23/02/2020
မျက်စိကျန်းမာရေးအတွက် လိုအပ်သည့် ဗီတာမင် A
Vitamin A ဟာ အမြင်အာရုံကောင်းမွန်ဖို့အတွက် မျက်ကြည်လွှာကို ကာကွယ်ခြင်းမှာ အားပေး ပါတယ်။ Vitamin A ချို့တဲ့လာတဲ့အခါ မျက်ကြည်လွှာခြောက်သွေ့ပြီး မျက်ဝန်းမှာ တိမ်စွဲခြင်းနဲ့ မျက်ကြည်လွှာမှာအနာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။ ဒါ့အပြင် Vitamin A ချို့တဲ့ခြင်းဟာ မြင်လွှာ(အမြင်ဆုံမှတ်) ပျက်စီးပြီး မျက်စိကွယ်ခြင်းကိုလည်း ဖြစ်ပေါ်စေ နိုင်ပါ တယ်။ ဒါ့အပြင် Vitamin A ဟာ ကိုယ်ခံစွမ်းအားမြင့်တက်ဖို့နဲ့ ရောဂါကူးစက်မှု ကိုကာကွယ်ဖို့အတွက် အရေးပါတယ်ဆိုတော့ Vitamin A ချို့တဲ့ကြောင်း သိနိုင်တဲ့ အချက်လေး တွေကို ဝေမျှပေးမယ်နော်။
၁။ အသားအရေခြောက်သွေ့ခြင်း
ဗီတာမင်အေဟာ အရေပြားဆဲလ်တွေဖန်တီးဖို့နဲ့ပြုပြင်ဖို့အတွက် အရေးပါတဲ့အတွက်ကြောင့် ဗီတာမင်အေ ချို့တဲ့လာရင် အသားအရေခြောက်သွေ့လာတတ်ပါတယ်။
၂။ မျက်ဝန်းခြောက်သွေ့ခြင်း
မျက်စိနဲ့ပက်သက်တဲ့ပြဿနာတော်တော်များများဟာ ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် ဖြစ်တာပါ။ မျက်ဝန်းခြောက်သွေ့ခြင်း (သို့မဟုတ်) မျက်ရည်မထွက်ခြင်းဟာ ဗီတာမင်အေ ချို့တဲ့နေခြင်းရဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်ပါပဲ။
၃။ ကြက်မျက်သင့်ရောဂါ (Night Blindness)
ဗီတာမင်အေ ချို့တဲ့မှုများလာတဲ့အခါ ကြက်မျက်သင့်ရောဂါ (Night Blindness) ဖြစ်ပွားတတ် ပါတယ်။
၎။ မြုံခြင်း နှင့် သန္ဓေသားမရနိုင်ခြင်း
ဗီတာမင်အေဟာ အမျိုးသား၊ အမျိုးသမီးများ သန္ဓေသားရနိုင်ဖို့အတွက် လိုအပ်တဲ့အပြင် ကလေးများကောင်းမွန်စွာဖွံ့ဖြိုးကြီးထွားဖို့အတွက်လည်း လိုအပ်ပါတယ်။
၅။ ကြီးထွားမှုနှောင့်နှေးခြင်း
ဗီတာမင်အေလုံလောက်စွာမရရှိတဲ့ ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်အေဟာ လူခန္ဓာကိုယ်ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ် တဲ့ဗီတာမင်ဓာတ်ဖြစ်နေလို့ပါပဲ။
၆။ လည်ချောင်းနှင့် အဆုတ်ဆိုင်ရာရောဂါပိုးများဝင်ရောက်ခြင်း
လည်ချောင်းနဲ့ အဆုတ်ဆိုင်ရာ ရောဂါပိုးများ မကြာခဏဝင်ရောက်ခြင်းဟာလည်း ဗီတာမင်အေ ချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။
၇။ အနာကျက်နှေးခြင်း
ဒဏ်ရာတစ်ခုခုရတဲ့အခါ ဒါမှမဟုတ် ခွဲစိတ်ထားတဲ့အခါ အနာကျက်နှေးခြင်းဟာလည်း ခန္ဓာကိုယ် အတွင်းမှာ ဗီတာမင်အေအချိုးအစားနိမ့်ကျနေတဲ့အတွက်ကြောင့်ပါပဲ။ ဗီတာမင်အေဟာ Collagen ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တဲ့အတွက် ကျန်းမာတဲ့အရေပြားကို ပိုင်ဆိုင်ဖို့ အထောက်အကူပြု ပါတယ်။
၈။ ဝက်ခြံထွက်ခြင်း
ဗီတာမင်ဟာ အရေပြားဖွံ့ဖြိုးဖို့ကို အားပေးနိုင်တဲ့အပြင် ရောင်ရမ်းခြင်းတွေကို လျော့ကျစေနိုင်တဲ့ အတွက် ဝက်ခြံထွက်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ ဗီတာမင်အေ အချိုးအစားနိမ့်ကျနေခြင်းဟာ ဝက်ခြံထွက်စေတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
ဒီအချက်တွေထဲက တစ်ခုခုဖြစ်လာခဲ့ရင်တော့ ဗီတာမင်အေ ချို့တဲ့နေတာ ဖြစ်နိုင်တာမို့ နီးစပ်ရာ ဆရာဝန်နဲ့အမြန်ဆုံးပြသကြည့်ဖို့ လိုမယ်နော်။ ကဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အပြင် မျက်စိကျန်းမာရေးအတွက်လည်း အရမ်း အရေးကြီးတဲ့ ဗီတာမင်အေကို မချို့တဲ့ရအောင် ဂရုစိုက်ရင်း မျက်စိကျန်းမာရေးကို ကိုယ်တိုင် စောင့်ရှောက်လိုက်ကြရအောင်လေ။
# crd. အမေရီကန် ဗွီးရှင်း