11/04/2026
စင်ကာပူကနေ ဖတ်ချင်တဲ့ ချစ်သောတို့အတွက် စင်ကာပူမှာ ဝယ်လို့ရပြီနော်။ အကြိုက်ဖတ်လို့ရပြီလို့။ Onboard မှာ ရောက်နေလို့ ဖတ်ချင်သူတွေလည်း ခဏတာ ကမ်းကပ်တုန်းလေး ဝင်ဝယ်လို့ရပါကြောင်းရှင် 🥰🥰🥰
📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖
PN Publishing House ကနေ တင်ဆက်ပေးလိုက်တာကတော့ ဆရာ လေပြည် (The Mariner) ရေးသားတဲ့ 📖 လွမ်းမောမိသော အတိတ်နေ့ရက်များ 📖 ဆိုတဲ့ စာအုပ်လေးပါပဲ။
ခံစားမှုရသပေးတဲ့ စာအုပ်တစ်အုပ်ဆိုတာထက်ကိုပိုတဲ့ ဒီစာအုပ်လေးထဲမှာ စာရေးဆရာ လေပြည် (The Mariner) က...
✍️Seaman တစ်ယောက်ရဲ့ Life နဲ့ ပျော်စရာ၊ လွမ်းမောစရာ၊ မိသားစုဘဝကို ဘယ်လိုစတေးခဲ့ရသလဲ ....
✍️ရင်းနှီးမြှုပ်နှံထားရတဲ့ ဖြစ်ချင်တာတွေကို ခဏထား ဘဝအရေး ဘယ်လိုတွေးပြီး ဖြတ်သန်းရလဲဆိုတာတွေ...
✍️ပင်လယ်ထဲမှာ သက်စွန့်ဆံဖျားဘယ်လို ရုန်းကန်ရှင်သန်ခဲ့ရသလဲဆိုတာတွေ...
✍️လူမျိုးခြားတွေရဲ့ အလယ်မှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာတွေ ...
✍️အရာရှိဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ကြုံရဆုံရမယ့်အခက်အခဲတွေကို ဘယ်လိုစိတ်ထားမျိုးနဲ့ ကျော်ဖြတ်ရမလဲ၊ ကျော်ဖြတ်သင့်သလဲဆိုတာတွေ...
ကို ကလောင်သွားထက်ထက်နဲ့ ဟာသအနှောလေးနဲ့ ရေးသားထားတာမို့ ခံစားမှုရသစုံစုံလင်လင်နဲ့ တစ်ပုဒ် ဘယ်လိုပြီးသွားမှန်းမသိအောင် ဖတ်ရမှာပါ။
စာရေးဆရာဟာ စာချစ်သူတို့ကို ဒီလိုလေး အမှာစကား ပါးထားပါသေးတယ်နော်။..
" အတိတ်ဆိုတာကို ပြန်ပြောင်းသတိရရုံသာ ကျွန်တော်တို့ တတ်နိုင်ကြပါတယ်။
လူတိုင်းကိုယ်စီမှာ အတိတ်အကြောင်းတွေ ရှိကြပါတယ်။
အဲ့သည်အတိတ်တွေမှာပဲ ကျွန်တော်တို့ရဲ့ သမိုင်းကိုရေးခဲ့ကြပါတယ်။ အတိတ်မှာ လောကဓံတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ သောကဒဏ်ရာတွေ ရှိခဲ့ကြမယ်။
အတိတ်မှာ ပြောပြချင်တဲ့ အမှတ်တရတွေရှိခဲ့ကြမယ်။
ကျွန်တော်တို့ ပြန်မတွေးချင်တော့မယ့် အကြောင်းတွေ ရှိသလို အခါခါပြန်တွေးမိနေတဲ့ အကြောင်းတွေ ရှိမယ်။
တကယ်တော့ အတိတ်ဆိုတာ ကျွန်တော့်အတွက်တော့ အမှားတွေထဲက သင်ခန်းစာ ယူစရာ အတွေးကမ္ဘာလေး တစ်ခုထက် မပိုခဲ့ပါဘူး။ ကျွန်တော်က သင်္ဘောလိုက်နေသူ တစ်ယောက်ပါ။
သင်္ဘော လိုက်တဲ့ သက်တမ်းက အတော်ကြာခဲ့ပါပြီ။
သင်္ဘောပေါ်မှာ အရာရှိရာထူးနဲ့ တာဝန်ထမ်းဆောင်ဖို့ဆိုတာ အောက်ခြေ ဘဝက အစပြုရပါတယ်။ အ
ဖေက သူဌေးမို့လို့ သားက ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာသလိုမျိုး မလွယ်ကူပါဘူး။
ကျွန်တော်တို့ ဘဝတွေဟာ အနိမ့်အမြင့် မညီတဲ့ လှေခါးထစ်တွေကို နင်းဖြတ်ခဲ့ရတာပါ။
ကျနော်တို့က ဘဝစုံခဲ့ပါတယ်။
မနက်မိုးလင်းတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အိမ်ကထည့်ပေးတဲ့ ထမင်းချိုင့်လေး ယူပြီး ရုံးသွား၊ အဲ့သည်လို ရိုးရှင်းတဲ့ဘဝမျိုးတော့ မဟုတ်ခဲ့ပါ။
အခု စာဖတ်သူဟာ ပင်လယ်ထဲ မရောက်ဖူးသူဆိုရင် စာဖတ်သူအတွေးထဲမှာ တစ်ခါမှ မတွေးဖူးတဲ့ ဘဝမျိုးတွေမှာ သင်္ဘောသားတွေက နေထိုင်ကြရသူတွေပါ။
ကျွန်တော်က သည်ခံစားချက်တွေကို မျှဝေချင်တာပါ။
သည်စာအုပ်ကလေး ထုတ်ဝေမယ်လို့ အစပြုလိုက်တော့ ရင်ထဲကနေ ဘယ်သူတွေကို ဖတ်စေချင်သလဲလို့ တွေးမိတယ်။
သင်္ဘောသားတစ်ယောက်က သည်စာအုပ်ကို ဖတ်မိရင် ကျွန်တော် ဘာကို ဆိုလိုသလဲ ချက်ချင်း သဘောပေါက်မှာပါ။
ကုန်းပေါ်က စာဖတ်ပရိသတ်အနေနဲ့ မကြုံဖူးတဲ့ ပင်လယ်ပြင် အတွေ့အကြုံကို သူတို့ ဘယ်လိုပုံဖော်မလဲ။
ကျွန်တော့်ရဲ့ စာတွေကပြောတဲ့ စကားတွေကို သူတို့ နားလည်ပါ့မလား။
အဲ့ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
ကျွန်တော်က စာဖတ်သူကို ရသပေးချင်သူပါ။
စာဖတ်သူရင်ထဲ ခံစားမှုတစ်စုံတစ်ရာကျန်ခဲ့စေချင်သူပါ။
ကျွန်တော် အတတ်နိုင်ဆုံး စာဖတ်သူ နားလည်ခံစားလို့ ရအောင် ကြိုးစားရေးသားထားပါတယ်။ စာအုပ်ကို ခံစားကြည့်ရင်း ရသ တစ်စုံတစ်ရာ ရင်ထဲကျန်ခဲ့တယ်ဆိုရင် ကျွန်တော့်အနေဖြင့် ရေးသားရကျိုးနပ်ပြီဟု ခံယူမိပါကြောင်း... "
------------
ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့သူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကို သေချာပေါက် သိသွားမှာ၊ သေချာပေါက် နားလည်သွားမှာဖြစ်သလို ကိုယ်တိုင်ကလည်း တစ်နယ်တစ်ကျေးရောက်နေရသူဆိုရင်တော့ ဒီစာအုပ်ဟာ ကိုယ်နဲ့ထပ်တူပါလားဆိုတဲ့ စိတ်ခံစားချက်ကို ပေးမှာပါ။
Credit
#လွမ်းမောမိသောအတိတ်နေ့ရက်များ