01/09/2022
လက်ရှိမြန်မာပြည်မှာ နေထိုင်ရှင်သန်သူ အများစုအနေနဲ့ အရမ်းခက်ခဲလာကြတဲ့အတွက် အထောက်အကူဖြစ်လိုဖြစ်ငြားဆိုပြီး ဒီစာလေးရေးလိုက်ပါတယ်။
ခက်ခဲမှုတွေကြား အရမ်းပင်ပန်းနေပြီဆိုရင် …
▪️ အခြေအနေတွေ ပြောင်းလဲတိုးတက်လာနိုင်တယ်ဆိုတာလေး သတိရပါ။ အခက်အခဲတွေက အမြဲတမ်း ဒီအတိုင်းပဲရှိနေမှာ မဟုတ်ပါဘူး။ မုန်တိုင်းပြီးရင် လေပြေလာပါလိမ့်မယ်။ မုန်တိုင်းကာလမှာ အားတင်းထားပါ။ “After rain there's a rainbow, after a storm there's calm, after the night there's a morning, and after an end there's a new beginning.” အခက်အခဲတွေ ဖြတ်သန်းနေရစဉ်မှာ လမ်းဆုံးမမြင်ရပေမယ့် အဲဒီအခက်အခဲတွေဟာ အမြဲရှိနေမှာမဟုတ်ဘူးဆိုတာလေး သတိရပေးပါ။
▪️ ကိုယ်ထိန်းချုပ်လို့မရနိုင်တဲ့ အနေအထားတွေအပေါ် စိတ်ပူပန်ဖိစီးမနေဘဲ ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာတွေအပေါ်မှာသာ အာရုံစိုက်ပါ။ ကိုယ်လုပ်လို့ရတာကို အကောင်းဆုံးလုပ်ပါ။
▪️ လက်ရှိအခက်အခဲထက်ကျော်ပြီး ကြည့်ပါ။ အခက်အခဲတွေကြားရောက်နေတဲ့အခါ ဒီအခက်အခဲတွေအပေါ်ကိုပဲ အာရုံစိုက်မိနေမှာ ထုံးစံပါပဲ။ ဒါပေမဲ့ ဒီခက်ခဲတဲ့အချိန် ကျော်သွားတဲ့အခါ ဖြစ်လာမယ့် အရာတွေကို တွေးကြည့်ပါ၊ စိတ်ကူးပါ။ ကိုယ့်ကို စိတ်ခွန်အားဖြစ်စေမယ့်အရာတွေ နားထောင်ပါ၊ ဖတ်ပါ။
▪️ ကိုယ်တစ်ယောက်ထဲ ဖြတ်သန်းနေရတာ မဟုတ်ဘူးဆိုတာ သတိရပါ။ လူတိုင်းခက်ခဲနေကြပါတယ်။ ငွေအရင်းအနှီးကြီးတဲ့သူက အကြွေးများများရှိပြီး၊ ငွေအရင်းအနှီးနည်းတဲ့သူက အကြွေးနည်းနည်းရှိကြတဲ့အချိန်တွေပါ။
▪️ စိတ်သက်သာစေမယ့် မိတ်ဆွေသူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ပါ။ ကိုယ့်ကို ပိုစိတ်ဆင်းရဲစေမယ့်သူတွေကို ရှောင်ပါ။
▪️ လှုပ်လှုပ်ရှားရှားနေပါ။ စိတ်ဓါတ်ကျတယ်၊ စိတ်ဆင်းရဲတယ်ဆိုပြီး အိပ်ယာထဲချည်းပဲ လှဲမနေပါနဲ့။ လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ခြံထဲဆင်း ပန်းစိုက် အသီးအနှံစိုက်ပါ။
▪️ ခံစားနေရတာတွေကို ချရေးပါ။ အခုဆို Facebook ကနေလည်း ရေးလို့ရပါတယ်။ ကိုယ်ချင်းစာနားလည်နိုင်မယ့်သူတွေ အများကြီးပါ။ ခံစားချက်တွေကို စာသားအဖြစ်ပြောင်းပစ်တဲ့အခါ စိတ်သက်သာရာရပါတယ်။
▪️ အကူအညီတောင်းဖို့ မရှက်ပါနဲ့။ ကိုယ်က အမှန်တကယ် ခက်ခဲနေတာမှန်ရင် အကူအညီတောင်းဖို့ မရှက်ပါနဲ့။ တစ်ဦးတစ်ယောက်ဆီကို သွားတောင်းမယ်ဆိုရင်တော့ အဲဒီလူမှာ ပေးနိုင်စွမ်းရှိမရှိက ရှိသေးတာမို့ Social Media ကို အသုံးချပါ။ ကူနိုင်တဲ့သူ ကူပါလိမ့်မယ်။
▪️ ဘဝကို အရှုံးမပေးဘဲ ရုန်းကန်ပါ။ ပိုခက်ခဲလေ ပိုရုန်းကန်လေဆိုတဲ့စိတ်နဲ့ ဖြတ်ကျော်ပါ။ နောင်တစ်ချိန်ကျရင် ဒီအချိန်မှာ အရှုံးမပေးခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမိမှာပါ။
Every adversity, every failure, every heartache carries with it the seed of an equal or greater benefit. (Napoleon Hill)
Jessica Mozart
Date : September 1, 2022