07/01/2026
မင်းဘေးမှာ ထိုင်ခွင့်
ညအချိန် စာကြည့်တိုက်က လူရှင်းနေပြီ။
မိုးရေစက်တွေက ပြတင်းပေါက်ပေါ်ကို တိတ်တိတ်လေး တက်ကာ ရိုက်နေတယ်။
ကိုယ့်စာအုပ်ကို ဖတ်နေတာ သုံးဆယ်မိနစ်လောက် ရှိပြီထင်တယ်။
ဒါပေမယ့် စာကြောင်းတစ်ကြောင်းမှ စိတ်ထဲ မဝင်ဘူး။
အကြောင်းက သူပဲ။
သူက ကိုယ့်ဘေးခုံမှာ ထိုင်နေတာ။
အဖြူရောင် shirt လေး၊ နားကြပ်တစ်ဖက်ပဲ တပ်ထားပြီး စာရေးနေတာ။
“ဒီခုံ လွတ်နေလား”
သူက အရင်နေ့က ကိုယ့်ကို မေးခဲ့တယ်။
“အင်း…”
အဲဒီစကားလေးတစ်လုံးနဲ့ပဲ
ကိုယ့်ညတွေက မတူတော့ဘူး။
စာကြည့်တိုက်ထဲမှာ
သူ့လက်က ကိုယ့်လက်နဲ့ နည်းနည်းပဲ ခြားထားတယ်။
မထိဘူး… ဒါပေမယ့် နီးလွန်းတယ်။
သူ့ဘက်က လေရှူသံကို ကိုယ် ခံစားလို့ရတယ်။
“မင်းက ညဘက်တွေ အမြဲလာဖတ်တာလား”
သူက မော့မကြည့်ပဲ မေးလိုက်တယ်။
“အင်း… စာထက် လူမရှိတာကို ပိုကြိုက်လို့”
ကိုယ် ပြန်ပြောလိုက်တယ်။
သူ ပြုံးသွားတယ်။
“ငါလည်း အဲလိုပဲ”
အဲဒီအချိန်မှာ ကိုယ် နားလည်သွားတယ်။
ကိုယ့်ကို စိတ်လှုပ်ရှားစေတာက
သူ့ရဲ့ အသံမဟုတ်ဘူး…
သူ့ရဲ့ တိတ်ဆိတ်မှုပါ။
စာကြည့်တိုက် ပိတ်တော့မယ့်အချိန်
သူ စာအုပ်ပိတ်ပြီး ကိုယ့်ဘက်ကို လှည့်ကြည့်တယ်။
“မနက်ဖြန်… ဒီအချိန် ထပ်လာမလား”
ကိုယ် ခဏတိတ်သွားတယ်။
ပြီးတော့ ခေါင်းညိတ်လိုက်တယ်။
“လာမယ်”
အပြင်ကို ထွက်လာတော့ မိုးက မရွာတော့ဘူး။
လမ်းမပေါ် မီးအလင်းတွေက နွေးထွေးနေတယ်။
သူက ကိုယ့်ဘေးမှာ လျှောက်နေတယ်။
လက်တွေ မထိသေးဘူး…
ဒါပေမယ့် ကိုယ် သိနေတယ်။
ဒီလို ညတွေကို
နောက်ထပ် များများ ဝေမျှချင်လာပြီဆိုတာကို။❣️