02/12/2020
ကလေးနှင့် နားဖာချေး
နားဖာချေး ဘယ်လိုဖြစ်လာသလဲ။
နားလမ်းကြောင်းမှ အရေပြားတွင် မမြင်ရသော အရည်အိတ်လေးများက ပျစ်ချွဲချွဲအရည်တစ်မျိုးကို သဘာဝအလျောက်ထုတ်ပါသည်။ ထိုအရည်က ပြင်ပလေထုထဲမှ ဝင်လာသော ဖုန်မှုန့်များကို အတွင်းနားစည်ထဲမရောက်ခင် ဖမ်းယူ၍ နားဖာချေးဖြစ်လာသည်။ ကလေးနားဖာချေးအရောင်က မျိုးရိုးလိုက်၍ မေမေ (သို့) ဖေဖေ့ နားဖာချေးနှင့် ဆင်ပါလိမ့်မည်။
နားဖာချေးရဲ့ အရေးပါမှု
နားဖာချေးက ပြင်ပမှ ဝင်လာသော ဖုန်နှင့် အခြားအန္တရာယ်များကို နားတွင်းမှ နားစည်နှင့် မထိတွေ့အောင် ကြားခံပေးသည်။
နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်၍ နားလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးများ ကြီးထွားမှုကို ဖျက်ဆီးပြီး နားစည်မရောင်အောင် ကာကွယ်ပေးသည်။
နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်၍ နားတွင်း ရေဝင်ပါများသောသူများတွင် ဖြစ်တတ်သော မှိ ုစွဲခြင်းကို ကာကွယ်ပေးနိုင်သည်။
နားဖာချေးတွင် အဆီဓာတ်ပါ၍ နားလမ်းကြောင်းတွင်း မတော်တဆဝင်လာသောရေကို အရေပြားတွင်းစိမ့်ဝင်ခြင်းမရှိအောင်ကာကွယ်ပေးသည်။ ထို့ကြောင့် တခါတရံ နားထဲသို့ ရေမတော်တဆဝင်သွားလျှင် အတွင်းကို စိမ့်မဝင်သွားဘဲ အပြင်သို့ လျှံထွက်လာပါသည်။
နားဖာချေး ကော်ဖို့လိုလား။
နားလမ်းကြောင်းမှ အရေပြား၏ အပေါ်ဆုံးလွှာက သဘာဝအလျောက် အသစ်လဲလျှင် နားဖာချေးကို အပြင်သို့တွန်းထုတ်၍ နားဖာချေးက နားဝရောက်လာကာ ထွက်ကျလာပါလိမ့်မည်။
နားကြပ်တံ ဂွမ်းချောင်းသုံး၍ ဖယ်ရှားဖို့ကြိုးစားလျှင် နားဖာချေးကို နားတွင်းသို့ တွန်းထည့်သလိုဖြစ်ပြီး နားစည်ဖိမိနိုင်ပါသည်။ ကလေးနာလိမ့်မည်။
ဆံညှပ်ကလစ်များ၊ နားကော်တံများနှင့် နားဖာချေးကို ဖယ်ရှားဖို့ကြိုးစားလျှင် ကလေးရုန်းသည်နှင့် နားစည်ထိခိုက်နိုင်၊ နားစည် ပေါက်နိုင်ပါသည်။
နားသန့်ရှင်းရေး ဘယ်လိုလုပ်မလဲ။
ရေချိုးပေးလျှင် "နားရွက်"၏အတွင်းအပြင်ကို (နားတွင်းပြင်မဟုတ်ပါ) အဝတ်ရေစိုနှင့် သုတ်ပေးလျှင် လုံလောက်ပါသည်။
ရေပက်ခြင်း၊ ရေလောင်းခြင်းမပြုပါနှင့်။
တစ်လတစ်ကြိမ် စစ်ဆေးသည့်အနေနှင့် နားရွက်ကလေးကို အပေါ်ဘက်၊ အနောက်ဘက် ဖြည်းဖြည်းဆွဲမ၍ ကလေး၏ နားထဲချောင်းကြည့်ပါ။ နားဖာချေးက နားလမ်းကြောင်းကို မမြင်ရလောက်အောင် ပိတ်ဆို့မနေလျှင် သဘာဝအတိုင်းထွက်လာဖို့သာ စောင့်ပါ။
နားဖာချေး ပိတ်ဆို့သော်
အချို့ကလေးများက ပုံမှန်ထက် နားဖာချေးပိုထွက်လျှင်၊ နားလမ်းကြောင်းက ပုံမှန်ထက် ပိုကျဉ်းလျှင်၊ နားကြားကိရိယာတပ်ရလျှင် နားဖာချေးက အပြင်သို့ အလိုလိုထွက်လာရမည့်အစား အတွင်းတွင် ပိတ်ဆို့မှုလွန်ကဲပြီး နားကြားမှု အခက်အခဲ ယာယီရှိနိုင်သည်။ ကလေးက နားကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နားထဲ ပြည့်တင်းနေခြင်း၊ နားအူခြင်းတို့ ခံစားရနိုင်သည်။
ထိုပြဿနာ ဖြစ်သော် နားဖာချေးအခဲ ပျော်ကျလာစေရန် သံလွင်ဆီ (သို့) Waxsol, Cerumol စသော ဆေးရည်စက်ကို နားထဲ ညဘက်ထည့်ပေးပါ။ ထည့်ပြီးလျှင် ၅-၁၀ မိနစ် ခေါင်းစောင်းထားခိုင်းပါ။ အများအားဖြင့် ၁ ရက်မှ ၃ ရက်လောက်ထည့်ပေးလျှင် နားဖာချေးက အပြင်သို့ပျော်ပြီး ထွက်ကျလာပါလိမ့်မည်။
နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Google
Reference- KK Women & Children's Hospital, Children's ENT Centre, Singapore, Better Health, Victoria, Australia.