Zvezda Book Shop

Zvezda Book Shop ART PEACE LOVE...!

အသံများတုန်ခါလျှက်----------------------------------လူ့တန်ဖိုးဆိုတာ ဘာကိုပြောတာလဲကဗျာဆိုတာကိုရီးယားရုပ်ရှင်ကားတွေလို ကော...
20/07/2025

အသံများတုန်ခါလျှက်
----------------------------------

လူ့တန်ဖိုးဆိုတာ ဘာကိုပြောတာလဲ
ကဗျာဆိုတာ
ကိုရီးယားရုပ်ရှင်ကားတွေလို ကောင်းရဲ့လားတဲ့
သေချင်စော်ကို နံ့လို့။

မေမေ
ကျွန်တော် ရှင်သန်ခဲ့တဲ့နှစ်သုံးဆယ်မှာ
ကျောင်းသား
ဘဏ်စာရေး
ညစောင့်
ဆိပ်ကမ်းကုန်တင်ကုန်ချ
ရေနံတွင်းတူး
အရူးတစ်ယောက်လိုလည်း
ကောင်မလေးအိမ်ရှေ့မြောင်းထဲ လူးလှိမ့်ခဲ့ဖူးပါတယ်။
သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်
သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်
လက်ဘက်ရည်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်
အရက်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်
လမ်းတွေ တစ်လမ်းပြီး တစ်လမ်း
စိတ်ကူးတည့်ရာတွေ ချည်းပါပဲ
လျှောက်ပြောလို့ လျှောက်လုပ်လို့
မေမေ
ကျွန်တော်က ပျင်းစရာကောင်းသလား
ကျွန်တော်လည်း ပျင်းစရာကောင်းတဲ့
လူတွေနဲ့ မပေါင်းချင်ပါဘူး
ပျင်းစရာကောင်းတဲ့ သင်တန်းတွေလည်း
မတက်ချင်ပါဘူး
ပျင်းစရာကောင်းတဲ့ အယူအဆတွေလည်း
နားမထောင်ချင်ပါဘူး
မေမေ
အဖေက စာသင်ရင်း သေတယ်
ကျွန်တော်က ဘာလုပ်ရင်း သေရမလဲ။

မေမေ
တချို့တံခါးတွေက
ဘယ်လောက်ခေါက်ခေါက် မပွင့်ဘူး။
မေမေ
ကျွန်တော်ချစ်နေတဲ့ တရုတ်မလေးမှာ
မျက်ရစ်မရှိရှာဘူး
မေမေ
ပိုက်ဆံမရှိတဲ့ရောဂါကို ဘာနဲ့ ကုမလဲ။
မေမေ
အနာဂတ်ရှော့ခ်တဲ့
ယဉ်ကျေးမှုခြင်း တိုးတိုက်မိခြင်းတဲ့
ပုံတူမျိုးပွားလူသားတဲ့။
မေမေ
တစ်၀မ်းတစ်ခါးဟာ ဆန်းပြားလှချည်လား
ခေတ်တွေ
အလျင်စလို ရွေ့လျားလို့
လူဟာ
အင်္ဂါဂြိုဟ်လေ့လာစူးစမ်းမှုတွေ
အဝိစိတွင်းတူးတွေ။
ဒုံးပျံတီတွင်သူတွေ
တရားစခန်း၀င်သူတွေ
အလုပ်စခန်းက ပြန်လာသူတွေ
ငါးရှဉ့်သွေးသောက်သူတွေ
တီကောင်ကို ဆားနဲ့တို့သူတွေ
လောက လူ့ရွာမှာ
ယန္တရားများလည်း
တဝုန်းဝုန်းလည်ပတ်လို့
မေမေ
လူတွေ ကြားမှ ကြားပါ့မလား
ကျွန်တော့်သစ်ကိုင်းခြောက်ကလေး ကျိုးတဲ့အသံကို။
လူတွေ သိမှ သိပါ့မလား
ကျွန်တော့်ဂျင်းဘောင်းဘီကလေး ပြန်ဖာထားရတာကို။
လူတွေ မြင်မှ မြင်ပါ့မလား။
ကျွန်တော့်အကြင်နာမေတ္တာတရားကို ။
ဘာပဲဖြစ်ဖြစ်
မီးခြစ်ကလေးတစ်လုံးတော့ ဆောင်ထားရမယ်။
ဘာပဲဖြစ်ဖြစ်
အတ္ထုပ္ပတ္တိစာအုပ်တွေ ဖတ်ထားရမယ်။
ကိုယ့်အကြောင်းကိုတော့ ပြောရမှာပဲ။
ဘာပဲဖြစ်ဖြစ် အခန်းတစ်ခန်းတော့ ၀ယ်ထားရမယ်။
ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်တော့ ရောက်လာမှာပဲ။
မေမေ
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ ပျှော်ပါတယ်
လွတ်သွားတဲ့ငါးကိုလည်း မကြီးချင်တော့ပါ
မနမ်းဖူးတဲ့ နှုတ်ခမ်းများကိုလည်း မလွမ်းတော့ပါ။
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာပျှော်ပါတယ်
လူမိုက်တွေနဲ့လည်း သိခဲ့
လူယဉ်ကျေးတွေနဲ့လည်း ကျွမ်းခဲ့
လမ်းမှာလည်း
မြွေဆိုးတွေချည်း တက်နင်းမိလို့
မေမေ
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ ပျှော်ပါတယ်။

ကြည်ဇော်အေး
2006 သြဂုတ်လ၊ရယ်စရာမဂ္ဂဇင်း




#ကြည်ဇော်အေး

***တည်ငြိမ်ရတဲ့ အရသာ***ချာလီချက်ပလင် လမ်းလျှောက်လာပုံကိုကင်မရာက အရင် ရိုက်ပြတယ်။ပြီးမှ လမ်းပေါ်ကငှက်ပျောခွံတစ်ခုကိုကင်မရ...
12/07/2025

***တည်ငြိမ်ရတဲ့ အရသာ***

ချာလီချက်ပလင် လမ်းလျှောက်လာပုံကို
ကင်မရာက အရင် ရိုက်ပြတယ်။
ပြီးမှ လမ်းပေါ်က
ငှက်ပျောခွံတစ်ခုကို
ကင်မရာက ထပ်ရိုက်ပြတယ်။
ပရိသတ်က တဟားဟား ရယ်ဖို့
စောင့်မျှော်နေကြပြီ။
ချာလီချက်ပလင်ကြီး ငှက်ပျောခွံ တက်နင်းမိပြီး
ခြေကားရား လက်ကားရား
ချော်လဲကျတော့မယ်ပေါ့။
ဒါပေမဲ့ ချာလီချက်ပလင်ဟာ
ငှက်ပျောခွံကို ကောက်ပြီး
အမှိုက်ပုံးထဲ
သွားထည့်လိုက်ပါတယ်။
ပြီးမှ သူ့တစ်ယောက်တည်း
ချော်လဲပစ်လိုက်ပါတယ်။

#အောင်ခိုင်မြတ်





••••ညများ•••   --------------------တံခါးကို အသံမထွက်အောင် ဖွင့်ခြင်းများ ကိုယ့်အိပ်ခန်းထဲ ကိုယ် ခြေဖော့ ဝင်ခြင်းများငါ့တ...
12/07/2025

••••ညများ•••

--------------------

တံခါးကို အသံမထွက်အောင် ဖွင့်ခြင်းများ
ကိုယ့်အိပ်ခန်းထဲ ကိုယ် ခြေဖော့ ဝင်ခြင်းများ

ငါ့တစ်ကိုယ်လုံးလည်း လူနာနံ့တွေ စွဲလို့
ရန်ကုန်မြို့ကြီးလည်း ရှင်တယ်ဆိုရုံပါပဲ

မွေ့ရာဟာ တောကြီးမျက်မည်းတမျှ
လေးမြားကိုင်ရင်း ငါတို့ အသက်ပင် မရှူရဲကြ

ကောင်းသောညပါ အချစ်
အိပ်ခါနီးတိုင်း မှောင်နေတဲ့ပါးပြင်ကို ငါ နမ်းခဲ့
နမ်းလိုက်တိုင်း သမံတလင်းရဲ့အရသာ ငါ ရခဲ့

•အောင်ခင်မြင့်




#အောင်ခင်မြင့်

နေထိုင်ခြင်း____________လေကိုတွေ့ရင်လေပွေကိုတွေ့မှာပဲအကြောင်းမလှမှုဟာတိမ်ညိုတွေလိုအုံ့ဆိုင်းလို့ကံကောင်းခြင်းဟာမိုးကြီး ...
12/07/2025

နေထိုင်ခြင်း
____________

လေကိုတွေ့ရင်
လေပွေကိုတွေ့မှာပဲ

အကြောင်းမလှမှုဟာ
တိမ်ညိုတွေလိုအုံ့ဆိုင်းလို့

ကံကောင်းခြင်းဟာ
မိုးကြီး တမ ရွာမချခင်
မိုးသက်လေနဲ့လိုက်လာတော့မှာ ... ။

#ကိုသန်းထွန်း




လမ်း_______အဲဒီတုန်းကပျံသန်းဖို့ရာ ကောင်းကင်တခုမရှိတဲ့ ငှက်တကောင်လိုငါတို့မွေးဖွားလာခဲ့ကြတုန်းက ။နာဆာလိုဟာမျိုး တခုခုသာရ...
12/07/2025

လမ်း
_______

အဲဒီတုန်းက
ပျံသန်းဖို့ရာ ကောင်းကင်တခုမရှိတဲ့ ငှက်တကောင်လို
ငါတို့မွေးဖွားလာခဲ့ကြတုန်းက ။

နာဆာလိုဟာမျိုး တခုခုသာရှိကြည့်
စထရီကာခွေးတကောင်လို
ကမ္ဘာပတ်လမ်းထဲ လမင်းလည်းထိုးဟောင်ရဲပါရဲ့လို့
ဒို့အတူ လောင်ကျွမ်းခဲ့ကြတုန်းက ။

တယောက်သွေးကြောထဲ
တယောက်စီးဝင်ပြီး စီးဆင်နေသလို
ဒို့အတူထားခဲ့ကြတဲ့ကတိတွေ အမြီးအမြီးချင်းချည်လို့
ငါတို့လွှတ်တင်ထားတဲ့ ဂြိုလ်တုက ငါတို့ကိုစောင့်ကြည့်နေသလို
ဒို့အတူဆွဲခဲ့တဲ့ လမ်းပြမြေပုံကြား
တချက်အမှားမခံဘဲ အသက်အောင့်စောင့်ခဲ့ရတုန်းက ။

မြေဆွဲအား သုည
ပါးလျလေထု
အသက်လုရှုနေရတဲ့ ဂြိုလ်သစ်တစင်းပေါ်
ငါတို့စပြီး ခြေချမိကြတုန်းက ။

တနေ့တော့ နေရောင်ရမှာဘဲ
တနေ့တော့ ရေညှိတွေဖြစ်ဖြစ်ပေါက်လာရမှာဘဲ
တနေ့တော့ အောက်စီဂျင်ရရမှာဘဲ
ငါတို့နေရောင်ကို အတူစောင့်ခဲ့ကြတုန်းက ။

ပြီးတော့
ငါတို့ဆက်ပြီး အသက်ရှင်ခဲ့ကြတုန်းက ။

#ကိုသန်းထွန်း




ဆိုဖီရဲ့ကမ္ဘာ_____________ဗုဒ္ဓက လက်ညိုးနဲ့ ညွှန်တယ်လူတွေက လက်ညိုးပဲမြင်တယ်ဗုဒ္ဓညွှန်ပြတဲ့ နေရာ မမြင်ဘူးဒါ ဆိုဖီရဲ့ ကမ္ဘ...
09/07/2025

ဆိုဖီရဲ့ကမ္ဘာ
_____________

ဗုဒ္ဓက လက်ညိုးနဲ့ ညွှန်တယ်
လူတွေက လက်ညိုးပဲမြင်တယ်
ဗုဒ္ဓညွှန်ပြတဲ့ နေရာ မမြင်ဘူး
ဒါ ဆိုဖီရဲ့ ကမ္ဘာကြီးလေ။ ။

#ငြိဏ်းဝေ




ဒရာမာ - ၅၇••••••••••••••   နင် ဘယ်သာကိုးကွယ် ကိုးကွယ်   နင် ဘယ်ဘုရားကျောင်း သွားသွား   နင် ဘာပုံစံ နဲ့ ဝတ် ပြုပြု ..၊   ...
09/07/2025

ဒရာမာ - ၅၇
••••••••••••••

နင် ဘယ်သာကိုးကွယ် ကိုးကွယ်
နင် ဘယ်ဘုရားကျောင်း သွားသွား
နင် ဘာပုံစံ နဲ့ ဝတ် ပြုပြု ..၊

ငါတို့ကို ယုံကြည်ပူဇော်ရင်အပေါ်တက်မယ့်
သူတော်ကောင်း ။

ငါတို့ကို မယုံကြည်မပူဇော်ရင်
အောက်ဆင်းမယ့် သူယုတ် ။

တရားပွဲ ပြီးချိန်ထိ ဒီလောက်ပဲ ဆိုရင်

ဗမာဘောလုံးပွဲ ဖြစ်ဖြစ်
သရီးဒီ မျောက်ပွဲပဲ ဖြစ်ဖြစ်
သွားကြည့်လိုက်ပါ အချစ် ။

=================================
- မောင်ယုပိုင် -

ခရုကမ်း​ခြေမှာအပန်း​ဖြေကြသူ​တို့ရဲ့ လက်ဖဝါးနုနု​ပေါ်က​နေသူတို့ရဲ့  ရင်သပ်ရှု​မောမှုကိုအသိအမှတ်ပြုပါ ခရုက​လေးကမ်း​ခြေမှာမ...
06/07/2025

ခရု

ကမ်း​ခြေမှာ
အပန်း​ဖြေကြသူ​တို့ရဲ့ လက်ဖဝါးနုနု​ပေါ်က​နေ
သူတို့ရဲ့ ရင်သပ်ရှု​မောမှုကို
အသိအမှတ်ပြုပါ ခရုက​လေး

ကမ်း​ခြေမှာ
မြူးတူး​ပျော်ပါးကြသူတို့ရဲ့ ဖဝါး​ခြေ​အောက်က​နေ
မိမိရဲ့ ကြွပ်ဆပ်ပါးလွှာမှုကိုလည်း
သတိပြု​စေချင်ပါတယ်

မင်းရဲ့
တကိုယ်ရည် ဥခွံအတွင်းမှာ
လုံခြုံတယ်လို့ ဆက်ပြီး​တွေး​ခေါ်လိုက​တွေး​ခေါ်ပါခရု​ကလေး

#ကိုသန်းထွန်း




ဝါရှင်တန်ကို ငါ သိတယ်__________________ ကိုသန်းထွန်းလေဒီဂါဂါဖြစ်ဖြစ်ဟမ်ဘာဂါဖြစ်ဖြစ်ငါတို့မှာ ချစ်ရတယ်၊ ကြိုက်ရတယ်အမေရိကန...
05/07/2025

ဝါရှင်တန်ကို ငါ သိတယ်
__________________ ကိုသန်းထွန်း

လေဒီဂါဂါဖြစ်ဖြစ်
ဟမ်ဘာဂါဖြစ်ဖြစ်
ငါတို့မှာ ချစ်ရတယ်၊ ကြိုက်ရတယ်
အမေရိကန်Iconတွေမှာ ဗီဇာမလိုဘူး

မိုက်ကယ်ဂျက်ဆင်ဖြစ်ဖြစ်
မိုက်ကယ်ဂျော်ဒန်ဖြစ်ဖြစ်
နာရီတာလေဆိပ်မှာ ဂျပန်မလေးတွေ ကြိုသလို
ငါတို့မှာ ရီရတယ်၊ ငိုရတယ်
သူ့ဆယ်လီတွေနဲ့ဆုံတိုင်း အရူးတပိုင်းဖြစ်ရပါတယ်
အမေရိကဖွင့်တဲ့စျေးဟာ ကနေ့ ကမ္ဘာ့ပေါက်စျေးပဲ

သူ ပို့လိုက်တဲ့ ဂျင်းဆို
Levi 501က အစ ငါတို့မှာ လေရတယ်၊ ကြွေရတယ်
သူ ဂျင်းထည့်လွှတ်လိုက်တဲ့
US Armyသုံး ကွန်ဒုံးအကြီးကြီးတွေ ကြည့်ကြည့်ပြီး
ငါတို့မှာ ရှက်ရွံ့သိမ်ငယ်စိတ်တွေလည်း ဝင်ရပါတယ် ညီမလေး

စတားဘတ်ဖြစ်ဖြစ်
စတားဝါးဖြစ်ဖြစ်
လက်မှိုင် ချရတယ်၊ လက်နက် ချရတယ်
စတားဘတ်ရဲ့ပစ်မှတ်စားသုံးသူဟာ ငါ မဟုတ်ခဲ့ရပါဘူး
စတားဝါးဆိုတာ သူ မှောက်ထားတဲ့ ဖဲတချပ်ပဲ
သူ ခေါ်တဲ့ကြေးဟာ သူ့စျေးပဲ
မင်း- လိုက်ရဲလား ညီမလေး

Rockနဲ့ ကမ္ဘာကြီးကို လွှဲသိပ်ခဲ့တယ်
Rapနဲ့ ကမ္ဘာကြီးကို အုပ်ချုပ်တော့မှာ
အခုလည်း အလံသုံးလက်နဲ့ ကမ္ဘာကြီးကို တက်သိမ်းနေပြီလေ
( US, UN နဲ့ NATO .. )
ဘယ်သူ ကျွန်ဖြစ်ချင်မလဲ
ဘယ်သူ သေချင်မလဲကွယ်
ဗမာပြည်မှာ လူတယောက်ဖြစ်ရတာ
လူတယောက်အဖြစ်ထက် ပိုပါတယ် ညီမလေး

"ဒီည ကိုယ်နဲ့ လိုက်အိပ်ပါလား..''
( အိန္ဒိယမင်းသမီးတလက်ကို တွေ့တွေ့ချင်း-
-စတားလုံးရဲ့ နှုတ်ခွန်းဆက်စကား.. )
ဒါ- USရဲ့ လူ့အခွင့်အရေး၊ US Open Societyရဲ့
ယဉ်ကျေးဖွယ်ရာ Cultureစစ်စစ်ကြီးပေါ့ကွယ်
ကလင်တန်ဖြစ်ဖြစ်
ဒေါ်နယ်ထရမ့်ဖြစ်ဖြစ်
အိမ်ဖြူတော်ဘောင်းဘီဇစ်တွေဟာ မယုံရဘူး
သတိတော့ထား ညီမလေး
ယဉ်ကျေးမှုချင်း တိုးတိုက်မိရုံနဲ့လည်း
လူဆိုတာ သေတတ်တယ်ကွဲ့

သေတော့ရော ဘာဖြစ်လဲ
ရှင်နေတော့လည်း ဘာဖြစ်လာမှာမို့လဲကွယ်
"သေခြင်းဟာ ရှင်ခြင်းရဲ့ အကောင်းဆုံးတီထွင်မှု*''ပဲ
Appleရဲ့CEO 'Steve Jobs'က ပြောတယ်
( သူက အမေရိကရဲ့ Role Model စစ်စစ်ကြီးပေါ့ )
သေတော့လည်း နောက်ဘဝ အမေရိကမှာ-
-လူဖြစ်ပါရစေ ဆုတောင်းရုံပေါ့
ဒါမှမဟုတ်၊ ရိုဗာဖြစ်ဖြစ် ဖီဒိုဖြစ်ဖြစ် ခွေးတကောင်ကောင်ပေါ့
( သူတို့က US Brandစစ်စစ် ခွေးတွေ.. )
အမေရိကမှာ ခွေးဖြစ်ရတာ ခွေးတကောင်အဖြစ်ထက် ပိုပါတယ်ကွာ

ဗမာပြည်ရဲ့ လူ့အခွင့်အရေးဆိုတာ
USက ခွေးအခွင့်အရေးထက် တရည်လျော့တယ်လို့
USအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့-
-( HRW )တွေက ဆိုပါတယ် ညီမလေး

မင့်မှာ တခြားအဖြေတခုခု ရှိသေးလို့လား ညီမလေး ။

#ကိုသန်းထွန်း




ကိုသျှားကရေးတဲ့ သမိုင်း သမိုင်းကရေးတဲ့ ကိုသျှား------------------( ၁ )ကဲ...  ခုဘယ်လိုလုပ်ကြမလဲ ကိုသျှားက မရှိတော့ဘူး ......
03/07/2025

ကိုသျှားကရေးတဲ့ သမိုင်း
သမိုင်းကရေးတဲ့ ကိုသျှား

------------------

( ၁ )

ကဲ... ခုဘယ်လိုလုပ်ကြမလဲ
ကိုသျှားက မရှိတော့ဘူး ...။

(၂)

တကယ်ဆို လူတိုင်းစကားပြောကြတာပါဘဲ
ဘယ်မှမရောက်ခဲ့တာတော့လည်း တပိုင်းပေါ့
စိတ်ကူးတည့်ရာ စိတ်ရူးပေါက်ရာ ပြောနေကြတာမျိုး
သူတို့ “တနေရာရာ"ကို ရောက်ခဲ့ရင်တော့
ပိုကောင်းမှာပေါ့ …။

(၃)

တကယ်ဆို “မင်းနဲ့ပုဏ္ဏား”ဟာ
ပျားရည်ဆမ်းသော ပေါက်ပေါက်ကို စားနေခဲ့ကြတာပါ။ နှစ်လိုဖွယ်သောစကားကို ဆိုနေကြတာပါ
သူတို့ဟာ ဖယောင်းပုဆိုးပေါ်ကျလာတဲ့
ပျားရည်စက်ကို မသုတ်ခဲ့ကြဘူး တဲ့လေ။
ပျားရည်စက်ပေါ် နားတဲ့ယင်ကောင်
ယင်ကောင်ကို ဖမ်းတဲ့အိမ်မြှောင်
အိမ်မြှောင်ကို ခုတ်တဲ့ကြောင်
ကြောင်ကို ကိုက်တဲ့ခွေး
ခွေးကို ရိုက်တဲ့လူ
လူလူချင်းဖြစ်ကြတဲ့ စ-စ်ပွဲ...
ပျားရည်တစက်ပေါ်
တာဝန်ပျက်ကွက်ခဲ့ကြသူ နှစ်ယောက်ကြောင့်
ပြည်ပျက်ခဲ့ဖူးတယ်...
သူတို့နှစ်ယောက်ရဲ့စကားဝိုင်းဟာ
ဘယ်ကိုမှမရောက်ခဲ့ကြဘူး။

(၄)

ပညာရှင်ဆိုတာ ပိုသိ ပိုတတ်သူမျှသာ မဟုတ်ဘူး..တဲ့ မေးခွန်းမေးတတ်သူဖြစ်တယ်..တဲ့
ကိုယ့်ထက် ပိုသိသူကိုမေးတယ်၊
မင်းစဉ်းစားစရာ တခုခုရမယ်။
ကိုယ်လောက်ပဲ သိသူကိုမေးတယ်၊
အသိတွေ ပိုသေချာသွားမယ်။
မသိသေးသူကို မေးတယ်၊ သူ့ကိုယ်သူ ပိုသိသွားမယ်။
မေးခွန်းတိုင်းအတွက်
အကောင်းဆုံးအဖြေတွေ မရခဲ့ဘူးဆိုရင်တောင်
ပိုကောင်းတဲ့နောက်ထပ်မေးခွန်းတွေ
ငါတို့ရနိုင်ခဲ့ကြတာပဲ မဟုတ်လား။

(၅)

မင်းသာ ထစ်ခနဲရှိ မျက်ရည်မလွယ်ဘူးဆိုရင်
မင်းသာ အားအားယားယား
ထိုင်ထိုင်ပြီး ရှိမခိုးတတ်ဘူးဆိုရင်
မင်းသာ လာတိုင်း မူးမနေဘူးဆိုရင်
ငါတို့ စကားတွေ အများကြီးပြောဖြစ်ကြမှာပဲ ...။

(၆)

မိုးတွေရွာတဲ့ တနေ့
လေရောပါလာတဲ့ တနေ့
မီးတွေပျက်၊ ငါ ဆိုင်လေး ပိတ်လိုက်ရတဲ့ တနေ့
“နိုင်ဝင်းဆွေ”အကြောင်း ငါတို့ပြောဖြစ်ကြတယ်
“ကြည်အေး”ကို လူတိုင်းမသိဘူး၊
သိတဲ့လူတွေက "တကယ်သိ”တယ်ဆိုတဲ့
ခင်ဝမ်းရဲ့စကားလိုပဲ ငါ နိုင်ဝင်းဆွေကို သိတယ်၊
ဗမာပြည်ကွန်မြူနစ်ပါတီဟာ
ကေဒါကောင်းတယောက်ကို ရသွားရဲ့လား ဆိုတာကိုသာ မသိရင်နေမယ်
ဗမာပြည်ဟာ နိုင်ဝင်းဆွေဆိုတဲ့
စာရေးဆရာ တယောက်ကို
ဆုံးရှုံးလိုက်ရတာ ငါသိတယ် ...။

(၇)

မင်းက လွယ်လွယ်လေး သေဆုံးသွားခဲ့ပေမဲ့ (တကယ်တော့ ဘယ်သူမှ လွယ်လွယ်မွေးခဲ့တာ မဟုတ်သလို လွယ်လွယ်လေး ေသသွားကြတာလည်း မဟုတ်ပါဘူး) မင်းအက်ဆေးတွေနဲ့ ပတ်သက်လို့ မင်းနဲ့ထိုက်တန်ရာကို မင်းပြန် ရခဲ့ပါတယ်။ ဖုန်းထဲဝင်လာတဲ့ ဂုဏ်ပြုစကားတွေကြောင့် မင်းတုန်တုန်လှုပ်လှုပ် ဖြစ်ရကြောင်း ပြောတော့ မင်းရဲ့ရိုးသားမှုကို ငါတွေ့ထိရ။

ကျနော် ဆက်တိုက် မဖတ်ရဲဘူး၊ ဖတ်ရင်း ကြောက်တောင် ကြောက် လာတယ်ဗျာ”လို့ “ကေဇဝင်းကပြောတော့ ကဗျာဆရာအချင်းချင်း အကြီးကျယ် ဆုံးချီးမြှောက်မှုပဲလို့ နှစ်ယောက်လုံးကို ငါပွေ့ဖက်မိ။
“မင်းဟာက အက်ဆေးရော ဟုတ်ရဲ့လားကွာ ဒါပေမဲ့
ဖတ်လို့တော့ ကောင်းသားပဲကွ”လို့ ငါကပြောတော့
မင်းက လူလည်ကျပြန်ရော .. "ဒါ ကဗျာတွေပါ”တဲ့။

ကဗျာဖြစ်ဖြစ် အက်ဆေးဖြစ်ဖြစ်ပေါ့ကွာ...

ကိုသျှားပါပဲ။

(၈)

“ကဗျာဆရာတွေက ပြိုင်နေကြတာဗျ”တဲ့
တရက်မှာ ငါ့ကို မင်းက ရင်ဖွင့်လာ ..
“ကောင်းတာပေါ့ကွာ၊
ပြိုင်ဆိုင်မှုရှိတော့ တိုးတက်တာပေါ့”ဆိုတော့ “
"မဟုတ်ဘူးဗျ၊ နာမည်အကြီးပြိုင်နေကြတာ”တဲ့ ငါ ..ရယ်မော “မင်းရော "အဲ့ဒီထဲပါသေးလား”
ငါတို့နှစ်ယောက် အတူရယ်မောခဲ့ကြ
ကိုသျှား .. ငါက ဒါမျိုးတွေဆို မမေ့တတ်ဘူး
ခုတော့ မင်းက မရှိတော့ဘူး။

(၉)

“ကျနော်က ငြီးငွေ့လွယ်တယ်ဗျ”လို့ ကဗျာဆရာတယောက်က ပြောဖူးတယ်
ကဗျာအဟောင်းတွေကို ငြီးငွေ့တယ်
စကားအဟောင်းတွေကို ငြီးငွေ့တယ်
မိတ်ဆွေဟောင်းတယောက်ကို ငြီးငွေ့တယ်
တယောက်တည်း ချစ်သူကို ငြီးငွေ့တယ်
MONOTONE တွေကို ငြီးငွေ့တယ်
ပြီးတော့ ....
နိုင်ငံရေးစနစ်တွေကိုတောင် ငြီးငွေ့တတ်ကြတယ်
ငြီးငွေ့ခြင်းကြောင့်ဘဲ ငါတို့ “အသစ်”တွေရကြတယ် အသစ်တွေကို မရပ်မနား ထုတ်လုပ်ကြတယ်
အသစ်တွေ ထုတ်လုပ်ဖို့၊ အသစ်တွေကို စားသုံးဖို့
ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဒရစပ်မောင်းနှင်ကြတယ် ဒါ ..ဈေးကွက်လူ့အဖွဲ့အစည်းရဲ့
အခြေခံယန္တရားလည်ပတ်ပုံပဲ

တခုပြောစရာရှိတာက
ငါတို့ရဲ့ငြီးငွေ့မှုဟာ
သံသရာကို ဗုဒ္ဓငြီးငွေ့ပုံမျိုးတော့ မဟုတ်ဘူး။

(၁၀)

မပြည့်နိုင်တဲ့ လောဘများ
မငြိမ်းနိုင်တဲ့ ဒေါသများ
တဖက်ပိတ်ချောင်းလို
ဘယ်မှမရောက်နိုင်တဲ့ အတွေးအမြင်များ
အဲဒီ တဝက်ဆုတ်ထားတဲ့ လမ်းပြမြေပုံက
ငါတို့ကို ဘယ်ခေါ်သွားမှာတဲ့လဲ
ကိုသျှား...
ခု... မင်း ဘယ်သွားမလို့လဲ …။

(၁၁)

ပညာမပါတဲ့၊ တွေးခေါ်မြော်မြင်မှုမပါတဲ့၊
ဆင်ခြင်စရာမပါတဲ့
ပေါ့ပေါ့လွင်လွင် အပျင်းပြေစကားဝိုင်းမှာ
ငါအပျင်းမဖြေနိုင်ဘူး
အဲ့လိုကဗျာမျိုးကိုလည်း မဖတ်ချင်ဘူး။
လူငယ်တယောက်ဆီက လှပတဲ့၊
သစ်လွင်တဲ့၊ ခေတ်မီတဲ့
လတ်လတ်ဆတ်ဆတ် ကဗျာမျိုးကိုပဲ
ငါ မျှော်လင့်ချင်ပါတယ်
သူ.... ကြီးရင့်သွားတဲ့တချိန်
သူနဲ့အတူ လိုက်ပါကြီးရင့်သွားတဲ့ ကဗျာမျိုး ...။

ကမ္ဘာကြီးကို အမီလိုက်တယ်ဆိုတာ
ကိုယ်သိပြီးသား ကမ္ဘာကို စွန့်ခွာခြင်းဖြစ်တယ်...တဲ့
ဟုတ်ရဲ့လား ... ကိုသျှား...။

(၁၂)

အကြိမ်ကြိမ်ဖောက်ပြန်သူ ဖြစ်ခဲ့ရတဲ့
“တိန်ရှောက်ပင်”က
ခေတ်သစ်တရုတ်ပြည်ကြီးရဲ့ ဘုရားတစ်ဆူဖြစ်လာ .. ဆိုဗီယက် ရုရှားနဲ့ ကမ္ဘာကြီးကိုကယ်တင်ခဲ့တဲ့
စတာလင်က
နောက်တခေတ်မှာ သမိုင်းရဲ့ရာဇဝတ်ကောင်ကြီးဖြစ်လာ အစိပ်စိပ်ကွဲသွားတဲ့ နိုင်ငံကြီး
အမွှာမွှာခွဲထွက်သွားတဲ့ နိုင်ငံငယ်လေးများ
“ဂလပ်စနော့”နဲ့ “ပယ်ရီစတွိုက်ကာ”တို့ဟာ
လွင့်စင်ပျောက်ကွယ်သွား..
“ဂိုဘာဂျော့ဗ်”ကိုပါ အပါခေါ်သွား
“တိန်အန်မင်”မှာ “မော်”ရဲ့ပုံကားချပ်တွေ ရှိနေတုန်းမှာပဲ ရုရှားမှာ လီနင်ကြေးရုပ်ဟာ ဖြိုချခံလိုက်ရပြီ
သမိုင်းဟာ ရီမယ်ဆို ရီချင်စရာပေါ့
ငိုမယ်ဆိုလည်း ငိုချင်စရာ …။

(၁၃)

“သည်ဟိဂ်”စ-စ်ခုံရုံးမှာ
ဆားဗီးယားစ-စ်ဗိုလ်ချုပ်တယောက်
အဆိ-ပ်သောက်​ေသသွားတော့
သူသောက်လိုက်တဲ့ အဆိ-ပ်ဟာ HEMLOCK လား
ဆိုကရေးတီးသောက်လိုက်တဲ့ အဆိ-ပ်နဲ့
တမျိုးတစားတည်းလား
မင်း သိချင်နေမလား . . ကိုသျှား
ဒါမှမဟုတ် ...
မင်းတခုခုဝင်ပြောသင့်တယ်လို့ မထင်ဘူးလား။
ဒါပေမဲ့ ခု .. မင်းက မရှိတော့ဘူး ..။

(၁၄)

ကဗျာတွေရေးလို့ သိပ်ကောင်းတဲ့ခေတ်ကြီးပေါ့
ကိုသျှား ...
နွေဦးဖြစ်စဉ်တွေက ငါတို့ကို လင်းပွင့်စေခဲ့တယ်လေ
“သမ္ဘဝ”ညီနောင် ခုမှ မျက်စိနှစ်လုံးပွင့်လာကြသလို ...
“မိုးကား အဖုံး၊ မြေကား အထဲ”လို့ ကြွေးကြော်ရင်း လွတ်လပ်ကောင်းကင်ယံမှာ စိတ်ရှိတိုင်း ပျံသန်းဖို့
ငါတို့ တောင်ပံဖြန့်ကြရတော့မယ်
ပြီးတော့ ...
အာဖဂန်၊ အီရတ်၊ လစ်ဗျားနဲ့ဆီးရီးယား
ကောင်းကင်ယံတွေမှာ ပျံဝဲ...
ဒါပေမဲ့ ခု .. မင်းက မရှိတော့ဘူး ..။

(၁၅)

ငါတို့က အဲဒီလိုကမ္ဘာကြီးထဲ အသားတကျ
လောက်တွေလို ရွရွလှုပ်ချောက်
လူတွေလို တယောက်တပေါက်
အရက်ဆိုင်က စားပွဲထိုးမလေးတယောက်က
အန်ကယ်ကြီးရဲ့လက်မောင်းကို
သူ့ရင်သားနဲ့ပွတ်တိုက်လိုက်တော့
လျှပ်စီးတချက်လက်လိုက်သလို
မင်းအတွက် ကဗျာတစ်ပုဒ်ဖြစ်သွား
(အဲဒါ ..မင်းကဗျာတစ်ပုဒ်ထဲက)
အဲဒီလို .. ငါတို့ ကဗျာတွေရေးကြ
ပြီးတော့ .. ငါတို့ ကဗျာတွေရေးကြ
ပြောနေရင်း ဆိုနေရင်း
ခု ... မင်းက မရှိတော့ဘူး …။

(၁၆)

TIME MACHINE ကို စီးပြီး
သမိုင်းဦးပြန်သွားတဲ့လူတယောက်
လိပ်ပြာလေးတကောင်ကို တက်နင်းလိုက်မိတော့
(၂ဝ)ရာစုမှာ
အမေရိကန်သမ္မတအပြောင်းအလဲဖြစ်သွားတဲ့အကြောင်း သိပ္ပံဝတ္ထုတပုဒ် ငါဖတ်ဖူးတယ်။

လိပ်ပြာလေးတကောင် မတော်တဆ​ေသသွားတာ
သမိုင်းဖြစ်ပြီး
သမ္မတအပြောင်းအလဲဟာ နိုင်ငံရေးဖြစ်တယ်။

အချိန်မတိုင်ခင် မမျှော်လင့်ဘဲ ကိုသျှားဆိုတဲ့
ကဗျာဆရာတယောက်​ေသသွားတာ
“သမိုင်း” ဖြစ်တယ် …။ ။

_ ကိုသန်းထွန်း





#ကိုသျှား
#ကိုသန်းထွန်း

ခင်ဗျားကို ကျွန်တော် ချစ်နိုင်တယ်ဒါမှမဟုတ် ချစ်တယ်ခင်ဗျားကို ကျွန်တော် မုန်းနိုင်တယ်ဒါမှမဟုတ် မုန်းတယ်။ဘယ်တုန်းကမှ ခွင့်...
03/07/2025

ခင်ဗျားကို ကျွန်တော် ချစ်နိုင်တယ်
ဒါမှမဟုတ် ချစ်တယ်
ခင်ဗျားကို ကျွန်တော် မုန်းနိုင်တယ်
ဒါမှမဟုတ် မုန်းတယ်။

ဘယ်တုန်းကမှ ခွင့်မတောင်းဘဲ
ယူထားတဲ့ ဒီအခွင့်အရေးကို
ခင်ဗျားဆန္ဒမပါဘဲ တစ်သက်လုံးယူထားမယ်။

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ
ကျွန်တော့် အချစ်နဲ့ အမုန်းအတွက်
ဘယ်တော့မှ ကြေကွဲမိမှာလည်း မဟုတ်ဘူး
နောင်တရမိမှာလည်း မဟုတ်ဘူး။

#ဖော်ဝေး

(ဖော်ဝေး ဒိုင်ယာရီ - မှ)



ဖော်ဝေးဒိုင်ယာရီ မှ
03/07/2025

ဖော်ဝေးဒိုင်ယာရီ မှ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zvezda Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category