14/07/2022
တင်းတိပ်နဲ့ပတ်သတ်တဲ့ကျန်းမာရေးဗဟုသုတလေးတွေကိုဝေမျှပေးလိုက်ပါတယ်ရှင့်😍😍
တင်းတပ်ဆိုတာ အသက်ကြီးလာတာကြောင့်ရော၊ နေရောင်ဒဏ်ခံတာများလို့ရော ဖြစ်တတ်ပါတယ်။ ဘာမှ ဘေးမဖြစ်စေတတ်ပေမယ့် အတော်များများကတော့ အလှပျက်တယ်ဆိုပြီး စိတ်ညစ်တတ်ကြတယ်။
တင်းတိပ်ဟာ ညိုညစ်ညစ်အရောင်ရှိပြီး မှဲ့ခြောက်တွေနဲ့ ဆင်တင်တင်ပါပဲ။
>> ဘာကြောင့်တင်းတိပ်တွေ ပေါ်လာရသလဲဆိုရင် -
အသားအရေကို နေရောင်ခြည်ယူဗီတွေကနေ ကာကွယ်ပေးထားတဲ့ မယ်လနင်ရောင်ခြယ်တွေ စုစုစည်းစည်း အများကြီး ထွက်လာတာကြောင့် ပေါ်လာတာပါ။
များသောအားဖြင့် -
● မျက်နှာ
● လက်ခုံ
● ပုခုံး
● နောက်ကျော
● လက်မောင်းတွေမှာ ဖြစ်တတ်တယ်။
တစ်ခုချင်းစီ ဖြစ်နိုင်သလို အစုလိုက်လည်း ပေါ်တတ်တယ်။ တစ်ခုနဲ့တစ်ခု ပုံသဏ္ဌာန်၊ အရွယ်အစားတော့ မတူနိုင်ဘူး။ အသက် ၄၀ ကျော်တွေမှာ ပိုတွေ့ရတတ်ပေမယ့် နေရောင်ခံတာများတဲ့ လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။
>> ဆရာဝန်နဲ့သွားပြတဲ့အခါ -
ဒီအတိုင်းကြည့်လည်း သိနိုင်သလို တစ်ခါတလေ အရေပြားကြည့်မှန်ပြောင်းနဲ့ ကြည့်ဖို့လိုတတ်တယ်။
တစ်ခါတလေ Melanoma လို့ခေါ်တဲ့ မှဲ့ကင်ဆာနဲ့ ခွဲရခက်တတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အရေပြား အသားစယူပြီး စစ်ဆေးဖု့ိလိုတယ်။
>> ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ -
ဘာအန္တရာယ်မှမရှိလို့ မကုလည်းရပေမယ့် ဆရာဝန်နဲ့ပြပြီး ကင်ဆာ ဟုတ်၊ မဟုတ်ကိုတော့ သေချာအောင် ခွဲဖို့လိုတယ်။
အလှပျက်လု့ိ ပျောက်ချင်တယ်ဆိုရင်တော့ နည်းအမျိုးမျိုးရှိတယ်။
လိမ်းဆေးတွေက အညိုကွက်ကို အရောင်ဖျော့သွားစေပေမယ့် မာကျူရီပါတဲ့ဆေးမျိုး မလိမ်းမိဖု့ိတော့ သတိထားပါ။
● Retinoid ဗီတာမင်အေမျိုးနွယ်ဆေးတွေ
● စတီးရွိုက်လိမ်းဆေးတွေ
● hydroquinone ဆေးတွေ လိမ်းပေးလို့ရတယ်။
တဖြည်းဖြည်းချင်း အရောင်ဖျော့သွားစေပေမယ့် တစ်ခါတလေ အရေပြားယားယံတာ စားတာတွေ ဖြစ်စေနိုင်တာကို သတိပြုရပါမယ်။
>> တခြားနည်းတွေကတော့ -
● နိုက်ထရိုဂျင် အရည်လိုမျိုးနဲ့ အကွက်ကို ဖျောက်တာ
● လေဆာတွေ၊ အလင်းရောင် ကုထုံးတွေ
● အရေပြား အပေါ်ယံလွှာကို ဖယ်ရှားတဲ့နည်းလမ်းတွေလည်း
ရှိသေးတယ်။
ဒီနည်းလမ်းတွေမှာလည်း သူ့ဆိုးကျိုးနဲ့သူရှိလို့ ကျွမ်းကျင်တဲ့ အရေပြား အလှအပဆရာဝန်နဲ့ လုပ်ဖို့လိုပါတယ်။
ဒီနည်းတွေလုပ်ပြီးရင် နေရောင်ကို မခံနိုင်တာမို့ နေရောင်ကာကွယ်ဖို့ အရမ်းအရေးကြီးတယ်နော်။
>> အိမ်တွင်းနည်းလမ်းတွေကတော့ -
● ရှားစောင်းလက်ပတ်
● ကြက်သွန်နီ အနီရောင်
● သစ်ခွဆီ
● azelaic အက်ဆစ်
● ဗီတာမင်အီး
● ဗီတာမင်စီ
● AHA ဓာတ်
● ကော့ပါးကလိုရိုဖိုင်လင်း
ဒါတွေ လိမ်းပေးလို့ရတယ်။
မဖြစ်ခင် ကာကွယ်တာကတော့ အကောင်းဆုံးပေါ့။
နေရောင်ထဲထွက်ရင် နေရောင်ကာ ၃၀ ပါတဲ့ခရင်မ်ကို လိမ်းပေးပါ။ ရေစိုခံပြီး ခရမ်းလွန်ရောင်ခြည် အေရော ဘီပါ ကာကွယ်နိုင်ပါစေ။ အပြင်မထွက်ခင် မိနစ် ၃၀ လောက် ကြိုပြီး လိမ်းပေးပါ။
၂ နာရီခြားတစ်ခါ၊ ချွေးထွက်များပြီးချိန်၊ ရေစိုသွားချိန်တွေမှာ ပြန်လိမ်းပေးဖို့ လိုတယ်။
ဦးထုပ်၊ လက်ရှည်၊ ဘောင်းဘီရှည်၊ နေကာမျက်မှန်တွေ ဆောင်သွားပေးဖို့ လိုတယ်။
မနက် ၁၀ နာရီနဲ့ နေ့လယ် ၂ နာရီကြားဟာ အပူဆုံးအချိန်တွေဖြစ်လို့ ဖြစ်နိုင်ရင် အပြင်ထွက်တာ ရှောင်ပေးပါ။
နှုတ်ခမ်းကိုလည်း နေရောင်ကာ ၃၀ နဲ့အထက်ပါတဲ့ အဆီလိမ်းပေးသင့်တယ်။
နေရောင်ထဲကြာကြာ ကားမောင်းတာ၊ ပန်းပင်စိုက်တာမျိုးအတွက် လက်အိတ်ရှည် စွပ်ပေးပါ။
ရေထဲ၊ နှင်းထဲ၊ သဲထဲသွားရင် သေချာဂရုစိုက်ပါ။
နေရောင်ကာပေးနိုင်တဲ့ အဝတ်အစားတွေ ဝတ်ပေးနိုင်ရင် ပိုကောင်းတယ်။
>> ဒီတင်းတိပ်တွေဟာ ကင်ဆာ ပြောင်းနိုင်သလား?
တင်းတိပ်ဟာ ကင်ဆာ မဟုတ်ပါဘူး။ ကင်ဆာတစ်မျိုးနဲ့တော့ တူနေနိုင်တယ်။ ကွဲပြားမှုကို သိဖို့လိုတယ်။
တခြားကြည့်ရမယ့် အချက်တွေကတော့ -
● ပွတ်လိုက်ရင် နာတတ်တဲ့ အကွက်ကြမ်းကြမ်းတွေ
● အဖတ်တွေ လန်နေတဲ့ အနီရောင်အကွက်တွေ
● ကြွက်နု့ိလို အကွက်တွေ
ဒီိလိုမျိုးတွေပါ သတိထားမိရင် ဆရာဝန်နဲ့ ပြဖို့ိလိုတယ်။
အရေပြားမှာ တခြားမူမမှန် ပြောင်းလဲတာတွေကို သတိထားမိရင်လည်း ဆရာဝန်နဲ့ပြဖို့ လိုတယ်။ ကင်ဆာဆိုရင်လည်း စောစောသိ စောစောကုနိုင်ရင် အကောင်းဆုံးပေါ့။