01/02/2023
သေစေနိုင်တဲ့ အဆိပ်ရှိ ရေဘဝဲကို ဟော့ပေါ့ဆိုင်မှာ တည်ခင်းထားကြောင်း စားသုံးသူက တွေ့ရှိ
သူသာ ဂရုတစိုက်မကြည့်ဘဲ စားလိုက်မိရင် အသက်ရှင်မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်က စားသောက်ဆိုင်တစ်ဆိုင်က အဆိပ်အပြင်းဆုံး ရေနေသတ္တဝါတစ်ကောင်ဖြစ်တဲ့ အပြာရောင်အဝိုင်းကွက် ရေဘဝဲကို ဟော့ပေါ့ဝိုင်းအတွက် တည်ခင်းခဲ့တာပါ။
Ocean Conservancy ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရဆိုရင် အဲဒီရေဘဝဲရဲ့ အဆိပ်ဟာ မိနစ်ပိုင်းအတွင်း လူ ၂၆ ယောက်ကို သေဆုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။
ရေခဲထဲ ထည့်ထားတဲ့ ရေဘဝဲတွေရဲ့ ဓာတ်ပုံကို စားသုံးသူက သူ့ရဲ့ Weibo အကောင့်မှာ တင်ပြီး သဘာဝသိပ္ပံမဂ္ဂဇင်းရဲ့ လူမှုကွန်ရက်ကို Tag တွဲကာ '' ဟော့ပေါ့ဆိုင်မှာ ဒီလိုရေဘဝဲမျိုးကျွေးတာ မြင်ဖူးလား။ ဒါက အပြာရောင်အကွက်ပါ ရေဘဝဲများလား။ စားလို့ရော ရရဲ့လား။ လူကြီးမင်းတို့ရဲ့ ဖြေကြားမှုကို ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေပါတယ်'' လို့ ရေးသားခဲ့တာပါ။
သဘာဝသိပ္ပံမဂ္ဂဇင်းအကောင့်ကလည်း အချိန်မီ ပြန်လည်ဖြေကြားပေးခဲ့ပြီး ပုံမှာ ပြထားတဲ့ ရေဘဝဲက ကျားသစ်ကွက် သို့ အပြာရောင်အကွက် ရေဘဝဲဖြစ်တယ်၊ မစားမိစေနဲ့၊ မီးအပူပေးလိုက်လည်း အဆိပ်ရှိနေတုန်းပဲလို့ အတည်ပြုပေးခဲ့တာပါ။
ထိတ်လန့်စရာ ဒီဖြစ်ရပ်ဟာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး Weibo လူမှုကွန်ရက်မှာ ကြည့်ရှုမှုအကြိမ်ရေ သန်း ၄၂၀ အထိ ရှိခဲ့ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေက စားသောက်ဆိုင်ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ တိုက်တွန်းခဲ့ပြီး သူတို့သာ ဒီနေရာမှာဆိုရင် စားမိလို့ အသက်ရှင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
၁၉၈၄ ခုနှစ်က စင်ကာပူနိုင်ငံမှာ အပြာရောင်အကွက်ပါ ရေဘဝဲ ကိုက်ခံရလို့ ၆ နှစ်သားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
credit
Ref: Diner has close brush with death at hotpot restaurant in China after being served 'killer' octopus
Team (ရိုးရာလေး)