26/10/2021
မင်းနန်သူ လေးမျက်နှာဂူဘုရားကြီး
*************************
ပုဂံမြို့ဟောင်း အရှေ့ဘက်က မင်းနန်သူအရပ်ဟာ ပုဂံရှေးဟောင်းဒေသမှာ လေ့လာဖွယ်ရာ နာမည်ကျော် ဂူပုထိုးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီမင်းနန်သူအရပ်မှာ ပုဂံခေတ်လက်ရာအလုပ်အဆောင်တွေနဲ့ နာမည်ကျော်ကြားတဲ့ ဘုရားသုံးဆူ၊ သမ္ဘူလ၊ တရုတ်ပြေး၊ စားပွဲတင်၊ လေးမျက်နှာ၊ နန္ဒမညာ စတဲ့ အထင်ကရ ဘုရားကြီးတွေထဲကမှ မင်းနန်သူရဲ့အဓိက ဇာတ်လိုက် 'လေးမျက်နှာဂူဘုရားကြီး' ကို လမ်းညွှန်ပေးချင်ပါတယ်။ လေးမျက်နှာဘုရားကြီးမှာ တိကျခိုင်မာတဲ့ ကျောက်စာမှတ်တမ်းတွေရှိနေတဲ့အပြင် လေးမျက်နှာဘုရားကြီးဟာ ယနေ့အချိန်အထိ မင်းနန်သူရွာရဲ့ နှစ်စဉ်ဘုရားပွဲပြုလုပ်ရာ အဓိကဘုရားကြီးတစ်ဆူဖြစ်နေတာကြောင့် မင်းနန်သူရဲ့ အဓိကဇာတ်လိုက်ဘုရားကြီးလို့ ပြောလိုက်ရတာဖြစ်ပါတယ်။ တကယ်ဆိုရင် လေးမျက်နှာဘုရားကြီးရဲ့ဒကာ မင်းအနန္တသူအမတ်ကြီးကို အစွဲပြုပြီး ဒီအရပ်ကို 'မင်းနန်သူအရပ်' ရယ်လို့ ခေါ်ခဲ့ကြတာ မဟုတ်ပါလား။
လေးမျက်နှာဘုရားကြီးဟာ မင်းနန်သူရွာရဲ့ မြောက်ဘက်၊ ဘုန်းတော်ကြီးကျောင်းနဲ့ ကပ်ရပ်မှာ တည်ရှိပါတယ်။ မင်းနန်သူရွာဘက်ကလာရင်ပဲဖြစ်ဖြစ်၊ ဘုရားသုံးဆူလမ်းဘက်က လာရင်ပဲဖြစ်ဖြစ် အတော်ကြီးမားတဲ့ မီးကာတံတိုင်းကြီးနဲ့အတူ ထုံးဖွေးဖွေးနဲ့ လေးမျက်နှာဂူဘုရားကြီးကို အလွယ်တကူပဲ တွေ့မြင်ရမှာပါ။ လေးမျက်နှာဘုရားကြီးရဲ့ ဘုရားအမှတ်ကတော့ (၄၄၇/၂၇၁-က) ဖြစ်ပါတယ်။
ဒီလေးမျက်နှာဂူဘုရားကြီးအပါအဝင် ဒီတံတိုင်းအတွင်းက လက်ကျန်သာသနိကအဆောက်အအုံတွေအားလုံးဟာ ပုဂံခေတ် အေဒီ (၁၂) ရာစု လက်ရာအလုပ်အဆောင်တွေ ဖြစ်တဲ့အကြောင်း သိရပါတယ်။ လေးမျက်နှာဘုရားကျောက်စာအရ နားတောင်းများမင်းလက်ထက်က အမတ်သေနာပတိ မင်းအနန္တသူတို့ဇနီးမောင်နှံဟာ သက္ကရာဇ် ၅၈၅ခုနှစ်(အေဒီ ၁၂၂၃)တွင် ဒီအရပ်မှာ တံတိုင်းနှစ်ထပ်ရံပြီး အတွင်းမှာ လေးမျက်နှာဂူဘုရားကြီး အပါအဝင် သာသနိကအဆောက်အအုံတွေနဲ့ အနီးမှာ အုတ်ရေကန်တွေပါ ထည့်သွင်းတည်ဆောက်လှူဒါန်းခဲ့တဲ့ အကြောင်းသိရပါတယ်။
အဲ့ဒီလို လှူဒါန်းခဲ့ရာမှာ-
၁။ တံတိုင်းနှစ်ထပ်ရံပြီး အတွင်းတံတိုင်းထဲမှာ ပဓာနဂူဘုရား
၂။ ဓမ္မသာလာအဆောက်အအုံ
၃။ မထေရ်ကြီးအတွက် ကျောင်းကြီးတစ်ဆောင်
၄။ တံတိုင်းတစ်ထပ်အပ ကျောင်းအဆောက်အုံများ
၅။ ကျောင်းအပတွင် တန်ဆောင်းကြီး
၆။ အလှူပေးရာ အုတ်ဇရပ်
၇။ ကပ္ပိယ အုတ်ကုဋီအဆောက်အအုံ စတာတွေအပြင် အုတ်စီရေတွင်းနဲ့ အုတ်စီလေးထောင့်ကန်တွေ ပါဝင်ကြောင်း အဆိုပါကျောက်စာအရ အတိအကျသိရှိရပါတယ်။ ဒီအကြောင်းအရာတွေဟာ ကုသိုလ်ရှင်တွေဖြစ်တဲ့ မင်းအနန္တသူဇနီးမောင်နှံရဲ့ အလှူအတန်းတွေအကြောင်း မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။
အခုလို မင်းအနန္တသူဇနီးမောင်နှံရဲ့ များမြောင်လှတဲ့ လှူဒါန်းမှုအစုစုကို နောင်လာနောက်သားတွေ မမေ့အပ်ဖို့ရာ အမတ်ကြီး မင်းအနန္တသူရဲ့ အမည်ကို စွဲမှတ်ဂုဏ်ပြုပြီး ဒီအရပ်ကို 'မင်းအနန္တသူအရပ်'လို့ အစဉ်အဆက် ခေါ်ဝေါ်လာခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်ကြာလာတော့ မင်းအနန္တသူကနေ 'မင်းနန်သူ' ဆိုတဲ့ အမည်ပြောင်းလဲသွားပြီး ယနေ့ထိတိုင် 'မင်းနန်သူရွာ၊ မင်းနန်သူအရပ်' ရယ်လို့ တွင်ကျန်နေရစ်ခဲ့တာပဲဖြစ်ပါတယ်။
လေးမျက်နှာဘုရားတံတိုင်းရဲ့ အရှေ့ဘက် မုခ်ပေါက်ကနေတဆင့် အထဲဝင်သွားလိုက်ရင် အတန်ကျယ်ဝန်းတဲ့ ပုရဝဏ်ကြီးထဲမှာ ပဓာနလေးမျက်နှာဂူဘုရားကြီးရယ်၊ သိမ်(သို့)ဓမ္မသာလာအဆောက်အအုံဟောင်းနေရာရယ်၊ အုတ်ကျောင်းပြိုကြီးတစ်ခုရယ်နဲ့ အုတ်ကျောင်းငယ်တစ်ခုကို တွေ့ရမှာပါ။ မူလက တံတိုင်းနှစ်ထပ် ရှိခဲ့ပေမယ့် အခုလက်ရှိမြင်နေရတဲ့ တံတိုင်းဟာ အတွင်းတံတိုင်းဖြစ်ပြီး အပြင်တံတိုင်းကတော့ ပျက်စီးခဲ့ရပြီဖြစ်တဲ့ အကြောင်း သိရပါတယ်။ တံတိုင်းရှေ့ မုခ်ပေါက်အဝင်မှာ ဟိုးအရင်က အစောင့်အရှောက်အဖြစ်ထားခဲ့ဟန်တူတဲ့ ဒွါရပါလ ကျောက်ထွင်း ဘီလူးရုပ်ကြီးကို တွေ့ရပါတယ်။ ခေတ်ကာလ တိုက်စားမှုဒဏ်ကြောင့် မျက်နှာရယ် ဘာရယ် မပီပြင်ရှာတော့ပါဘူး။
တံတိုင်းအတွင်းမှာ လေးမျက်နှာဂူဘုရားကြီးကို အတန်မြင့်တဲ့ အောက်ခံ လေးထောင့်အုတ်ခုံကြီးပေါ်မှာ တည်ထားတာ တွေ့ရပါတယ်။ ကုလားကျောင်းခံ၊ အရှေ့အာရုံခံဆောင်နဲ့ မုခ်လေးပေါက်ပါ၊ အပေါ်ကွန်းတောင်ပေါက်ဘုရားကြီးတစ်ဆူဖြစ်ပါတယ်။ လက်ရှိဂူဘုရားကြီးရဲ့ အပြင်ဘက်နံရံအားလုံးကတော့ နှောင်းလူတွေရဲ့ ထုံးဒဏ်ကြောင့် ဖွေးဖွေးဖြူနေပါပြီ။ အဲ့ဒီထုံးဒဏ်အောက်မှာတော့ လက်ကျန် ပုဂံခေတ်အင်္ဂတေလက်ရာ အလုပ်အဆောင်တွေကို မြင်ရသလောက် လေ့လာကြည့်ရှုနိုင်ပါတယ်။
လေးမျက်နှာဘုရားကြီးရဲ့ ထုံးဖွတ်လို့ ဖြူနေတဲ့ နံရံတွေကို မျက်စိလျင်လျင်နဲ့ သေချာလေ့လာကြည့်မယ်ဆို အေဒီ ၁၂ရာစု ပုဂံခေတ်ရဲ့ လက်ရာမြောက် အင်္ဂတေပန်းဆွဲတွေ၊ ဘုရားလောင်းဝါဒနဲ့ သက်ဆိုင်တဲ့ အရုပ်တွေ၊ ထောင့်ချိုးတွေက တိုင်ဖုံးပန်းတွေနဲ့ ဆင်ခံခြင်္သေ့ရုပ်တွေ၊ လောကနာထနတ်ရုပ်တွေ အစရှိတဲ့ အင်္ဂတေအလုပ်ဆောင်တွေ တော်တော် ထင်ထင်ရှားရှား ကျန်ရှိနေသေးတာကို တွေ့ရမှာပါ။ တကယ်လို့များ ထုံးသာမသုတ်ခဲ့ရင်ဖြင့် အင်္ဂတေ လက်ရာတွေကို အတော်လေ့လာနိုင်ဦးမှာပါပဲ။
အတွင်းဆောင်အဝင် အာရုံခံမုခ်ပေါက်မှာ ဘုရားလောင်းရုပ်တုနှစ်ခုကို ပြုပြင်ပြီးသား အနေအထားမှာ တွေ့ရပါတယ်။ အတွင်းဆောင် ကန္ဓာကုဋီတိုက်ထဲက အလယ်မဏ္ဍိုင်ပတ်လည်မှာ ပြုပြင်ပြီးသား ဆင်းတုတော်ကြီး ၄ဆူကို တွေ့ရပါတယ်။ ဂူအတွင်းနံရံတချို့နဲ့ ထုံးဒဏ်ကနေကင်းလွတ်တဲ့ အပေါ်ဘက်နံရံတွေမှာ လက်ရာမြောက် ဆေးရောင်စုံ နံရံဆေးရေးပန်းချီတွေ တော်တော်များများ ကျန်ရှိနေသေးတာကို ဝမ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။ ပုဂံခေတ်လက်ရာ နံရံဆေးရေးတွေဖြစ်တဲ့ ဇာတ်တော်တွေ၊ ဗုဒ္ဓဝင်တွေ၊ နှစ်ကျိပ်ရှစ်ဆူဘုရားတွေ၊ မှန်ကူကွက်၊ ဗိန္ဒုကွက်၊ ကနုတ်ပန်းဆွဲ စတာတွေကို မျက်နှာကျက်နဲ့ နံရံပတ်ပတ်လည်မှာ နေရာလပ်မကျန် ရေးခြယ်ထားတာ တွေ့ရပါတယ်။
ဇာတကနဲ့ ဗုဒ္ဓဝင်တွေကိုတော့ ကမ္ပည်းစာတွေနဲ့အတူ ရေးဆွဲဖော်ပြပေးထားတာ တွေ့ရပါတယ်။ အဲ့ဒီထဲမှာ တန်ခိုးပြာဋီဟာပြခန်း၊ ဖွားတော်မူခန်း၊ နာရာဂီရိဆင်ချွတ်ခန်း စတဲ့ ဗုဒ္ဓဝင်တွေကို ခပ်ကြီးကြီးရေးဆွဲထားတာ တွေ့ရပါတယ်။ နောက်တစ်ခုက မုခ်တွေရဲ့ အတွင်းနံရံနဖူးစည်းတွေမှာ စွယ်တော်လေးဆူကို ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။ နတ်ပြည်၊ နဂါးပြည်၊ တရုတ်ပြည်နဲ့ သီဟိုဠ်ကျွန်းတို့က စွယ်တော်လေးဆူကို ရည်စူးပြီး ရေးဆွဲပူဇော်ထားတာ ဖြစ်ပါတယ်။ နံရံပန်းချီတွေကို အခုလို ထုံးအကုန် သုတ်မပစ်ဘဲ ကွက်ချန်ထားခဲ့တာကိုပဲ ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ဆင်းတုတော်ကြီးတွေရဲ့ နောက်နံရံ တံကဲတွေကတော့ နှောင်းလူတွေရဲ့ လက်ချက်နဲ့ ဆေးအသစ်ရေးလို့ ဖျက်စီးခံရပြီးသား ဖြစ်နေပါပြီ။ ပုဂံဒေသမှာ ထုံးကြောင့် ပျက်စီးခဲ့ရတဲ့ အမွေအနှစ်တွေလည်း များလွန်းနေပါပြီ။ နောက်နောင် ဆက်ပြီးတော့ ထုံးသုတ် မဖျက်ဆီးပစ်ကြဖို့ ဒီနေရာကနေ တောင်းပန်ချင်ပါတယ်။
လေးမျက်နှာဂူဘုရားအုတ်ခုံရဲ့ အနောက်ဘက်မှာ ပိဋကတ်တိုက်လို့ ယူဆရတဲ့ အဆောက်အအုံပျက်တစ်ခုရှိပါတယ်။ အတော်ပျက်စီးနေတာကြောင့် အတိအကျပြောဖို့ရာတော့ ခဲယဉ်းသွားပါပြီ။
လေးမျက်နှာဂူဘုရားရဲ့ အရှေ့ဘက်မျက်နှာစာမှာ ကျောက်စီဘောင်၊ ကျောက်လှေကားနဲ့ တိုင်စိုက်ရာ အခြေခွက် အကြွင်းအကျန်တွေနဲ့အတူ သိမ်အဆောက်အုံဟောင်း(၄၅၀/၂၇၁-ဃ)ကို တွေ့ရမှာ ဖြစ်ပါတယ်။ အောက်ခြေခံကျောက်ခွက်တွေကို ကြည့်ပြီး ဒီအဆောက်အအုံဟာ အနည်းဆုံး သစ်သားတိုင်ပေါင်း ၈၇ တိုင်နဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ခဲ့လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ဒါပေမယ့် သိမ်မဟုတ်ဘဲ ဓမ္မသာလာအဆောက်အဦးလည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
ဘုရားရဲ့ အရှေ့မြောက်နဲ့အနောက်မြောက်မှာ အုတ်ကျောင်းပြိုကြီး ၂ဆောင် ကျန်နေသေးတာ တွေ့ရပါတယ်။ အဲဒီအထဲမှာမှ အရှေ့ဘက် အုတ်ကျောင်းကြီး(၄၄၈/၂၇၁-ခ)က ပိုပြီး ကြီးမားခံ့ညားခဲ့ကြောင်းကို အခုထိတိုင် ကျန်ရှိနေသေးတဲ့ အဆောက်အအုံအကြွင်းအကျန်တွေက သက်သေခံနေကြပါတယ်။ အုတ်ကျောင်းကြီးရဲ့ စိုးရိမ်နေရပြီဖြစ်တဲ့ ကြံ့ခိုင်မှုကြောင့် အထဲဝင်ရောက်ဖို့ တားမြစ်လိုက်ပြီဖြစ်ပါတယ်။ အနောက်ဘက် အုတ်ကျောင်း(၄၄၉/၂၇၁-ဂ)ကတော့ အရှေ့ဘက်အုတ်ကျောင်းကြီးလောက် အရွယ်အစားမကြီးပေမယ့် အတော်လေး အခြေအနေကောင်းနေသေးတာ တွေ့ရပါတယ်။ ဒီအုတ်ကျောင်းကြီးကိုတော့ ၁၉၇၁ ခုနှစ်ကမှ ထပ်မံပြုပြင်ထားတာ ဖြစ်ကြောင်း သိရပါတယ်။ ဒီအုတ်ကျောင်းရဲ့ မျက်နှာစာနဲ့ ဘေးဘက်နံရံပတ်လည်မှာ ပုဂံခေတ် အင်္ဂတေလက်ရာတွေဖြစ်တဲ့ ကနုတ်ပန်းဆွဲ၊ မကားရ်ခံတွင်း၊ အထိုင်နတ်ရုပ် စတာတွေ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။
လေးမျက်နှာဘုရားကျောက်စာရုံထဲမှာတော့ လေးမျက်နှာဂူဘုရားကျောက်စာအပြင် တခြားကျောက်စာဆယ်ခုကိုပါ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ လေးမျက်နှာဘုရားနဲ့ မျက်စောင်းထိုး မလှမ်းမကမ်းမှာ မင်းနန်သူရဲ့ နာမည်ကျော် လေးထောင့်ကန်ကြီးရှိပါတယ်။ မိုးရေတွေကို အရှေ့မျက်နှာပေါက် ပြွန်ကနေတဆင့် မြေနိမ့်ရာ ကန်အတွင်းစီးဝင်စေပြီး တောင်၊ မြောက်၊အနောက် ပတ်ပတ်လည်ကို လေးထောင့်ပုံကျအောင် မြေဖို့ကာ ကန်အဖြစ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဖို့ထားတဲ့ မြေအမြင့်ကြောင့် အဝေးကနေ ကြည့်ရင် လေးထောင့်ကန်ကြီး ရှိမှန်းတောင် မသိနိုင်ပါဘူး။ အခုတော့ ရေသိပ်မစီးဝင်တော့ပေမယ့် တစ်ခေတ်တစ်ခါကတော့ မင်းနန်သူအရပ်မှာ နေထိုင်ကြသူတွေရဲ့ ရေလိုအပ်ချက်အတွက် ဒီလေးထောင့်ကန်ကြီးက ဖြည့်ဆည်းပေးခဲ့မှာ ပဲဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။
ရေဝင်ရေထွက်စနစ်တွေ စနစ်ကျကောင်းမွန်လှတဲ့ ဒီကန်ကြီးကိုလည်း အမတ်ကြီး မင်းအနန္တသူကပဲ တူးဖော်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လေးထောင့်ကန်အပြင် ကန်ဝန်းကျင်မှာ သာယာအပန်းပြေဖွယ်ရှိအောင် ဥယျာဉ်ကိုလည်း စိုက်ခဲ့တဲ့အကြောင်း ကျောက်စာမှာ ဖော်ပြထားပါတယ်။ အခုထိနိုင်လည်း သစ်ပင်ကြီးငယ်တွေအုံ့ဆိုင်းနေတဲ့ လေးထောင့်ကန်ကြီးဟာ သာယာလှပနေဆဲပါ။ ပုဂံခေတ်က ကုသိုလ်ရှင်တွေဟာ သာသနိကအဆောက်အအုံတွေ ဆောက်လုပ်လှူဒါန်းရာမှာ ရေရှားပါးတဲ့ပုဂံဒေသအဖို့ ရေတွင်းရေကန်တွေပါ တခါတည်းဆောက်လုပ်လှူဒါန်းလေ့ရှိကြတာ တွေ့ရပါတယ်။ ဒါဟာ ပုဂံခေတ်ကုသိုလ်ရှင်တွေရဲ့ စေတနာနဲ့ အမြော်အမြင်ကြီးမားပုံကို ပြသနေတာပဲ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ ဒီလေးမျက်နှာဘုရားနဲ့ ကပ်ရပ်က ဘုန်းတော်ကြီးကျောင်းထဲ မီးလောင်တော့ တော်တော်လေးကို စိုးရိမ်သွားမိပါတယ်။ တကယ်လို့များ မတော်မဆ လေးမျက်နှာဘုရားကြီးဘက်ပါ မီးကူးစက်ခဲ့ရင် အနှစ် ၈၀၀ သက်တမ်းရှိတဲ့ အမွေအနှစ်ကြီးတစ်ခု ပျက်စီးဆုံးရှုံးရမှာမလို့ မတွေးဝံ့စရာပါပဲ။ ဒါဟာ ရှေးဟောင်းအဆောက်အအုံတွေနား လူတွေနေတာဟာ မကောင်းဘူးဆိုတဲ့ အချက်ကို ထောက်ပြနေတာပဲ ဖြစ်ပါတယ်။ မတတ်သာလို့ နေနေကြရင်လည်း အထူးဂရုစိုက်သင့်ပါတယ်။ မိမိရဲ့ပေါ့ဆမှုတစ်ခုကြောင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အစားထိုးမရတဲ့ ဆုံးရှုံးမှုမျိုး မဖြစ်ပေါ်စေချင်ပါ။
ကျွန်တော်အနေနဲ့ ပုဂံရောက်တိုင်း အတတ်နိုင်ဆုံး မင်းနန်သူကို တစ်ခေါက်လောက်တော့ ရောက်အောင် အမြဲသွားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ မင်းနန်သူမှာ လေ့လာစရာတွေက ဘယ်တော့မှ ကုန်သွားတယ်လို့ မရှိပါဘူး။ မင်းနန်သူရောက်တဲ့အခါတိုင်း လေးမျက်နှာဘုရားကြီးနဲ့ လေးထောင့်ကန်ကြီးက ဝတ္တရားမပျက် ဆီးကြိုနေလေ့ရှိပါတယ်။ တကယ်တော့ မင်းနန်သူအရပ်ဟာ မြို့ပြရဲ့အငွေ့အသက်တွေကင်းစင်ပြီး ပုဂံရဲ့ လွမ်းမောဖွယ်ရာ အတိတ်တွေဆီ ခေါ်ဆောင်ပေးသွားနိုင်တဲ့ နေရာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ လေ့လာဖွယ်ရာ ရှေးဟောင်းအမွေအနှစ်တွေ၊ လွမ်းမောဖွယ်ရာမြင်ကွင်းတွေ တပွေ့တပိုက်ကြီးနဲ့ မင်းနန်သူအရပ်ဟာ ပုဂံကို ကျွန်တော်သိပ်ချစ်ရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ။
ဒါကြောင့် ဝါသနာတူ ပုဂံချစ်သူ မိတ်ဆွေတွေအနေနဲ့ ဒီလို အဖိုးတန်အမွေအနှစ်တွေအပြည့်နဲ့ လွမ်းမောဖွယ်ရာ ပုဂံရဲ့ အတိတ်တွေဆီကို ခေါ်ဆောင်ပေးသွားနိုင်တဲ့ မင်းနန်သူအရပ်ကိုတော့ မကြာခဏသွားရောက်စေချင်ပါတယ်။ ပုဂံသမိုင်းလေ့လာသူတွေနဲ့ ကမ္ပည်းကျောက်စာစိတ်ဝင်စားသူတွေအနေနဲ့လည်း မင်းနန်သူအရပ်ရောက်ဖြစ်ခဲ့ရင် မင်းနန်သူရဲ့ ဇာတ်လိုက် လေးမျက်နှာဘုရားကြီးကို တော့ မဖြစ်မနေ ဝင်ရောက် လေ့လာကြည့်ကြပါ၊ လွန်ခဲ့တဲ့ အနှစ် ၈၀၀ လောက်က မင်းကြီးအနန္တသူဇနီးမောင်နှံရဲ့ ကုသိုလ်ကောင်းမှုတွေကို အောက်မေ့ဂုဏ်ပြုကြပါလို့ တိုက်တွန်းရင်း မင်းနန်သူလေးမျက်နှာဘုရားကြီးကို လမ်းညွှန်ပေးလိုက်ရပါတယ်။ နန်းတောင်းများမင်းလက်ထက်က အမတ်သေနာပတိကြီး မင်းအနန္တသူရဲ့ ကျော်စောမှုဟာ နှစ်ပေါင်း ၈၀၀ ကြာခဲ့ပေမယ့်လည်း ယနေ့ခေတ်ထိတိုင် ပုဂံမြေမှာ ပျံ့လွင့်နေဆဲပါပဲ။
Credit
# သော်တာမင်း
အကြင်သူရေ ပုဂံကိုသာ လိုက်ခဲ့
မင်းနန်သူရွာထိပ်က စောင့်မယ် ...
မင်းနန်သူရွာထိပ်ကနေ မြင်ရတဲ့ပုံကလေးပါ။
မနက်ခင်းမင်္ဂလာမှာ ကြည်ကြပါစေ လင်ကြပါစေ။
ဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင်။
Photographer - Win Min Oo
Original post - https://www.facebook.com/100002877038812/posts/3762299463875918/?d=n