26/08/2023
'ငါတို့တုန်းကဒီလိုပဲမွေးလာတာ'နှင့် ပြောပြချင်သောစကားများ
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ခေတ်တွေပြောင်းလာတာနဲ့အမျှ ကျွန်မတို့လူသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာလည်းပြောင်းလဲတိုးတက်လာပါတယ်။
မိခင်နဲ့ကလေးကျန်းမာရေးပြုစုစောင့်ရှောက်မှုများမှာလည်း ယခင်အယူအဆနဲ့ကွဲလွဲတဲ့ ဆေးပညာဆိုင်ရာအချက်အလက်များပေါ်ပေါက်လာပါတယ်။ Evidence based medicine လို့ခေါ်တဲ့ သက်သေပြချက်ခိုင်ခိုင်မာမာရှိတဲ့ဆေးပညာအချက်အလက်တွေကိုသာ လူထုကိုအသိပညာပေးဖို့အတွက် လိုအပ်လာပါတယ်။
အထူးသဖြင့် မိခင်နဲ့ကလေးရဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာ အခုထိသုံးနေဆဲဖြစ်သော၊ လွဲမှားနေသော အယူအဆများ (Misconceptionsများ)ရှိနေပါသေးတယ်။ ကျွန်မတို့နိုင်ငံရဲ့ လူနေမှုဟာ လူကြီးမိဘများနဲ့အတူမိသားစုတွေဟာယှဉ်တွဲနေထိုင်လေ့ရှိကြပြီး ယဉ်ကျေးမှုအရ လူကြီးမိဘတွေရဲ့စကားကို မပယ်ရှားဝံ့ဖြစ်တာကြောင့် အဆင်မပြေမှုလေးတွေရှိလာတတ်ပါတယ်။
ခေတ်လူငယ်တွေအနေနဲ့ အချို့သောရှေးအယူအဆတွေကို ယုတ္တိမကျဘူးလို့ထင်မြင်ပေမယ့် ကိုယ်တိုင်ကတိတိကျကျငြင်းဆန်ဖို့မဝံ့ရဲတာ၊ ကျန်းမာရေးဗဟုသုတအတိအကျပြန်မပြောတတ်တာစတဲ့ ပြဿနာတွေရှိတတ်ပါတယ်။ ဒါကြောင့်ဒီဆောင်းပါးကိုရေးဖြစ်ရခြင်းဖြစ်ပါတယ်။
Misconception 1
💠ကလေးမွေးလာရင်မွေးဆံပင်နဲ့မထားနဲ့။ ဆံပင်မသန်ဘူး။ ဒါကြောင့်ကတုံးရိတ်ရမယ်။
ဖြေ။ ။ မွေးကင်းစကလေးကိုမွေးဆံပင်နဲ့ထားရင်ဆံပင်မသန်ဘူးဆိုတာမဟုတ်ပါဘူး။ ဆံပင်ဆိုတာ ဦးရေပြားရဲ့အောက်မှာရှိတဲ့ Hair follicle လို့ခေါ်တဲ့ မွေးညှင်းအိတ်လေးတွေကနေတဆင့်ပေါက်လာတာပါ။ ဒီတော့ပြင်ပဦးရေပြားအပြင်မှာရှိနေတဲ့ ဆံပင်ကိုရိတ်ခြင်းဟာ မွေးညှင်းအိတ်ကနေထွက်လာတဲ့ ဆံပင်ကိုဘာသက်ရောက်မှုမှမဖြစ်စေပါဘူး။ ဆံပင်သန်မှု၊မသန်မှုဟာ မျိုးဗီဇနဲ့ပိုဆိုင်ပါတယ်။ ဒါကြောင့် မွေးစကနေ ခြောက်လအထိကလေးကို လုံးဝကတုံးမရိတ်ပေးသင့်ပါဘူး။
ကတုံးရိတ်ရာကနေ မတော်တဆအနာဖြစ်နိုင်ပါတယ်။ မေးခိုင်ပိုးဝင်နိုင်ပါတယ်။ဆံပင်မရှိလို့ နှာစေးနိုင်ပါတယ်။ ငယ်ထိပ်မပိတ်တဲ့အချိန်အရေပြားပွန်းရာကနေ ပိုးဝင်ပြီး ဦးနှောက်အမြှေးပါးယောင်ပြီး မစွမ်းမသန်ဖြစ်နိုင်ပါတယ်။ ကတုံးရိတ်တိုင်း ဒါမျိုးဖြစ်တာမဟုတ်ပေမယ့် ကတုံးရိတ်ရင်ဒီလိုနောက်ဆက်တွဲတွေဖြစ်ကောင်းဖြစ်လာနိုင်တာမို့ ရှောင်ကြဉ်တာအကောင်းဆုံးဖြစ်ပါတယ်။
Misconception 2
💠နို့တိုက်မိခင်အစားမရှောင်လို့ကလေးလေနာတယ်။ ဝမ်းပျက်တယ်။ ဒါကြောင့် မီးဖွားပြီးခါစမိခင်ကို အစားရှောင်ခိုင်းရမယ်။
ဖြေ။ ။ မွေးကင်းစကလေးများဟာ တစ်နေ့ကိုဝမ်း၁၀ကြိမ်ကျော်သွားနိုင်ပါတယ်။ ရက်သားလေးများဟာ လေနဲ့ဝမ်းနဲ့မကွဲတာမျိုး ၁၀ကြိမ်နဲ့ ဝမ်းအကြီးသွားတာမျိုး ၄-၅ကြိမ်ထိရှိတတ်ပါတယ်။ ဒါဟာသဘာဝဖြစ်ပါတယ်။ ဒါ့အပြင်ကလေးကို မကိုင်တွယ်ခင်မှာ လက်မဆေးတာ၊ နို့ဘူးတိုက်ရာမှာသေချာမဆေးကြော ၊ပိုးသတ်ခြင်းမပြုမိတာတွေကြောင့်သာဝမ်းပျက်နိုင်တာဖြစ်ပါတယ်။
ကလေးအနေနဲ့ နို့စို့နည်းမမှန်တာ၊ နို့ဘူးစို့တာကြောင့် လေကိုပါမျိုချမိပြီး လေနာခြင်းများဖြစ်တတ်ပါတယ်။ လေနာခြင်းဟာ မိခင်အစားစားခြင်းနဲ့မသက်ဆိုင်ပါဘူး။ မီးဖွားပြီးခါစမိခင်ဟာ အစာအာဟာရအစုံစားဖို့လိုပါတယ်။ တညင်းသီးလိုအစားအစာမျိုးကိုသာ ရှောင်ဖို့လိုပါတယ်။ ကျန်တဲ့ အသား၊ငါး၊ပဲ၊ဥ၊နို့အမျိုးမျိုး၊ဟင်းသီးဟင်းရွက်အမျိုးမျိုးကိုအစုံစားမှသာ မိခင်နို့ဟာ ပမာဏရော အရည်အသွေးရောကောင်းမှာဖြစ်ပါတယ်။
မိခင်စားတဲ့အစားအစာကြောင့် ကလေးလေနာခြင်း၊ ဝမ်းပျက်ခြင်းမဖြစ်ပါဘူး။ မိခင်အာဟာရမပြည့်ဝရင်သာ ဗီတာမင်ဓာတ်တွေချို့တဲ့ပြီး ကလေးရော၊အမေပါ ကျန်းမာရေးထိခိုက်ပါတယ်။ ဥပမာ Vit B1 deficiency။
အသားလုံးဝမစားရတဲ့ အာဟာရချို့တဲ့သွားတဲ့နို့တိုက်မိခင်ရဲ့ကလေးဟာ Vitamin B 12 ချို့တဲ့ပြီး သွေးနီဥထုတ်လုပ်မှု၊ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်နိုင်ပါတယ်။
Misconception 3
💠ကလေးကိုအချိန်နဲ့နို့တိုက်နေတယ်..ကလေးအိပ်ပါစေလား...မလိုအပ်တာတွေလုပ်နေတယ်။
ဖြေ။ ။မွေးကင်းစကလေးလေးတွေရဲ့အစာအိမ်ဟာ သေးငယ်ပြီး နို့ပမာဏအများကြီးကို ထိန်းသိမ်းမထားနိုင်ပါဘူး။မိခင်နို့ဟာ အစာကြေလွယ်တဲ့အတွက်ကလေးဟာခဏနဲ့ပြန်ဆာတတ်ပါတယ်။ မွေးစကနေ ပထမတစ်လမှာ ကလေးကို တစ်နေ့လျှင် ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့ချိုတိုက်ကျွေးပေးရမှာပါ။ ကလေးကို အိပ်နေတာပဲဆိုပြီး ၄နာရီထက်ကြာအောင် နို့မတိုက်ဘဲမထားသင့်ပါဘူး။ အခုလိုအချိန်မှန်နို့တိုက်ပေးခြင်းဟာ မိခင်ရဲ့နို့ထွက်မှုနှုန်းကိုပါတက်စေပါတယ်။
Misconception 4
💠ရာသီဥတုပူတယ် ကလေးကိုရေတိုက်ရမယ်။
ဖြေ။ ။ ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ရမှာပါ။ ကလေးဟာရေဆာခြင်းလုံးဝမဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိခင်နို့ထဲမှာရေဓာတ် 80 ရာခိုင်နှုန်းပါဝင်လို့ပါ။ ကလေးကိုရေတိုက်ခဲ့မယ်ဆိုရင်သာ ကလေးအတွက်ဆိုးကျိုးဖြစ်စေတာပါ။ ကလေးငယ်ရဲ့ သေးငယ်တဲ့အစာအိမ်နဲ့ ဖွံ့ဖြိုးဆဲကျောက်ကပ်ဟာ ရေပိုကိုလက်မခံနိုင်ဘဲ သွေးထဲမှာဆားဓာတ်နည်းပါးသွားစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုကိုသွားရောက်ထိခိုက်စေပါတယ်။ ဒါကြောင့် ခြောက်လအောက်ကလေးကိုရေတိုက်စရာမလိုပါဘူး။
Misconception 5
💠ကလေးရဲ့ချက်ကိုမကြွေခင် ဆေးတို့ပတ်ထည့်ပေးရမယ်။
ဖြေ။ ။ဆေးရုံများမှာ ကလေးငယ်ကိုမွေးဖွားပြီးတဲ့အခါ ချက်ကြိုးဖြတ်ပြီးရင် ချက်နေရာမှာ ပလတ်စတစ် cord stump နဲ့ ချည်ထားတတ်ပါတယ်။ အဲဒီချက်နေရာမှ stump လေးဟာ ကလေးအသက် ၁၀ရက်ခန့်ဝန်းကျင်မှာ အလိုလိုပြုတ်ထွက်ပါတယ်။ ချက်ကြွေသွားပါတယ်။ ချက်မကြွေခင်မှာ ကလေးငယ်ရဲ့ ချက်နေရာကို မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်ခြင်းလုံးဝမပြုရပါဘူး။ ချက်နေရာကို အနာကပ်ပလာစတာ၊ပတ်တီး စတာတွေနဲ့အုပ်ထားဖို့မလိုအပ်ပါဘူး။ လိုအပ်လို့ ဆရာဝန်ကညွှန်ကြားတဲ့ဆေးမှအပ ချက်ထဲကို မည်သည့်ဆေးမှမထည့်ပေးရပါဘူး။ အရက်ပြန်နဲ့သန့်စင်ခြင်းလည်းမလုပ်ရပါဘူး။ အနာကျက်နှေးစေပါတယ်။ ဆေးမြီးတိုများကို ကလေးချက်ထဲကိုထည့်ပေးခြင်းဟာ ရောဂါပိုးဝင်ခြင်း၊ မေးခိုင်ရောဂါတို့ဖြစ်စေနိုင်လို့ ရှောင်ကြဉ်ရပါမယ်။
Misconception 6
💠ကလေးငယ်ရဲ့နို့သီးခေါင်းစူနေတာကိုညှစ်ပေးရမယ်။
ဖြေ။ ။ မိခင်ကိုယ်ဝန်လွယ်စဉ်ကာလ(ကလေးငယ်များ သားအိမ်ထဲမှာရှိစဉ်မှာ)မိခင်ဟော်မုန်းများနဲ့ ထိတွေ့မှုကြောင့် သူတို့ရဲ့ နို့သီးခေါင်းနဲ့ရင်ဘတ်လေးတွေ ဖောင်းတာ၊ရောင်တာမျိုးရှိတတ်ပါတယ်။ ဒါဟာဖြစ်လေ့ရှိတဲ့သဘာဝဖြစ်စဉ်ပါ။ ဒီအချိန်မှာ ကလေးရဲ့နို့သီးခေါင်းကိုစူနေတယ်ဆိုပြီး ပိန်အောင်ညှစ်ပစ်တာမျိုး၊ ဆိတ်တာမျိုးလုံးဝမပြုလုပ်ရပါဘူး။ အနာဖြစ်ပြီး ရောဂါပိုးဝင်နိုင်ပါတယ်။ ကလေးရဲ့နို့သီးခေါင်းကို ညှစ်ခြင်းဟာ လုံးဝရှောင်ကြဉ်ရမယ့်အပြုအမူဖြစ်ပါတယ်။
ရက်သတ္တပတ်အနည်းငယ်အကြာမှာ သူ့အလိုလိုပုံမှန်ဖြစ်သွားပါလိမ့်မယ်။ ရင်ဘတ်မှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းနဲ့ဖျားနာခြင်းမရှိရင်စိုးရိမ်စရာမရှိပါဘူး။ အထက်ပါလက္ခဏာတွေရှိရင်တော့ ဆရာဝန်ပြရပါမယ်။
Misconception 7
💠ကလေးကပါးစပ်ထဲမှာအဖြူဖတ်တွေ၊ နို့ချိုးတွေကပ်နေတယ်...သူငယ်နာဖြစ်နိုင်တယ်...သေးဝတ်နဲ့ကလေးလျှာကိုသုတ်ပေးရမယ်။
ဖြေ။ ။ ကလေးကနို့ကောင်းကောင်းမစို့တော့ဘဲ လျှာပေါ်မှာလည်းအဖြူဖတ်လေးတွေမြင်ရတယ်ဆိုရင်
မက်ခရုလို့ခေါ်တဲ့ မှိုရောဂါဖြစ်နိုင်ပါတယ်။Oral Thrush (Oral Candidiasis)လို့ခေါ်တဲ့ မက်ခရုဟာ ရင်သွေးငယ်တွေမှာ အဖြစ်များပါတယ်။ ကလေးငယ်ရဲ့ပါးစပ် အတွင်းအပြင်တစ်ဝိုက်မှာ ဖြစ်တတ်ပါတယ်။
ကလေးငယ်ရဲ့ ပါးစပ်မှာ မှက်ခရုဖြစ်နေပြီဆိုရင်တော့ ကလေးဆရာဝန်နဲ့ပြသသင့်ပါတယ်။ မှိုသတ်ဆေး၊ လိမ်းဆေး cream များနဲ့ကုသလို့ရပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေ ဘာဆေးနဲ့မှကုသမှုမယူဘဲ တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ ကောင်းသွားတတ်တာမျိုးရှိပါတယ်။
ဆေးအနေနဲ့ Nystatin , Miconazole အစရှိတဲ့ဆေးများရှိပါတယ်။ ပမာဏနဲ့ ဆေးညွှန်းကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကလေးလျှာပေါ်လိမ်းပေးရမှာပါ။ အစာမစားခင် သို့မဟုတ် နို့မတိုက်ခင် နာရီဝက်မှာပေးရင်ပိုကောင်းပါတယ်။ လိမ်းဆေးကိုတော့ ပါးစပ်အတွင်းနဲ့ လျှာပေါ်ကနေရာတွေကို လိမ်းတဲ့ဂွမ်းတံလေးနဲ့ ဆေးကိုတို့ပေးရပါတယ်။ လက်နဲ့လိမ်းပေးမယ်ဆိုရင် လက်ကသန့်ရှင်းစင်ကြယ်နေဖို့လိုပါတယ်။
အရေးကြီးတဲ့အချက်ကတော့ ကလေးပါးစပ်ထဲမှာမက်ခရုဖြစ်တာကို သူငယ်နာလို့အရပ်ကပြောတဲ့စကားကိုယုံပြီး မသန့်ရှင်းတဲ့အရာတွေနဲ့ ကလေးလျှာကိုသုတ်လိမ်းတာမျိုး လုံးဝမလုပ်ဖို့ပါပဲ။
----------------------------------------------
လူကြီးမိဘများအနေနဲ့လည်း ငါတို့တုန်းက ဒီလိုပဲကလေးကိုမွေးလိုက်တာပါပဲ...နင်တို့အလှည့်ကျမှ အကဲပိုလွန်းတယ်လို့မတွေးစေချင်ပါဘူး။ ယခုခေတ်ကလေးတွေ ဉာဏ်ပိုကောင်းလာတယ်ဆိုတာလည်း မကြာခဏကြားနေကျစကားဖြစ်ပါတယ်။ အခုခေတ်မှာ အစားအသောက်၊ အမူအကျင့်နဲ့ ကလေးထိန်းကျောင်းနည်းကအစ စနစ်တကျပြုပြင်လာလို့ ဒီလိုရလဒ်ကောင်းတွေထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်သင့်တဲ့အရာတွေ၊ အယူအဆမှားတွေကို ပယ်ရှားရပါမယ်။
ဒီအချက်တွေကတော့ မွေးကင်းစကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အယူအဆမှားတွေနဲ့ ပြောင်းလဲစွာ သိသင့်တဲ့ကျန်းမာရေးဗဟုသုတများစွာထဲကမှ အနည်းငယ်ကိုဝေမျှထားတာပဲဖြစ်ပါတယ်ရှင်။ မိမိရဲ့သားသမီးလေးများကို အန္တရာယ်ကင်းစွာပြုစုစောင့်ရှောက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုပါ။
(25.8.2022 မှဆောင်းပါးဖြစ်ပါသည်)