14/11/2020
"ဒီပါဝလီနေ့" အကြောင်း
=============
Deepavali ဒီပါဝလီ ဆိုသည်မှာ မီးတို့ကို စီတန်းသွယ်ကာထွန်းညှိခြင်း ဟု အဓိပွါယ်ဖြစ်သဖြင့် တချို့က ဒေဝါလီ (Diwali) ဟုလည်း သိကြသော ဒီပါဝလီ (Deepavali) ပွဲတော်သည် ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဖြစ်သလို တရားဝင် အစိုးရ ရုံးပိတ်ရက် Gazetted Holiday ဖြစ်သော ပွဲတော်ဖြစ်သည်။
ဒီပါဝလီ ပွဲတော် ဖြစ်ပေါ်လာပုံ အခြေခံ အကြောင်းရင်းများမှာ အောက်ပါတို့ ဖြစ်ကြသည်ဟု အဆိုရှိသည်။
(၁) ကာလီမယ်တော်ကြီးအား ပူဇော်သည့်ပွဲ
သီတင်းကျွတ်လကွယ်သည် တစ်နှစ်ပါတ်လုံးတွင် အမှောင်ဆုံး ယူဆကြသဖြင့် တစ်နှစ်လုံး၏ အမှောင်ဆုံးလ အမှောင်ဆုံးနေ့အမှောင်ဆုံးအချိန်တွင် ကာလီမယ်တော်ကြီးကို ဆီမီးများဖြင့် ပူဇော်ရှိခိုးကြရာမှ အစွဲပြုပြီး မီးထွန်းပွဲတော် ဒီပါဝလီဖြစ်လာရတယ်လို့ ဆိုကြပါတယ်။
(၂) နတ်ဘုရားမ လက်ချမီး အား ပူဇော်သည့် ပွဲတော်
အိမ်တွင် ဆီမီးများ ထိန်နေအောင် နတ်ဘုရားမ လက်ခ်ျမီး အား ပူဇော်ကြလျှင် လက်ခ်ျမီး မယ်တော်ကိုယ်တိုင် ထိုအိမ်သို့ ကြွရောက်ပြီး ကောင်းခြင်း မင်္ဂလာနှင့် ချမ်းသာကြွယ်ဝမှုကို ပေးတယ်လို့ ယုံကြည်ကြတဲ့အတွက် မီးပူဇော်ကြတာ ဖြစ်ပါတယ်။ အချို့က လက်ခ်ျမီးမယ်တော် အတွက် ရွှေပြားငွေပြားများကို ဖြန့်ခင်းကာ အခင်းအဖြစ်ပူဇော်ကြပြီး မယ်တော် အခင်းအဖြစ် သုံးသွားသည့် ရွှေငွေရတနာများသည် ကျက်သရေမင်္ဂလာပြည့်စုံသည်ဟုလည်း ယူဆကြလေသည်။
(၃) ရာမ မင်းနှင့် သီတာဒေဝီကို ကြိုဆိုသည့် ပွဲတော်
နောက်ထပ် အယူအဆ တစ်ခုအရ မကောင်းဆိုးဝါး ဘုရင်ဖြစ်တဲ့ ရာဝဏ္ဏ (ဒဿဂီရိ) ကိုအောင်နိုင်ပြီး ရာမ မင်းနှင့် သီတာဒေဝီတို့ အယုဒ္ဓယကို ပြန်လာတဲ့အခါ အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် ဆီမီးတွေနဲ့ထွန်းညှိပူဇော်တာကို အစွဲပြုလို့ ဒေပါဝါလီပွဲတော်ရယ်လို့ ဖြစ်လာတာပါ။
ဒီလိုအချိန်အခါမျိုးမှာ ဒေပါဝလီပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေသာမက မူဆလင်၊ ဆစ်ခ်၊ ခရစ်ယာန်၊ ဂျိန်းစ် စသော ဘာသာဝင်ပေါင်းစုံသည် အတူပါဝင် ဆင်နွှဲကြတတ်ကြသောကြောင့် အလွန်ပျော်စရာ ကောင်းလှသော ပွဲတော်ကြီးတစ်ခု ဖြစ်ပါသည်။
ဒီပါဝလီပွဲတော်နေ့မှစ၍ မြန်မာပြည်သူပြည်သားများ အားလုံး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မှ
ပြန်လည်မျှဝေပါသည်
nanyu