14/07/2025
ဒီနေ့ Facebook ပေါ်မှာတွေ့လိုက်ရတဲ့ စိတ်မချမ်းမြေ့ဖွယ်သတင်းတစ်ခုကနေ ဒီစာစုကိုရေးလိုက်ပါတယ်။
မျက်နှာပေါ်က ဝက်ခြံသေးသေးလေးတစ်လုံးကြောင့် အသက်ဆုံးရှုံးနိုင်တာကို မိတ်ဆွေသိပါသလား။
တစ်ခါတလေ မျက်နှာပေါ်က ဝက်ခြံတစ်လုံးက ဘာမှမဟုတ်တဲ့ သေးသေးလေးလို့ပဲထင်ရပေမဲ့ အဲ့၀က်ခြံလေးကိုပဲညှစ်မိတာကနေ အသက်ဆုံးရှုံးနိုင်တဲ့အဖြစ်အထိ ရောက်နိုင်ပါတယ်။
ဒီလိုအန္တရာယ်များတဲ့နေရာကို မျက်နှာရဲ့အန္တရာယ်တြိဂံ (Danger Triangle of the Face) လို့ ခေါ်ပါတယ်။
---
မျက်နှာရဲ့အန္တရာယ်တြိဂံဆိုတာဘာလဲ
အရိုးရှင်းဆုံးပြောရရင် ဘယ်ဘက်နှုတ်ခမ်းထိပ်ကနေ နှာခေါင်းပေါ်ကို မျဉ်းဖြောင့်တစ်ကြောင်း၊ ညာဘက်နှုတ်ခမ်းထိပ်ကနေ နှာခေါင်းပေါ်ကို မျဉ်းဖြောင့်တစ်ကြောင်းဆွဲပြီးရင် မျဉ်းတွေကိုဆက်လိုက်ပါ။ အဲ့လိုဆက်လိုက်ပြီးတော့ ပေါ်လာတဲ့တြိဂံက အန္တရာယ်တြိဂံပါပဲ။
ဒီနေရာက မျက်နှာအရေပြားအောက်က သွေးကြောတွေနဲ့ ဦးနှောက်ထဲမှာရှိတဲ့ cavernous sinus ဆိုတဲ့အရေးကြီးတဲ့သွေးကြောကွန်ယက်နဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။
---
ဟုတ်ပြီ။ အဲ့တော့ ဒီတြိဂံလေးက ဘာကြောင့်အန္တရာယ်ကြီးတာလဲ။ ဒီမှာပေါက်တဲ့ ၀က်ခြံကဘာတွေပိုထူးနေလို့လဲ။
ဒီနေရာတွေမှာ ဝက်ခြံဖြစ်လာပြီး အဲ့ဒီ၀က်ခြံကိုဖိညှစ်လိုက်တာနဲ့ အဲ့ပေါက်သွားတဲ့နေရာကပိုးတွေဟာ မျက်စိ၊ နားနဲ့ ဦးနှောက်ထဲကို သွေးကြောကနေ တက်သွားနိုင်ပါတယ်။
ဒီသွေးကြောတွေဟာ အတားအဆီးမရှိတဲ့သွေးကြောတွေဖြစ်လို့ ပိုးတွေဟာဦးနှောက်ထဲကို လွယ်လင့်တကူပဲ ၀င်သွားမှာပါ။
အဲ့ဒါကနေတဆင့် အသက်အန္တရာယ်ရှိတဲ့ ဦးနှောက်တ၀ိုက်မှာသွေးကြောပိတ်ခြင်း ဖြစ်လာနိုင်ပါတယ်။
မျက်နှာအလယ်ဗဟိုမှာ ဝက်ခြံညှစ်မိပြီးတဲ့နောက်မှာ အောက်ပါလက္ခဏာတွေ တစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှုလိုအပ်ပါတယ်။
✅ မျက်နှာထုံလာခြင်း
✅ မျက်စိ နားတ၀ိုက် နာကျင်ခြင်း
✅ မျက်စိကြည့်ရခက်ခြင်း၊ မျက်စိအလင်းမမြင်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း
✅ မူးဝေခြင်း၊ သတိလစ်ခြင်း
---
သတိထားဖို့လိုတဲ့ အရေးကြီးအချက်တွေကတော့
မျက်နှာအလယ်မှာရှိတဲ့ ဝက်ခြံကို လုံး၀ဖိမချေပါနဲ့။
သဘာဝအတိုင်း သူ့ဘာသာပျောက်သွားတာကိုပဲ စောင့်ပါ။
အနာဖြစ်လာမယ်ထင်ရင် ဆရာဝန်ကို ပြသပါ။
မိမိလက်သန့်ရှင်းမှုမရှိဘဲ၊ မလိုအပ်ဘဲ မျက်နှာအလယ်ကို မပွတ်သပ် မကိုင်တွယ်ပါနဲ့။
နူးညံ့တဲ့ ဝက်ခြံတစ်လုံးပဲဖြစ်ပေမဲ့ မျက်နှာအလယ်ဗဟိုမှာဆိုရင် အသက်အန္တရာယ်ရှိနိုင်ကြောင်းကို သတိချပ်ထားစေလိုရင်းနဲ့ ဒီစာစုကိုရေးလိုက်ပါတယ်။
ဒေါက်တာ ရေအေး (ဆေး ၁)
Image source: Wikipedia