဆို ခုထိ ခေါင်းအုံးဘေးမှာ ရှိနေဆဲ။ တစ်ယောက်တည်း ပျင်းနေချိန်ဆို ထိုအရုပ်လေးကို နေသန်လို့ သဘောထားကာ စကားတွေ ပြောခဲ့ဖူးပါသည်။ ပြီးတော့ နှုတ်ခမ်းနီ ဗူးခွံတွေကအစ သူပေးခဲ့တဲ့အရာတိုင်း မပစ်ရက်ဘဲ ဗူးလေးတစ်ခုထဲမှာ သိမ်းဆည်းထားခဲ့တာပါ။
သို့သော် ဒီနှစ်ပေးတဲ့လက်ဆောင်များထဲ သူ့လက်နဲ့ အချိန်ယူ စိုက်ပျိုးပြုစုပေးခဲ့တဲ့ maple ပင်လေးကို အရမ်းကြိုက်နှစ်သက်ပေမဲ့ ဒီအင်္ကျီလက်ဆောင်ကိုတော့ မကြိုက်ရုံမက မုန်းကိုမုန်းမိသည်။
"ငါတို့စုံတွဲနဲ့ ဆင်တူမဟုတ်ဘူး၊ နင်နဲ့ငါနဲ့အတွက်ပဲ ငါဝယ်ထားတာ ကြာပြီ ဆယ်လပိုင်းထဲက ဒီနှစ် ငါ ပြန်မလာနိုင်လို့ နင့်ဆီပို့ဖို့လုပ်တော့ ငါ့ချစ်လေးက တွေ့သွားပြီး မရရအောင် ရှာပြီးဝယ်ထားတာ သူလည်း ငါတို့သူငယ်ချင်းနှစ်ယောက်နဲ့ ဆင်တူ ဝတ်ချင်လို့တဲ့"
အဲ့ဒီစကားနဲ့တင် ကျေနပ်သွားရသည်။ သူနဲ့သက်ဆိုင်သူဟာ သူ့ချစ်သူဆိုပေမဲ့လည်း သူမအတွက် သီးသန့်ရည်စူးပြီး ဝယ်ထားတာဆိုတဲ့စကားကြောင့် ဒီအင်္ကျီလေးကို မချွတ်ပစ်ရက်တော့။
"နင်က အခု ဘယ်မှာလဲ"
"ကွတ်ခိုင်မှာ... ငါ့ချစ်သဲလေး ဇာတိလေ ဆွေပြမျိုးပြ လိုက်လည်တာ၊ ဒါကြောင့်မို့ ဒီနှစ် မပြန်လာနိုင်တာဟ..."
"အင်းပါ နင်ရည်းစားရသွားတာတောင် မသိလိုက်ရဘူးအေ တော်တော်လျှိုတာနော်... "
"အာ… နင်ကလည်း အဲ့လိုမဟုတ်ပါဘူး... ဒါ ငါ့အမေ သဘောတူထားတဲ့ မိန်းကလေးပါ ငါ့အမေက ရှာ