12/09/2025
“တစ်ခုပြိုရင် ကျန်တာတွေပါ လိုက်ပြိုတယ်”
🔳 ကျန်းမာရေးလို့ ပြောပြီဆို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်း၊ ၃ ခုစလုံး ပြီးပြည့်စုံနေတဲ့ အနေအထားတစ်ရပ်လို့ အဓိပ္ပါယ်ဖွင့်ကြတယ်။
ဒီလိုခွဲပြောလေ့ ရှိပေမဲ့ တကယ်တမ်းကျ ဆက်စပ်နေတာ။ ရုပ်ပိုင်းဆိုင်ရာ မကျန်းမာရင် စိတ်လည်း မပျော်ဘူး။ လူမှုဆက်ဆံရေးတွေ၊ မိသားစုဘဝတွေကိုလည်း ရိုက်ခတ်လာရော။ စိတ်မပျော်နေရင်လည်း ရုပ်မကျန်းမာဘူး။ လူမှုဘဝလည်း အဆင်မပြေတော့ဘူး။ လူမှုရေးမှာ စိတ်ဆင်းရဲနေရရင်လည်း စိတ်တွေ ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တစ်ခုခု လုပ်တဲ့အထိတောင် ဖြစ်တတ်ကြသေးတယ်။
🔳 စာမေးပွဲဖြေသလိုမျိုးနဲ့ ဥပမာပေးရင် ပိုမြင်သာမယ်။ နှစ်ဘာသာ ဂုဏ်ထူးထွက်ပြီး နောက်တစ်ဘာသာ ကျနေလို့ မရဘူးပေါ့။ ဒါဆို အတန်းတင်ပေးဖို့ရာ မဖြစ်နိုင်သလိုပဲ၊ ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း တစ်ခုတည်း ချွန်ထွက်ပြီး ကျန်နှစ်ခုမှာ စုတ်ပြတ်နေတယ် ဆိုတာ အင်မတန် တွေ့ရခဲတယ်။ တစ်ခုထိတာနဲ့ ကျန်တာအကုန်ထိတယ်။ တစ်ခုကို ထူနိုင်တာနဲ့လည်း ကျန်နှစ်ခုပါ လိုက်မတ်လာတဲ့သဘော ရှိတယ်။
၃ ခုစလုံးကို ဂုဏ်ထူးမထွက်တောင် အောင်မှတ်လောက် ရနေဖို့တော့ မျှမျှတတ အချိန်ပေးရမယ်။ ဂရုစိုက်ရမယ်။ လုပ်ဆောင်ရမယ်။
🔳 တစ်ယောက်ချင်းစီမှာလည်း အားနည်းကြတာ မတူဘူး။ တချို့က သင်္ချာမလိုက်နိုင်၊ တချို့က အင်္ဂလိပ်စာ အားနည်းသလိုပဲ။ ငယ်ငယ်ကတည်းက ချူချာတာ၊ မွေးရာပါရောဂါတစ်ခုခု ရှိနေတာ ဖြစ်နိုင်တယ်။ တချို့ကျ လူမှုကျန်းမာရေးမှာ အဆင်မပြေဘူး။ ကံမကောင်းဘူး။ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့။ တချို့ကျလည်း ပင်ကိုယ်စိတ်ကိုက ပေါက်ကွဲလွယ်တာမျိုး၊ အဆိုးမြင်တာမျိုး၊ ပူလောင်တတ်တာမျိုး ရှိတယ်။ ကိုယ်အားနည်းတာ ကိုယ်ဖြည့်ကြရမှာပဲ။
🔳 လက်ရှိကာလမှာ ပိုအတွေ့ရများလာတာကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပဲ။ နိုင်ငံအခြေအနေနဲ့ သက်ဆိုင်နေတာမို့ မြန်မာပြည်နဲ့ ပတ်သက်ဆက်စပ်သူ တော်တော်များများ တစ်ခုမဟုတ်တစ်ခုတော့ ထိနေကြ၊ နာနေကြရတယ်။
အဲဒီအခါမှာ ရုပ်ပိုင်းဆိုင်ရာကို ဆက်ထိလာတယ်။ စိတ်အလိုလိုက်ရာကနေ Healthy Lifestyle ကို မထိန်းသိမ်းနိုင်တော့လို့ပဲ။ အထိုင်များလာတယ်။ အစားများလာတယ်။ ဆေးလိပ်၊ အရက်သောက်မိလာတယ်။ မူးယစ်ဆေးရဲ့ကျေးကျွန် ဖြစ်ကုန်တယ်။
လူမှုရေးပိုင်းဆိုင်ရာမှာလည်း ဒီလိုပဲ။ ကတောက်ကဆ ပိုဖြစ်လာတယ်။ စိတ်တွေ ပိုအကဲဆတ်လာတယ်။ တစ်ဦးကိုတစ်ဦး နားလည်မပေးနိုင်တော့ဘူး။ မိသားစုထဲ ကြည့်မလား။ အလုပ်ခွင်ထဲ ကြည့်မလား။ ဆိုရှယ်မီဒီယာပေါ် ကြည့်မလား။ အဆင်မပြေမှုတွေ ပိုများလာတာ တွေ့ရမယ်။
🔳 ဒီလိုပြိုနေတာတွေကို ပြန်ထူမတ်ဖို့ ဘယ်လိုလုပ်ကြမလဲ။
နိုင်ငံရေး ပြဿနာ ပြေလည်သွားရင်၊ အေးချမ်းသွားရင်၊ ဖွံ့ဖြိုးလာရင်၊ ပြည်သူအများ လိုလားတဲ့ အစိုးရတစ်ရပ် ပြန်တက်လာရင်၊ လုံခြုံတယ်လို့ ပြန်ခံစားလာရရင်တော့ စိတ်တွေလည်း အတိုင်းအတာတစ်ခုထိ ကျန်းမာလာမှာပဲ။
သို့သော် အဲဒီလို မဖြစ်သေးခင်စပ်ကြားမှာ ကျန်တဲ့နှစ်ခုနဲ့ ကြားကန်ထားရမယ်လို့ မြင်တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ ကျင့်သုံးနေဖြစ်တယ်။
🔳 ဘာလို့ ဒီနှစ်တွေကျမှ ရုပ်ပိုင်းဆိုင်ရာကို ပိုဂရုစိုက်ဖြစ်လာလဲဆို အဲဒါကြောင့်ပဲ။
လှုပ်လှုပ်ရှားရှား နေတယ်။ အားကစားလုပ်တယ်။ ခန္ဓကိုယ်ထဲမှာ ခံစားချက်ကို ကောင်းစေတဲ့ Feel-good hormones တွေ ထွက်လာတယ်။ Mood ကလည်း သိသိသာသာ တက်လာရော။ အလုပ်တွေ ပိုလုပ်ဖြစ်တယ်။ ပိုပြီးတယ်။ ဒီတော့ သိမ်ငယ်တာတွေ၊ အားလျော့တာတွေလည်း သိပ်မရှိတော့ဘူး။
🔳 ဒီနေရာမှာလည်း အကုန်လုံးက ဆက်စပ်နေပြန်တာပဲနော်။ တစ်ခုချော်သွားတာနဲ့ ကျန်တာတွေပါ လိုက်ချော်ကုန်ရော။ ဥပမာ အိပ်ရေးပျက်တယ်ဆို လူက မလန်းတော့ဘူး။ အဲဒီတော့ ကိုယ်လက်လှုပ်ရှား မလုပ်ဖြစ်တော့ဘူး။ စိတ်က မပျော်နေတော့ စားချင်ရာတွေ လျှောက်စားတယ်။ အလုပ်လုပ်ချင်စိတ်လည်း မရှိတော့ဘူး။ ပေါက်ကရ အတွေးပေါင်းစုံ ဝင်တယ်။
ပြောချင်တာက အိပ်ရေးပျက်တာသည် သူတစ်ခုတည်း ပျက်တာ မဟုတ်ဘူး။ ကျန်တာတွေပါ လိုက်ထိတယ်။ ကိုယ့်ရဲ့ Healthy lifestyle ကို မထိန်းနိုင်တော့ဘူး။
အစားတွေ နင်းကန်ပြီး စားကြည့်လိုက်ပါဦး။ အထူးသဖြင့် ညဘက်ပေါ့။ နေလို့ကောင်းသေးရဲ့လားလို့။ လူက ချက်ချင်းထိုင်းမှိုင်းလာရော။ အိပ်ငိုက်လာရော။
🔳 ကိုယ့်စိတ်ကို အလိုလိုက်ပါများနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ကျဆင်းတယ်။ ထပ်ပြီး အလိုလိုက်မိဖို့ များတယ်။ ဦးနှောက်မှာ Self-control နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေက အားကောင်းမနေလို့ပဲ။
လေ့ကျင့်ပါများမှ ရတာမို့ အလိုလိုက်ပါများနေသူကတော့ အဲဒီနေရာတွေ အားမကောင်းဘူး။ မကောင်းတော့ ထပ်ထပ်အလိုလိုက်မိတယ်။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး။ Self-control များများလုပ်ထားတဲ့သူကတော့ အဲဒီနေရာတွေ ပိုအားကောင်းလာတယ်။ ကောင်းလာတော့ ပိုပိုပြီး ထိန်းချုပ်နိုင်လာတယ်။
ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်ခြင်းအားဖြင့် စိတ်အပေါ် ဘယ်လိုသက်ရောက်တယ် ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
🔳 တစ်ခါ၊ လူမှုရေးပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ရတယ်။ မိသားစုဝင်တွေ ဆုံးရှုံးတယ်။ အနေဝေးတယ်။ အထီးကျန်တယ်။ သို့သော်လည်း ကိုယ့်အတွက် လုံခြုံတဲ့၊ ဘာပဲလိုလို ကူညီပေးမယ့်၊ ယုံကြည်ပေးမယ့် အဝန်းအဝိုင်းကလေးတော့ လိုအပ်တယ်။ အဲဒါကလည်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို ပြန်ထူမတ်ပေးနိုင်တယ်။
ဘယ်နှယောက် ဆိုတဲ့ Quantity က အရေးမကြီးဘူး။ ဘယ်လိုမိတ်ဆွေတွေလဲ ဆိုတဲ့ Quality က ပိုအရေးကြီးတာ။
🔳 ဒီကာလရဲ့ ခက်ခဲမှုတွေကို အဲဒီလို မိတ်ဆွေကောင်းတွေရဲ့ အကူအညီ၊ သူတို့ပေးတဲ့ စိတ်ခွန်အားတွေနဲ့ပဲ ရှေ့ဆက်နေခဲ့တာ ဖြစ်ပါတယ်။
“မင်း ရေမဆာခင်ကတည်းက တွင်းထူးထား” ဆိုတဲ့ စကားလိုပဲ၊ ကိုယ်လိုမှ ထပေါင်းလို့တော့ မရဘူးပေါ့။ ဒါဆို သာပေါင်း ဖြစ်သွားမှာပေါ့။ လိုသုံး ဖြစ်သွားမှာပေါ့။ ကိုယ့်ဘက်ကလည်း မိတ်ဆွေပီပီသသ ဖြစ်ဖို့ လိုတယ်။ အယူချည်းပဲ လုပ်နေလို့ မရဘူး။ ကိုယ်တတ်နိုင်တာလည်း ပေးဖို့လိုတယ်။ ဒါမှလည်း ဒီလိုမိတ်ဆွေကောင်းတွေ ရှိလာမှာ ဖြစ်ပါတယ်။
🔳 အပေါ်မှာ ရေးခဲ့သလို၊ စိတ်ပိုင်းဆိုင်ရာကတော့ အားလုံးထိခိုက်ကြတာပဲ။ အတိမ်အနက်၊ အတိုင်းအဆတော့ ကွာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်ထက် အဆမတန် ကြီးမားတဲ့ စိတ်ဒဏ်ရာမျိုး ရခဲ့သူတွေကိုတော့ ဘယ်လိုနေ ဘယ်လိုထိုင်ပါ မပြောလိုဘူး။ ဆရာ မလုပ်လိုဘူး။
ကျွန်တော်နဲ့ အခြေအနေတူတူလောက် ရှိသူတွေကိုတော့ - စိတ်တွေ အဆင်မပြေနေရင် ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာကို ပိုဂရုစိုက်ကြဖို့ မျှဝေချင်တယ်။
🔳 အစားအသောက် မှန်မှန်စား။ အိပ်ရေး၀၀အိပ်။ အသက်ရှူလေ့ကျင့်ခန်း သို့မဟုတ် တရားထိုင်တာ မှန်မှန်လုပ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်။ တစ်နေ့ ခြေလှမ်း ၇ ထောင်လောက်တော့ ရအောင်လျှောက်။ ဆိုရှယ်မီဒီယာ လျှော့သုံး။ အဲဒီအတိုင်းလေး လုပ်နိုင်ရင်ကို စိတ်က တော်တော်ကြီး အဆင်ပြေတယ်။ စိတ်အလိုလိုက်ပြီး နေချင်သလို နေလေ၊ စိတ်က ပိုဆိုးလေ ဖြစ်နေကြတာ။ ပြန်သတိထားကြည့်ကြည့်။
လူမှုဆက်ဆံရေးကိုလည်း ဂရုစိုက်။ တတ်နိုင်သမျှ ကူညီပေး။ စာနာပေး။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့လည်း အချိန်ကုန်ဆုံးကြ။ ဒါဆို လုံခြုံတယ်၊ ငါ့ကို ကူညီမယ့်သူ ရှိတယ် ဆိုတဲ့ ခံစားချက်ကလေး ရလာလိမ့်မယ်။ စိတ်မှာ ထွက်ပေါက်ရှိနေလိမ့်မယ်။
🔳 စိတ်ထိခိုက်စရာတွေ၊ ပင်ပန်းစရာတွေ၊ စိတ်ဒုက္ခတွေကတော့ ဘယ်သူ့ဆီမဆို ရောက်လာတာပါပဲ။ ရုပ်ခန္ဓာကိုယ်နဲ့ လူမှုဆက်ဆံရေးကနေ ပြန်အားယူနိုင်တဲ့သူတွေက နလန်ထူလာနိုင်ပြီး အဲဒီနှစ်ခုကိုပါ အထိခံလိုက်တဲ့သူကတော့ အပြီးအပိုင် လဲပြိုသွားတတ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၉.၉.၂၀၂၅