03/05/2026
■ နောင် (၁၀) နှစ်လောက်အကြာမှာ၊ ရက္ခိုင့်တပ်တော် [အာရက္ခတပ်တော်] ဟာ "ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA" ထပ်တောင် သာလွန်ကြီးထွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြီးအဖြစ် ရောက်ရှိသွားနိုင်ချေ ရှိတယ်။ [အဆိုကြမ်း - သို့မဟုတ် - အနုမာနမှန်းဆချက်]
ဒါက အဆိုကြမ်းတစ်ခုပါ။ သို့မဟုတ် အနုမာနမှန်းဆချက်တစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲသည့်လို ပြောရခြင်း အကြောင်း ရှိပါတယ်။ အဲသည့်လို ပြောတဲ့အခါမှာ၊ လက်ရှိ ရက္ခိုင့်တပ်တော် (အေအေ) ဟာ၊ အာရက္ခဒေသတစ်ခုလုံးကို သီးခြားလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေနဲ့ ခွဲမထွက်ဘဲ၊ မြန်မာနိုင်ငံအတွင်းမှာပဲ ဗဟိုရဲ့ အာဏာစက်ကနေ ဗဟိုခွာအား အမြင့်မားဆုံးရထားတဲ့ အာရက္ခဒေသအဖြစ် ရှိထားတဲ့ အခြေအနေကို ညွှန်းပြီး ပြောတာဖြစ်ပါတယ်။ အကယ်၍ လာမယ့် (၁၀) နှစ်အတွင်းမှာ အာရက္ခနိုင်ငံတော်အဖြစ် သီးခြားလွတ်မြောက်သွားရင်တော့ ဒီအဆိုကြမ်းဟာ ကိုယ်စားပြု ရည်ညွှန်းနိုင်မှာ မဟုတ်ပါဘူး။
ဒီလို ပြောရတာကတော့ လက်ရှိ အနေအထားအထိ ရက္ခိုင့်တပ်တော် ခေါင်းဆောင်ဟာ သီးခြားလွတ်လပ်သော အချုပ်အခြာအာဏာပိုင် အာရက္ခနိုင်ငံတော်အဖြစ် တည်ထောင်သွားမယ် (သို့မဟုတ်) မြန်မာနိုင်ငံထဲက ခွဲထွက်မယ်ဆိုတဲ့ စကားကို တိုက်ရိုက် ပြောထားတာ မရှိသေးလို့ပါပဲ။ သူ ပြောထားတာက သွယ်ဝိုက်သောနည်းနဲ့ အရိပ်အမြွက်လောက်သာ ပြောတာတွေ့ခဲ့ရပါတယ်။ နိုင်ငံရေးအရ ညှိကြတဲ့အခါ၊ လိုလားချက်ကို နိုင်ငံရေးပရိယာယ်အားဖြင့် bargaining power အမြင့်မားဆုံးရနိုင်အောင် ပြောထားတဲ့သဘောမျိုးသာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျနော်ဟာ ယခု တင်ပြတဲ့ အဆိုကြမ်း [အနုမာနမှန်းဆချက်] ကို၊ မြန်မာနိုင်ငံအတွင်းက ခွဲထွက်မသွားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ ပညတ်ပြီး အဆိုပြုတာဖြစ်ပါတယ်။ အဲသည့်လို အဆိုကြမ်းကို တင်ပြဆွေးနွေးရခြင်း အကြောင်း ရှိပါတယ်။
အဲသည့် အကြောင်းအရင်းတွေကို ကြည့်ရင် အဓိက အချက်အားဖြင့် (၅) ချက်ရှိပါတယ်။
၁။ မဟာဗျူဟာမြောက်ပထဝီနိုင်ငံရေးတည်နေရာ
၂။ ထူးခြား၍ အခွင့်သာသော ပထဝီစီးပွားရေးအခြေအနေ
၃။ ရက္ခိုင့်တပ်တော်ခေါင်းဆောင်ပိုင်း၏ ငယ်ရွယ်မှု
၄။ ရက္ခိုင်အမျိုးသားရေးဝါဒ (တနည်း) ရက္ခိုင်အမျိုးသားရေးကျစ်လစ်မှု
၅။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အာရက္ခဒေသတွင်း စစ်ရေးအောင်မြင်မှု
■ ၁။ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးတည်နေရာ။
ဒီကိစ္စကို အထူးတလည် ပြောရခြင်း အကြောင်းရှိပါတယ်။ အဆိုကြမ်းမှာ ပါဝင်တဲ့ “ဝ-တပ်” ခြေကုတ်ယူထားတဲ့ နယ်မြေနဲ့ပဲ နှိုင်းယှဉ်ကြည့်ရအောင်ပါ။
❐ ပထမ
ပထမဆုံး ပြောချင်တာက ဝ-ပြည်ဟာ ကုန်းတွန်းပိတ် [Close Position] ဖြစ်ပါတယ်။ အာရက္ခဒေသကတော့ ကမ်းရိုးတန်း အရှည်မိုင် ၇၄၀ ကီလိုမီတာ [from the mouth of the Naaf River to Mawtin Point, about 740 km in length] ရှိတဲ့ အပွင့်အနေအထားနဲ့ ရှိတဲ့ နယ်မြေမြစ်ပါတယ်။ ပထဝီနိုင်ငံရေးမှာ ကုန်းတွင်းပိတ်ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ကုန်သွယ်ကူးလူးဖို့ အားသာချက်ရှိတဲ့ ကမ်းရိုးတမ်း ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းက အလွန် အင်မတန် စကားပြောပါတယ်။ ဒီအချက်အပေါ် မူတည်ပြီး၊ ကိုယ့်ရဲ့ တိုင်းနိုင်ငံနဲ့ ဒေသကို အများကြီး လုပ်နိုင်ပါတယ်။
ပထဝီအနေအထားအရ အာရက္ခဒေသဟာ အပိတ် မဟုတ်ဘဲ၊ အပွင့်အနေအထားအရ ရှိနေခြင်းဟာ လုံလောက်တဲ့စစ်ရေးအင်အားကို ချဲ့နိုင်သမျှ ချဲ့နိုင်ဖို့အတွက် ပထဝီအခွင့်အရေး အမြောက်အများ ရှိပါတယ်။ အထူးသဖြင့် စစ်ရေးအင်အားကို ကြည်းတပ်သာမက၊ ရေတပ်အတွက်ပါ သာလွန် တိုးချဲ့အင်အားနဲ့ ပုံစံအမျိုးမျိုးတည်ဆောက်နိုင်ခြင်းပါ။
❐ ဒုတိယ
နောက်ထပ် ဒုတိယအနေနဲ့ ထူးခြားတာက “ဝ-ပြည်” ဟာ မြန်မာနိုင်ငံရဲ့ ဗဟိုအာဏာစက်နဲ့ ဝေးလွန်းပြီး သံလွင်မြစ်ခြားထားတဲ့ အစွန်အဖျားနယ်မြေ [peripheral area] ဖြစ်သလို၊ အာရက္ခဒေသကလည်း ဗဟိုအာဏာစက်နဲ့ အလွန်ဝေးပြီး ကြားထဲမှာ ရက္ခိုင်ရိုးမခြားထားတဲ့ အစွန်းအဖျားနယ်မြေဖြစ်ပါတယ်။ ပထဝီနိုင်ငံရေးရဲ့ သဘောတရားမှာ၊ ဗဟိုထက် အစွန်အဖျားနယ်တွေက ပိုပြီး အခွင့်အလမ်းသာတဲ့ကိစ္စ တွေ အမြောက်အမြား ရှိပါတယ်။ အာရက္ခဒေသဟာ ဝပြည်နယ်ကဲ့သို့ အစွန်အဖျားဖြစ်ပေမယ့် တရုတ်နဲ့ မြန်မာအကြား ပူးညှပ်ပိတ်ညှပ် ဖြစ်ထားတဲ့ ဘေးကျပ်နံကျပ် အစွန်အဖျားနယ် မဟုတ်ပါဘူး။ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားတဲ့ အစွန်အဖျားနယ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်မနဲ့ ဗဟိုအာဏာစက်အကြားမှာ ရက္ခိုင်ရိုးမ စည်းခြားထားနိုင်တဲ့ ပထဝီအားသာချက်မျိုး ရှိသလို၊ အနာဂတ်မှာ လုံခြုံရေးနဲ့ စီးပွားကူးသန်းရေး အခွင့်အလမ်းအတွက် နိုင်ငံတကာနိုင်ငံတွေနဲ့ မိတ်ဖက်ပြုနိုင်တဲ့ ပထဝီအားသာချက်မျိုးမှာ ရှိနေပါတယ်။
အစွန်အဖျားနယ်မြေဖြစ်ခြင်းဟာ မိမိတို့ရဲ့ စစ်အင်အားကို ဗဟိုအာဏာစက်ရဲ့ အနှောက်အယှက်ကင်းကင်းနဲ့ တည်ဆောက်နိုင်ဖို့အတွက် မဟာအခွင့်အရေးကို ပေးပါတယ်။ ဒီအခွင့်ကို သုံးပြီး ဗဟိုအာဏာစက်ရဲ့ လက်လှမ်းကွာဝေးမှုကို အသုံးချပြီး စစ်အင်အားတည်ဆောက်ဖို့ အခွင့်ဟာ ရက္ခိုင့်တပ်တော်မှာ ရှိနေပါတယ်။
❐ တတိယ
နောက်ထပ် တတိယအချက်အနေနဲ့ ပြောချင်တာကတော့ ပိုင်နယ်နယ်မြေ အကျယ်အဝန်း [Size] ကိစ္စဖြစ်ပါတယ်။ ဝပြည်နယ်ရဲ့ လက်ရှိ တည်နေရာ နယ်နိမိတ်ဟာ စုစုပေါင်း ကီလိုမီတာ ၂၇,၀၀၀ ပဲ ရှိပါတယ်။ အာရက္ခဒေသတစ်ခုလုံး (ယခု ရက္ခိုင်ပြနယ်ဧရိယာ) ကတော့ စုစုပေါင်း ကီလိုမီတာ ၃၇,၀၀၀ နီးပါး ရှိပါတယ်။ နယ်မြေအကျယ်အဝန်းအားဖြင့်လည်း ဝပြည်ထက် ကီလိုမီတာ ၁၀၀၀၀ လောက် သာလွန်ကျယ်ဝန်းတဲ့ အာရက္ခဒေသဖြစ်ပါတယ်။ ဒါဟာ ဘယ်သူမှ မရနိုင်တဲ့ အခွင့်ဖြစ်ပါတယ်။
❐ စတုတ်ထ
နောက်ဆုံး စတုတ္ထ အချက်အနေနဲ့ ပြောချင်တာကတော့ မြစ်ချောင်းအင်းအိုင် ပေါများကြွယ်ဝမှုကိစ္စ ဖြစ်ပါတယ်။ ဝပြည်အနေနဲ့ မဲခေါင်မြစ်ဧရိယာနဲ့ သံလွင်မြစ်ဧရိယာတို့ကို ခြေကုတ်ယူထားတယ်ဆိုပေမယ့် အဲသည့်မြစ်တွေဟာ ရေသယံဇာတ ရင်းမြစ် ရရှိပိုင်ဆိုင်မှုဟာ အာရက္ခဒေသမှာ တည်ရှိတဲ့ မြစ်ကြီးတွေဖြစ်တဲ့ နတ်မြစ်၊ မေယုမြစ်၊ ကုလားတန်မြစ်နဲ့ လေးမြို့မြစ်တွေက ပို့ချတဲ့ ရေသယံဇာတ ရင်းမြစ်ပိုင်ဆိုင်မှုနဲ့ယှဉ်ရင် အတော်ကြီး ကွာခြားပါတယ်။ အာရက္ခဒေသရဲ့ ပထဝီအနေအထားဟာ ပင်လယ်သမုဒ္ဒရာကို မျက်နှာမူထားတာဖြစ်ကြောင့် ဘယ်ပြည်နယ်ကမှ မရနိုင်တဲ့ အခွင့်အလမ်းကို ရထားပါတယ်။ ဒါဟာ အနာဂတ် အာရက္ခဒေသအတွက် ကြီးစွာသော ပထဝီအားသာချက်ဖြစ်ပါတယ်။ ဒီလို ပထဝီအားသာချက်ကို အားပြုပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို တည်ဆောက်ရင်ဖြင့်၊ လာမယ့် (၁၀) နှစ်လောက်မှာ ရက္ခိုင့်တပ်တော်ဟာ မြန်မာနိုင်ငံမှာ ဝပြည်ထပ် သာလွန် ကြီးမားတဲ့ ကြည်းတပ်၊ ရေတပ်ကို ပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။
ဒါ့ကြောင့် ရက္ခိုင် လူမျိုးတွေအနေနဲ့ ရက္ခိုင့်တပ်တော်ကို အင်အားကြီးအောင် တည်ဆောက်တဲ့နေရာမှာ ကြည်းတပ်ပါမက မိမိတို့ ပိုင်ဆိုင်ထားတဲ့ မြစ်ချောင်း၊ ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်မှုကို ခြေကုတ်ယူပြီးတော့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာမှ မပိုင်ဆိုင်ထားနိုင်တဲ့ ရေတပ်အင်အားကိုပါ ပူးတွဲတည်ဆောက်ဖို့ဖြစ်ပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အနေနဲ့ ဘယ်လောက်အထိ ငွေကြေးဘဏ္ဍာငွေ ရှိထားသည်ဖြစ်စေ၊ ဝ-တပ်ဟာ ရေတပ်အင်အားကို တည်ဆောက်နိုင်ဖို့ အခွင့် မရှိပါဘူး။ ထိုနည်းလည်းကောင်း ကချင်တပ်အနေနဲ့ ကျောက်စိမ်းတွင်းက ရတဲ့ ငွေကြေးဘဏ္ဍာ ဘယ်လောက်ရှိသည် ဖြစ်စေ ရေတပ်အင်အားကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ချင်းတပ်၊ ရှမ်းတပ်၊ ကရင်နီတပ်တွေလည်း ကြည်းတပ်အင်အားကို ကြီးသထက် ကြီးအောင် လုပ်နိုင်ခွင့် ရှိပေမယ့် ရက္ခိုင့်တပ်တော်လို ရေတပ်အင်အားကို တည်ဆောက်နိုင်ဖို့ ပထဝီအားသာချက် မရှိပါဘူး။ ဒါကို သိမြင်ပြီးတော့ ရက္ခိုင့်တပ်တော်ဟာ ကြည်းတပ်ရော - ရေတပ်အင်အားကိုရော အပြိုင် တည်ဆောက်ရင်ဖြင့် လာမယ့် (၁၀) နှစ်အတွင်းမှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ထပ် သာလွန်ကြီးထွားသွားနိုင်တဲ့ မြန်မာနိုင်ငံအတွင်းမှာ အကြီးမားဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီး တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဝ-တပ်ဟာ ရက္ခိုင့်တပ်တော်လို ရေတပ်အင်အားမျိုးတည်ဆောက်နိုင်ဖို့ အခွင့် မရှိလှပါဘူး။ အများက ဘုံပိုင်သဘောမျိုးရှိထားတဲ့ မဲခေါင်မြစ်ဟာ အထိုက်အလျောက် အသုံးဝင်တာ မှန်ပေမယ့် ရေတပ်အင်အားကို အလုံးအရင်းနဲ့ တည်ဆောက်ရလောက်အောင် မဟုတ်ပါဘူး။ ဒါ့အပြင် သံလွင်မြစ်ဆိုတာလည်း ရေစီးကြမ်းပြီး ကျဉ်းမြောင်းတဲ့ သဘာဝသာ ရှိပါတယ်။ မြန်မာပြည်ရဲ့ ကျောရိုးဖြစ်တဲ့ ဧရာဝတီမြစ်လို ကုန်သွယ်ကူးလူး ရောင်းဝယ်ဖောက်ကားမှုမှာ အများပြီး အသုံးမတည့်လှပါဘူး။ အာရက္ခဒေသကတော့ လမ်းပန်းဆက်သွယ်ရေးအတွက်ပဲ ဖြစ်ဖြစ်၊ ရေသယံဇာတအတွက်ပဲ ဖြစ်ဖြစ်၊ ပထဝီအရံအတားအတွက်ပဲ ဖြစ်ဖြစ် အသုံးတည့်တဲ့ မြစ်တွေ ချောင်းတွေ ပိုင်ဆိုင်ထားသလို၊ ပင်လယ်ပြင်ကြီးကိုလည်း မျက်နှာမူထားပါသေးတယ်။ ဒါဟာ အနာဂတ်ကာလတွေမှာ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းကမှ မရနိုင်တဲ့ အခြေအနေမျိုးဖြစ်ကြောင်း တင်ပြလိုပါတယ်။
ဆက်လက်ပြီးတော့ နောက်ထပ် အကြောင်းရင်း (၄) ချက်ကို ရေးသားတင်ပြပါအုံးမယ်။
မင်းသေ့ ရေးသည်