06/10/2021
ပုတီးစိပ်ခြင်းအကျိုး
ပုတီးစိပ်ခြင်းအကျိုးကို ဖေါ်ပြရမည်ဆိုလျှင် မည်သည်ကိုအာရုံပြု၍ ရွတ်ဆိုပုတီးစိပ်သည်ကို အခြေခံရမည်ဖြစ်၏။ဗုဒ္ဓမြတ်စွာဂုဏ်တော်ကို အာရုံပြု၍ပုတီးစိပ်လျှင် ဂုဏ်တော်ကိုပွားများရကျိုး ရရှိနိုင်မည်ဖြစ်၏။
တရားဂုဏ်တော်ကို အာရုံပြုရွတ်ဆို၍ ပုတီးစိပ်လျှင် တရားဂုဏ်တော်ပွားများ ရွတ်ဆိုရကျိုး၊သံဃာဂုဏ်တော် အာရုံပြုရွတ်ဆိုလျှင် သံဃာဂုဏ်တော် ပွားများရကျိုး စသည့်သက်ဆိုင်ရာ ဂုဏ်တော်များအလိုက်အကျိုးကျေးဇူးများ ရရှိခံစားရမည်ဖြစ်၏။
၃၂ ကောဋ္ဌာသကို အာရုံပြုရွတ်ဆို ပုတီးစိပ်လျှင် ၃၂ ကောဋ္ဌာသ ကာယဂတာသတိအကျိုး
သမထဝိပဿနာပုတီးစိပ်နည်းကို အာရုံပြုရွတ်ဆို ပုတီးစိပ်လျှင် သမထဝိပဿနာပွားများရကျိုး
အန္တရာယ်ကင်းဂါထာများကို အာရုံပြုရွတ်ဆိုပုတီးစိပ်လျှင် အန္တရာယ်ကင်းခြင်းစသည့် အကျိုးများကို ရရှိခံစားရမည်ဖြစ်၏။
ပုတီးစိပ်ခြင်းအကျိုးကို ဖေါ်ပြရလျှင် မဆုံးနိုင်သော မရေမတွက်နိုင်သော အကျိုးကျေးဇူးများရရှိနိုင်သည်။
ဝိပဿနာပုတီးစိပ်နည်းဖြင့် စိပ်လျှင်ကား စျာန် မဂ်ဖိုလ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပေ၏။
ဂုဏ်တော်ပုတီးစိပ်ခြင်းအကျိုးနှင့် စပ်လျဉ်း၍ စိတ်အခြေအနေလည်း အဆင့်ဆင့်တိုးတက်လာနိုင်၏။
မြတ်ဗုဒ္ဓ၏ဂုဏ်တော်ကို ပွားများလျှင် မည်သူမဆို…
(၁) ရတနာသုံးပါးအပေါ်သက်ဝင်ယုံကြည်မှု့ သဒ္ဓါလည်း ရှိသည်။
(၂) မိမိကိုယ်မိမိ ခွင့်မလွှတ်နိုင်လောက်အောင် နောင်တကြီးစွာ အမြဲဖြစ်နေလောက်သော ကိုယ်ကျင့်တရားပျက်စီးခဲ့မှု့လည်း မရှိ။ အခြေခံသီလ အထိုက်အလျှောက် လုံခြုံသည်။
(၃) ဂုဏ်တော်ပါဠိအနက်ကို အလွတ်ရပြီး အဓိပ္ပါယ်ကို လည်းသိရှိနားလည်သည်။
ဤအင်္ဂါသုံးရပ်နှင့်ပြည့်စုံလျှင် ထိုသူသည်ဂုဏ်တော်တစ်ပါးစီကို အာရုံစိုက်၍ စွဲစွဲမြဲမြဲပွားများအပ်ပေသည်။
ထိုသို့ပွားများခြင်းဖြင့် ထိုသူ၏စိတ်အစဉ်သည် ဖော်ပြပါအတိုင်းအဆင့်ဆင့်တိုးတက်လာ၏။
(၁) ရာဂစိတ်စသည်တို့ လုံးဝသန့်စင်နေခြင်း။
(၂) ထိုင်းမှိုင်းမှု၊စိတ်မငြိမ်သက်မှု၊ ယုံမှားသံသယဖြစ်မှု များကင်းခြင်း။
(၃) ဂုဏ်တော်နှင့်မိမိစိတ် အဆက်မပြတ်စေရန် ကြံစီသုံးသပ် မပြတ်ပြုနေခြင်း။
(၄) ဂုဏ်တော်၌ ကျေနပ်နှစ်သိမ့်မှု ပီတိဖြစ်ပေါ်လာခြင်း။
(၅) စိတ်ရောကိုယ်ပါ အေးငြိမ်းလာခြင်း။
(၆) အေးငြိမ်းမှုထက်သာလွန်သော ချမ်းသာသုခ ဖြစ်ပေါ်လာခြင်း။
(၇) နောက်ဆုံးတွင် သမာဓိ(စိတ်၏တည်ကြည်မှု့)သည် အထွက်အထိပ်သို့ရောက်ရှိလာခြင်း။
ဤနောက်ဆုံးစိတ် အခြေအနေရှိသူကို ဝိသုဒ္ဓိမဂ်တွင် ဥပစာရစျာန်စိတ်ကို ရသူဟု ဖွင့်ဆိုထား၏။
ဘုရားဂုဏ်တော်အား စွဲစွဲမြဲမြဲ ဆင်ခြင်ပွားများခြင်းဖြင့် ရရှိနိုင်သောအကျိုးတရားများမှာ…
(၁) မြတ်စွာဘုရားအပေါ် ကိုင်းညွှတ်သောစိတ် အမြဲရှိလာခြင်း။
(၂) ယုံကြည်မှု့ လေးနက်လာခြင်း။
(၃) သတိပို၍ ကောင်းလာခြင်း။
(၄) ပညာဉာဏ် ထက်မြက်လာခြင်း။
(၅) ကောင်းမှု့ တိုးပွားလာခြင်း။
(၆) စိတ်ညစ်မှု့ကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း။
(၇) ကြောက်ရွံ့ထိတ်လန့်ဖွယ် ကြုံရလျှင် မကြောက်မလန့် စိတ်တည်တံ့ခြင်း။
(၈) မတော်တဆ ဆင်းရဲဒုက္ခတွေ့ရလျှင် သည်းခံနိုင်ရည်ရှိခြင်း။
(၉) မြတ်စွာဘုရားနှင့်အတုူ နေရဘိသကဲ့သို့ စိတ်တွင်ထင်မှတ်လျက်ရှိခြင်း။
(၁၀) ဗုဒ္ဓနုဿတိဘာဝနာအစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတပါးတို့၏ပူဇော်မှု့ ချီးမြောက်မှု့ကို ကောင်းစွာခံယူနိုင်ခြင်း။
(၁၁) မိမိစိတ်သည် သမ္မာသမ္ဗောဓိဉာဏ်၌ ကိုင်းညွှတ်လာခြင်း။
(၁၂) မကောင်းမှု့ကို ကျူးလွန်ရန် ပက်ပင်းကြုံရသောအခါမျိုးတွင် မိမိကိုယ်ကို ကောင်းစွာစောင့်စည်းထိန်းသိမ်းနိုင်ခြင်း။
(၁၃) သေလျှင် အပါယ်လေးပါးမှကင်း၍ လူပြည်နတ်ပြည် ကောင်းမြတ်သောသုဂတိဘုံ သုဂတိဘဝသို့ ရရှိခြင်း။
(ဝိသုဒ္ဓိမဂ်)
ဘုရားရှင်၏ဂုဏ်တော် တရားတော်၏ဂုဏ် သံဃာတော်၏ဂုဏ်တော်များကို ယုံကြည်ကိုးစားကြည်ညိုသူများ ရရှိနိုင်သောကောင်းကျိုးချမ်းသာများသည် အနန္တပင်ဖြစ်ပေ၏။
ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ
PAN TAING Online Shop
09 88 334 3333