13/07/2022
ရေခဲတောင်ဒေသတွင် ထွက်ရှိသည့် ရှီးပတီး ယခုနှစ်ဈေး ၂ ဆတက်
13 July 2022 - Kachinwaves
ကချင်ပြည်နယ် ပူတာအိုခရိုင်ရေခဲတောင်တွင် ထွက်ရှိသည့် ဆေးဖက်ဝင် ရှီးပတီး ရောင်းဈေး ယခင်နှစ်ထက် ၂ ဆရရှိကြောင်း ဒေသခံများက ပြောသည်။
ယခင်နှစ်က ရှီးပတီးတစ်ကောင်ကို ၂၀၀၀ ကျပ်သာ ရောင်းရသော်လည်း ယခုနှစ်တွင် တစ်ကောင်လျှင် ၆၀၀၀ ကျပ်ထိ ဈေးကောင်းရသည်ဟု ရှီးပတီးရှာရောင်းသည့်ဒေသခံတစ်ဦးက ပြောသည်။
“လက်ရှိမှာ တစ်ကောင်ကို ၄ထောင် ၆ထောင်ကြားမှာ ဈေးပေးတယ်။ အရင်နှစ်က ၂ထောင်၊ ၃ ထောင် လောက်ပေးဝယ်တယ်ဆိုတော့ မနှစ်တုန်းကထက် ဈေးကောင်းတယ်လို့ပြောရမယ်”ဟု ၎င်းဒေသခံကပြောသည်။
သို့သော် ယခင်နှစ်ထက် ရှီးပတီး အထွက်နည်းလာပြီး ထွက်ရှိသည့် နေရာလည်း နည်းလာသည်ဟု ပြောသည်။ ရှီးပတီး၏ အာနိတင်ကို လူသိများလာပြီး ဝယ်ယူသူများလာသည့်အတွက် ဈေးကောင်းရလာခြင်း ဖြစ်သည်ဟု ဒေသခံရှီးပတီးရောင်းသူက ဆက်ပြောသည်။
ရှီးပတီးသည် တစ်နှစ်နှင့် တစ်နှစ် အထွက်နှုန်းမတူကြောင်း၊ ထွက်သည့် နေရာတွင် ၄ နှစ်တစ်ကြိမ်သာ အထွက်နှုန်းကောင်းပြီး ပထမနှစ်တွင် အထွက်နှုန်း ကောင်းပါက ဒုတိယနှစ်တွင် လျော့နည်းသွားကာ တတိယနှစ်တွင် ၎င်းနေရာ၌ မထွက်တော့ဘဲ လေးနှစ်ပြည့်သည့်နှစ်ကျမှ ပြန်ထွက်လာကြောင်း ရှင်းပြသည်။
“ရှီးပတီးထွက်တဲ့ နေရာတွေ တော်တော်များများရှိတယ်။ ဒါပေမဲ့ ထွက်တဲ့ နှစ်မတူဘူး။ ဥပမာ ဆယ်နေရာရှိတယ် ဆိုပါစို့၊ ဒီနှစ် နှစ်နေရာထွက်ရင် နောက်နှစ် ၃ နေရာထွက်မယ်။ တခြားနှစ်မှာ ၅ နေရာ စသဖြင့် မတူညီတဲ့နေရာမှာ မတူညီတဲ့ နှစ်တွေနဲ့ လေးနှစ် သက်တမ်း အလိုက် ပေါက်တယ်”ဟု ရှီးပတီးရှာရောင်းသူ ဒေသခံက ပြောသည်။
၎င်းရှီးပတီးကို ပူတာအိုမြို့အထက်ပိုင်း နောင်မွန်မြို့နယ်၊ ပန်နန်းဒင်နှင့် အတုန်လောင်ဘက်က ဒေသခံအများစု ရှာဖွေကြပြီး မဒွယ်ဖုန်ရင် ရေခဲတောင်တွင် အဓိကထွက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံများအနေဖြင့် ရှီးပတီးကို ဆေးအဖြစ် ပျားရည်နှင့် ရိုးရာချက်အရက်တို့ဖြင့် စိမ်ပြီး ဆေးအဖြစ် ဖော်စပ် အသုံးပြုကြကာ မိသားစု စားဝတ်နေရေးအတွက် ရာသီပေါ် ဝင်ငွေရနိုင်သည့်အလုပ်လည်းဖြစ်ကြောင်း သိရသည်။
ရှီးပတီးကို မြန်မာနိုင်ငံအနှံ့တွင် ရောင်းဝယ်လာကြပြီး တရုတ်နိုင်ငံသို့လည်း ရောင်းဝယ်ကြကြောင်း သိရသည်။
ရှီးပတီးသည် ရှားပါးပြီး တစ်နှစ်တစ်ခါသာ ပေါ်သည့် ရေခဲတောင်များတွင်သာ ထွက်ရှိသည့် အကောင်ဖြစ်သည်။ ၎င်းကို မေလနှင့် ဇွန်လဆန်းအထိသာ အဓိကရှာဖွေကြရပြီး ခက်ခက်ခဲခဲရှာဖွေရကြောင်း ရှီးပတီး ရှာရောင်းသူ ပူတာအို ဒေသခံတစ်ဦးက ရှင်းပြသည်။
“ရှာရတဲ့ အချိန်အခက်အခဲက အရမ်းအေးတော့ လက်တွေထုံတယ်။ ရှီးပတီးက နုတ်ရခက်တယ်။ ရေခဲတူးပြီးမှပဲ ရှာရှာ၊ ရေခဲအရည်ပျော်တဲ့နေရာမှာပဲ ရှာရှာ ကြုံရတာက အအေးဒဏ် အံတုရတာပဲ။ ပင်ပန်းညောင်းညာတာတွေ ခက်ခက်ခဲခဲဘဲရှာရတော့ သီးသန့်ထုတ်ပြောစရာ အခက်အခဲက ဘယ်ဟာမှန်းမသိတော့ပါဘူး”ဟု ၎င်းကပြောသည်။
ပူတာအိုခရိုင်တွင် ရှီးပတီး၊ ပျားရည်၊ ကျင်စင်း၊ မခြစ်ဥ၊ ဖေးချီ၊ ခါ့မရ၊ ဆားချီ၊ ခန်းတောက်မြစ် စသည့် ရှားပါးသော သဘာဝဆေးဖက်ဝင် အပင်၊ သစ်ဥသစ်ဖုများ ထွက်ရှိသည်။