04/08/2024
#▪️မြန်မာလိုအယူအဆက သဗ္ဗေသတ္တာ ကမ္မဿကာ ၊ ဂျပန်လိုအယူအဆကတော့.. "Shikata ga nai"လို့ ခေါ်ပြီး ထိန်းချုပ်မရတာကို ရင်ဆိုင်ရတဲ့အခါ လက်ခံတတ်အောင် သင်ကြားပေးတဲ့ စကားစုတစ်ခု ဖြစ်ပါတယ်။
► ဒီခေတ်ကြီးမှာ စိတ်ဖိစီးစရာတွေ များတယ်။ မိုးလင်းကနေမိုးချုပ် ရုန်းကန်လှုပ်ရှားကြရတယ်။ မိမိအလိုအတိုင်း ဖြစ်လာတာတွေရှိသလို.. စိတ်အလိုမကျတာတွေ ရှိတယ်။ အောင်မြင်မှုတွေ ရှိသလို ကျရှုံးမှုတွေ ရှိတယ်။ ချစ်ခင်သူတွေ ရှိသလို.. မုန်းတီးသူတွေ ရှိတယ်။ အဲဒီလို ပြင်ပကအခြေအနေတွေ.. ဘယ်အရာကိုမှ ထိန်းချုပ်လို့မရပါဘူး။ ထိန်းချုပ်ချင်ရင် .. ကိုယ်ပဲ ပင်ပန်းရုံပဲ ရှိပါတယ်။
► တချို့အရာတွေကို "သဗ္ဗေသတ္တာကမ္မဿကာ အရာရာတိုင်းဟာ သူ့ထိုက်နဲ့ သူ့ကံအတိုင်းပဲ" ဆိုပြီး ဥပေက္ခာပြုလိုက်မှပဲ စိတ်ရဲ့တင်းကြပ်မှုတွေကနေ ပေါ့ပါးသွားတာတွေရှိတယ်။ စိတ်သက်သာအောင် နေတတ်ဖို့ဆိုတာ ဘဝမှာ အရေးတကြီးသင်ယူဖို့လိုတဲ့ ဘာသာရပ်တစ်မျိုးပဲ ဖြစ်တယ်။
📌 အတိတ်ရဲ့အကျဉ်းသား မဖြစ်ပါစေနဲ့ ..
( Don’t be a Prisoner of the Past )
► ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့အရာကတော့ အတိတ်ပါပဲ။ အတိတ်ကို ဘယ်သူမှ ပြင်ဆင်ထိန်းချုပ်လို့ မရနိုင်ပါဘူး။ အတိတ်ကို ပြန်တွေးပြီး စိတ်သောကရောက်နေမယ်ဆိုရင်တော့ မိမိပဲ ပူလောင်ပင်ပန်းနေရမှာ ဖြစ်ပါတယ်။
► လူတွေဟာ တခါတလေမှာ အတိတ်ကို လက်မလွတ်နိုင်ကြဘူး။ အတိတ်ဆိုတာ သင်ယူစရာ သင်ခန်းစာတစ်ခုအဖြစ်သာ ပြန်ကြည့်တာမျိုးဆို ကောင်းပါတယ်။ ဒါပေမယ့် တသသနဲ့ဆုပ်ကိုင်တွယ်တာနေဖို့ရာ မထိုက်တန်ပါဘူး။
► ဘယ်လိုမှ ပြန်ပြင်လို့မရနိုင်တော့တဲ့အတိတ်ကို ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းမှာ မရှိတဲ့အရာလို့ လက်ခံပါ။ လွှတ်ချသင့်ရင် လွှတ်ချလိုက်ပါ။ လွှတ်မချနိုင်ရင် အခြေအနေတွေက ပိုဆိုးသွားရုံသာ ရှိပါမယ်။ အတိတ်ကို တွယ်တာလွန်းတာက အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ်။
📌 အိုမင်းလာတဲ့အခါ...
► အသက်အရွယ်အိုမင်းကြီးရင့်လာခြင်းကလည်း မိမိ ထိန်းချုပ်လို့ မရတဲ့အရာတွေထဲက တစ်ခုပါပဲ။ လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေကို မကြာခဏတွေ့ကြုံရပြီး စိတ်သွားတိုင်းကိုယ်မပါ ဖြစ်လာတတ်ပါတယ်။ အတွေးသစ်အမြင်သစ်တွေ၊ ဖန်တီးနိုင်စွမ်းအားတွေ ကျဆင်းလာတယ်။
► တချိန်တခါက မိမိလုပ်ဆောင်နိုင်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အသက်ကြီးလာတဲ့အခါ မလုပ်နိုင်တော့ပါဘူး။ ကိုယ့်ရဲ့ရွှေရောင်လွှမ်းခဲ့တဲ့နေ့ရက်တွေကို ပြန်စဉ်းစားပြီးတော့ အတိတ်မှာပဲ နေထိုင်နေမယ့်အစား "Shikata ga nai"ကို လက်ကိုင်ထားပြီး အိုမင်းခြင်းနဲ့ အတူပါလာတဲ့ ဇရာဖြစ်စဉ်တွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
📌 သဘာဝဘေးအန္တရာယ်တွေ ကြုံတဲ့အခါ
► ရန်သူမျိုးငါးပါးရှိမယ်။ သဘာဝကပ်ဘေးအန္တရာယ်တွေ ရှိမယ်။ တခြားမမြင်နိုင်သော အခြေအနေတွေ အခက်အခဲတွေ ရှိမယ်။ လူတွေရဲ့အဆင်အခြင်မဲ့.. လုပ်ဆောင်ချက်တွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တချို့ရဲ့ရလာဒ်တွေ ရှိမယ်။ အဲဒါတွေအပေါ်မှာ ကိုယ့်အနေနဲ့ တတ်နိုင်တာရှိရင် တတ်နိုင်တာကို လုပ်ဆောင်ပါ။ မတတ်နိုင်ဘူးဆိုရင်.. မတတ်နိုင်ရကောင်းလားဆိုပြီးတော့ မကျေမချမ်းမဖြစ်ပါနဲ့။ ကိုယ်ဘယ်လိုမှမတတ်နိုင်တဲ့အရာတွေဆိုရင် အရာရာတိုင်းဟာ သူ့ကံအတိုင်းပဲလို့ သဘောထားလိုက်ပါ။
► မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှုပ်တာတွေလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကြုံလာရတဲ့အခါ ဒီအရာတွေဟာ မိမိထိန်းချုပ်မှုရဲ့ပြင်ပမှာ ရှိတယ်ဆိုတာကို လက်ခံပါ။ "ငါကိုက ကံဆိုးပါတယ်"လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား ရှေ့ဆက်ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတဲ့ ပြန်လည်ထူထောင်ရေးကိုသာ အာရုံစိုက်သင့်ပါတယ်။
📌 ကျန်းမာရေးပြဿနာ တွေ့ရတဲ့အခါ
► ကျန်းမာရေးဆိုတဲ့အရာကလည်း ခန့်မှန်းရခက်လွန်းပါတယ်။ ကိုယ်ဘယ်လောက်ကျန်းမာအောင် နေထိုင်ကျင့်သုံးပါစေ.. ရောဂါက ဖြစ်လာချိန်တန်ရင်တော့ ဖြစ်လာတာပါပဲ။
► ဆေးစစ်ကြည့်လိုက်လို့ မိမိမှာ ကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါ "စောစောသိတာ ကောင်းတာပါပဲ" ဆိုပြီး အကောင်းဘက်ကနေ ဖြေတွေးပြီးတော့ စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားသင့်ပါတယ်။
► ကျန်းမာရေးဟာ မိမိထိန်းချုပ်မှုအလွန်မှာရှိတဲ့အကြောင်းကိုလည်း လက်ခံနိုင်ဖို့ လိုပါတယ်။ တတ်နိုင်သမျှ ဘဝကို အကောင်းဆုံးနေထိုင်ဖြတ်သန်းဖို့ အာရုံစိုက်ရုံအပြင် တခြားဘာမှမရှိပါဘူး။
📌 ချစ်ရသူကို ဆုံးရှုံးရတဲ့အခါ ..
► ကိုယ်ချစ်ရသူတစ်ဦးဦးနဲ့ သေခွဲ (သို့မဟုတ်) ရှင်ခွဲ.. ခွဲရတဲ့အခါမျိုးတွေ ဘဝမှာ ကြုံရတတ်ပါတယ်။ အဲဒီအခါမှာ.. အင်မတန်နာကျင်ခံစားရပြီးတော့ အဖြစ်မှန်ကို လက်ခံနိုင်ဖို့ မလွယ်ကူပေမယ့်လည်း .. ဒါဟာ အမှန်တကယ်ပဲ ဆိုတာကို လက်ခံနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
လက်ခံလိုက်ခြင်းဟာ ဒီနာကျင်ကြေကွဲမှုကို ကိုင်တွယ်ဖို့ရာ ပထမဆုံးခြေတစ်လှမ်း လှမ်းလိုက်တာပဲဖြစ်ပါတယ်။
📌 ကိုယ်မထိန်းချုပ်နိုင်တာကို အသိအမှတ်ပြုပါ။
( Recognize What You Can't Control )
► တခုခုမှားသွားရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုယ်အနေနဲ့ ဘာလုပ်နိုင်မလဲ။ လက်တွေ့ကျကျလုပ်နိုင်တာ တစ်ခုခုရှိလား။ မရှိဘူး.. မလုပ်နိုင်ဘူးဆိုရင်.. ကိုယ်မလုပ်နိုင်တဲ့အကြောင်းကို လက်ခံလိုက်ပါ။ သဗ္ဗေသတ္တာကမ္မဿကာပါပဲ။ ဘာမှမတတ်နိုင်ဘူး။
► အခြေအနေတွေကို မပြောင်းလဲနိုင်တာ သဘောပေါက်တာနဲ့အသက်ပြင်းပြင်းရှုပြီး လက်ခံလိုက်ပါ။ ဒီဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ပြီးပြီ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားမှာပါ လို့ ကိုယ့်ကိုယ်ကိုယ် ပြောဆိုအားပေးနိုင်ပါတယ်။ ဒီလိုလက်ခံတတ်ခြင်းဟာလည်း "Shikata ga nai"ပါပဲ။
► ပြဿနာကိုပဲ ခေါင်းပူအောင်စဉ်းစားပြီး စိတ်ညစ်နေမယ့်အစား နောက်ထပ်ဘာလုပ်နိုင်မလဲဆိုတာ အဖြေရှာပါ။
အခြေအနေကို လက်ခံပြီးနောက်.. ကိုယ်လုပ်စရာရှိတာကိုအာရုံစိုက်ပါ။ အာရုံစိုက်မှုကို ပြောင်းလိုက်ခြင်းအားဖြင့်အခြေအနေကောင်းတစ်ခုကို အသစ်ဖန်တီးနိုင်ပါတယ်။
► မိမိ မထိန်းချုပ်နိုင်တဲ့အခြေအနေတိုင်းမှာ လေ့လာသင်ယူစရာသင်ခန်းစာတစ်ခုခု ရှိနေတတ်ပါတယ်။ အခြေအနေတွေကို မပြောင်းလဲနိုင်ရင်တောင် သင်ယူမှုအတွေ့အကြုံအဖြစ်သုံးနိုင်ပါတယ်။
📌 အခုလို ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပြီး.. ဖြစ်သမျှအရာရာဟာ သဗ္ဗေသတ္တာကမ္မဿကာ.. လို့ နှလုံးသွင်းလိုက်ခြင်းအားဖြင့် ..
► စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ လျော့နည်းလာစေပါတယ်။ မလိုလားအပ်တဲ့ စိတ်သောကရောက်စရာ ဝန်ထုပ်ဝန်ပိုးတွေကနေ လွတ်မြောက်လာစေပါတယ်။ ပိုပြီးငြိမ်းချမ်းတဲ့အခြေအနေကို ဦးတည်လာစေပါတယ်။ လောကဓံနဲ့ ကြုံတဲ့အခါ ခံနိုင်ရည်လည်း တိုးလာစေပါတယ်။
► လူတွေနဲ့လည်း လိုက်လျောညီထွေဖြစ်လာတယ်။ သဘာဝတရားကြီးနဲ့လည်း လိုက်လျောညီထွေ ဖြစ်လာပါတယ်။ အရာရာတိုင်းဟာ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်တဲ့ အနတ္တသဘောကိုလည်း ပိုပြီးလက်ခံနိုင်လာပါတယ်။
► အရာဝတ္ထုတွေ.. လူပုဂ္ဂိုလ်တွေအပေါ်မှာ တွယ်ငြိနေတဲ့တွယ်တာစိတ်တွေလည်း လျော့ကျလာနိုင်ပါတယ်။ " ဒီလောကမှာ ဘယ်အရာပဲဖြစ်ဖြစ် သူ့ကံတရားနဲ့သူပဲ" လို့ နားလည်လက်ခံနိုင်လာပြီး စိတ်ကို အေးချမ်းစွာ နေထိုင်တတ်လာမှာ ဖြစ်ပါတယ်။
#ဉာဏ