01/09/2022
သန်လျင်တပ်တွင်း ပစ်ခတ်မှု ဗိုလ်ကြီး အပါအဝင် ၉ဦး သေဆုံး
ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတွင် ယမန်နေ့(ဩဂုတ် ၃၁)ညပိုင်းက တာဝန်ကျ စစ်သားချင်း ပစ်ခတ်မှုဖြစ်ပွား၍ ဗိုလ်ကြီး အပါအဝင် ၉ဦး သေဆုံးသွားသည်။
ယမန်နေ့ည ၁၀ နာရီ ခွဲကျော်အချိန်က ရန်ပွဲဖြစ်ပြီးနောက် စစ်သား ၂ဦးက အခြားစစ်သည်များနှင့် မိသားစုဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ပစ်ခတ်မှုအတွင်း ဗိုလ်ကြီး၁ဦး၊ စစ်သား၆ဦးနှင့် မိသားစုဝင်အမျိုးသမီး ၂ဦးသေဆုံး၊ တပ်သား တစ်ဦးနှင့် ၁၀ နှစ်သားအရွယ်သားဖြစ်သူတို့ စိုးရိမ်ရ ဒဏ်ရာရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်ထံမှသိရသည်။
သေဆုံးသွားသူများမှာ ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ် သိန်းအောင်၊တပ်သားများဖြစ်သည့် တိုးတက်နိုင်၊ မျိုးမင်းခန့်၊ စန်းဝင်း၊ အောင်လေးနှင့် လင်းလင်းထွေးတို့ ဖြစ်သည်။ ထို့အပြင် စခန်းရှိ တပ်ကြပ်ကြီး ဇော်မိုးဦး၏ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မော်မော်စန်းနှင့် ၃၀ နှစ်အရွယ် သမီးဖြစ်သူ မအေးမြတ်မိုးတို့လည်း သေဆုံးခဲ့သည်။
ပစ်ခတ်ခဲ့သူတစ်ဦးမှာ တပ်သား ဝေယံကျော်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၁) နံနက်ပိုင်းမှစ၍ သန်လျင်တစ်မြို့လုံးကို စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများထံမှသိရသည်။ သန်လျင်တံတား၏ ရန်ကုန်မြို့ဘက် အဝင်ခြမ်းကိုပိတ်ချထားကြောင်း၊ တံတားမှ ဖြတ်လာသည့် ယာဉ်များပေါ်တွင် လိုက်ပါလာသူများကို ဆင်းခိုင်းကာ ဖုန်းနှင့်အိတ်များ စစ်ဆေးနေသည်ဟု သိရသည်။
ထိုပစ်ခတ််မှုနှင့်ပတ်သက်၍ သန်လျင်တပ်စခန်းနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။
ဟန်သစ်/Myanmar Now