Candy Choco

Candy Choco Textile

ကလေးနှင့်လက်ဖက်
14/05/2026

ကလေးနှင့်လက်ဖက်

📌ကလေးနှင့်လက်ဖက်

ကျွန်မတို့မြန်မာလူမျိုးတွေက လက်ဖက်သိပ်ကြိုက်ကြပါတယ်။ လက်ဖက်သုပ်ဆိုရင် အသည်းစွဲပေါ့။

လက်ဖက်နှပ်ကိုလူကြီးတွေစားရင် များသောအားဖြင့် ပြဿနာသိပ်မရှိပေမယ့် ကလေးတွေ (အထူးသဖြင့် အသက်ငယ်တဲ့ကလေးတွေ)မှာတော့ သတိထားရမယ့်အချက်တွေရှိတယ်။

လက်ဖက်မှာ အဓိကအားဖြင့် Caffeine နဲ့ tannins ပါဝင်တာကြောင့် ကလေးတွေအတွက် အောက်ပါဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

▪️အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်း
▪️နှလုံးခုန်မြန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း
▪️Hyperactivity အလှုပ်ရှားလွန်ခြင်း
▪️ဗိုက်အောင့်၊ အစာမကြေ၊ အစာအိမ်မအီမသာဖြစ်ခြင်း
▪️သံဓာတ်စုပ်ယူမှုလျော့စေပြီး iron deficiency anemia ဖြစ်နိုင်ခြင်း
▪️ရေဓာတ်ခန်းခြောက်နိုင်ခြင်း (mild diuretic effect)
▪️အငန်၊ အဆီများတဲ့ လက်ဖက်သုပ်ဆိုရင် ကလေးကျောက်ကပ် နဲ့ အစာအိမ်အူလမ်းကြောင်းကို ဝန်ပိစေနိုင်ခြင်း စတဲ့ဆိုးကျိုးတွေရှိတတ်ပါတယ်။ ADHD ရှိတဲ့ကလေးများနဲ့ ညအိပ်မပျော်တတ်တဲ့ကလေးတွေမှာဆိုရင် caffeine effect ပိုပြနိုင်ပါတယ်။

တစ်ခါတလေ နည်းနည်းစားမိတာလောက်နဲ့ အန္တရာယ်ကြီးမဟုတ်ပေမယ့် ပုံမှန်ကျွေးသင့်တဲ့အစားအစာအနေနဲ့တော့ မသင့်တော်ပါဘူး။

လက်ဖက်ထဲက caffeine နဲ့ tannins ပမာဏကတော့

▪️လက်ဖက်အမျိုးအစား
▪️လက်ဖက်စို/လက်ဖက်ခြောက်
▪️စားတဲ့ပမာဏပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ ဒါပေမယ့် research တွေမှာ ယေဘုယျ ခန့်မှန်းထားတာတွေရှိပါတယ်။

လက်ဖက်အစိုတွေမှာ caffeine အကြမ်းဖျင်းအားဖြင့် လက်ဖက် 1 gram ကို 15-35mg ခန့်ရှိနိုင်ပါတယ်။ လက်ဖက်သုပ်တစ်ပွဲဆိုရင် လက်ဖက်က 10-25g လောက်ပါနိုင်လို့ caffeine က 50ကနေ150mg လောက်ထိဖြစ်နိုင်ပါတယ်။

ကလေးတွေမှာ safe caffeine limit အနေနဲ့ကတော့ American Academy of Paediatrics က ၁၂ နှစ်အောက်အထိ လုံးဝမပေးတာကောင်းတယ်လို့ဆိုထားပါတယ်။ ၁၂ ကနေ ၁၈ နှစ်အတွင်းမှာ Caffeine ကို 100mg အောက်သာပေးသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ ( လက်ဖက်သုပ်သာမက ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည် အကုန် Caffeine ပါပါတယ် )

ကနေဒါနိုင်ငံကတော့ Caffeine ကို
▪️အသက် 4 – 6 နှစ် 👉45 mgs
▪️Ages 7 – 9 နှစ် 👉62.5 mgs
▪️Ages 10 – 12 နှစ် 👉85 mgs
▪️ဆယ်ကျော်သက် 👉85 – 100 mgs လို့ကန့်သတ်ပါတယ်။

ဒါကြောင့် လက်ဖက်သုပ်ကတော့ ခြုံကြည့်ရင် ကလေးငယ်တွေအတွက် မကျွေးလေကောင်းလေထဲပါပါတယ်။ ကလေးတွေမှာ သံဓာတ်လိုအပ်မှုများချိန်မို့ အများကြီးစားရင် သွေးအားနည်းခြင်း ဖြစ်နိုင်ခြေ Risk လည်းရှိပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

#ကလေးနှင့်လက်ဖက်
#လက်ဖက်သုပ်

14/05/2026

“ပေးကမ်းတတ်တဲ့အိမ်မှာ ကြီးပြင်းတဲ့ကလေးတွေ”

🔳 ကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို မိဘတွေက စကားနဲ့ပဲ သင်ပေးတာမဟုတ်ဘူး။ အိမ်ထဲမှာ နေ့တိုင်းလုပ်ပြနေတဲ့ အမူအကျင့်တွေက ပိုသင်ပေးတယ်လို့ မြင်မိတယ်။

အိမ်မှာ မိဘက အမြဲတမ်း
“ငါတို့အတွက်က အဓိကပဲ”
“ကိုယ့်အိမ်အရင်”
“သူများကို မပေးနဲ့၊ ကိုယ့်ဟာလျော့သွားမယ်”
ဆိုတဲ့ စိတ်နဲ့နေတယ်ဆိုရင် ကလေးကလည်း လောကကို ကျဉ်းကျဉ်းလေးမြင်လာတတ်တယ်။

🔳 အိမ်မှာ မိဘက ရှိတာလေးကို မျှဝေတတ်တယ်။
အလုပ်သမားကို လေးလေးစားစား ဆက်ဆံတတ်တယ်။
အိမ်နီးချင်း အခက်အခဲရှိရင် ကူတတ်တယ်။
ဆွေမျိုးမိတ်ဆွေထဲက တစ်ယောက်ယောက် ဒုက္ခရောက်ရင် မျက်ကွယ်မပြုတတ်ဘူး။

ဒီလိုအိမ်မှာ ကြီးပြင်းလာတဲ့ကလေးတွေက “ပေးကမ်းခြင်း”ကို အလွန်ထူးခြားတဲ့အရာလို မမြင်တော့ဘူး။
ဘဝရဲ့ သဘာဝကျတဲ့ အကျင့်ကောင်းတစ်ခုလို မြင်လာတတ်တယ်။

■ ဗုဒ္ဓဘာသာမှာ ဒါနကို ပထမဆုံးပြောလေ့ရှိတာ အကြောင်းမဲ့မဟုတ်ဘူး။

ဒါနဆိုတာ ပိုက်ဆံရှိတဲ့သူတွေအတွက်ပဲ မဟုတ်ဘူး။
စိတ်ရှိတဲ့သူတိုင်း လေ့ကျင့်လို့ရတဲ့ ပါရမီတစ်ခုပါ။

Itivuttaka (ဣတိဝုတ္တက) ထဲက Dāna Sutta မှာလည်း ပေးကမ်းခြင်းရဲ့ အကျိုးကို တကယ်သိရင် လူတွေဟာ မမျှဝေဘဲ မစားကြတော့ဘူးဆိုတဲ့ သဘောတရားကို ဖော်ပြထားတယ်။

ဆိုလိုတာက ပေးကမ်းခြင်းဆိုတာ သူများအတွက်တင်မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကျယ်ပြန့်အောင်လုပ်တဲ့ အကျင့်လည်း ဖြစ်တယ်။

အိမ်တစ်အိမ်မှာ မိဘတွေက ဒီအကျင့်ကို နေ့စဉ်ဘဝထဲမှာ ပြသနေတယ်ဆိုရင် ကလေးက ဒါနကို စာအုပ်ထဲက သီအိုရီလို မဟုတ်ဘဲ ဘဝနေထိုင်နည်းတစ်ခုလို နားလည်လာတတ်တယ်။

■ ပေးကမ်းတတ်တဲ့အိမ်ဆိုတာ အမြဲအလှူကြီးတွေလုပ်နေတဲ့အိမ်ကို ပြောတာမဟုတ်ဘူး။

ထမင်းဟင်းပိုချက်ပြီး အိမ်နီးချင်းကို ပို့ပေးတာလည်း ဖြစ်နိုင်တယ်။ စာအုပ်ကောင်းတစ်အုပ် ဖတ်ပြီးရင် တခြားသူဖတ်ဖို့ ငှားပေးတာလည်း ဖြစ်နိုင်တယ်။ ကလေးရှေ့မှာ တစ်ယောက်ယောက်ကို ချီးကျူးပေးတာလည်း ဖြစ်နိုင်တယ်။ ကိုယ့်အိမ်ကို အကူအညီတောင်းလာတဲ့သူကို မနှိမ့်ဘဲ ဆက်ဆံတာလည်း ဖြစ်နိုင်တယ်။

တချို့အိမ်တွေက ပိုက်ဆံအရမ်းချမ်းသာတာ မဟုတ်ဘူး။
ဒါပေမယ့် အိမ်ထဲဝင်လိုက်တာနဲ့ စိတ်ထဲမှာ နွေးထွေးတယ်။ လူကို ကြိုဆိုတတ်တယ်။ ရှိတာလေးကို မျှတစွာခွဲဝေတတ်တယ်။ အဲဒီအိမ်မျိုးမှာ ကြီးပြင်းတဲ့ကလေးတွေက လူ့အဖွဲ့အစည်းထဲ ဝင်သွားတဲ့အခါ စိတ်ထား မကျဉ်းမြောင်းတော့ဘူး။

■ တချို့ကလေးတွေက အောင်မြင်လာတဲ့သူကို မြင်ရင် ချီးကျူးနိုင်တယ်။ တချို့ကတော့ မခံနိုင်ဘူး။

ဒီကွာခြားချက်ရဲ့နောက်မှာ အိမ်တွင်းယဉ်ကျေးမှု အများကြီးပါနေတတ်တယ်။

အိမ်မှာ မိဘတွေက အမြဲတမ်း
“သူတို့က ဘယ်လိုရတာလဲ”
“အဲဒီလောက်လည်း မဟုတ်ပါဘူး”
“သူက ကံကောင်းလို့ပါ”
ဆိုပြီး တခြားသူရဲ့ ကောင်းမှု၊ အောင်မြင်မှုကို လျှော့ပြောနေတတ်ရင် ကလေးရဲ့စိတ်ထဲမှာ မနာလိုစိတ်က တဖြည်းဖြည်း အမြစ်တွယ်လာတတ်တယ်။

ဒါပေမယ့် အိမ်မှာ မိဘတွေက
“ကောင်းလိုက်တာ၊ သူကြိုးစားလို့ရတာပဲ”
“သူ့အတွက် ဝမ်းသာပါတယ်”
“သူရသလို ကိုယ်လည်း ကိုယ့်လမ်းကို ကြိုးစားရမယ်”
လို့ ပြောတတ်ရင် ကလေးက မုဒိတာကို သင်ယူလာတယ်။

ဒါနနဲ့ မုဒိတာက ဆက်စပ်နေတယ်။
ပေးတတ်တဲ့စိတ်ရှိလာတဲ့သူဟာ တခြားသူရတာကိုလည်း ခံနိုင်လာတတ်တယ်။
မျှဝေတတ်တဲ့စိတ်ရှိလာတဲ့သူဟာ “သူရလို့ ငါလျော့သွားတယ်” ဆိုတဲ့ အမြင်ကနေ တဖြည်းဖြည်းလွတ်လာတတ်တယ်။

■ Dhammapada အပိုဒ် ၁၇၇ မှာ မစ္ဆရိယရှိသူတွေဟာ ဒါနကို မချီးမွမ်းကြောင်း၊ ပညာရှိသူကတော့ ဒါနကို ဝမ်းမြောက်ကြောင်း သဘောတရားပါရှိတယ်။

ဒီသဘောကို မိသားစုဘဝနဲ့ ပြန်ကြည့်ရင် အလွန်အရေးကြီးတယ်။

ကလေးကို “ပေးကမ်းပါ” လို့ ပြောတာထက်
မိဘကိုယ်တိုင် ပေးကမ်းတတ်နေဖို့ လိုတယ်။

ကလေးကို “သူများ အောင်မြင်တာ ဝမ်းသာပေးပါ” လို့ သင်တာထက်
မိဘကိုယ်တိုင် သူများအောင်မြင်မှုကို မနှိမ့်ကွပ်ဘဲ ချီးကျူးတတ်ဖို့ လိုတယ်။

ကလေးကို “တခြားလူတွေကို မနှိမ်ပါနဲ့” လို့ ပြောတာထက်
မိဘကိုယ်တိုင် အိမ်အကူ၊ အလုပ်သမား၊ ဆင်းရဲသူ၊ အခက်အခဲရှိသူတွေကို လေးစားစွာ ဆက်ဆံပြဖို့ လိုတယ်။

ကလေးတွေက နားနဲ့ထက် မျက်လုံးနဲ့ ပိုသင်တတ်တယ်။

■ ပေးကမ်းတတ်တဲ့အိမ်မှာ ကြီးပြင်းတဲ့ကလေးတွေက ဘဝမှာ ပိုချမ်းသာလာနိုင်မလား မသိပေမယ့် စိတ်ချမ်းသာနိုင်ခြေ ပိုများတယ်လို့တော့ မြင်မိတယ်။

ဘာလို့လဲဆိုတော့ သူတို့က လောကကို ပြိုင်ပွဲတစ်ခုလိုပဲ မမြင်တော့ဘူး။ အရာရာကို “ငါနိုင်၊ သူရှုံး” ဆိုတဲ့ အမြင်နဲ့ မကြည့်တော့ဘူး။ သူတို့စိတ်ထဲမှာ တခြားသူအတွက် နေရာလေး ရှိလာတယ်။ အဲဒီနေရာလေးကပဲ လူတစ်ယောက်ရဲ့ ကျက်သရေကို ဖန်တီးပေးတယ်။

■ “Children learn generosity by living near generous hearts.”

ကလေးတွေဟာ ဒါနအကြောင်းကို တရားပွဲထဲမှာပဲ မသင်ဘူး။ အိမ်ထမင်းဝိုင်းမှာ သင်တယ်။
မိဘပြောတဲ့စကားလုံးတွေထဲမှာ သင်တယ်။
သူများအပေါ် မိဘပြတဲ့ မျက်နှာထားထဲမှာ သင်တယ်။
အကူအညီလိုသူတစ်ယောက်ကို မိဘဘယ်လိုဆက်ဆံလဲဆိုတာထဲမှာ သင်တယ်။

ဒါကြောင့် ဒါနပါရမီဆိုတာ ကိုယ့်တစ်ယောက်တည်းရဲ့ ပါရမီမဟုတ်ဘူး။ အိမ်တစ်အိမ်ရဲ့ ယဉ်ကျေးမှုဖြစ်သွားနိုင်တယ်။ မျိုးဆက်တစ်ခုဆီကနေ နောက်မျိုးဆက်တစ်ခုဆီ လက်ဆင့်ကမ်းသွားနိုင်တယ်။

ပေးကမ်းတတ်တဲ့မိဘက ပေးကမ်းတတ်တဲ့ကလေးတွေကို မွေးထုတ်ပေးတယ်။ ရက်ရောတတ်တဲ့အိမ်က ရက်ရောတဲ့သူတွေကို ပျိုးထောင်နိုင်တယ်။

ဒါကြောင့် ပေးကမ်းတတ်တဲ့အိမ်မှာ ကြီးပြင်းတဲ့ကလေးတွေဟာ သူ့ဘက်ကိုယ့်ဘက်၊ မျှတွေးတတ်၊ မျှကြည့်တတ်ပြီး၊ လူ့ဘဝကို ကျယ်ကျယ်ပြန့်ပြန့်မြင်တတ်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။

May 13, 2026

#ဉာဏ
#ဒါနပါရမီ
#နေ့စဥ်ဘဝထဲကပါရမီ

________________________________________________

ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

08/05/2026

ပတ်ဝန်းကျင်ကို ပြန်ပြောပြချင်သောစကားများ

⭐ကလေးရဲ့အသားဖြူခြင်း၊မည်းခြင်းဟာ ကျွန်မတို့ထားတဲ့ချစ်ခြင်းတရားကို နည်းနည်းလေးတောင်သက်ရောက်မှုမရှိစေပါဘူး။ အသားဖြူတဲ့ကလေးဟာလည်း ကျွန်မတို့ရဲ့ရင်သွေးလေးဖြစ်သလို အသားညိုတဲ့ကလေးဟာလည်း ကျွန်မတို့ရဲ့ ရင်သွေးပါပဲ။ ကလေးဖြူဖြူညိုညို မိဘတွေရဲ့ မျက်စိထဲမှာ ကိုယ့်သားသမီးသည် အလှဆုံးဖြစ်ပါတယ်။

⭐ကလေးကညှက်တယ်နော်လို့ တစ်ခွန်းပြောခံရတဲ့အခါ ကျွန်မတို့မိဘတွေအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ အမြင်အရ ကလေးဝခြင်း၊ပိန်ခြင်းထက် ကလေးကျန်းမာနေဖို့ကအရေးကြီးပါတယ်။ အာဟာရမမျှတမှုဟာ ပိန်တဲ့ကလေးကိုပဲခေါ်ရတာ မဟုတ်ပါဘူး။ အဝလွန်နေတဲ့ကလေးဟာလည်း အာဟာရမမျှတတာပါပဲ။ ဒါကြောင့် သင့်တော်တဲ့အရပ်နဲ့ ကိုယ်အလေးချိန်ရှိနေရင် ၊ ကလေးကျန်းမာနေရင် ကျွန်မတို့ကျေနပ်ပါပြီ။

⭐ဖွံ့ဖြိုးမှုတစ်ခုခု မတူညီတဲ့အခါ...အချိန်ကွာခြားတဲ့အခါ ကလေးကနောက်ကျတယ်နော်...တို့ကလေးကတော့ ဘယ်အချိန်ဆို မှောက်နေပြီ...ဘယ်အချိန်မှာ လမ်းလျှောက်နေပြီလို့ပြောကြပါတယ်။ တကယ်တော့ ကလေးတွေရဲ့ Developmental Milestones တွေဟာ တစ်ဦးနဲ့တစ်ဦးမတူညီနိုင်ကြပါဘူး။ ဖွံ့ဖြိုးမှုတွေဟာယေဘုယျအားဖြင့်ပဲခန့်မှန်းနိုင်ပါတယ်။ ဘယ်အချိန်မှာစိုးရိမ်ရမလဲဆိုတာကိုလည်း ကျွန်မတို့လေ့လာသိရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကလေးအချင်းချင်းမနှိုင်းယှဉ်ကြပါနဲ့။ ကျွန်မတို့ဟာလည်း ကိုယ့်သားသမီးရဲ့ ကျန်းမာဖွံ့ဖြိုးမှုကိုပဲ စိတ်ထဲထားသလို သူများကလေးရဲ့ ဖွံ့ဖြိုးမှုကို စိတ်ဝင်စားနေသူတွေမဟုတ်တာကြောင့်ပါ။

⭐ကလေးကို မွေးဆံပင်နဲ့ပဲထားတာလား...ဆံပင်မသန်ဘဲနေမှာပေါ့လို့ပြောပြီး စိတ်မပူပါနဲ့နော်။ ကလေးရဲ့မွေးဆံပင်ကို အသက် ၆လအထိ မရိတ်ဖို့ ဆရာဝန်များကသေချာမှာကြားထားပါတယ်။ ဆံပင်သန်ခြင်းဟာ ဦးရေပြားအောက်က မွေးညင်းအိတ်၊ အစာအာဟာရတွေနဲ့သာဆိုင်ပြီး အပေါ်ယံခေါင်းရိတ်ခြင်းနဲ့ လုံးလုံးမသက်ဆိုင်ပါဘူး။ ၆လအောက်ကလေးကို ခေါင်းရိတ်ပေးတဲ့အခါ အခန့်မသင့်ရင် ထိခိုက်မှုဖြစ်ပြီး ဦးနှောက်ထဲထိ ရောဂါပိုးတွေဝင်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ခေါင်းမရိတ်ပေးတာပါ။

⭐ကလေးကိုမိခင်နို့တိုက်နေတာကို ကလေးကညှက်တယ်နော်...အမေနို့ကပူလို့ထင်တယ် နို့ပူဖြစ်မယ်ဆိုတာမျိုးပြောခံရတဲ့အချိန်တွေရှိတတ်ပါတယ်။ တကယ်တော့ မိခင်နို့ဟာ အင်မတန်အာဟာရပြည့်ဝပါတယ်။ မိခင်နို့ထက်ပိုကောင်းတဲ့အရာမရှိပါဘူး။ မိခင်နို့မှာ ကလေးရဲ့ ကိုယ်ခံအားကိုမြင့်တက်စေတဲ့ Immunoglobulin တွေလည်းပါပါတယ်​။ ကလေးအသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းနဲ့တင် ပြည့်စုံလုံလောက်ပါတယ်​။ အရေးကြီးဆုံးအချက်ကတော့ မိခင်နို့ဟာ ကလေးအတွက် အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးဖြစ်ပါတယ်။ နို့ပူတွေ နို့အေးတွေဆိုတာမရှိပါဘူး။ မိခင်အစားမရှောင်ဘဲ အာဟာရအစုံစားဖို့ပဲလိုအပ်ပါတယ်။

⭐ငါတို့တုန်းကဒီလိုပဲကလေးကိုမွေးလိုက်တာပါပဲ...နင်တို့အလှည့်ကျမှ အကဲပိုလွန်းတယ်လို့မတွေးပါနဲ့။ ခုခေတ်ကလေးတွေ ဉာဏ်ပိုကောင်းလွန်းတယ်ဆိုတာလည်း မကြာခဏကြားနေကျစကားမဟုတ်လား! အခုခေတ်မှာ အစားအသောက်၊ အမူအကျင့်နဲ့ ကလေးထိန်းကျောင်းနည်းကအစ စနစ်တကျပြုပြင်လာလို့ ဒီလိုရလဒ်ကောင်းတွေထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်သင့်တဲ့အရာတွေ၊ အယူအဆမှားတွေကို ပယ်ရှားရပါမယ်။

⭐ကလေးမယူသေးဘူးလား.../ကလေးတစ်ယောက်ယူပြီးပြီ...နောက်တစ်ယောက်ထပ်မွေးဦးလေဆိုပြီးလည်း မတိုက်တွန်းကြပါနဲ့။ ကလေးတစ်ဦးကို မွေးရတာကလွယ်ပေမယ့် မိဘကောင်းဖြစ်ဖို့က ခက်ပါတယ်။ ကလေးကို လူလားမြောက်ဖို့ ပြုစုစောင့်ရှောက်ရတာ၊ ကျန်းမာအောင်ဂရုစိုက်ရတာ၊ ပညာသင်ပေးရတာ စတဲ့အချက်တွေက ခက်ခဲပါတယ်။ ဒါ့အပြင် မိသားစုတိုင်းမှာ မိသားစုစီမံကိန်းဆိုတာ ကိုယ်စီရှိနေတဲ့အတွက် သူတပါးမိသားစုရဲ့ ရှေ့လျောက် plan တွေမှာ အကြံမပေးတာက လူမှုဆက်ဆံရေးတွေကို ပိုပြီးအဆင်ပြေစေပါတယ်ရှင်။

⭐ လူတိုင်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ရှိကြပါတယ်။ ကလေးမမွေးနိုင်သေးတဲ့စုံတွဲတွေရှေ့မှာ ကလေးရှိသင့်တယ်လို့ပြောတာဟာ ရိုင်းပြတယ်ဆိုရင် ကလေးမွေးထားတဲ့မိဘတွေရှေ့မှာ ဒီကာလမှာ ကလေးမယူတာကောင်းတယ်လို့ပြောတာဟာလည်း ယဉ်ကျေးမှုမရှိခြင်းပါပဲ။ ကလေးယူခြင်း၊ မယူခြင်းဟာ ကာယကံရှင်တွေရဲ့ဆုံးဖြတ်ချက်သာဖြစ်ကြပါတယ်။ လောကကြီးမှာ အိမ်ထောင်ပြုခြင်းနဲ့ အိမ်ထောင်မပြုခြင်း၊ လိင်တူချစ်ခြင်းနဲ့ လိင်ကွဲချစ်ခြင်း၊ ကလေးယူခြင်းနဲ့ ကလေးမယူခြင်း စတာတွေက ရသစာပေနဲ့သုတစာပေ ဘယ်ဟာပိုကောင်းလဲဆိုတဲ့မေးခွန်းလိုပါပဲ။

အိမ်ထောင်ပြုခြင်းရဲ့ကောင်းကျိုးရေးရင် တကိုယ်တည်းသမားတွေကိုထိခိုက်သလို ကလေးများရှိခြင်းရဲ့ ကောင်းကျိုးရေးရင် ကလေးမရနိုင်တဲ့သူတွေကိုထိခိုက်ပါတယ်။သူ့ဟာနဲ့သူမှန်တဲ့အရာတွေဖြစ်ကြပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုးက သီးသန့်ရေးစရာ၊ပြောစရာ၊ ငြင်းခုံစရာ Topics များ မဟုတ်ကြပါဘူး။

ကလေးမယူတဲ့သူတွေကိုလည်း ဘေးကနေ ယူဖို့မတိုက်တွန်းသင့်သလို ကလေးယူထားတဲ့သူတွေကိုလည်း ခုလိုကာလကြီး ဒုက္ခခေါ်မပေးချင်ဘူးဆိုတာမျိုးတွေပြောခြင်းကတော့ ပြောသူတွေရဲ့စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်(EQ)နည်းပါးမှုသာဖြစ်ပါတယ်ရှင်။ ခေတ်ကာလနဲ့လည်းဆိုင်ပေမယ့် မိဘနဲ့လည်းသက်ဆိုင်တယ်ဆိုတာငြင်းမရပါဘူး။ ကိုယ့်ကြိုးစားမှု ရပ်လို့မရဘူးဆိုတဲ့ အားအင်၊ မောလာရင် ကိုယ့်သားသမီး မျက်နှာလေးကြည့်ပြီး အမောပြေတာမျိုးနဲ့ သူတို့ကြောင့်သာ ဘဝက အဓိပ္ပာယ်ရှိနေတာလို့နေ့တိုင်းတွေးမိတဲ့အထိ သားသမီးတွေအတွက် မေတ္တာရော၊ လိုအပ်ချက်တွေပြည့်စုံဖို့ပါ အမြဲကြိုးစားပေးနေတဲ့မိဘတွေအများကြီးရှိပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

​မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

#ပတ်ဝန်းကျင်ကိုပြောပြချင်သောစကားများ

07/05/2026
03/05/2026

လိုင်စင်းဓာတ်(Lysine)နှင့်ကလေး

ကလေးကျန်းမာရေး၊ ကလေးအာဟာရနဲ့ပတ်သက်ပြီး မိဘတွေအမေးများတာကတော့ လိုင်စင်းတိုက်ရင် အစားကောင်းကောင်းစားမှာလားဆိုတာပါ။

ကလေးငယ်များဟာ Preschooler အရွယ် ( ၃-၅ နှစ်) အတွင်းကိုရောက်လာတဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှု၊ လေ့လာစူးစမ်းလိုမှုတွေပါ တိုးတက်လာပါတယ်။ အချို့သော ကလေးငယ်တွေဟာ အဘက်ဘက်မှာ ပုံမှန်ဖွံ့ဖြိုးနေပေမယ့် အစားအသောက်စားတဲ့အပိုင်းမှာ အာရုံမဝင်စားတာတွေဖြစ်လာပါတယ်။ ကလေးများအနေနဲ့ အစားမစားခြင်းဟာ မိဘတွေအတွက် စိတ်ဖိစီးမှုတစ်ခုဖြစ်ပါတယ်။ ဒီအခါမှာ မိဘတွေအနေနဲ့ ကလေးငယ်အစားစားချင်စိတ်ကိုဖြစ်စေတဲ့ Supplement အားဆေးတွေကို တိုက်သင့်/မတိုက်သင့်ဆိုတဲ့ မေးခွန်းတွေဖြစ်လာပါတယ်။

💠Lysine ဆိုတာဘာလဲ?

Lysine ဆိုတာ ခန္ဓာကိုယ်မှာ အသားဓာတ်လို့ခေါ်တဲ့ ပရိုတင်းဓာတ်ကိုပြုလုပ်ပေးတဲ့ building blocks ဖြစ်ပါတယ်။ Protein ကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် Amino Acid တွေနဲ့ ဖွဲ့စည်းထားတာကိုတွေ့ရပါမယ်။ Amino Acid အမျိုးအစားပေါင်း ၂၀ ကျော်ရှိတဲ့အထဲကမှ Lysine ဟာ Essential Amino Acid အမျိုးအစားဖြစ်ပါတယ်။ Essential Amino Acid လို့ခေါ်ရခြင်းအကြောင်းကတော့ Lysine ကို ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တဲ့အတွက် အစားအသောက်ကနေ မဖြစ်မနေရယူတာကြောင့်ဖြစ်ပါတယ်။

💠Lysine ဓာတ်ဟာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်လား?

Lysine ဟာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ Lysine ဓာတ်ရရှိဖို့ အသား ၊ ငါး ၊ ဥ နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးရပါတယ်။

💠Lysine ဓာတ်ရဲ့ ကောင်းကျိုးတွေကဘာတွေလဲ?

Lysine ဓာတ်ဟာ ကလေးတွေ ပါးစပ်မှာဖြစ်တတ်တဲ့ Cold Sores လို့ခေါ်တဲ့ ပါးစပ်အနာတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။ ဖြစ်လာရင်လည်း အနာမြန်မြန်ကျက်စေပါတယ်။

Lysine ဟာ အစားစားချင်စိတ်ကိုဖြစ်စေတယ်ဆိုတဲ့ အဆိုပြုချက်များစွာလည်းရှိပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့ research တော့မရှိသေးပါဘူး။ လေ့လာဆဲပါ။

💠ကလေးကို Lysine ပါတဲ့အားဆေးတိုက်သင့်လား?

တိုက်လို့ရပါတယ်။ Lysine ဓာတ်ဟာ ပရိုတင်းတည်ဆောက်ဖို့ မဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်ပဲမို့ ကလေးကိုတိုက်လို့ရပါတယ်။ ဒါပေမယ့် ဒီအာဟာရဟာ အစားအသောက်ကနေ အဓိကရနိုင်တာမို့ အစားအသောက်သေချာကျွေးဖို့ကိုလည်း မမေ့လျော့စေချင်ပါဘူး။

💠Lysine အပြင် ကလေးငယ်တစ်ဦး ဖွံ့ဖြိုးကြီးထွားဖို့လိုအပ်တဲ့အာဟာရဓာတ်တွေကဘာတွေလဲ?

Protein -အသားဓာတ်
Carbohydrate -ကစီဓာတ်
Fat -အဆီဓာတ်
Vitamin - သက်စောင့်ဓာတ်
mineral - သတ္တုဓာတ်
Water -ရေဓာတ် စသည်တို့ပဲဖြစ်ပါတယ်။

ဒီအာဟာရဓာတ်တွေကို နေ့စဉ်စားနေတဲ့ အသား၊ငါး၊ပဲအမျိုးမျိုး၊ နို့၊ နို့ထွက်ပစ္စည်းများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ ဆန်၊ဂျုံ၊ပြောင်း၊အုတ်ဂျုံ၊ အာလူး၊ ဟင်းရွက်ဆီ၊ အဆီအမျိုးမျိုး၊ ရေ စတဲ့အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

💠ကလေးအားဆေးများအကြောင်း

ကလေးအားဆေးတွေမှာ များသောအားဖြင့် Vitamin A, C ,D, E, B complex အုပ်စု, Folic acid နဲ့ Niacin အဓိကပါတတ်ပါတယ်။ ထပ်မံပါဝင်နိုင်တဲ့ အာဟာရဓာတ်တွေလည်းရှိပါတယ်။ Brand ပေါ်လိုက်ပြီး ကွဲပြားနိုင်ပါတယ်။

💠ကလေးငယ်ကျန်းမာဖို့အတွက်လိုအပ်တဲ့ Vitamin နဲ့ သတ္တုဓာတ်များအကြောင်းကိုလည်းဆက်လက်ဖော်ပြပေးချင်ပါတယ်။

✔️Vitamin A

Vitamin Aက ကလေးအတွက် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
Vitamin A ကြွယ်ဝတဲ့အစားအစာတွေကတော့
အသည်း၊လိမ္မော်ရောင်နဲ့အနီရောင်ရှိတဲ့သစ်သီးဝလံများ၊အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များပဲဖြစ်ပါတယ်။

✔️Vitamin B အုပ်စု(B1,B2,B6,B12,Niacin,Folic acid,Biotin, Pantothenic acid)

Vitamin B အုပ်စုကတော့ ကလေးရဲ့ဇီဝရုပ်ဖြစ်ပျက်မှုတွေကိုအားကောင်းစေတယ်။ သွေးနီဥတွေထုတ်လုပ်တဲ့နေရာမှာကူညီပေးပါတယ်။

Vitamin B ကြွယ်ဝတဲ့အစားအစာတွေကတော့
အုတ်ဂျုံ၊ ပင်လယ်စာ၊ ငါး၊အသား၊ကလီစာ၊ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနဲ့ Cereal စတာတွေပဲဖြစ်ပါတယ်။

✔️Vitamin C

Vitamin C ကတော့ ကလေးရဲ့ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အနာကျက်လွယ်စေတယ်။ ကလေးရဲသွားဖုံး၊ အရိုးနဲ့ သွေးကြောတွေကို ကောင်းမွန်အောင်ထိန်းထားပေးတယ်။ သံဓာတ်စုပ်ယူမှုကိုအားကောင်းစေပါတယ်။

Vitamin C ကြွယ်ဝတဲ့အစားအစာတွေကတော့
အရည်ရွှမ်းပြီးချဉ်တဲ့အသီးအနှံတွေနဲ့ ခရမ်းချဉ်သီး၊ ပန်းစိမ်း၊ဂေါ်ဖီထုပ်၊ကီဝီသီးစတာတွေပဲဖြစ်ပါတယ်။

✔️Vitamin D

Vitamin D ကတော့ ကလေးငယ်ရဲ့အရိုးနဲ့သွားကိုကျန်းမာစေပါတယ်။ ကယ်လ်စီယမ်ဓာတ်စုပ်ယူဖို့ အတွက် အားဖြည့်ကူညီပေးပါတယ်။

Vitamin D ကြွယ်ဝတဲ့အစားအစာတွေကတော့
နို့နဲ့နို့ထွက်ပစ္စည်းများ၊ ငါး / အရိုးပါဝါးစားနိုင်တဲ့ငါးလေးများ၊ ကြက်ဥအနှစ်၊ အသည်း၊ အုတ် စတာတွေပဲဖြစ်ပါတယ်။

✔️Vitamin E

Vitamin E ကတော့ ကလေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေနဲ့အာရုံကြောတွေကို မပျက်စီးအောင်ကာကွယ်ပေးပါတယ်။ သွေးနီဥတွေရဲ့ကျန်းမာရေးအတွက်လည်းအရေးကြီးပါတယ်။ လမစေ့ ပေါင်မပြည့်ဘဲမွေးလာတဲ့ကလေးတွေမှာ Vitamin E ဟာ အလွန်အရေးပါပါတယ်။

Vitamin E ကြွယ်ဝတဲ့အစားအစာတွေကတော့
အစေ့အဆံများ၊ အုတ်ဂျုံ ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ နေကြာဆီ ၊သံလွင်ဆီ နဲ့ကြက်ဥအနှစ်တို့ပဲဖြစ်ပါတယ်။

💠ကလေးတွေကို အားဆေးက မဖြစ်မနေတိုက်ရမှာလား?

ကလေးငယ်များဟာ အစားမရွေးဘဲ အစာအာဟာရတွေကို အစုံစားနေမယ်ဆိုရင် အားဆေးကို မဖြစ်မနေတိုက်စရာမလိုပါဘူး။ လိုအပ်တဲ့ အာဟာရဓာတ်အကုန်လုံးကို သူစားတဲ့အစားအသောက်ကနေရရှိနေမှာဖြစ်ပါတယ်။

❗ဒါပေမယ့် ကလေးတွေမှာ အားဆေးလိုအပ်တဲ့အခြေအနေတွေရှိလာနိုင်ပါတယ်။

▪️အသားလုံးဝမစားတဲ့ သက်သက်လွတ်သာ ကျွေးလို့ရတဲ့ကလေးများ
▪️အစားအင်မတန်ကြေးများတဲ့ကလေးများ
▪️ကျန်းမာရေးပြဿနာ/အခြေအနေတစ်ခုခုရှိနေတဲ့ကလေးများ (ဥပမာ ပေါင်မပြည့်သော/လမစေ့သောကလေးများ၊ မွေးရာပါရောဂါအခံပါသောကလေးများ၊ပုံမှန်သောက်ရမယ့်နို့ပမာဏထက်နည်းနေသော ကလေးများ၊ ပေါင်ချိန်မတက်သဖြင့် ကလေးအထူးကုဆရာဝန်နဲ့ပြသနေရသောကလေးများ)

စတဲ့အခြေအနေတွေရှိရင်တော့ကလေးကိုအားဆေးတိုက်ရနိုင်ပါတယ်။

💠အားဆေးတိုက်တဲ့အခါ ပမာဏဘယ်လောက်တိုက်ရမလဲ?

ကလေးအားဆေးများမှာ ဆေးဘူးရဲ့နောက်မှာ အသက်အရွယ်အလိုက်တိုက်ရမယ့် ပမာဏကိုဖော်ပြပေးထားတတ်ပါတယ်။ အဲဒီအညွှန်းအတိုင်းသာ တိုက်ရပါတယ်။ ပမာဏတိုးပြီးတိုက်စရာ (လုံးဝ)မလိုပါဘူး။

💠အားဆေး ၂မျိုး/၃မျိုးပေါင်းတိုက်စရာလိုလား?

အားဆေးကို ၂မျိုး/၃မျိုး ရောတိုက်တာက ကလေးအတွက် ပိုထူးပြီးကောင်းတာမျိုးမရှိနိုင်ပါဘူး။ ကလေးငယ်အတွက်လိုအပ်တဲ့ Vitamin A, C ,D, E, B complex အုပ်စု, Folic acid နဲ့ Niacin အဓိကပါဝင်ရင်လုံလောက်ပါတယ်။ ထပ်တိုးအနေနဲ့ Lysine , Zinc , Beta glucan စတဲ့ အာဟာရဓာတ်တွေပါ တိုးပြီးပါဝင်တဲ့အားဆေးတွေကိုလည်း သတ်မှတ်အညွှန်း၊ ဆရာဝန်တို့ရဲ့လမ်းညွှန်ချက်နဲ့အညီ တိုက်ကျွေးနိုင်ပါတယ်။

အခုဆိုရင်တော့ မိဘတွေ အမြဲတမ်းသိချင်ကြတဲ့ ကလေးအားဆေးအကြောင်းနဲ့ ကလေးအတွက်လိုအပ်တဲ့အာဟာရဓာတ်များအကြောင်း သိရှိသွားလိမ့်မယ်လို့ထင်ပါတယ်ရှင်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

28/04/2026
26/04/2026

ကလေးငယ်ရဲ့နားရွက်ကို သန့်ရှင်းရေးဘယ်လိုလုပ်ပေးရမလဲ?

နားသန့်ရှင်းရေးပုံမှန်ဂရုစိုက်ခြင်းက ကလေးငယ်တွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းဖို့ အထောက်အကူပြုပါတယ်။ ဒါပေမယ့် ကလေးရဲ့ နားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ညင်သာစွာ သန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။ ကလေးအနေနဲ့ ယားယံမှုမဖြစ်အောင် စိုစွတ်ပြီး နူးညံ့တဲ့အဝတ်စကို အသုံးပြုရပါတယ်။ နားပြွန်ကို ထိခိုက်စေနိုင်တဲ့အတွက် ဂွမ်းစ၊ ဂွမ်းတုတ်တံ သို့မဟုတ် တခြားပစ္စည်းတွေကို မထည့်ရပါဘူး။

ကလေးကို နေ့တိုင်းရေမချိုးပေးရင်တောင် နေ့တိုင်းတော့ တကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးငယ်တွေမှာ မွေးကင်းစကစပြီး ပထမလအနည်းငယ်အတွင်းမှာ ကြီးထွားနေဆဲဖြစ်တဲ့ နူးညံ့လှတဲ့အရေပြားရှိပါတယ်။ နားရွက်လိုမျိုး ပြင်ပခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတော့ ညင်သာစွာ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေလိုပဲ ကလေးငယ်တွေဟာ နားဖာချေး ဒါမှမဟုတ် နားပိုးဝင်ခြင်းကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

💠နားဖာချေး ဖယ်ရှားပေးဖို့ အရေးကြီးသလား?

နားဖာချေးဟာ နားပြွန်ထဲက ဂလင်းငယ်လေးတွေကနေ ထုတ်လုပ်တဲ့ သဘာဝနားချောဆီပါ။ ဒီလိုအကာအကွယ်အလွှာတစ်ခု ပေးခြင်းအားဖြင့် ကလေးရဲ့ နားတွေမှာ ယားယံမှုနဲ့ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ ပုံမှန်အားဖြင့် နားဖာချေးဟာ နားထဲကနေ သူ့အလိုလို ထွက်လာပြီး သုတ်ပစ်ဖို့ပဲ လိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ နားထဲမှာ စုပုံလာပြီး မသက်မသာဖြစ်ခြင်း၊ နားပိတ်ဆို့ခြင်းနဲ့ အကြားအာရုံချို့ယွင်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

💠ကလေးရဲ့ နားရွက်တွေကို သန့်ရှင်းရေးလုပ်ဖို့

ကလေးငယ်ကို နေ့စဉ်သန့်ရှင်းရေးလုပ်တဲ့အခါ သူတို့ရဲ့နားရွက်တွေကိုလည်း သန့်ရှင်းရေးလုပ်ဖို့ အချိန်အနည်းငယ်ယူပေးပါ။ ရေမချိုးခင် ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်အောင် ကြိုးစားပေးရပါမယ်။ ကလေးငယ်ဟာ အစပိုင်းမှာ သိပ်သက်တောင့်သက်သာမရှိနိုင်ပေမယ့် စကားပြောခြင်း သို့မဟုတ် သီချင်းဆိုခြင်းနဲ့ သူတို့ကို ချော့မော့ပေးပြီး အကျင့်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။

💠ကလေးငယ်ရဲ့ နားရွက်တွေကို သန့်ရှင်းရေးလုပ်ဖို့

▪️နူးညံ့တဲ့ ဂွမ်းစ ဒါမှမဟုတ် နူးညံ့တဲ့ အဝတ်စနဲ့ အရမ်းမပူတဲ့ ရေနွေးအနည်းငယ်ပဲလိုအပ်ပါတယ်။
▪️နူးညံ့တဲ့ အဝတ်စကို ရေနွေးထဲမှာ နှစ်ပါ။
ကလေးငယ်ရဲ့ နားရွက်အပြင်ဘက် အစိတ်အပိုင်းတွေအပါအဝင် နားရွက်တစ်ဝိုက်ကို ညင်သာစွာ သုတ်ပေးပါ။
▪️နားရွက်နောက်ဘက်ကိုလည်း သုတ်ပေးပါ။
▪️ဆပ်ပြာမသုံးပါနဲ့။
▪️ကလေးရဲ့ နားထဲကို ဘာမှ မထည့်ရပါဘူး။ ကလေးကို နာကျင်စေနိုင်တဲ့အပြင် နားစည်ကို ပျက်စီးစေပြီး ရောဂါပိုးဝင်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
▪️နားသန့်ရှင်းရေးလုပ်တဲ့အခါ ဂွမ်းစ၊ လက်ချောင်း ဒါမှမဟုတ် ချွန်ထက်တဲ့ အရာတစ်ခုခုကို မထည့်ရပါဘူး။
▪️ဂွမ်းတုတ်တံတွေကိုလည်း မကြာခဏ ဒါမှမဟုတ် မှားယွင်းစွာ အသုံးပြုရင် နားခြောက်သွေ့ပြီး ယားယံတာ ဒါမှမဟုတ် အဖတ်လန်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဂွမ်းစကို အရမ်းနက်နက်ထည့်ရင် ကလေးရဲ့ နားစည် ဒါမှမဟုတ် အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

💠နားပိုးဝင်ခြင်း

ကလေးတစ်ယောက် နားပိုးဝင်နိုင်ခြေ ပိုများစေတဲ့ အချက်များစွာရှိပါတယ်။

အဓိကအချက်ကတော့ အသက်ပါ။ အထူးသဖြင့် ၆ လကနေ တစ်နှစ်ကြားအရွယ်ပါ။ ကလေးတွေ ကြီးပြင်းလာပြီး စူးစမ်းလေ့လာလာတာနဲ့အမျှ ပိုးမွှားတွေနဲ့လည်း ထိတွေ့မိတတ်ပါတယ်။ ဒါ့အပြင် ကလေးက အအေးမိနေရင် သို့မဟုတ် ဆေးလိပ်ငွေ့ရှူမိနေရင် နားပိုးဝင်နိုင်ခြေ ပိုများပါတယ်။ နားပြွန်ထဲသို့ ဂွမ်းစ သို့မဟုတ် အခြားအရာဝတ္ထုများ အလွန်နက်ရှိုင်းစွာ ထည့်သွင်းခြင်းကနေလည်း ရောဂါပိုးများ ကူးစက်စေနိုင်ပါတယ်။

ကလေးများ နားပိုးဝင်ခြင်းကို ခံစားရတဲ့အခါ ဆရာဝန်နဲ့မပြသပါက နားစည်နောက်ကွယ်မှာ ကပ်ငြိနေတဲ့ဘက်တီးရီးယားများက ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီး ပြင်းထန်သော ရောဂါပိုးများ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကလေးက အကြားအာရုံပြဿနာရှိပုံပေါ်ခြင်း၊ နားထဲ တခုခုဝင်သွားခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း၊ အစားမစားခြင်း၊ နားမှအရည်များထွက်ခြင်းတို့ဖြစ်ပါက အမြန်ဆုံး ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

References:
1. Washing and bathing your baby [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.nidirect.gov.uk/articles/washing-and-bathing-your-baby
2. Cleaning your baby’s ears, eyes and nose [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.pregnancybirthbaby.org.au/cleaning-your-babys-ears-eyes-and-nose
3. Ear cleaning in kids [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.choa.org/parent-resources/caring-for-your-kid-at-home/ear-cleaning-in-kids
4. Ear problems in children [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.betterhealth.vic.gov.au/health/conditionsandtreatments/ear-problems-in-children
5. Glue ear [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.rch.org.au/kidsinfo/fact_sheets/Ear_infections_and_glue_ear/
6. How to protect your child from ear infection [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.nationwidechildrens.org/family-resources-education/family-resources-library/how-to-protect-your-child-from-ear-infections
7. Ear infections in babies [Internet]. 2021 [cited 2024 Jan 18]. Available from: https://www.hopkinsmedicine.org/health/conditions-and-diseases/ear-infections-in-babies-and-toddlers

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

18/04/2026

ကျွန်မတို့က ကလေးကိုလိမ်းပေးတဲ့ဟာမှန်သမျှကို Lotion လို့ အလွယ်ခေါ်ကြပေမယ့် အမျိုးအစားတွေက Gel , Lotion , Cream စသဖြင့်ကွာခြားကြပါတယ်။

ပြီးတော့ ၁၂လရာသီလုံးမှာ ကိုယ်ဝယ်ထားတဲ့ Baby Moisturizer အမျိုးအစားတစ်မျိုးတည်းကိုပဲသုံးရမှာလားဆိုတာလည်း မိဘတွေ ဒွိဟဖြစ်ကြပါတယ်။ တခါတလေကျ အရင်ကသုံးပေးနေတဲ့ ဟာက ခုတလောမှာ အဆင်မပြေတော့ဘူးဆိုတာမျိုးတွေလည်း ကြားရပါတယ်။

အဲဒီအကြောင်းဖြေရှင်းဖို့ ဒီအချက်လေးတွေသိဖို့လိုပါတယ်။

Baby Moisturizer တွေဟာ mechanisms သုံးခုနဲ့ အလုပ်လုပ်ပါတယ်။

💠အရေပြားထဲကို ရေဓာတ်ဆွဲယူပြီး ရေဓာတ်ပြည့်ဝအောင်လုပ်ပေးတယ်။
ဥပမာ ingredients များကတော့
▪️Glycerin
▪️Hyaluronic Acid
▪️Urea တို့ဖြစ်ပါတယ်။

💠ပြီးတော့ အရေပြားမျက်နှာပြင်ကို ချောမွတ်အောင် ပြုပြင်ပေးတယ်
ဥပမာ ingredients များကတော့
▪️Ceramides
▪️Fatty acids
▪️Shea butter တို့ပါ။

💠နောက်တစ်ချက်ကတော့ အရေပြားပေါ်မှာ အလွှာတစ်ခုတင်ပြီး ရေဓာတ်ဆုံးရှုံးမှုမဖြစ်စေဖို့ကာကွယ်ပါတယ်။
ဥပမာ ingredients ကတော့
▪️ Petrolatum or petroleum jelly
▪️Lanolin
▪️Dimethicone တို့ဖြစ်ပါတယ်။

Moisturizer ကောင်းတစ်ခုဆိုတာ ဒီ ၃ မျိုးလုံးမျှတနေဖို့လိုပါတယ်။

Baby / Sensitive Skin အတွက်တော့
✅Fragrance-free (အနံ့မပါခြင်း)
✅Ceramide ပါခြင်း
✅Occlusive အနည်းငယ်ပါခြင်း
✅Hypoallergenic ဖြစ်မှ skin barrier ကောင်းပြီးစိတ်ချရပါတယ်။

ဆက်လက်ပြီး ကိုယ်သုံးနေတဲ့ အမျိုးအစားက အရင်က အဆင်ပြေပြီး ခုတလောအဆင်မပြေတာမျိုးဖြစ်တယ်ဆိုတာအတွက် ကိုယ်သုံးပေးနေတာက Gel လား Lotion လား Cream လားဆိုတာလည်းသိဖို့လိုပါတယ်။

Gel က Water-based ဖြစ်ပြီး ရေ % အများဆုံးပါ။ Oil အလွန်နည်းပြီး မပါသလောက်ပါပဲ။ ရေဓာတ်ဖြည့်ပေးဖို့ပဲအဓိကဖြစ်ပါတယ်။

ဒါကြောင့် အလွန်ပူပြင်းတဲ့ရာသီဥတုနဲ့ဆို အဆင်ပြေပါတယ်။ အဆီပြန်အသားအရေ၊ ချွေးထွက်များတဲ့ကလေးတွေ၊ မိတ်တွေ အပူဖုတွေထွက်နေရင်လည်း အဆင်ပြေပါတယ်။ သို့သော် အရမ်းအေးတဲ့နေရာမှာနေတဲ့ကလေးတွေရယ်၊ အသားတအားခြောက်တဲ့ကလေးတွေရယ် အဆင်မပြေနိုင်ပြန်ပါဘူး။ နွေရာသီမှာ Gel Type နဲ့ အဆင်ပြေပေမယ့် ဆောင်းရာသီမှာ Gel နဲ့ အဆင်မပြေနိုင်ပါဘူး။

Lotion ကတော့ ရေနဲ့ဆီ ပါပါတယ်။ ရေဓာတ်
ကတော့ပိုများပါတယ်။ အလယ်အလတ်တန်းလောက် ရေဓာတ်ဖြည့်ပေးနိုင်တယ်။ Occlusion Effect အနည်းငယ်ပေးနိုင်ပါတယ်။ Cream ထက်စာရင်စုပ်ယူမှုပိုမြန်ပါတယ်။ မြန်မာပြည်လို ရာသီဥတုနဲ့ဆိုရင် Lotion က သင့်တော်တာများပါတယ်။ ဒါပေမယ့် တအားအေးတဲ့ရာသီဥတုဆိုရင်တော့ Lotion ထက် Cream က ပိုသင့်တော်ပြန်ပါတယ်။

Cream ကတော့ Water နဲ့ Oil balanced ဖြစ်ပါတယ်။ အဆီပါလို့ ပိုပျစ်ပြီး စုပ်ယူမှုကောင်းကာ ရေလည်းပါလို့ အေးမြစေပါတယ်။ Skin Barrier ကို ကာကွယ်မှုပိုကောင်းပါတယ်။ အသားအရေကိုလည်း Gel နဲ့ Lotion ထက် ပိုကြာကြာ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ Dry skin / eczema ရှိတဲ့ကလေးတွေအတွက် အသင့်တော်ဆုံးကတော့ Cream ပါ။ ပြီးတော့ အေးတဲ့ဒေသက ကလေးတွေအတွက်ရောပေါ့။

💠ဒီတော့ ဘယ်အမျိုးအစားက ကလေးအတွက် အသင့်တော်ဆုံးလဲ?

ကလေးအသားအရေက လူကြီးထက်စာရင် ပါးလွှာပါတယ်။ ရေဓာတ်ဆုံးရှုံးမှုမြန်ပါတယ်။ အရေပြားကိုကာကွယ်မယ့် Barrier အားမကောင်းပါဘူး။

ဒါကြောင့် အရေပြားခြောက်တဲ့ကလေးတွေ၊ Sensitive Skin ပိုင်ရှင်နဲ့ Newborn လေးတွေ၊ Eczema ကလေးတွေဆိုရင် Cream က အသင့်တော်ဆုံးလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။

သို့သော် ရာသီဥတုနဲ့ ကလေးရဲ့ Skin Type ကိုလည်းထည့်စဉ်းစားရပါတယ်။ ကလေးက Normal Skin Type ဖြစ်ပြီး ရာသီဥတုက မအေးဘဲ ပူနွေးစိုစွတ်နေရင်တော့ Lotion Type လည်း အဆင်ပြေနိုင်ပါတယ်။

အခုလို နွေရာသီမှာ ကိုယ်နေတဲ့ဒေသက တအားပူပြီး ချွေးမိတ်တွေထွက်နေမယ်ဆိုရင်တော့ Cream တွေ Lotion တွေထက် Gel Type က ပိုအဆင်ပြေနိုင်မှာဖြစ်ပါတယ်။

တမျိုးတည်းကို ၁၂လရာသီသုံးတာထက် ကလေးရဲ့အသားအရေအခြေအနေနဲ့ ရာသီဥတု၊ဒေသပေါ်မူတည်ပြီး ပြောင်းလဲသုံးပေးတာကိုတော့ ကျွန်မအနေနဲ့ ပိုအားပေးပါတယ်။ ဒီစာလေးဖတ်ပြီးရင် အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်
မေတ္တာရပ်ခံပါတယ်။

မှတ်ချက်။ ။ ပုံထဲက Gel, Lotion, Cream တွေကတော့ သားနဲ့သမီးကို ရာသီဥတုနဲ့ အသားအရေအခြေအနေအရ လှည့်သုံးပေးနေတဲ့ ပစ္စည်းလေးတွေပါ။

ကလေးနဲ့ ဓာတ်ဆားရေ
04/03/2026

ကလေးနဲ့ ဓာတ်ဆားရေ

📌ဓာတ်ဆားကို ဘယ်အချိန်မှာ တိုက်သင့်လဲ?
•••••••••••••••••••••••••••••••••••••••••••••••
ကလေးဝမ်းပျက်ရင် Probiotics အထုပ်လေးတွေပဲတိုက်နေကြပြီး ဓာတ်ဆားတိုက်ဖို့မေ့နေကြလို့ ဒီဆောင်းပါးကိုရေးပါတယ်ရှင်။

၅နှစ်အောက်ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောဖြစ်ရသောအကြောင်းရင်းများအကြောင်းကို အရင်ဆုံးရေးသားပေးချင်ပါတယ်။

💠ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း

Parasites ခေါ် ကပ်ပါးကောင်များနှင့် နဲ့ မှိုရောဂါ
ကျန်းမာရေးနှင့်မညီညွတ်သောအပြုအမူများ
အထူးသဖြင့် နို့ဘူးသောက်တဲ့ကလေးငယ်တွေမှာ နို့ဘူးကိုအသုံးပြုပြီး သေချာသန့်စင်ဆေးကြောမှုမပြုမိခြင်းကြောင့် ဝမ်းပျက်တာပိုဖြစ်လွယ်ပါတယ်။ ကလေးဖြည့်စွက်စာစားချိန်မှာ ပန်းကန်ခွက်ယောက်သန့်ရှင်းမှုလိုအပ်ခြင်းနဲ့အသားငါးတွေကို သန့်ရှင်းလတ်ဆတ်စွာမကိုင်တွယ်ခြင်းတို့ဆိုရင်လည်း ဝမ်းပျက်တတ်ပါတယ်။ ဒါ့အပြင်ရေကိုကျိုချက်ပြီးမသောက်သုံးခြင်း၊ Toddlers အရွယ် မတ်တပ်ပြေးကလေးများဟာ ဆော့ကစားပြီး အညစ်အကြေးတွေကိုင်တွယ်ပြီးတဲ့အချိန်၊ ဝမ်းသွားပြီးချိန် ၊ အစားမစားခင်အချိန်များမှာ လက်မဆေးခြင်းစတဲ့အပြုအမူတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

💠ကလေးများဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဓာတ်ဆားရည်တိုက်ရာတွင် သိထားသင့်သောအချက်များ

ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အလွန်အဖြစ်များတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးဝမ်းပျက်တဲ့အခါ ဝမ်းအရည်များသွားခြင်းနဲ့အတူ အော့အန်ခြင်းပါတွဲဖက်နေတတ်ပါတယ်။

💠မိဘများမဖြစ်မနေသိသင့်သော ရေဓာတ်ဆုံးရှုံးမှုဆန်းစစ်ခြင်း

ကလေးငယ်တစ်ဦးဝမ်းပျက်တဲ့အခါ ရေဓာတ်ဆုံးရှုံးမှုရှိမရှိကို ဆန်းစစ်ရပါတယ်။ ရေဓာတ်ဆုံးရှုံးမှုမရှိသောအခြေအနေမှာ အောက်ပါအချက်များပါဝင်ပါတယ်။

▪️ကလေးဟာ နို့ကောင်းကောင်းစို့နေခြင်း
▪️လန်းဆန်းနေခြင်း
▪️မျက်ကွင်းချိုင့်မှုမရှိခြင်း
▪️ရေကိုလည်းပုံမှန်ပဲသောက်ခြင်း
▪️အရေပြားကို လက်ညှိုး၊လက်မနဲ့ဆွဲကြည့်တဲ့အခါ လျင်မြန်စွာပြန်ကပ်သွားခြင်းများ စသည်တို့ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုရင် အိမ်မှာစနစ်တကျပြုစုကုသလို့ရပါတယ်။ ဝမ်းတစ်ခါသွားပြီးတိုင်းမှာ
အသက် ၂နှစ်အောက် - အရည် 50-100ml
၂နှစ်မှ ၁၀နှစ် - အရည် 100~200ml တိုက်သင့်ပါတယ်။

💠တိုက်သင့်သောအရည်များ

▪️ORS - Oral Rehydration Salt ဓာတ်ဆား
▪️မိခင်နို့
▪️ကြက်စွပ်ပြုတ်/ ဟင်းရွက်စွပ်ပြုတ်
▪️ဒိန်ချဉ်
▪️အုန်းစိမ်းရည်
▪️အချိုမပါသောအသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်များ စသည်တို့ဖြစ်ပါတယ်။

💠နောက်တစ်ခုကတော့ ကလေးဟာ ဝမ်းသွားပြီးရေဓာတ်ဆုံးရှုံးမှုလက္ခဏာအနည်းငယ်ရှိတဲ့အခြေအနေပါ။ ဒီလိုအခြေအနေမှာ ဆေးရုံ/ဆေးခန်းကို မဖြစ်မနေသွားရောက်ပြသရမှာပဲဖြစ်ပါတယ်။

▪️ဝမ်းသွားနေတဲ့ကလေးဟာ
▪️ဂဏာမငြိမ်ဖြစ်နေခြင်း
▪️စိတ်မကြည်မလင်နေခြင်း
▪️မျက်တွင်းချိုင့်နေခြင်း
▪️ရေကိုအငမ်းမရသောက်ခြင်း
▪️ဗိုက်အရေပြားကို လက်ညှိုး လက်မနဲ့ဆွဲပြီး ပြန်လွှတ်တဲ့အခါ အရေပြားက ဖြည်းညှင်းစွာကပ်သွားခြင်း စတဲ့အခြေအနေတွေရှိရင် ရေဓာတ်ခမ်းခြောက်မှုအနည်းငယ်ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။ ဆရာဝန်ပေးတဲ့ဆေးကုသမှုကို သေချာခံယူရမှာဖြစ်ပါတယ်။

💠ဝမ်းလျှောတဲ့ကလေးကို ဓာတ်ဆားရည်တိုက်တဲ့အခါ သိသင့်တဲ့အခြေခံအချက်များ

ဝမ်းပျက်နေတဲ့အချိန် ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းဖို့တိုက်ရတဲ့ဓာတ်ဆားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO)မှ သတ်မှတ်ထားတဲ့အချိုးအဆ (Formula)နဲ့အညီ ဖော်စပ်ထားတဲ့ ဓာတ်ဆားထုပ်မျိုး ဖြစ်ရပါမယ်။

💠ဖျော်စပ်နည်း

ဓာတ်ဆားထုပ်တွေမှာ ဖျော်ရမယ့်ရေပမာဏကို ရေးထားပါတယ်။ ရေ 1000ml သို့မဟုတ် 200ml စသဖြင့် ဖျော်ရမယ့် ပမာဏရှိပါတယ်။ အဲဒီအချိုးအစားအတိုင်း တိကျစွာဖျော်ဖို့အရေးကြီးပါတယ်။ သေချာမသိရင် ဝယ်ယူထားတဲ့ဆေးဆိုင်ကို ပြန်မေးသင့်ပါတယ်။ အချိုးအစားမှားပြီးဖျော်မိရင် ကလေးကိုကုသမှုမှာ ထိရောက်မှုမရှိပါဘူး။ ဒါ့အပြင် 1000ml နဲ့ဖျော်ရမှာကို 200ml နဲ့ဖျော်မိတဲ့အခါ ဆားဓာတ်တွေများသွားတာမျိုးဖြစ်နိုင်ပါတယ်။

💠လသားကလေးဝမ်းလျှောရင်ရော ဓာတ်ဆားတိုက်လို့ရလား?

အသက် ၆လအထိ ကလေးကို မိခင်နို့တစ်မျိုးတည်းတိုက်ရမယ်လို့ သိထားကြတဲ့အတွက် လသားကလေးဝမ်းပျက်တဲ့အခါ ဓာတ်ဆားတိုက်လို့ရမရ ဇဝေဇဝါဖြစ်ကြပါတယ်။ တကယ်က ဝမ်းပျက်တဲ့အခါမှာတော့ ဓာတ်ဆားရည်တိုက်လို့ရပါတယ်။ WHO Formula အသစ်ဓာတ်ဆားဆိုရင် ပိုမိုသင့်တော်ပါတယ်။

📌မိဘများသတိထားသင့်တာက ဓာတ်ဆားဖျော်တဲ့အခါ ရေ 1000ml နဲ့ဖျော်ပြီးရင် မကုန်မှာကို နှမြောကြတဲ့အတွက် ဓာတ်ဆားတစ်ထုပ်ကို နှစ်ခါ၊သုံးခါ ခွဲဖျော်တာမျိုး မြင်ဖူးပါတယ်။ အဲဒီလိုလုပ်တာဟာ မှားယွင်းပါတယ်။ ဓာတ်ဆားတစ်ထုပ်လုံးကို ရေသန့် 1000ml နဲ့ တခါတည်းဖျော်ရမှာဖြစ်ပါတယ်။ ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄နာရီအတွင်းသာ တိုက်ရမှာဖြစ်ပြီး ၂၄နာရီကျော်တာနဲ့ လွှင့်ပစ်ရမှာဖြစ်ပါတယ်။

💠ကလေးကိုဓာတ်ဆားဘယ်လိုတိုက်မလဲ?

▪️ဇွန်း သို့မဟုတ် ခွက်လေးနဲ့တိုက်ပေးရမှာပါ။ နို့ဘူးထဲထည့်မတိုက်သင့်ပါဘူး။ ကလေးငယ်လွန်းရင် ဆေးထိုးအပ်ကို အပ်ခေါင်းဖြုတ်ပြီး စုပ်ပါ။ ပြီးရင် အစက်ချတိုက်ပေးလို့ရပါတယ်။
▪️၂နှစ်အောက်ကလေးများကတော့ လက်ဖက်ရည်ဇွန်းနဲ့ နည်းနည်းစီတိုက်ပါ။ ကလေးကြီးများကိုတော့ ခွက်နဲ့ပဲသောက်ခိုင်းလို့ရပါတယ်။ အန်တဲ့အခါ ၅-၁၀မိနစ်ပြန်စောင့်ပြီးမှ နည်းနည်းစီနဲ့ ဖြည်းဖြည်းချင်းပြန်တိုက်ပေးပါ။

📌အထူးသတိပြုဖို့ကတော့
ကလေးများဝမ်းပျက်တဲ့အခါ ဝမ်းပိတ်ဆေးများမတိုက်ရပါဘူး။ရေဓာတ်ဆုံးရှုံးမှုရှိတာနဲ့ ဆေးရုံ၊ဆေးခန်းပြရပါမယ်။

ဓာတ်ဆားဆိုတာ ကလေးများဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့အန်ခြင်းများကြောင့် ရေဓာတ်ခန်းခြောက်တဲ့ အန္တရာယ်ကနေ အဓိကကယ်တင်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်စွာ တိုက်ကျွေးနိုင်ဖို့အတွက် အခြေခံကျပါတယ်။ ဓာတ်ဆားကသာ အသက်ကယ်ပေးနိုင်မှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

Address

76 Street
Mandale

Telephone

09791791568

Website

Alerts

Be the first to know and let us send you an email when Candy Choco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share