16/09/2022
ဘီဘီစီမီဒီယာအက်ရှင်ရဲ့ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်ကို စစ်ကောင်စီက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချ
မတရားအသင်းဆက်သွယ်တဲ့ပုဒ်မနဲ့ အမှုဆက်ရင်ဆိုင်ရ
ဘီဘီစီမီဒီယာအက်ရှင်ရဲ့အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်ကို ဖမ်းဆီးပြီး တစ်နှစ်ကျော်အကြာမှာစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အတွက် ဗဟန်းတရားရုံးက ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကပြောပါတယ်။
မထက်ထက်ခိုင်ကိုစစ်ကောင်စီကဖမ်းဆီးသွားပြီးနောက်ပိုင်း ပုဒ်မ ၅၀၅-က အပြင် ဖက်ဒရယ် FM မှာ လုပ်အားပေးအယ်ဒီတာအဖြစ် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားအသင်းဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခဲ့ပါတယ်။
“ဒီကနေ့တော့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချလိုက်တာပါ။ နောက်အမှုတစ်ခုက စစ်ဆေးပြီးသွားပြီ ။ ဒီတစ်ပတ်ထဲမှာ အပြီးသတ်လျှောက်လဲချက်ပေးရမယ်။ အဲဒါပြီးရင်တော့ အမိန့်ချမယ်။ အယူခံအတွက်တော့ အခုချိန်ထိဘာမှမပြောထားသေးဘူး’’ လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက ဘီဘီစီကိုပြောပါတယ်။
မထက်ထက်ခိုင်ဟာ အရင်က မီဒီယာအက်ရှင်က ထုတ်လွှင့်ခဲ့တဲ့ ခံစားကြည့်ရုပ်သံအစီအစဉ်ရဲ့ တင်ဆက်သူလည်းဖြစ်ခဲ့ပြီး အဲဒီ ခံစားကြည့်အစီအစဉ်ကို စစ်တပ်က အာဏာမသိမ်းခင်က မြန်မာ့ရုပ်မြင်သံကြားမှာလည်း ထုတ်လွှင့်ခဲ့ဖူးပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ အတူတူ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကိုတော့ စစ်ကောင်စီကပုဒ်မ ၅၀၅-က အပြင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချနိုင်တဲ့ ပုဒ်မ ၁၂၄ (က) နဲ့ ပါ ထပ်ပြီး တရားစွဲဆိုထားပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၅ ရက်ဟာဆိုရင် နိုင်ငံတကာ ဒီမိုကရေစီနေ့ဖြစ်ပြီး ၂၀၂၂ခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့အတွက် ဆောင်ပုဒ်က “ ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စို့ ” ဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းဌာန ၉ ခုဟာ လိုင်စင်ပိတ်သိမ်းခဲ့ထားရသလို သတင်းထောက်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ သတင်းသမား ၆၀ ကျော်ဟာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဒီအခြေအနေဟာဆိုရင် ဒီမိုကရေစီ ပျက်သုဉ်းဖို့ ပြယုဂ်ဖြစ်တယ်လို့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
ဘီဘီစီရဲ့ နောက်ဆုံးရသတင်းများ စုစည်းတင်ဆက်မှု
https://www.bbc.com/burmese/articles/crg23ryg23xo