31/10/2024
ကျနော်နှင့် စာအုပ်များ
ပြောရရင် ကိုယ်က အနုပညာနဲ့ပတ်သက်ရင် နှံ့နှံ့စပ်စပ်သိတာရယ်လို့မဟုတ်ဘူး ကိုယ်သိသလောက်ကိုပဲ ထဲထဲဝင်ဝင်ခံစားတတ်တဲ့သူမျိုး ။ အနုပညာဆိုတဲ့စကားလုံးကျ နည်းနည်းကျယ်ပြန့်သလိုဖြစ်နေလိမ့်မယ် ။ မုန့်ဖုတ်တာ ဟင်းချက်တာတွေကလည်း တကယ်တော့ အနုပညာပါပဲ ။ အကြမ်းဖျင်းဘုံထုတ်ရင် စာပေ ၊ ပန်းချီ ၊ ရုပ်ရှင် ၊ ဂီတ ဒီ ၄မျိုးပေါ့ ။
စာပေနဲ့ကိုယ်က covid တွေဖြစ် အာဏာသိမ်းတာတွေကြုံရနဲ့ အိမ်တွင်းအောင်းရင်း အဲ့လိုင်းဘက်ကူးသွားတာ သက်သက်ပဲ ။ ကျနော်က ဘာကောင်မှတော့မဟုတ်ပေမယ့် လူကြိုက်များရင် သိပ်မကြိုက်ချင်ဘူး။ ကျောင်းသားဘဝတုန်းက စာကြည့်တိုက်သွားရင်း မဂ္ဂဇင်းအဖုံးမှာ ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူကို ညွှန်းထားတာတွေ့တော့ အသေအလဲဖတ်ချင်တာ ။ ဒဿဂီရိအချစ်အကြောင်းဆိုတာပါလို့လေ ။ ငယ်ငယ်ကတည်းက "ကျမကိုချစ်တာဘယ်သူတဲ့လဲ" ဆိုတဲ့သီချင်းသံကြားရင် "ငါပဲ ငါပဲ ငါပဲ ငါပဲ" ဆိုပြီး အသံသြသြကြီးနဲ့လိုက်ဆိုတော့တာ ။ ကျောင်းလည်းပြီးရော လိုင်းပေါ်မှာလိုက်ရှာတော့ ၂၀၁၉ လောက်တုန်းက အဲ့စာအုပ်က နာမည်ကြီးဆိုတော့ တက်လာတာတွေအများကြီးပဲ ။ လူတိုင်းက ကောင်းလိုက်တာဆိုတဲ့ မှတ်ချက်တွေချည်းပဲ နေရာတကာ အဲ့စာအုပ်ထဲက ဒိုင်ယာလော့ဒ်တွေနဲ့ ကပ်ပရှင်တွေရေးကြ အမြင်ကတ်လိုက်တာမှလွန်ရော ။
ဥပမာပေးရရင် ကျနော် state ကျောင်းသားဘဝတုန်းက ကျနော်တို့အတန်းထက်တစ်နှစ်ကြီးတဲ့ သက်ထားအောင် ဆိုတဲ့ မမတစ်ယောက်ရှိတယ် ။ တစ်ကျောင်းလုံးရဲ့ super star ဆိုပါတော့ ။ အဲ့တာကိုမသိတဲ့ ကျနော်က သူ့ကိုကြိုက်နေတာကြာပြီ နာမည်နဲ့လူနဲ့မတွဲမိတာတစ်ခုပဲ ။ တစ်ရက် တစ်တန်းလုံးက ကိုယ်တော်တွေက ကျောင်းဆောင် အပေါ်ထပ်ကနေ အသေရရ အရှင်ရရ မျက်လုံးတွေနဲ့အုံကြည့်နေကြတာများ နေ့လည်ဆွမ်းစားချိန်မှာ သွားရည်တမြမြဖြစ်နေတဲ့ ဘုန်းကြီးကျောင်းက ခွေးအုပ်ကြီးလိုပဲ ။ဒါကိုလည်း တွေ့ရော အဲ့ မမကို အသလွတ်ကြီး တအားမုန်းသွားတာ ။ ခါးခါးသီးသီးပဲ တွေ့လည်းမတွေ့ချင်တော့ဘူး ။ မသိရင် ကိုယ့်ရည်းစားဟောင်းကျလို့ ။ ပြောချင်တာက အဲ့တုန်းကတည်းက I'm different ဆိုတဲ့ညဥ်ရှိတယ်ခေါ်မလားပဲ ။ မောင်ချောနွယ်စကားနဲ့ဆို လူကြိုက်များတာ မကြိုက်တဲ့ကောင်ပေါ့ ။ အဲ့ဒီစာအုပ်ဆိုလည်း အဲ့လိုပဲ လူတိုင်းက သည်းသည်းလှုပ်ဖြစ်နေတော့ သူ့ဟာသူနေတဲ့ ဒဿဂီရိကိုပါ မုန်းသွားတာ။ အလကား ဘီလူးက လူကိုသွားကြိုက်တာခံလေ ဘာညာပေါ့ ။ ဂျူးရဲ့ အမှတ်တရဆိုလည်း အဲ့လိုပဲ ။ ကျမက စာဖတ်ရတာ ဝါသနာပါတယ်လေဆိုပြီး ပြောလိုက်ရင် အဲ့ဒီ "အမှတ်တရ" တောထဲက မထွက်ဘူး ။ဒါပေမယ့် ဆရာမကိုကျ ကိုယ်က လေးစားတော့ စာအုပ်ကိုပဲမုန်းတာ ။
တချို့စာအုပ်တွေကျပြန်တော့လည်း မျှော်လင့်ထားတာနဲ့ တက်တက်စင်အောင်လွဲနေတော့ စိတ်ပျက်မိတာတွေလည်းရှိတယ် ။ ဥပမာ ဦးနုရဲ့ မိတ္တဗလဋီကာ ဆိုရင် ၁၀မျက်နှာထပ် ပိုဖတ်လို့မရဘူးကြိုးစားပြီးတောင် မဖတ်နိုင်ဘူး ။ ဒေးကာနက်ဂျီရေးတာပဲ မကောင်းတာလား ဦးနုကပဲ ဘာသာပြန်တာ မဆီလျော်တာလားမပြောတတ် ။ ဆီလျော်အောင် ဘာသာပြန်တဲ့နေရာမှာတော့ သင့်လူက မာစတာပိစ့် လို့ဆိုရမယ် ။ ယန်းဖိလစ်ဆန်ကာရဲ့ Heart series ၃ အုပ်ဆိုရင် သူကိုယ်တိုင်များ ရေးထားသလားမှတ်ရလောက်အောင် ဘာသာပြန်စကေးက နိတ်စ်လယ်ဗယ်ဖြစ်နေပြီ ။ နိုင်ငံခြားဘာသာပြန်စာအုပ်ထဲမှာ ကိုငှက်ရဲ့ "တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်" သီချင်းပါ ပါနေရော ။
နောက်ပြီး ဆရာညီပုလေးက ကိုယ်အလေးစားဆုံးဆရာပဲ ။ သူ့ရဲ့ personality က ဘယ်လိုရှိမယ်ဆိုတာ သူ့စာအုပ်တွေဖတ်ကြည့်ရင်သိနိုင်တယ် ။ ကိုယ်နဲ့ဘာမှတော်တာမဟုတ်ပါဘူး ပင်ကိုသိစိတ်အရပြောတာ ။ ကျနော်ပထမဆုံးစဖတ်ဖြစ်တဲ့ သူ့စာအုပ်က "ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်" လက်နှစ်လုံးစာလောက်ရှိတဲ့ စာမျက်နှာ ၆၀၀ ကျော်ကို ၃ရက်နဲ့အပြီးဖတ်လိုက်မိတယ် ။ ကိုယ်ပြောချင်တာက သူ့ရဲ့အရေးအသား ။ ကျနော်စာတွေစဖတ်တာက တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေ ။ သူက စကားလုံးတွေကို အရမ်းကွန့်မြူးထားတတ်တော့ စာဆိုရင် အသုံးအနှုန်းတွေက လန်ပြန်နေအောင် မြင့်နေရမယ်ဆိုတဲ့ အသိကစွဲနေတာ ။ ဆရာညီပုလေးကကျ တုံးတိ ။ သူရေးပုံက ဘယ်လိုလဲဆိုရင် "တောင်တန်းပေါ်က နာဂလူမျိုးတွေရဲ့ကလေးဘဝဟာ စစ်ချီသီချင်းတွေနဲ့ပင် နားရည်ဝခဲ့ရပါသည်" ဘာညာ အဲ့လိုမဟုတ်ဘူး "သူတို့ရဲ့ သားချော့တေးဟာလည်း ဒါပဲ" အဲ့ဒီလို တုံးတိကြီးဖြစ်နေတာ။ ဒါကိုက သူ့ရဲ့ စာရေးဟန်ဆွဲဆောင်နိုင်မှုပဲ ။ ဖတ်ဖူးသမျှသူ့စာအုပ်တွေ ကျနော် တော်တော်ကြိုက်တယ် ။ မြေးသူကြီး ၊ လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ အစရှိသဖြင့်ပေါ့ ။
သူငယ်ချင်းတွေနဲ့စာအုပ်အကြောင်းပြောဖြစ်ရင် အကြိုက်ဆုံးစာအုပ်ဆိုတာက ပါစမြဲပဲ ။ ကျနော့်အဖြေတွေက တစ်ခါနဲ့တစ်ခါ မတူဘူး ။ ကျနော်က ဒီနေ့ "ဇီးကွက်ချောင်း" ကြိုက်ရင် နောက်နေ့ "မီ" ကို ကြိုက်ရင်ကြိုက်သွားတာ ။ ဒါပေမယ့် အခု ဒီစာရေးနေရင်း ပထမဆုံးအကြိမ် ကိုယ့်ဟာကိုယ် ပြန်မေးမိတော့ ကျနော်အကြိုက်ဆုံးစာအုပ်က ဦးလှဝင်းဘာသာပြန်တဲ့ "ပါပီလွန်နှင့်ဗင်ဂို" ဖြစ်နေတယ် ။ အဲ့ဒီစာအုပ်က အကျဥ်းသားပါပီလွန်ရဲ့ ထောင်ဖောက်နည်းဗျူဟာ အဖြာဖြာပေါ့ ။ ဒါပေမယ့် ကိုယ်ကြိုက်တာက သူ့ရဲ့ကြိုးစားချင်စိတ်မဟုတ်ပြန်ဘူး ကိုယ်က သူ့ရဲ့တစ်နေ့ပြီးတစ်နေ့ဖြစ်ပျက်နေတဲ့ နိစ္စဓူဝကိစ္စတွေကို ကြိုက်တာ ။ထားပါ ဒီအကြောင်း အကျယ်တဝင့်ရှင်းပြနေရင် စာအုပ်တစ်အုပ်လောက်ထုတ်ရလိမ့်မယ် ။ ထုတ်ဝေသူတော့လည်း ရှိမယ်မထင်ပါဘူး အလကားလျှောက်ရေးလို့ရတဲ့ ဆိုရှယ်မီဒီယာပေါ်က ချာတိတ်တစ်ယောက်ပဲကို ။ ဘာပဲဖြစ်ဖြစ် ကြုံကြိုက်ရင် အဲ့ဒီစာအုပ်လေး ဖတ်ကြည့်ဖို့ ညွှန်းချင်ပါတယ် ။
ကျနော်အကြိုက်ဆုံးစာအုပ်တွေက များများစားစားသိပ်မရှိလှဘူး ။ အဲ့ဒီထဲမှာ မောင်ထွန်းသူ ဘာသာပြန်တဲ့ "ဇာစ်မြစ်" ဆိုတဲ့စာအုပ်လေးကတော့ တစ်သက်မှာ ဖတ်ရတာ အတန်ဆုံးစာအုပ်ဖြစ်လိမ့်မယ် ။ "၁၉၆၀ခုနှစ်" အာဖရိကတိုက်ကို အမေရိကန်တွေကျူးကျော်ပြီး ကျွန်အဖြစ်သိမ်းပိုက်ခံရတဲ့ နီဂရိုးတွေအကြောင်းပေါ့။ စာအုပ်ကိုရေးသားသူက အဲ့ဒီလူမျိုးတွေရဲ့ မြေးမြစ်တွေထဲက တစ်ယောက် ။ သူက အဲ့ဒီစာအုပ်ကို ၁၂ နှစ်ကျော်ကြာ စာတမ်းသုတေသနလုပ်ပြီးရေးခဲ့တာ ။ အောင်မြင်မှုလည်းတော်တော်ရခဲ့တဲ့စာအုပ်ပဲ ။ အနောက် ဥရောပနိုင်ငံတွေမှာ လူဖြူလူမဲခွဲခြားတာဟာ ဘာကြောင့်မှန်းသေချာသိခဲ့ရတယ် ။ အာဖရိကန်တွေက သူတို့တွေရဲ့ ကျွန်မျိုးနွယ် အခိုင်းအစေသတ္တဝါတွေလေ ။
စာလည်းရှည်သွားပြီမို့ ဒီလောက်ပါပဲ ။ ဒါတွေက စာအုပ်တွေနဲ့ပတ်သက်ပြီး ကျနော့်ရဲ့အမြင်သက်သက်ပါ ။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။