Eat4Read

Eat4Read Foods, Books and Printings

"ဂျင်ဂျာအေး သောက်ချင်တယ်"                        မိုးမိုး(အင်းလျား)ပူအိုက်ဆူညံပြီး ကွာစေ့ခွံတွေ၊ ဖရုံစေ့ခွံတွေ၊ အမှိုက်သ...
06/12/2022

"ဂျင်ဂျာအေး သောက်ချင်တယ်"
မိုးမိုး(အင်းလျား)

ပူအိုက်ဆူညံပြီး ကွာစေ့ခွံတွေ၊ ဖရုံစေ့ခွံတွေ၊ အမှိုက်သရိုက်တွေ ခြေချ မလွတ်သော ရုပ်ရှင်ရုံထဲမှ နှစ်ယောက်သား ထွက်ခဲ့ကြစဉ် မောင်က မြ လက်ကလေးကို ကိုင်ထားဆဲပင် ဖြစ်သည်။ ကလပ်စ်ပြီးချိန် အခန်းဝမှာ မောင့်ကို တွေ့ရတော့ မတိုင်ပင်ဘဲ နာရီကို ကြည့်မိကြသည်။ ရုပ်ရှင် မီသေးတယ်ဟု နှစ်ယောက် ပြိုင်တူပြောကာ မာလာဆောင် ဘတ်စ်ကားဂိတ်ဘက် အသော့နှင်ခဲ့ကြလေ၏။ မြို့ထဲထိ သွားရင် မီမှာ မဟုတ်ဘူးဆိုကာ နှစ်ဦးသဘောတူ မြေနီကုန်း ရုပ်ရှင်ရုံမှာဆင်းပြီး မြ အလွန် ကြည့်ချင်နေသော ဒေါက်တာဇီဗားဂိုး ရုပ်ရှင်ကို ဆန်းသီရိရုံမှာ မောင်က ဒုတိယအကြိမ် ထပ်ကြည့်သည်။ ဘာမဆို တစ်ယောက်အကြိုက် တစ်ယောက် လိုက်ဖို့ အဆင်သင့် နေတတ်သော ပျိုမျစ်နုနယ်သည့် ချစ်သူတွေရဲ့ ဘဝပေပဲ။

ရုပ်ရှင်ရုံထဲမှာ မြက တစ်ချိန်လုံး ကွာစေ့လှော်ကို ကိုက်နေပြီး မောင်က ဖရုံစေ့ကို ခွာနေသည်။ ဖရုံစေ့က စားကောင်းသော်လည်း မြက အသားမကျေအောင် မခွာတတ်။ အခွံရော အသားပါ အားလုံး လုံးထွေး ဝါးပစ်ပြီးမှ အခွံကို မှုတ်ထုတ်ပစ်ရတတ်သည်။ မောင်ကတော့ ကွာစေ့ကို သွားနှင့်ကိုက်ပြီး မခွာတတ်ဘူးတဲ့။ မြက ဒိုက်ဦးသူ ဆိုတော့ ကွာစေ့ကို ကောင်းကောင်း ခွာတတ်သည်။ အပေါ်သွား အောက်သွား သုံးပြီး အခွံကို မကျိုးမကြေစေဘဲ အတွင်းသားကို လျှာဖြင့် ထုတ်ယူတတ်သည်။ ပြီးတော့ ခွာပြီးသား အသားလေးတွေကို မောင့်လက်ထဲ ထည့်ပေးသည်။ မောင်က ဖရုံစေ့တွေ ခွာပြီး မြ လက်ထဲ ပြန်ထည့်ပေးသည်။ ထို့ကြောင့် မောင်က ကွာစေ့ကို စားရပြီး မြကလည်း ငန်ငြိ ချိုဆိမ့်သော ဖရုံစေ့ကို စားရလေသည်။

ရုပ်ရှင်တစ်ဝက်မှာတော့ ဘာမျှ မစားတော့ဘဲ လက် မအားရဘူးကွာ ဆိုကာ ဖရုံစေ့လက်ကျန်တွေကို လွှင့်ပစ်ပြီး မြ လက်ကိုသာ ဆုပ်ကိုင်တော့သည်။ မြက ရုပ်ရှင်ထဲမှာ နစ်မြောအရသာခံဆဲ မောင်က မြ ပခုံးကိုမှီကာ ဆံပင်စတွေကို ရွရွနမ်းလေသည်။

“ရေ သိပ်ငတ်တယ် မောင်ရယ်”

ရုပ်ရှင်ရုံ အပြင်ဘက် ရောက်ရောက်ချင်း မြက မောင့်လက်ကို ခေတ္တ ဖြတ်ချ ဖယ်ရှားကာ ပြောတော့“အအေး သွားသောက်မယ်လေ” ဟု မောင်က ပြောသည်။ ပြီးတော့ ကားလမ်းကူးရသည်ကို အကြောင်းပြကာ လမ်းဟိုဘက် ရောက်အောင် မြလက်ကို ဆွဲကူးလေသည်။ မြေနီကုန်း ဈေးထဲထိ လျှောက်သွားပြီး အအေးဆိုင် ရှာတော့ စားသောက်ခန်းထဲက လူတွေက မြတို့အတွဲကို အတွဲတစ်တွဲအဖြစ် ကြည့်ကြလေသည်။ မြက ရှက်သလိုလိုရှိသား။ သို့သော် တက္ကသိုလ် ကျောင်းသူကျောင်းသား အတွဲတွေက

မြေနီကုန်းဈေးကိုလည်း မကြာမကြာ လာတတ်ကြသည်ပဲ။ သည်တုန်းက ကန်တော်ကြီးတို့၊ တိရစ္ဆာန်ရုံတို့ သွားဖို့ စိတ်မကူးမိခဲ့ကြ။ အလွန်ရိုးသားစွာ လူမြင်သူမြင် လျှောက်လည်ပြီး ရုပ်ရှင်ကြည့်ရ၊ အစား စားရ၊ လက်ကလေး ကိုင်ရုံနှင့် ကျေနပ်နေတတ်ခဲ့သည်ပင်။

“မြ ဘာသောက်မလဲ”

အအေးဆိုင်မှာ ထိုင်စဉ် မောင်က မေးတော့ “ဖာလူဒါ သောက်မယ်” ဟု နောက်လိုက်သည်။ မောင်က တောသူမမို့ ဖာလူဒါကြိုက်တယ်ဟု စတတ်သဖြင့် တမင်ပြောခြင်း ဖြစ်ပြီး တကယ်တော့ ဖာလူဒါ မသောက်ချင်။ ရင်ထဲမှာ အေးမြလန်းဆန်း သွားစေမည့် အရည်အေးအေးလေး တစ်ခုကိုသာ တောင့်တနေမိ၏။

“တကယ်လား”

မောင်က မေးတော့ ခေါင်းခါပြပြီး …

“ဟင့်အင်း၊ အေးအေးလေးတစ်ခု သောက်ချင်တယ်၊ လိမ္မော်ရည် ဖြစ်ဖြစ်၊ ကရင်ဆိုဒါ ဖြစ်ဖြစ်”

“ကရင်ဆိုဒါက လူမမာစော် နံပါတယ် မြရယ်၊ လိမ္မော်သောက်”

“ဒါပေမယ့် မြက အမြှုပ်လေးတွေ ဆူထနေတာကို ကြိုက်လို့”

“ဒါဆို ဂျင်ဂျာအေး သောက်ပါလား”

“ဂျင်ဂျာအေး ဟုတ်လား၊ ဂျင်ဂျာဘီယာကို ပြောတာလားဟင်၊ ဂျင်ဂျာဘီယာ မြ ကြိုက်တယ်”

“ဂျင်ဂျာဘီယာ မဟုတ်ဘူး၊ ဂျင်ဂျာအေး၊ တောသူမ ဘာမှလည်း မသိဘူး၊ မြ သောက်ကြည့်၊ ကြိုက်သွား လိမ့်မယ်”

စားပွဲနားမှာ စိတ်ရှည်စွာ လာရပ်စောင့်နေသော စားပွဲထိုး ကောင်လေးကို မောင်က ဂျင်ဂျာအေး နှစ် ပုလင်းဟု မှာလိုက်သည်။ မကြာခင် ပိုက်တံကလေးတွေ တပ်ထားသော အမြှုပ်လေးတွေ ဆူဝေနေသည့် ဂျင်ဂျာအေးပုလင်းတွေ ရောက်လာပြီး မြက အငမ်းမရသောက်သည်။

“ဟား သိပ်ကောင်းတာပဲ၊ အဲဒီလိုဆူပြီး ရှတတ ဖြစ်နေတာလေးကို ကြိုက်တာ၊ လိမ္မော်ရည်လိုလည်း မစပ်ဘူးနော်”

“ဒါကြောင့် ပြောတာပေါ့၊ နောက် မသိရင် ဘာမဆို မောင့်ကို မေးနော်”

“ကောင်းပါပြီတဲ့ရှင်”

သေးငယ်သော အကြောင်းလေးကိုပင် အကြီးအကျယ် ရယ်မောကြပြီး မောင်က မြကို အဆောင်သို့ ပြန်လိုက်ပို့သည်။ မောင် သူ့အိမ်ရှိရာ မြို့ထဲ ပြန်သွားတော့ အဆောင်ပိတ်ချိန်လည်း ရောက်ပြီမို့ ရေချိုးပြီး သူငယ်ချင်းတွေ ယူထားပေးသော ထမင်းကို စားရသည်။ စားပြီး စာကျက်ချိန် ရောက်သော်လည်း နေ့လယ်က မောင်နှင့် ကြည့်ခဲ့ရသည့် ရုပ်ရှင်အကြောင်း သူငယ်ချင်းတွေကို ပြန်ပြောပြပြီး ညကျတော့ ဒိုင်ယာရီထဲမှာလည်း ရေးမှတ်ထားသည်။

မောင်နဲ့ ရုပ်ရှင်ကြည့်တယ်။
ဂျင်ဂျာအေး သောက်တယ်။

* * *

ဒေါက်တာဒေါ်ခင်ညွန့်၏ ဆေးခန်းမှ ထွက်လာတော့ တစ်ကိုယ်လုံး အိုက်စပ်ပူလောင်ပြီး ရေလည်း ငတ်နေသည်။ မောင်က ဆေးခန်း အပြင်ဘက်မှာ ဟိုသည် လျှောက်ရင်း စောင့်နေသည်။

“ရေငတ်လိုက်တာ မောင်ရယ်၊ လူနာတွေကလည်း များလိုက်တာနော်၊ စောင့်ရတာ ညောင်းနေတာပဲ၊ အိုက်လည်း သိပ်အိုက်တာပဲ”

မြက ရှေ့ကို ချွန်စုထွက်နေသော ဗိုက်ကို ပွတ်သပ်ပြီး ညည်းညည်းညူညူ ပြောကာ လက်ထဲမှ ဆေး မှတ်တမ်းတွေ၊ ပိုက်ဆံအိတ်တွေကို မောင့်လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ဘာမျှ ကိုင်ထားလိုစိတ် မရှိ။ အရည်အေးအေး တစ်ခွက်သာ သောက်လိုစိတ် ပြင်းပြနေသည်။

“ဒါဆို လာလေ၊ မြေနီကုန်းဈေးမှာ အအေး သွားသောက်မယ်”

ဟုတ်ပေသားပဲ။ ဆေးခန်းနှင့် မြေနီကုန်းဈေးက အနီးကလေး။ လမ်တစ်ဖက်ကို ဖြတ်ကူးတော့ ကားတွေ များပြားလွန်းသဖြင့် မောင့်လက်ကို လှမ်းချိတ်မိအောင် မနည်းလိုက်ကာ လျှောက်ရသည်။

“မြန်မြန်ကူးပါ မဗိုက်ရယ်၊ ကားတွေက သိပ်မြန်တာ”

လမ်းဟိုဘက် ရောက်တော့ မောင်က မြလက်ကို မသိမသာ ဖယ်ချပြီး နောက်ထပ် လမ်းမကြီးတစ်ခုကို ဖြတ်ကူးဖို့ ကားရှင်းအောင် စောင့်သည်။ မီးပွိုင့်မှာ ကားတွေရပ်မှ ‘လာ’ ဟု ဆိုကာ လက်မောင်းကို ဆွဲခေါ်သွားသဖြင့် တရွတ်ဆွဲ ပါသွားသည်။ မြေနီကုန်းဈေးထဲ ဝင်မိတော့ အဝင်စပ်က အအေးဆိုင် တစ်ဆိုင်မှာ မောင်က ထိုင်မည်ပြုစဉ်မှာပင် မြက ဟိုထဲအထိ သွားမည်ဟု ပြောမိသည်။ အတွင်းကျကျ အအေးဆိုင်လေးကို မြ မှတ်မိနေသည်။ မောင်ကတော့ ဘာမျှထူးခြားဟန် မပြဘဲ “မြ ဘာသောက်မလဲ” ဟု မေးပြီး ခုံတစ်ခုံဆွဲကာ မြကို အလျင်ထိုင်စေသည်။ ပြီးမှ အလွန်ပူအိုက်သည့် ဒဏ်ကို စိတ်မရှည်ဟန်ဖြင့် အင်္ကျီလည်ပင်းကို ဟကာ လေမှုတ်သွင်းနေသည်။

“ဂျင်ဂျာအေး ရှိလား”

မြက စားပွဲထိုးကောင်လေးကို လှမ်းမေးတော့ ကောင်လေးက ကြောင်ကြည့်နေပြီး-

“လိမ္မော်၊ ဇီး၊ သစ်ခွရည်၊ လီမွန်၊ ဘာလီ ရှိတယ် အစ်မ” ဟု ပြောသည်။
“ဂျင်ဂျာအေး မရှိဘူးလားဟယ်”
“မရှိဘူး အစ်မ”

သည်တစ်ခါ ကောင်လေးက သွက်လက်စွာဖြေသည်။

“ဂျင်ဂျာအေးက ရှားသွားပြီလေ မြရဲ့၊ လီမွန်ဘာလီ သောက်ပါလား၊ သူလည်း ဂျင်ဂျာအေးလိုပဲ သောက်လို့ ကောင်းပါတယ်”

ဪ … မောင် သတိရသားပဲဟု တွေးမိပြီး မြ ပြုံးမိသည်။

“လီမွန်ဘာလီပဲ ပေးပါ” ဟု ပြောပြီး အနည်းငယ် ကျေနပ်စွာဖြင့် မောင့်ကို လှမ်းကြည့်မိသည်။ မြတို့ တစ်ခါက ရုပ်ရှင်ကြည့်ပြီး ဒီဆိုင်လေးမှာ ဂျင်ဂျာအေး လာသောက်တာ မောင် မှတ်မိလားဟု ပြောချင် လှသော်လည်း ဒုတိယ ကလေးပင် မွေးတော့မည့် အိမ်ထောင်သက်ကို ချင့်တွက်ကာ ရင့်ကျက် ဟန်ဆောင်နေလိုက်ရသည်။

“လီမွန်ဘာလီ ကြိုက်ရဲ့လား”

မောင်က ဂရတစိုက် မေးပြန်တော့ အားရဝမ်းသာဖြင့် “ကောင်းတယ်၊ သူလည်း ဂျင်ဂျာအေးလိုပဲနော်၊ ဂျင်ဂျာအေးလောက်တော့ ရှတတ သိပ်မဖြစ်ဘူး” ဟု အလွန် မှတ်မှတ်သားသားရှိစွာ ဖွင့်ပြောရလေသည်။

ဆေးလက်မှတ်တွေ ကိုင်ပြီး နှစ်ယောက်သား ပြန်လာကြတော့ မြို့လယ် တိုက်ခန်းကျဉ်းလေးထဲမှာ ကလေး အကြီး တစ်ကောင်နှင့် အမေက စောင့်နေသည်။

ပူလောင်အိုက်စပ်ပြီး ဗိုက်နှင့် လူနှင့် ကျဉ်းကျပ်လှသဖြင့် တော်တော်နှင့် အိပ်မပျော်။ မောင့်ဘေးမှာ အိပ်ရင်း မြေနီကုန်းဈေးက အအေးဆိုင်လေးအကြောင်း မောင် ဘာကြောင့် အမှတ်တရ မပြောတာလဲဟု စဉ်းစားနေသည်။ အေးလေ … ဘဝမှာ ရပ်တည်နေနိုင်ဖို့ ရုန်းကန်နေရတာ အရာရာကို အသေးစိတ် ဘယ်မှတ်မိနိုင်ပါ့မလဲ။ မြကိုက အစွဲအလမ်းကြီးတာပါ။ သို့သော် မြ အစွဲအလမ်းကြီးတာ ဘယ်သူမျှ မသိ။ သူငယ်ချင်း အပေါင်းအသင်းများကြားမှာ ရယ်ရယ်မောမော ကျယ်ကျယ်လောင်လောင် နေတတ်ပြီး အိမ်မှုကိစ္စတွေကို အားတက်သရော လုပ်ကိုင်ကာ ရုံးနှင့် အိမ် ပြေးလွှားနေတတ်သော မိန်းမ တစ်ယောက်ကို စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်ရှိနေဖို့ အချိန်ရမည်ဟု မည်သူက ထင်မှာလဲ။ သို့သော် Married woman needs romance ဆိုသည့် စကားလေးကို သတိရနေသည်။ ဘာသာတော့ မပြန်တတ်ပေ။

ခွင့်ယူထားပြီး အိမ်မှာ နားနေခိုက်မို့ ရုံးဒိုင်ယာရီလေး အိမ်မှာ ရှိနေသည်။ ယခင်ကလို ခံစားမှုဒိုင်ယာရီလည်း မရေးတာ ကြာပြီပဲ။ ရုံးကိစ္စတွေ ရေးမှတ်ရသော ဒိုင်ယာရီထဲမှာ ဈေးဖိုးစာရင်းတွေ ရောထွေး ပါသွားတတ်သည်။ နောက်တစ်ကြိမ် ဆေးခန်းပြမည့်ရက်ကို ရေးမှတ်ရင်း အောက်နားစက စာလုံးသေးသေးဖြင့် တစ်ကြောင်းရေးမိသည်။

ဒေါ်ခင်ညွန့် ဆေးခန်းပြ။
နောက်တစ်ပတ် ချိန်း။
အပြန် မြေနီကုန်းဈေး ဝင်။
ဂျင်ဂျာအေး သောက်။

* * *

သားသမီး သုံးယောက် လူလားမြောက်စ အချိန်မှာတော့ ဒေါ်မြမြခင် တစ်ယောက်လည်း နားနားနေနေ နေနိုင်ပြီ။

“အမေ ကျန်းမာရေးမကောင်းဘူး၊ ပင်စင်ယူပါ” ဟု သားကြီးက ပြောသဖြင့် အိမ်မှာ နားနေခဲ့ရတာ တစ်နှစ်လောက် ရှိပြီပဲ။ မြမြခင် ယခင်က စကားများသလောက် ယခု စကားအလွန်နည်းသော မြမြခင် ဖြစ်နေသည်။ စကား နည်းသည်ထက် နည်းလာပြီး မပြောဘဲ နေသလောက် ရှိသည်မှာ ဘယ်နှနှစ်တောင် ရှိပြီလဲမသိ။ ကလေးတွေအဖေ အလုပ်အကြောင်းပြကာ နိုင်ငံခြားကို ထွက်ခွာသွားကတည်းက ဖြစ်မည်။ သားသမီးတွေက အဖေ နိုင်ငံခြားသွားတော့ ပျော်ကြသည်။ ပိ့ုပေးသည့် ပစ္စည်းတွေကို ကြည့်ပြီး ကြည်နူး ဝမ်းသာကြသည်။

အဖေက လုပ်ငန်း အဆင်ပြေသည်ဆိုကာ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်တိုးတိုးပြီး နေလိုက်သည်မှာ ပြန်လာမည့် အရိပ်အယောင်တောင် မမြင်ရတော့သလောက်ပါပဲ။ ဘာလိုလို သတင်းစကားတွေကြောင့် လိုက်လည်းမသွားချင်ဘဲ ပေတေတေနေရင်း သားသမီးတွေ၏ ပညာရေးမှာပဲ စိတ်ကို နှစ်မြုပ်ထား လိုက်တော့သည်။

မြမြခင် စကားနည်းသည်ထက် နည်းလာပြီး အလုပ်မှာ အာရုံစူးစိုက်မှုကြောင့် အရာရှိမကြီး ဖြစ်လာပေမယ့် ဘဝ၏ ပျော်ရွှင်မှုကို ရှာမရတော့။ ဟန်မပျက် ဆက်လက် ရှင်သန်နေရခြင်းတည်းဟူသော ဝဋ်ဒုက္ခကြားမှာ မလူးသာ မလွန့်သာ အေးချမ်းရာကို ရှာဖွေပြီး အရာရာ ပြည့်စုံနေသည့် ဘဝကိုပဲ အိုဇာတာ ကောင်းတယ် ဟု ဖြေသိမ့်ရသည်။

ကလေးတွေကတော့ အမေ့ရင်ထဲက သောကကို မမြင်။

“အဖေ ပြန်မလာလည်း သားတို့ရှိသားပဲ အမေရာ၊ အမေ့မှာ ဘာများလိုအပ်သလဲ၊ အားလုံး ပြည့်စုံတာပဲ” ဟု ရွှင်လန်းတက်ကြွနေသော သားက ဖြေသိမ့်သည်။ ပြည့်စုံခြင်းဆိုတာ ဘာလဲဟု မြမြခင် မေးချင်သည်။ အသက်အရွယ် ကြီးရင့်ခြင်းနှင့် ဘဝ၏ ဖူလုံပြည့်ဝခြင်းမှာ အချစ်ဆိုတာ မလိုတော့ဘူးလို့ ဆိုလိုတာလား။

အမေ၏ ညင်သာအေးချမ်းသော လှုပ်ရှားမှုများကို ကြည့်ပြီး သားသမီးတွေက အမေက စိတ်မာတယ်၊ မာနကြီးတယ်ဟု ဂုဏ်ယူဝင့်ကြွားကြသည်။ အမေ၏ မျက်ရည်တစ်စက်ကိုပင် သူတို့ မမြင်ဖူးချေတကား။ ညှိုးငယ်နွမ်းလျနေတာလည်း မတွေ့ဖူး။ တယ်လီဖုန်းတစ်လုံးနှင့် မိတ်ဟောင်းဆွေဟောင်းများနှင့် စကားပြောနေ ရသည့်အခါ အမေက တဟဲဟဲ တဟက်ဟက် ရယ်နေတတ်သည်။

ညတိုင်ကျလျှင် အဖေ ဝယ်ပေးသော တယ်လီဗေးရှင်းရှေ့မှာ ဒရင်းဘက်ပေါ် အခန့်သားထိုင်ပြီး ရွှေကိုင်း မျက်မှန်နှင့် အမေ ရုပ်ရှင်ကြည့်သည်။ အင်္ဂလိပ် ကားဟောင်းတွေ ပြန်ကြည့်ရတော့ “ကားဟောင်းတွေ ကြည့်ရတာ သိပ်ကောင်းတယ်၊ ဒေါက်တာဇီဗားဂိုး ပြန်ပြရင် ကောင်းမယ်” ဟု အမေက ပြောသည်။ သားသမီးတွေက ဘယ်လိုကားမျိုးလဲဟု မေးဖို့ သတိမရကြ။ သူတို့က လှုပ်ရှားတက်ကြွသော တီဗီဇာတ်လမ်းတွဲတွေကိုသာ စိတ်ဝင်စားသည်။

စနေနေ့ည အစီအစဉ်ကိုပဲ ကြိုက်ကြသည်။ ကိုတင်လှိုင် သီချင်းတွေ ပြန်နားထောင်ရတော့ အမေက“ကျောင်းနေစဉ် အင်းလျားဆောင်ကို သတိရတယ်” ဟု ပြောသည်။“အဖေ့ကိုကော သတိရလား” ဟု မည်သူမျှ မမေးကြ။

ညင်သာသိမ်မွေ့စွာ နေတတ်ပြီး တစ်ခါတစ်ရံ စီးကရက် သောက်နေတတ်သော၊ တစ်ခါတစ်ရံ အဖေ ပို့သောကားကို ကိုယ်တိုင် မောင်းပြီး ဗိုလ်ချုပ်ဈေး သွားတတ်သော၊ တစ်ခါတစ်ရံ အပေါင်းအသင်းများ ဖိတ်ကာ အိမ်မှာ ဝိုင်းဖွဲ့တတ်သော အမေ့ကို “အမေဟာ လောကမှာ စိတ်ချမ်းသာအောင် နေတတ်တယ်” ဟု သမီးလတ်က မှတ်ချက်ချသည်။

သားကြီးကတော့ အဖေ့ဆီလိုက်ဖို့ ဟန်ပြင်နေပြီး“ငါ နိုင်ငံခြားရောက်မှ မိန်းမယူမယ်” ဟု ပြောသည်ကို သမီးက မျက်စောင်းထိုးသည်။ ထိုအခါမျိုးမှာ နေရာက ဆတ်ခနဲ ထသွားတတ်သော အမေ့ကို ကြည့်ပြီး သမီးက အစ်ကိုဖြစ်သူကို တိုးတိုးတိတ်တိတ် ကြိမ်းမောင်းလေသည်။

မနေ့ကတော့ အမေ အထူးငြိမ်သက် တိတ်ဆိတ်နေပြီး ညနေစောင်းမှာ “မူးလိုက်တာ” ဟု ပြောသဖြင့် အမေ့ကို ဆရာဝန် ခေါ်ပြရသည်။

နောက်နေ့မှာ အမေ့ကို ဆေးရုံတင်ရလေသည်။

“သိပ်စိုးရိမ်စရာ မရှိပါဘူး၊ သွေးအားနည်းပြီး အသည်းလည်း ရောင်နေတယ်” ဆို၍ ဆေးရုံပေါ်မှာပဲ နားနားနေနေ နားလိုက်သည်။ သားသမီးများက ဆေးရုံကို အချိန်မရွေး ဝင်ထွက်နေတော့သည်။ သမီးကလည်း အိမ်အတွက် ဘာမျှစိတ်မပူဖို့ ပြောသည်။ သိတတ်သည့် သားသမီးများပါပဲလေ။ အဖေ့ဘက်က ဆွေမျိုးများကလည်း အမေ့ဆွေမျိုးလို ဖြစ်နေပြီး အရေးအကြောင်းရှိတော့ ဝိုင်းဝန်း ဖေးကူကြပါရဲ့။

မြမြခင် ဘဝမှာ ဘာမျှမလိုတော့ပါဘူး။ အားလုံး ပြည့်စုံသလောက်ပါပဲ။

“မေမေ ဘာစားချင်သလဲ” ဟု သားက တဖွဖွမေးပြီး သမီးက “မေမေ အရည်များများ သောက်ပေးဖို့ လိုတယ်တဲ့” ဟု ဆိုကာ ဘာလီရည်ပုလင်းတွေ၊ ဟောလစ်တွေ ဝယ်လာပေးသည်။ အထူးဆရာမက အပူတစ်မျိုး၊ အအေးတစ်လှည့် ဖျော်ကာ တိုက်သော်လည်း မြမြခင် ဗိုက်ထဲ အရည်သိပ်မရောက်။ လက်မောင်းသွေးကြောက သွင်းသော ဆေးရည်စက်တွေကြောင့်သာ ပြန်လည်လန်းဆန်းလာခဲ့ရသည်။

“အမေ့ရောဂါ ကြီးကြီးကျယ်ကျယ် မရှိပါဘူး အမေရာ၊ အသည်း နည်းနည်း ရောင်တာပါ၊ ခု ပျောက်နေပါပြီ၊ မကြာခင် ဆေးရုံက ဆင်းရမှာ” ဟု သားက ပြောပြီး“မနေ့ကပဲ အဖေက အိမ်အတွက် ဗီဒီယိုစက်တစ်လုံး ပို့လိုက်တာ သွားရွေးရတယ်၊ အမေကြည့်ချင်တဲ့ အင်္ဂလိပ်ကားဟောင်းတွေ ကြည့်လို့ရပြီ” ဟု ပြောလေသည်။မြမြခင် ယဲ့ယဲ့ပြုံးပြီး“ဟုတ်လား” ဟု ပထမဆုံး ရွှင်ရွှင်လန်းလန်း ပြန်ပြောသည်။

“ဒေါ်မြမြခင်တို့ကတော့ ကုသိုလ်ထူးပါတယ်နော်၊ သားသမီးတွေလည်း လိမ္မာ၊ ယောက်ျားကလည်း နိုင်ငံခြားက လိုသလောက် ပို့ပေးနေတာ၊ ကျွန်မတို့ဖြင့် တစ်နေ့တစ်နေ့ ပြေးလွှားနေရတာ အသက်တောင် မှန်မှန်မရှူနိုင်ဘူး” ဟု ကရင် ဆရာမလေးက ရယ်မောအားကျစွာ ပြောပြီး သူ့တာဝန်အရ အရည် အေးအေးတစ်ခွက် တိုက်ဖို့ပြင်သည်။

“မင်းတို့အမေကို အရည်များများ သောက်ခိုင်းစမ်းပါဦးကွာ” ဟု သား သမီးတွေဘက် လှည့်ပြောလေသည်။

“ဟုတ်သားပဲ အမေကလည်း၊ အမေ အအေးကြိုက်သား မဟုတ်လား၊ ဘာသောက်ချင်လည်း ပြောလေ၊ ဘာလီ မကြိုက်လည်း တခြားဟာ ဝယ်ပေးပါ့မယ် အမေရယ်”

ဟု သားကြီးက ဂရုစိုက်စွာ ပြောလေသည်။ ဒေါ်မြမြခင်က ပြုံးပြန်သည်။

တစ်သက်လုံး တပြုံးပြုံးနှင့် အသည်းမာစွာ နေနိုင်ခဲ့တဲ့ မြမြခင်ပဲ။ ရုပ်ရှင်ရုံထဲမှာ ဖရုံစေ့နှင့် ကွာစေ့လှော် လဲစားခဲ့သော မောင့်ကို မှတ်မှတ်ရရ သတိရလာပြီး “မြ ဘာကြိုက်သလဲဆိုတာ သားက မေးနေတယ်” ဟု အဝေးရောက် ခင်ပွန်းကို စိတ်ထဲက တမ်းတနေမိ၏။

မြကို အစွဲအလမ်းကြီးသည်ဟု မောင်ကိုယ်တိုင်လည်း သိလိမ့်မည် မဟုတ်ပါ။ မြကလည်း မသိအောင် နေတတ်ခဲ့သည်ပဲ။ “မောင် မရှိလည်း မြ နေလို့ဖြစ်တယ် မဟုတ်လား၊ မြက အစစအရာရာ စီမံ ခန့်ခွဲတတ်သူပဲ” ဟု ပြောစဉ်က နိုင်ငံခြားကို လိုက်ဖို့ ငြင်းဆန်ခဲ့၍ စကားနာထိုးသော စကားလားဆိုတာ မတွေးမိခဲ့။ သားသမီးတွေကို ဆွေမျိုးတွေနှင့် ထားရမှာ စိတ်မချနိုင်သည် တစ်ကြောင်း၊ မိမိအလုပ်မှာ တွယ်တာသံယောဇဉ် ကြီးမိတာလည်း တစ်ကြောင်း ဖြစ်သည်။

သည်ကနေ့တော့ နှစ်အတန်ကြာ ရင်မှာ အောင့်အည်းထားရသော အလိုဆန္ဒကို ထုတ်ဖော်ပြမည်ဟု ဆုံးဖြတ်ကာ သားဘက် လှည့်ကာ တိုးတိုးပြောပြသည်။ သားမျက်နှာကလည်း သူ့အဖေနှင့် တူလိုက်တာ။

“ဂျင်ဂျာအေး သောက်ချင်တယ်”

သားက ဖျတ်ခနဲ ကြည့်သည်။ ဆရာမက ကြည့်သည်။ သမီးက မျက်လုံးဝိုင်းနေသည်။

“ဂျင်ဂျာအေး ဟုတ်လား၊ ဘယ်လိုဟာမျိုးလဲ”

“သောက်လိုက်ရင် ရှတတလေး နေတယ်”

“ဂျင်ဂျာအေးက အခုမရှိတော့ဘူး ဒေါ်မြမြခင်ရဲ့၊ စပတ်ကလင်ပဲ ခေတ်စားနေတာ”

ဆရာမက ဝင်ရှင်းပြသည်။ မြမြခင် သိသားပဲလေ။ ဒါပေမဲ့ ဘာသောက်ချင်သလဲဆိုလို့ သောက်ချင်တာ ပြောပြကြည့်ခြင်းသာပါပဲ။

“ဟုတ်သားပဲ အမေကလည်း သားဖြင့် ကြားတောင် မကြားဖူးဘူး၊ စပတ်ကလင်ကလည်း အမေပြောသလို ရှတတလေးပါပဲ၊ စပတ်ကလင် သောက်ပါလား၊ သားဝယ်ခဲ့ပေးမယ်၊ အအေးစိမ်ပြီးမှ ယူခဲ့မယ်”

မြမြခင် ယဲ့ယဲ့ပြုံးပြန်သည်။

“နေပါစေ သားရယ်၊ ယူမလာပါနဲ့တော့၊ အမေက ဂျင်ဂျာအေးပဲ သောက်ချင်တာ”

သားက နားမလည်စွာ ကြည့်နေလေသည်။

မြမြခင် ဆေးရုံက ဆင်းလို့ အိမ်ပြန်ရောက်ရင်တော့ ဒိုင်ယာရီဟောင်းလေးမှာ စာတစ်ကြောင်း ရေးရဦးမည်။

“ဂျင်ဂျာအေး သောက်ချင်တယ်” လို့။

မိုးမိုး (အင်းလျား)
ရှုမဝ၊ မတ်၊ ၁၉၈၇။

Credit - မြန်‌မာဝတ္ထုတိုများ

#မိုးမိုးအင်‌းလျား #‌စာ‌ပေပန်‌းခင်‌းဝတ္ထုတို

ဘ၀များ - သုခမိန်လှိုင်စာမဖတ်နိုင်ဘူးသီချင်းမဖွင့်နိုင်ဘူးအိမ်မှာမနေနိုင်ဘူးမနက်အစောကြီးအမှိုက် အမှိုက်စံပယ်ပန်းတွေ စံပယ်...
05/10/2022

ဘ၀များ - သုခမိန်လှိုင်

စာမဖတ်နိုင်ဘူး
သီချင်းမဖွင့်နိုင်ဘူး
အိမ်မှာမနေနိုင်ဘူး
မနက်အစောကြီး
အမှိုက် အမှိုက်
စံပယ်ပန်းတွေ စံပယ်ပန်းတွေ
သူတို့တတွေလည်း
အေးပါစေ..
မွှေးပါစေ..

#သုခမိန်လှိုင်

၂၁.၉.၂၀၂၀

ဘာတစ်ခုမှ အဆင်မပြေတာကိုရော၊ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊တစိမ့်စိမ်...
07/06/2022

ဘာတစ်ခုမှ အဆင်မပြေတာကိုရော၊
ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊
ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊
တစိမ့်စိမ့် တမြေ့မြေ့နာကျင်ပြီး ဆာလောင်နေရတာကိုရော၊
ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော၊
အမုန်းခံလိုက်ရတာကိုရော၊
အစစစုပေါင်းဖြစ်တည်ပျက်ယွင်းနေတဲ့
ဒီ ဘဝတိုတိုဆိုတာလေးကို
အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်။

#မောင်ချောနွယ်
#၁၉၈၅

ရွှေမျိုးမှတ်တမ်းတဲ့ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ 🤫
27/05/2022

ရွှေမျိုးမှတ်တမ်းတဲ့
တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ 🤫

" နင့်သောက်မျိုးတွေကိုယူပေးမိလို့ အဲ့လိုဖြစ်ရ
တာ ၊ ပေးနိုင်တာမဟုတ်ဘဲ လာဒုက္ခပေးတဲ့
သေနာကျ မိသားစု "

ရင်ထဲမှာ မီးစနဲ့အထိုးခံရသလိုပဲ။မျက်ရည်တွေ
က အလိုလိုဝဲတက်လာမိတာ။မမက ကျနော့်
လက်ကိုဆွဲပြီး နောက်ကြောင်းကို ပြန်လှည့်
တယ်။

မမ လက်တွေ တဆတ်ဆတ်တုန်နေတာ ကျနော်သတိထားမိတယ်။မမလို့ ကျနော် ငိုသံကြီးနဲ့ခေါ်တော့ မမဆီက ဘာသံမှမကြားရဘူး။

ညဘက်ဆို အစ်ကိုဝမ်းကွဲတွေအိမ်ကို တီဗွီသွားကြည့်နေကျ။ကျနော်တို့အိမ်မှာက တီဗွီမပြောနဲ့ ကတ်ဆက်တောင်ကောင်းကောင်းရှိတာမဟုတ်ဘူး။မောင်နှမနှစ်ယောက် တီဗွီမကြည့်တော့ဘဲ သူတို့အိမ်ရှေ့ကနေပြန်လှည့်လာပြီး အိမ်နားရောက်တော့ မျက်ရည်တွေသုတ်ပစ်ပြီးမှ အိမ်ထဲ ဝင်ခဲ့တယ်။အမေ့ကိုပြောပြရင် အမေဝမ်းနည်းမယ် မပြောကြေးနော်လို့ ကတိပါပြုကြသေးတယ်။

သဘက်ခါဆို အစိုးရစက်ဘီးလေးထုတ်တဲ့ငွေ အရစ်ကျ သွင်းရမယ့်နေ့။အိမ်မှာကအစိုးရဝန်ထမ်းမရှိတော့ အစ်ကိုဝမ်းကွဲနာမည်နဲ့ ထုတ်ယူပေးဖို့ အဖေကတောင်းဆိုခဲ့တာ။စက်ဘီးတွေခေတ်စားလို့တောင် ခေတ်ကုန်တော့မယ့်ကာလမှာ ကျနော်တို့မှာ စက်ဘီလေးအပိုင်တောင်မရှိဘူး။အဲ့ဒီတုန်းကလည်း အမျိုးတွေက ထုတ်မပေးဖို့ အစ်ကိုဝမ်းကွဲကို တားကြတယ်တဲ့။ကျနော်တို့အခြေနေနဲ့ လတိုင်းပေးနိုင်မှာ မဟုတ်ဘူးပေါ့လေ။

တစ်ချက်ချက်မြည်နေတဲ့ နာရီအစုတ်အဝိုင်းလေးကိုကြည့်မိတော့ ညဆယ့်နှစ်နာရီထိုးပြီ။ဖယောင်းတိုင်ကိုထွန်းပြီး အမေကတော့စျေးထဲက အဝတ်တွေကို လက်ချုပ်လိုက်တုန်းပဲ။"မမ" လို့ ဘေးက အိပ်နေတဲ့ မမ ကို တိုးတိုးခေါ်ကြည့်တော့။ငါမအိပ်သေးဘူးလို့ဖြေတယ်။

နောက်နေ့ကျ ကျနော်နဲ့မမ ကျောင်းမှာမုန့်ဝယ်မစားဘဲ စုထားတဲ့ မုန့်ဖိုးလေးတွေရေကြည့်တော့ ရှစ်ရာပဲရှိတယ်။သုံးလလောက်စုထားတာတောင် ဒီလောက်ပဲရတယ်နော်လို့ ဝမ်းနည်းသံနဲ့ပြောတော့ မမက " အေးဟာ " ဆိုပြီး ခေါင်းငုံ့သွားတယ်။

ကျနော်နဲ့မမ ခေါင်းရင်းအခင်းက‌‌နေ အဖေခူးပေးလိုက်တဲ့ ခရမ်းသီးတွဲလေးကိုဆွဲပြီး စက်ဘီးလေးနဲ့ ဦးလေးတွေနေတဲ့လမ်းထဲကို လာပို့ကြတော့ ညနေတောင်စောင်းလုပြီ။သူတို့အိမ်ရှေ့ရောက်လို့ စက်ဘီးလေးရပ်တော့ ဦးလေးမိန်းမက အိမ်ပေါက်ဝကနေ လှမ်းပြောတယ်။

" နင့်အမေ စျေးရောင်းကပြန်မလာသေးဘူးလား ၊ မောင်ဝင်းကို ပေးရမယ့်စက်ဘီးဖိုးရော သွင်းပြီးကြပြီလား ၊ နင့်တို့အမေ အဖေတွေက ဆန်မရှိ သောက်စားကြီးတွေလုပ်နေကြတာ ၊ ခုစက်ဘီးရတော့ရော နင်တို့ ဘာတိုးတက်တုန်း "

မမက ခရမ်းသီးတွဲလေးဆွဲပြီး " အဖေပို့ခိုင်းလိုက်တာ ကြီးကြီး " လို့ပြောပြီးပေးတော့ ခရမ်းသီးယူပြီး အိမ်ထဲတန်းဝင်သွားတယ်။

မမက အိမ်ရှေ့မှာဆော့နေတဲ့ တူမဝမ်းကွဲလေးပါးကို ဖွဖွလေးနမ်းပြီး ပြန်မယ်မောင်လေးဆိုပြီး ပြန်ဖို့လုပ်ကြတယ်။စက်ဘီးကိုတွန်းထွက်တော့ နောက်ကနေ ဦးလေးအသံခပ်သဲ့သဲ့ကြားလိုက်မိသေးတယ်။

" လက်မှာဖုန်တွေပေနေရင် ကလေးကိုမနမ်းနဲ့နော် "

ကျနော်တို့အိမ်ပြန်ရောက်တော့ မိုးချုပ်ပြီ။အမေစျေးရောင်းက ပြန်မလာသေးဘူး။အဖေ့ကို ပြောပြီး မမနဲ့ကျနော် သံဓာတ်မီးလေးယူပြီး လမ်းထိပ်အစွန်ထိ အမေ့ကိုသွားကြိုကြတယ်။လဆန်းရက်ဆိုတော့ လရောင်လေးက နည်းနည်းဖြာစပြုနေပြီ။

လယ်ကန်သင်းတွေဘက်ကို လမ်းထိပ်ကုန်းကမူက တက်ကြည့်တော့ ခံတောင်းလေးတစ်လုံးရွက်ပြီး လူတစ်ယောက်လျှောက်လာတာ လှမ်းမြင်ရတယ်။" အမေလား " လို့ မမက လှမ်းအော်မေးတော့။

" အေး သမီးတို့လာကြိုကြတာလား " ဆိုပြီး ခပ်ဝေးဝေးက ပြန်အော်မေးတယ်။ကျနော်က ဓာတ်မီးအလင်းကြောင်းကို ဓားလိုလုပ်ပြီး ဆော့လိုက်လို့။

အမေပြန်ရောက်မှ ချက်ပြုတ်ပြီး ကျနော်တို့ ထမင်းစားကြတော့ ညရှစ်နာရီလောက်ရှိပြီ။အမေလယ်ထဲက ခူးလာတဲ့ ကန်စွန်းနဲ့ကနဖော့ကို ရေနွေးဖျောပြီး ငပိရည်နဲ့စားရတာ ဗိုက်ကိုကားရောပဲ။အငယ်ကောင်လေးက ညနေထဲက ရှိတာနဲ့စားနှင့်ပြီးပြီ။ကျနော်တို့ ထမင်းဝတော့ အငယ်ကောင်က အစ်ကိုဝမ်းကွဲအိမ်ကနေ တီဗွီကြည့်ပြီး ပြန်လာပြီ။

လက်ထဲက မြေပဲပြုတ်ထုပ်ကိုပြပြီး ငယ်ငယ်ပေးလိုက်တာလို့ပြောတယ်။ငယ်ငယ်ဆိုတာ အစ်ကိုဝမ်းကွဲမိန်းမ။အသက်လေးဆယ်နားနီးပြီ။

မမက အငယ်ကောင်လက်ထဲက မြေပဲပြုတ်တစ်ခုကို ယူစားကြည့်တော့ သိုးနံ့ကတော်တော်ပြင်းတယ်။အမေ့ကိုပြတော့ အမေက " မကောင်းလွှင့်လိုက်ပေါ့ သမီးရယ်" ဆိုပြီး လေးလေးပင်ပင်ပြန်ပြောတယ်။

" ကလေးကို အသိုးတွေတော့ မပေးလိုက်သင့်ပါဘူး အမေရယ်၊ သမီးတို့က သူတို့မကုန်တဲ့ အသိုးနဲ့ပဲတန်တာလား "

မမက မိန်းကလေးပီပီ ဝမ်းနည်းပြီး ငိုသံနဲ့ပြောတော့ အဖေက လှမ်းဆူတယ်။ပုံကြီးမချဲ့နဲ့တဲ့။ကျနော်က မြေမဲပြုတ်ထုပ်ကိုယူပြီး အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်တော့ အငယ်ကောင်လေးက မစားရတော့လို့ငိုတယ်။အိမ်ထဲမှာ ခပ်ဆူဆူဖြစ်သွားတော့ အမေက ပြန်ချော့ပြီး နေလှန်ထားတဲ့ ထမင်းခြောက်ကို အိုးလေးထဲထည့်လှော်ပေးတယ်။

ညနက်တော့ အမေက ပဲပင်ပေါက်တို့ ၊ ငရုတ်သီးစိမ်းတို့ မနက်ရောင်းဖို့ ချိန်ခွင်နဲ့ချိန်ပြီး အထုပ်ထုပ်တယ်။ပြီးမှ ဖျာအောက်က ပိုက်ဆံလေးတွေထုတ်ပြီး ပါးစပ်ကတဖွဖွရေနေတာ။ကျနော်နဲ့မမ အိပ်ရာထဲက ထပြီး အမေ့ကို ပိုက်ဆံရှစ်ရာပေးတော့ အမေ့မျက်ဝန်းမှာ အရည်တွေလဲ့လို့။မယူဘူးလို့လည်း မပြောဘူး။

" ပိုးကောင်တွေကလည်း ညဘက်မျက်စိတွေထဲ ဝင်တယ် " ဆိုပြီး အမေက ပွတ်သပ်ပစ်လိုက်တယ်။ကျနော်တို့စုထားတဲ့ ပိုက်ဆံလေးပါပေါင်းတော့ ၈၃၀၀ ရတယ်။တစ်လသွင်းပေးရမယ့်ငွေက ရှစ်ထောင့်ငါးရာ။

အဖေက ဘုရားစင်အောက်က ကထိန်အလှူသွားတုန်းက ပေါက်ပေါက်ကျဲတာရတဲ့ ပိုက်ဆံ နှစ်ရာတန်အသစ်လေးထုတ်ပေးတယ်။မကြာလိုက်ဘူး အိမ်ရှေ့က အသံခပ်သဲ့သဲ့ကြားရတယ်။

" ပိုက်ဆံမပေးနိုင်ရင် စက်ဘီးပဲ ပြန်ချယူရမယ် ကြားလား ရှင့်သောက်မျိုးတွေ ရှင်ပြော "

" အရီးလေး အရီးလေးရေ "

မကြာဘူး အစ်ကို့အသံကိုကြားရတယ်။အမေက ဓာတ်မီးလေးဆွဲပြီး အိမ်ရှေ့သွားပေးတယ်။အထဲဝင်အုံးလေလို့ ပြောသံတွေရော၊နောက်လဘယ်နေ့တွေရော ခပ်ကျယ်ကျယ်ကြားရတယ်။ဝင်တော့ လိုက်မလာကြဘူး။

အိမ်ထောင့်ကိုကြည့်တော့ အစိုးရထုတ်စက်ဘီးကလေးက ငြိမ်သက်လို့။စက်ဘီးမလိုချင်တော့ဘူး အမေရယ်လို့ပြောပြီး ပြန်ပေးချင်လိုက်တာ။ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ ငိုချင်သလိုပဲ။မမကလည်း စက်ဘီးလေးကိုငေးကြည့်လို့။

အဲ့ဒီညကလည်း ကလေးအတွေးတွေ လျှောက်တွေးလိုက်လို့။

အမေလက်ချုပ်လိုက်နေတဲ့ ဖယောင်းတိုင်ထွန်းထားတဲ့ မီးရောင်လေးဘေးမှာ အဖေနဲ့အမေပြောနေတာ ခပ်သဲ့သဲ့လေးကြားရတယ်။

" ဆွေမျိုးဆိုတာ ရွှေရှိမှအမျိုးတော်တာ ရွှေရှိမှလူရာသွင်းကြတာပါတော် "

" ဆွေမျိုးဆိုတာ မရှိခိုးနိုး မလှစုန်းမျိုးလိုဆက်ဆံကြတာပါတော် " တဲ့။

အဖေ့ဆီကတော့ အဲ့ဒါတွေ တွေးမနေနဲ့လို့ ပြောသံကြားလိုက်ရတယ်။

ခုတော့ အဲ့ဒီအချိန်တွေလည်း ၁၅ နှစ်ကျော်ခဲ့ပါပြီ။

မနေ့က ပန်းပင်တွေရေဖျန်းနေရင်း ဦးလေးမိန်းမဆီက ဖုန်းလာတယ်။ကားအသစ်လဲလိုက်တာ အဆင်ပြေလား၊သိန်းလေးရာတောင်ဆို၊ငရံ့ခြောက်တွေပို့ပေးဖို့ လှမ်းထားကြောင်း၊နွေရာသီကျရင် အိမ်တက်အလှူလေး အမီလာကြစေချင်ကြောင်းတဲ့။

ဟိုဘက်က ဖုန်းချသွားတော့ အမေက ခပ်ပြုံးပြုံးလေးပဲပြောတယ်။

" ဘယ်သူနဲ့မှ ရေစက်မဆုံချင်တော့ပါဘူးကွယ် " တဲ့။

ကျနော်တို့လည်း သူစိမ်းတွေအလယ်မှာပဲ
ပျော်ပါတယ် အမေ။

#ရွှေမျိုးမှတ်တမ်း
#လင်းရောင်စင်

Photo-crd.bigstock.com

ကံဆိုးတာပဲ မင်းဝေစုသစ်သီးခမျာပုပ်နေရှာ ပေးသာပေးပါအဲ့ဒိအထဲ မျိုးစေ့တော့ ရှိ ဦး မှာမလွဲ.. By .. မင်းကိုနိုင် Photo
25/05/2022

ကံဆိုးတာပဲ
မင်းဝေစုသစ်သီးခမျာ
ပုပ်နေရှာ
ပေးသာပေးပါ
အဲ့ဒိအထဲ
မျိုးစေ့တော့ ရှိ ဦး မှာမလွဲ..
By .. မင်းကိုနိုင်
Photo

တမ်းတရစ်သည်____________အိမ်အပြန် ခက်အောင်ပေါ့အလွမ်း လက်ဆောင်စေအတူဆုံမယ် သည်စိတ်ကူးကြည်နူး စရာလေမှာခဲ့တဲ့ ရက်တွေအိပ်မက်ရှ...
24/05/2022

တမ်းတရစ်သည်
____________

အိမ်အပြန် ခက်အောင်ပေါ့
အလွမ်း လက်ဆောင်စေ

အတူဆုံမယ် သည်စိတ်ကူး
ကြည်နူး စရာလေ

မှာခဲ့တဲ့ ရက်တွေ
အိပ်မက်ရှည် တိမ်လိုလွင့်

အလွမ်းရင့် ရာသီတဲ့
ပန်းပွင့်တွေ မြေမှာ ကြွေပြီပေါ့
တစ်နေရာစီ လေအသင့်မှာ
ဟိုတပွင့် သည်တပွင့်၊၊ ၊၊

သန့်ဇော် Orion

မိချမ်းဝေမစာဂဝတီပါ ဘုရား (သီလရှင်ဝတ္ထုတိုများ)တန်ဖိုး- ၃၀၀၀ ကျပ်မြန်မာပြည်တွင် သီလရှင်သာသနာထွန်းကားလျက် ရှိသည့်အနက် မော်...
26/04/2022

မိချမ်းဝေ
မစာဂဝတီပါ ဘုရား (သီလရှင်ဝတ္ထုတိုများ)
တန်ဖိုး- ၃၀၀၀ ကျပ်
မြန်မာပြည်တွင် သီလရှင်သာသနာထွန်းကားလျက် ရှိသည့်အနက် မော်လမြိုင်မြို့သည် သီလရှင် ဆရာလေးများ၏ သာသနာပြုလုပ်ငန်းအပေါ် အလွန်အားပေးသော မြို့ဖြစ်သည်။ အစိုးရစာမေးပွဲအပြင် အသင်းအပင်းစာမေးပွဲများလည်း ထွန်းကားစည်ပင်ရာမြို့ ဖြစ်သည်။ စာသင်တိုက်မှ ဆရာကြီး၊ ဆရာလေးများ မြို့ဖိတ်တောဖိတ် ဆန်ခံကြွလျှင် အလွန်ကြည်ညိုဖွယ်ကောင်းသည်။ မြို့သူမြို့သားများသည် သူတို့၏ သဒ္ဓါတရား များကို ဆရာလေးတို့၏လက်မှ ဆန်ကာခုံးငယ်လေးထဲသို့ မပြတ်သွန်ကျလာတတ်သည်။ နီပေါလ်နိုင်ငံမှ ပညာသင်ရောက်ရှိလာသော တစ်မြို့လုံးက မနီပေါလ်ဟု ချစ်စနိုးခေါ်ဆိုသည့် ဆရာလေး မသုဓမ္မဝတီ စာပေ ပရိယတ် လာရောက်ဆည်းပူး နေထိုင်ခဲ့ခြင်းကလည်း မြို့ကို ဂုဏ်တက်စေသော အကြောင်းတစ်ရပ် ဖြစ်ခဲ့သည်။ ဆရာလေး မသုဓမ္မဝတီပြီးနောက် အခြားနီပေါလ်ဆရာလေး သုံးပါးခန့်လည်း လာရောက်ပညာသင်ကြသေး၏။ စာသင်တိုက်သို့ ရောက်ရှိလာသော ဆရာလေးများသည် ကျင်လည်ရာ ဘဝအသီးသီးမှ ရောက်ရှိလာရသည်ဖြစ်ရာ နောက်ခံပန်းချီကားတစ်ချပ်စီကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ သဒ္ဓါကြောင့် ရောက်လာသူ၊ ဘယာကြောင့် ရောက်လာသူ၊ ဘာကြောင့် ရောက်လာလာ စာသင်တိုက်ကြီးက လက်ကမ်းကြိုဆိုခဲ့သည်။ စာသင်တိုက်သို့ ရောက်ရှိလာသော လူမမယ်ကလေးငယ်တို့၏ အတွေ့အကြုံ၊ ခံစားချက်၊ အိုးစားခေါင်းဆောင်များနှင့် အစုအဖွဲ့ဝင် များရဲ့ ချစ်ခြင်းသဒ္ဓါ၊ ဆင့်ကမ်းမျှဝေစောင့်ရှောက်မှုများ၊ ဘဝအဖုံဖုံမှ ဒုက္ခအစုံစုံဖြင့် ရောက်လာသူများကို ကြိုဆိုလိုက်သော နွေးထွေးမှု၊ တဒင်္ဂဖြစ်စေ၊ ထာဝရဖြစ်စေ၊ ခိုနားသည့်အခိုက် အေးရိပ်သာယာဖြစ်စေသော သီလရှင်စာသင်တိုက်ကြီးများ မြန်မာပြည်တစ်နံတစ်လျားမှာ အများအပြား ရှိနေပေသည်။ ယခုဝတ္ထုတိုပေါင်းချုပ် တွင် သီလရှင်လောကမှ စာသင်တိုက်အတွေ့အကြုံလေးများကို ဆရာမ မိချမ်းဝေက စုံလင်စွာ ဖော်ပြထားပုံကို ဖတ်ရှုရမည် ဖြစ်ပေသည်။
မှာမှာယူနိုင်ပါပြီ။

လက်​တွေ့ဘဝထဲမှာ အများနည်းတူ ပင်ပန်းပါတယ်ရုန်းကန်ရပါတယ်အသက်ဝ​အောင် မနည်းရှူရပါတယ် နှလုံးသားနဲ့ ကိုယ်ရည်ကိုယ်​သွေးနဲ့ပုခုံ...
23/04/2022

လက်​တွေ့ဘဝထဲမှာ
အများနည်းတူ ပင်ပန်းပါတယ်
ရုန်းကန်ရပါတယ်
အသက်ဝ​အောင် မနည်းရှူရပါတယ်
နှလုံးသားနဲ့
ကိုယ်ရည်ကိုယ်​သွေးနဲ့
ပုခုံးနဲ့ ထမ်းထားရတဲ့
နှစ်လိုဖွယ် ဝဋ်​ကြွေးများစွာ ရှိပါတယ် ။

ဘာမှမရှိခင်က​တောင်
ဘယ်အရာကိုမှ မညည်းညူတတ်ခဲ့​တော့

ဥာဏ်ပညာ ချစ်ခြင်းတရား​လေးနဲ့
ကိုယ့်​လောကဓံကိုယ်
သာယာ​နာ​ပျော်ဖွယ်ဖြစ်အောင် ပြုစုပျိုး​ထောင်ရပါတယ်

သူက​တော့ အဆင်​ပြေ​နေတာပဲလို့အ​ပြောခံရရင်
လှလှ​လေး ပြုံးပြတတ်ပါတယ် ။

ဒီအ​ခြေအ​နေကြီးမှာ
ရူး​နေတဲ့သူ​တောင် တကယ်​မပျော်ပါဘူး ။

ဒါ​ပေမယ့်
ဘာဖြစ်လဲ

" လာ ရဲရဲလာ
လူဆိုတာ ထီးရွက်​တွေမပါလည်း
ကိုယ့်ဘာသာ ​လျှောက်ရဲရမယ် " တဲ့ ။

ရန်သူ​ပျော်​အောင်
ချစ်သူခင်သူ​တွေ စိတ်မ​ကောင်း​အောင်
ငိုမပြချင်ဘူး။

"​လောကဓံဆိုတာ
ကိုယ်ဂရုစိုက်မှဖြစ်တဲ့
လမ်းထိပ်က​ခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်" တဲ့ ။

" #တာရာမင်း​​ဝေ"

ငရဲပြည်ရောက်ရန်တစ်ဘဝအလိုနတ်ပြည်ရောက်ရန်တစ်ဘဝအလိုချစ်မေတ္တာကိုတွေ့ရန်အတွက်တော့မင်းရှိဖို့သာလို။ By နေညိုအောင်
28/01/2022

ငရဲပြည်ရောက်ရန်တစ်ဘဝအလို
နတ်ပြည်ရောက်ရန်တစ်ဘဝအလို
ချစ်မေတ္တာကိုတွေ့ရန်အတွက်တော့
မင်းရှိဖို့သာလို။

By နေညိုအောင်

မမနော်မာ ယင်းမာပင်ဘက် ရောက်ဖူးလား အညာဒေသကို ချစ်လှပါတယ်ဆိုတဲ့ မမ ဒီအရပ်မှာထွက်တဲ့ နေက အပူပိုကဲတာကို ကြုံဖူးမှပဲ အသေချာ သ...
27/01/2022

မမနော်မာ ယင်းမာပင်ဘက် ရောက်ဖူးလား

အညာဒေသကို ချစ်လှပါတယ်ဆိုတဲ့ မမ
ဒီအရပ်မှာထွက်တဲ့ နေက အပူပိုကဲတာကို
ကြုံဖူးမှပဲ အသေချာ သိလိမ့်မယ်

ပေပင်ကုန်း ထန်းတောကုန်း ထနောင်းကုန်း
ကျနော်တို့ အညာသားတွေမှာ
မွေးရာပါ လူဖြစ်ရှုံးရပါတယ်
ဒါတွေအကုန်လုံးလည်း
ကြုံဖူးမှပဲ အသေချာ သိလိမ့်မယ်

မမနော်မာကို လာ ခေါ် ပြချင်တယ်
ကျောမွဲတွေ ကျောဘယ်လောက်မည်းကြောင်း
ကျွန်သက်ရှည်တဲ့ ကြက်သွန်တွေ အကြောင်း
ရက်လွန်နေတဲ့ ပဲငပိတွေ အကြောင်း
သောက်ကြောင်းမကောင်း ဘဝမှာ
ထထဆဲရကောင်းမှန်းတောင် မသိတဲ့
အညာသားလူလိမ္မာတွေ အကြောင်း
နောက်ပြီး ကျနော်တို့ ဘယ်လောက် ချစ်တတ်ကြောင်း

ကျောင်းတက်ရမယ့်အရွယ်မှာ သိုးကြောင်း ဆိတ်ကြောင်း
တိတ်တဆိတ်ပဲ အိုဟောင်းအသက်ကြီးပြီး
ကမ္ဘာကျော်အိပ်မက်ကြီးတွေ မက်ခွင့်မရဘဲ
ပြီးသွားတဲ့ ဘဝတွေ
အသားမဲမဲ သနပ်ခါးပဲကြားနဲ့ အညာသူမက
လူတွေအမြင်မှာ ဘယ်လောက်လှမယ်လို့
အထင်ခံရမလဲ
ဖြူဖြူစင်စင် ရိုးအတဲ့ ခပ်တုံးတုံးဘဝတွေ
မရချင်တော့ဘူး

မမနော်မာ မြင်ဖူးချင်တဲ့ လက်ပံပွင့်တွေလိုပဲ
စွန့်လွှတ်ရဲတဲ့ အညာသားတွေရဲ့ သွေးလည်း
ရဲ ပါ တယ်
သေနတ်နဲ့ အသေလိုက်ပစ်နေတဲ့ကောင်တွေကို
ခဲနဲ့ပြန်ပေါက်ဖို့ မကြောက်မလန့်
ပြေးတက်သွားတဲ့ ဘဲကြီးတွေ
အတောင့်လိုက်ဆွဲတဲ့ ဂန်းတွေကို
လက်လုပ်တူမီးနဲ့ ခံပစ်ရဲတဲ့ ကောင်တွေ
ရူးကြောင်ကြောင်သတ္တိခဲတွေပဲ

သေနတ်ဆိုတာ ကျည်တကယ်ထွက်သလား
သီတင်းကျွတ်မှာ ဖောက်တဲ့ ဗြောက်သံလောက်ပဲ
ကြားဖူးတဲ့ အညာသားတွေပါ
မုံရွာမှာ လူတွေ သေနေပြီတဲ့
၂၇ရက်နေ့မှာ လာသမျှ ရွာသပိတ်စစ်ကြောင်းတွေ
အကုန်ဖြိုခံရတုန်းက
ကျောပိုးလွယ်အိတ်တစ်လုံးနဲ့ ကော့တေးတစ်ပုလင်းကိုင်ပြီး
ရှေ့ဆုံးကပြေးတဲ့ကောင်လေးက ကျနော်ပါ
MAအစုတ်တွေက အဟုတ်သေတတ်မှန်း သိခဲ့မှ
ကျနော်တို့ ချစ်ရသူတွေမှာ အပေါက်တွေချည်းပဲ
အဲ့အပေါက်တွေကြောင့် တောက်တခေါက်ခေါက်နဲ့
ငိုနေရတယ်

မမနော်မာ လာရင် ဖိုးချမ်းလမ်းကိုလိုက်ပြမယ်
ယမားချောင်းတစ်ဖက်ကမ်းက
အလုံးလိုက်ပျောက်သွားတဲ့ ကြေးစင်တောင်ဘက်လည်း
လိုက်ပို့ပေးမယ်
အရှိုက်ကိုထိမယ့်တေးကွက် တီးဖို့ဆို
ဂစ်တာကို ကြိုးညှိတတ်ဖို့ မလိုမှန်း
မမနော်မာ အသေချာ သိသွားလိမ့်မယ်

တန်ဖိုးနည်း အညာသားတွေပါ
တကယ်သတ်ရဲလို့လည်း
တကယ်သေရဲခဲ့ကြပါပြီ
လူမဆန်တဲ့ကောင်တွေကို သတ်ဖို့
ဆန်ထွက်တဲ့ လယ်ကွက်တွေရောင်းပြီး
သေနတ်ဝယ်လိုက်တဲ့ ဦးကြီးတွေ
ယာတောထဲက ဒိုင်းနမိုက်တွေ
တဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်တွေပဲ

တန်ဖိုးနည်း အညာသားတွေပါ
ရဖြူဂျီဘဝနဲ့ ဘယ်နိုင်ငံကိုမှ ထွက်ပြေးခိုလုံခွင့်
ရမှာ မဟုတ်ဘူး
လွှတ်တော်အမတ်ဖြစ်ချင်လို့
သေနတ်ကိုင်နေတာလည်း မဟုတ်ဘူး
သောက်လုပ်ရှုပ်တဲ့
နိုင်ငံရေး​တွေလည်း နားမလည်ဘူး
နိုင်သလောက်နဲ့ ပြန်ခံချဖို့ကလွဲ ကျန်တာလည်း
စိတ်မဝင်စားဘူး
ဖိနှိပ်မှုကို ငုံ့မခံလိုလို့ အုံကြွတဲ့
သူပုန်လူတန်းစား စစ်စစ်

မမနော်မာ သိပ်ချစ်ပါတယ်ဆိုတဲ့
အညာဒေသမှာ အခုဆို ရွာတွေပစ်ပြီး ပြေးနေကြရပြီ
ရွာဦးဘုန်းကြီးကျောင်းမှာ စစ်တပ်က တပ်ဆွဲထားလို့
ဘယ်သူမှ ဆွမ်းမပို့ရဲတော့ဘူး
အိမ်အလုံးလိုက်တွေ မီးမြှိုက်ခံရ
ဆိုးလိုက်တဲ့ ဘဝ အခြေနေ
တန်ဖိုးနည်း အညာသားတွေပါ

ယာစောင့်တဲထဲက နွားကျောင်းသာလေး
ပစ်သတ်ခံရတာရော
ခင်တန်းဘက်က သေနတ်သံတွေ အကြောင်းရော
တမာပင်တွေ၊ ထန်းပင်တွေပေါ်က
လောင်ချာကျည်ရာတွေ အကြောင်းရော
နောက်ကနေတရစပ်လိုက်ပစ်လို့
ဖိနပ်ကျွတ်အောင် ပြေးခဲ့ရတဲ့ ကောင်တွေ အကြောင်းရော
ရွာထဲကို စစ်တပ်ဝင်မယ်ကြားတိုင်း
ပြေးလွှားနေကြရတဲ့
အညာကအဘွားကြီးတွေ အကြောင်းရော
ညည ကင်းပုန်းဝပ်ရတဲ့အခါ
မမနော်မာကို ချမ်းချမ်းစေးစေး
လွမ်းမိသေးတဲ့ အကြောင်းရော အစုံဗျာ
မမနော်မာ သဘောကျတဲ့ အညာဒေသမှာ
ဖြစ်ပျက်သမျှတွေကို ပြောပြဖို့
ဒီကဗျာ ရေးလိုက်ရပါတယ်

မမနော်မာ ယင်းမာပင်နယ်ဘက် ရောက်ဖူးလား
မေးကြည့်တော့ "ဟင့်အင်"တဲ့
အဆင်ပြေရင် ကျနော်မနေချင်တော့တဲ့အရပ်ကို
အလည်အပတ်ခေါ်ချင်တယ်ဗျာ
ကနီဘက်မှာလေကြောင်းနဲ့ပါ ပစ်တယ်တဲ့
ကျနော် သိပ်စိတ်ညစ်တာပဲ
ဘာပဲဖြစ်ဖြစ် မမနော်မာကို သိပ်ချစ်ကြောင်းပြောမယ့်
အညာသားလေး ကျနော်
လာအခေါ်ကို မျှော်နေပါ...။ ။

ဉာဏ်ဉာဏ်

ရည်ညွှန်း -
ဆရာဇေယျာလင်းရဲ့ "မမလီဆာ လိုင်ဇာရောက်ဖူးလား" နဲ့
"မမလာနာ လှိုင်သာယာရောက်ဖူးလား" ဆစ်ခ်
Credit to original uploader

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Eat4Read posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category