26/12/2022
“မေတ္တာထားခြင်း၊ မျှဝေခြင်းနှင့် နှိမ့်ချခြင်း”
◾️ခရစ်စမတ်နေ့ဆိုတာ ခရစ်တော် မွေးဖွားခြင်းကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ ဘာသာဝင်တွေတင် မဟုတ်ဘဲ အားလုံးပျော်ကြ၊ ပါဝင်ကြတဲ့ နေ့တစ်နေ့ပေါ့။
ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက် ဆိုတာတော့ အထွေအထူး ပြောနေစရာ လိုမယ် မထင်ဘူး။ ဒီကာလရဲ့ လောကဓံတွေကို ရင်ဆိုင်တဲ့နေရာမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ တတ်နိုင်သလောက် ကျင့်သုံးနေထိုင်ရင်း အများကိုလည်း ပြန်မျှဝေဖြစ်နေသူပါ။
ဘာသာတရားကို အကြောက်တရားကြောင့်ဖြစ်ဖြစ်၊ ရယူလိုမှုတွေကြောင့်ဖြစ်ဖြစ် ကိုးကွယ်တတ်ကြတယ်။ ကျွန်တော်ကတော့ ဒီအဆုံးအမတွေကို နာယူပြီး ကိုယ့်ဘဝကို ဘယ်လိုကောင်းအောင် နေထိုင်ရမလဲ ဆိုတဲ့ဘက်ကနေ ချဉ်းကပ်လေ့လာဖြစ်တယ်။ သူ မှန်တယ်၊ ကိုယ် မှန်တယ် ငြင်းနေကြတာထက် အဲဒါက ပိုလည်း အေးချမ်းတယ်။ လွတ်လပ်တယ်။ ကိုယ့်ရဲ့ လေ့လာသင်ယူမှုကိုလည်း အားကောင်းစေပါတယ်။
◾️ခရစ်ယာန်အဆုံးအမတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တအားနှစ်သက်မိတာ၊ ခရစ်တော် ဆိုတဲ့အသံ ကြားလိုက်တာနဲ့ ရင်ထဲ ပေါ်လာတာဆို ၃ ချက် ရှိတယ်။
• ချစ်ခြင်းမေတ္တာ (Loving-kindness)
• ကူညီစောင့်ရှောက်ခြင်း (Helping the others) နဲ့
• နှိမ့်ချတတ်ခြင်း (Humility) တို့ ဖြစ်ပါတယ်။
ကျွန်တော် ခုထိ ပတ်သက်တွေ့ကြုံခဲ့ဖူးသမျှ ခရစ်ယာန်မိတ်ဆွေ တော်တော်များများမှာလည်း ဒီကိုယ်ရည်ကိုယ်သွေး ၃ ခုကို တွေ့ရလေ့ရှိတယ်။ အခြေခံကျတဲ့ အဆုံးအမ၊ အခြေခံကျတဲ့ လိုက်နာမှုတွေပဲ ဆိုပါတော့။
◾️ကိုယ်တိုင်ပါ တတ်နိုင်သလောက် လိုက်လုပ်ဖြစ်နေတဲ့ အဆုံးအမ ၃ ခုကိုလည်း မျှဝေလိုတယ်။
💟 ၁။ ကိုယ့်ကို သူတစ်ပါးက ပြုမူစေချင်တဲ့အတိုင်း သူတစ်ပါးကိုလည်း ဆက်ဆံပြုမူပါ။
ကိုယ်ချင်းစာတရားနဲ့ ပတ်သက်တဲ့ အဆုံးအမပေါ့။ ခရစ်ယာန်ဘာသာရဲ့ အရေးကြီးစည်းကမ်း (Golden Rule) အဖြစ်လည်း သတ်မှတ်ထားကြတယ်။ ကိုယ်သာဆို ဘယ်လိုဆက်ဆံခံချင်သလဲ။ အဲဒီအတိုင်း သူတစ်ပါးကို ဆက်ဆံပေးပါတဲ့။
ဒါလေးကိုသာ လူတိုင်းကျင့်သုံးနိုင်ကြရင် အတော်ကောင်းမှာပါ။ ကိုယ့်အိမ်ထောင်ဖက်သာ ကိုယ် ခုလုပ်နေသလို ဇာတ်လမ်းတွေ ရှုပ်နေမယ်ဆို ကိုယ်ကြိုက်မလား စဉ်းစားကြည့်။ ကိုယ့်ကိုသာ တစ်ယောက်ယောက်က ချုပ်ခြယ်နေရင်ရော ကြိုက်မလား စဉ်းစားကြည့်။ ဒါဆို ခု ကိုယ်လုပ်နေတဲ့ တော်တော်များများကို လုပ်ဖြစ်ဖို့ရာ တွန့်ဆုတ်သွားလိမ့်မယ်။
သားသမီးဘဝတုန်းက မိဘဆီက ကိုယ်ဆက်ဆံခံချင်ခဲ့တဲ့ ပုံစံမျိုး အခု ကိုယ့်သားသမီးကို ပြန်ဆက်ဆံပေး။
ကိုယ် ဂျူနီယာဘဝက ဘယ်လိုဆက်ဆံခံချင်ခဲ့သလဲ။ အဲဒီအတိုင်း ကိုယ် စီနီယာဖြစ်လာတဲ့အခါ ကိုယ့်နောက်က လူငယ်တွေကို ပြန်ဆက်ဆံပေး။
ပြောချင်တာက ကိုယ်ကောင်းကောင်းဆက်ဆံခံခဲ့ရမှ ဒါကို လက်ဆင့်ကမ်းရမှာ မဟုတ်ဘူး။ ကိုယ့်တုန်းက မရခဲ့ရင်တောင် ကိုယ်ရချင်ခဲ့တဲ့ အရာကို တခြားလူဆီ ပေးပေးဖို့ ဆုံးမထားတာ။
💟 ၂။ ဘယ်ဘက်လက်က လှူတာ ညာဘက်လက်က မသိစေနဲ့။
Give in secret. လျှို့ဝှက်စွာ ပေးကမ်းပါတဲ့။
ကျွန်တော်တို့တွေ အလှူလုပ်ကြတဲ့အခါ ဘာရည်ရွယ်ချက်နဲ့ လှူသလဲ။ နာမည်ကြီးချင်လို့ လှူတယ်။ ဖေ့စ်ဘွတ်ပေါ် ပြန်တင်ဖို့ လှူတယ်။ လှူနိုင်ကြောင်း ကြွားချင်လို့ လှူတယ်။ ဒါမှမဟုတ် နောက်ဘ၀ ချမ်းချမ်းသာသာ နေရဖို့ ရည်ရွယ်ပြီး လှူတယ်။
ဒီတော့ အလှူတစ်ခုခု လုပ်ရင် ဓါတ်ပုံတွေရိုက်တယ်။ အလှူခံပုဂ္ဂိုလ် ဘယ်လိုခံစားရမယ် မစဉ်းစားမိဘူး။ တန်ခိုးကြီးဘုရား၊ နာမည်ကြီးဆရာတော်တွေမှ လှူချင်တယ်။ ဒါမျိုးတွေ ဖြစ်ကုန်တယ်။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကို ရည်ရွယ်ပြီး လှူတယ်ဆိုတာ ရှားတယ်။
တကယ်တော့ မေတ္တာရှေ့ထား လှူတန်းခြင်းကသာ အမွန်မြတ်ဆုံးကုသိုလ်ပါ။ လှူမှရယ်လည်း မဟုတ်ဘူး။ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် မေတ္တာရှေ့ထားပြီး လုပ်။ ဘာပြန်ရပါစေ၊ ညာပြန်ရပါစေ၊ လူတွေသိပါစေ ဆိုတဲ့ နှောင်ကြိုးတွေ နောက်ပို့ထားပြီး စေတနာသန့်သန့်နဲ့ ကူညီ။ ပေးကမ်း။ စောင့်ရှောက်။
သိပ်လွတ်လပ်တယ်။ သိပ်အေးချမ်းတယ်။ သိပ်တန်ဖိုးရှိပါတယ်။
တစ်ဖက်က ကျေးဇူးမသိတတ်လို့ စိတ်တိုရတယ်ဆိုတာ အသိတတ်ခံချင်တဲ့ နှောင်ကြိုးကြောင့် ပူလောင်နေရတာပါ။ ကိုယ်ကူညီလိုက်လို့ တစ်ဖက်လူ အဆင်ပြေသွားတာလေးကိုပဲ ပီတိဖြစ်တတ်တဲ့ စိတ်ကလေး မွေးကြည့်။ သိပ်လွတ်လပ်ပြီး အေးချမ်းတာကို ခံစားမိပါလိမ့်မယ်။
💟 ၃။ တစ်ပါးသူတွေအပေါ် ကျေးဇူးပြုခြင်း၊ ဥစ္စာမျှဝေခြင်းတို့ကို ပြုလုပ်ပါ။ အဲဒါဟာ ဘုရားသခင် နှစ်သက်တဲ့ ပူဇော်ခြင်းတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူတွေဟာ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာချင်းတော့ တူကြပေမဲ့ ဘဝဆိုတဲ့ မာရသွန်ကို စတင်ရတဲ့ တာထွက်မှတ်ချင်းတော့ မတူကြပါဘူး။
ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ နမူနာ ပေးပါရစေ။ ဆယ်တန်းအောင်တုန်းက အမှတ် ၅၀၀ ကျော် ရတယ်။ ဆေးကျောင်းအမှတ် မီမယ်၊ မမီဘူး၊ အောင်မယ် မအောင်ဘူး ဆိုတာ စဉ်းစားနေစရာကို မဟုတ်ခဲ့ဘူး။ ဘာသာစုံဂုဏ်ထူး ထွက်မထွက်ပဲ အာရုံစိုက်ခဲ့တာ။ အဲဒီတုန်းကတော့ ငါ တော်လှချည်လား ထင်ခဲ့တာပေါ့လေ။
နောက်ပိုင်း ဆေးကျောင်းတက်၊ ဘွဲ့ရပြီး အလုပ်ကိစ္စနဲ့ နယ်တွေ ရောက်ဖြစ်တဲ့အခါ ကျွန်တော့်လောက် ပံ့ပိုးမှု မရတဲ့ လူငယ်တွေနဲ့ ထိတွေ့မိခဲ့တယ်။ သူတို့အတွက်တော့ ဆယ်တန်းအောင်ဖို့ဆိုတာ ခက်ခဲလိုက်တာ။ ခက်မှာပေါ့။ မြန်မာဘာသာစကားကို ခက်ခက်ခဲခဲ သင်ရတယ်။ လျှပ်စစ်မီး မရှိဘူး။ စီးပွားရေး အဆင်မပြေတော့ အလုပ်က လုပ်ရသေးတယ်။ ဒါတောင် ကျောင်းကို လက်နက်ကြီးကျတာ၊ မိုးတွင်းဆို မြေပြိုလို့ ကျောင်းမတက်ရတာတွေ ကျန်သေးတယ်။
အဲဒီမှာ သဘောပေါက်လိုက်တာက ကျွန်တော့်နေရာမှာ သူတို့ဆိုလည်း ကျွန်တော့်လိုပဲ လွယ်လွယ်ကူကူ ဆယ်တန်းအောင်မှာ ဖြစ်ပြီးတော့ သူတို့နေရာမှာ ကျွန်တော်သာဆိုလည်း ဆယ်တန်းအောင်ဖို့ အင်မတန် ခက်ခဲနေလိမ့်မယ် ဆိုတာပဲ။ ဒီအတွေး ဝင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်သွားတယ်။ သူများကိုလည်း အထင်မသေးမိတော့ဘူး။
တကယ်တော့ ကိုယ့်အောင်မြင်မှု ၁၀၀ ဖိုးမှာ ကိုယ့်ရဲ့ ကြိုးစားမှုဟာ ၃၀ ဖိုးလောက်ပဲ ပါပြီး ကျန် ၇၀ ကတော့ ပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ ခရစ်ယာန်ဘာသာအရတော့ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကို ကျွန်တော် ရထားတယ်ပေါ့။ ဗုဒ္ဓဘာသာအရဆို အတိတ်ကံကောင်းတယ်ပေါ့။ ကမ္ဘာကျော်သူဌေးကြီး ဝါရင်းဘတ်ဖတ် စကားနဲ့ဆို Ovarian Lottery (မျိုးဥထီ) ဆုကြီးကြီး ပေါက်ထားတယ်၊ ဗိုက်ကံကောင်းတယ် ပြောရမယ်။
ကိုယ်လူသွားဖြစ်တဲ့ မျိုးဥ၊ သန္ဓေသွားတည်တဲ့ သားအိမ်က ငွေကြေးအဆင်ပြေတဲ့ အသိုင်းအဝိုင်းက ဖြစ်နေတော့ အစစအရာရာ လိုလေသေးမရှိ ဘဝကို ဖြတ်သန်းခွင့်ရတဲ့အတွက် ခုလိုအခြေအနေမျိုး ရောက်လာခဲ့တာပဲ။
ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်မှာ ရှိတဲ့ Blessing တွေကို အများဆီ ပြန်လည်မျှဝေပေးဖို့ လိုတယ်။ ကိုယ့်လိုပဲ ဗိုက်ကံကောင်းတဲ့ ကလေးတွေ အများကြီးဖြစ်လာအောင်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားပေးဖို့ လိုတယ်။ ကိုယ်ရထားတဲ့ အခွင့်ထူး (Privilege) ကို အသုံးချလို့ ကိုယ့်လောက်မှ အခွင့်အရေး မရတဲ့သူတွေအတွက် အလုပ်လုပ်ပေးဖို့ လိုတယ်။ ဒါမှသာ လူဖြစ်ရကျိုးနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
◾️ခုဆို ၂၀၂၃ ခုနှစ်ကို မကြာခင် ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီ ၂ နှစ်နီးပါး ကာလဟာ ကျွန်တော့်ဘဝတလျှောက်မှာ အခက်ခဲဆုံး အချိန်တွေ ဖြစ်သလို၊ အနှစ်သာရ ပြည့်ပြည့်၀၀နဲ့ ဖြတ်သန်းဖြစ်နေတဲ့ အခိုက်အတံ့တွေလို့လည်း ဆိုနိုင်ပါတယ်။ ဘဝမှာ ဘာက အရေးကြီးတယ်၊ ကိုယ် ဘယ်လိုဖြစ်ချင်တယ် ဆိုတာတွေကို သိသွားစေတယ်။
ခေတ်ကာလ အခြေအနေအရလည်း ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ အကူအညီကို ငံ့လင့်နေတဲ့သူတွေ၊ လိုအပ်နေတဲ့သူတွေ အများကြီး ရှိနေပါတယ်။ ဒီကာလမှာမှ ဒါတွေ မလုပ်ဖြစ်သေးဘူးဆိုရင် ဘယ်တော့မှလည်း လုပ်ဖြစ်ဖို့ရာ မလွယ်ဘူး။ ပြောရရင် ကိုယ့်တိုင်းပြည်က ကိုယ့်ကို အလိုအပ်နေဆုံးအချိန် ဖြစ်ပါတယ်။
ဒါကြောင့် နှစ်သစ်မှာ အဓိပ္ပါယ် ပြည့်ပြည့်၀၀နဲ့ ဖြတ်သန်းနေထိုင်ဖို့အတွက် တစ်ပါးသူတွေအပေါ် မေတ္တာထားပါ။ လိုအပ်နေသူတွေကို ပေးကမ်းစောင့်ရှောက်ပါ။ လှူတန်းပါ။ ကိုယ်ချင်းစာတရား ထားပါ။ ကိုယ့်ရဲ့ ကံကောင်းခြင်းတွေအပေါ် အမှတ်မှားပြီး မာန်တက်မနေဘဲ နှိမ့်ချစွာနဲ့ ဒီကံကောင်းခြင်းတွေကို မျှဝေပါ။
တကယ်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုဆိုတာ အပြင်မှာ ရှိတာ မဟုတ်ပါဘူး။ ကိုယ့်အတွင်းထဲကနေပဲ ရှာဖွေရတာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၅.၁၂.၂၀၂၂