19/01/2025
#မရှိမဖြစ်မိုး #ဂျူး
မင်္ဂလာပါ…
ကဲ ဒီနေ့တော့ အပျိုကြီး ဆရာမဂျူးရဲ့ အချစ်ဝတ္ထုလေးပေါ့။ ဒီစာအုပ်လေးကို ဟိုနေ့က စာကြည့်တိုက်ကနေ ကျွန်တော်ငှါးဖတ်ခဲ့ပါတယ်။ သဘောကျလွန်းလို့ ဒီနေ့ စာအုပ်ရှာဝယ်တာ ၃၊ ၄ ဆိုင်လောက် ရှာဝယ်လိုက်ရတယ်။ ကျွန်တော်က ဆရာမရဲ့ စာအုပ်တွေ အနည်းစုပဲ ဖတ်ဖူးပေမဲ့ ဖတ်ခဲ့ဖူးတာတွေထဲက အချစ်ဝတ္ထုတွေကိုမှ ဆွေးဆွေးလေးတွေနဲ့ပေါ့။ ဥပမာအားဖြင့် #အမှတ်တရ၊ #တိမ်နဲ့ချည်တဲ့ကြိုး တို့ပေါ့။
ဒီစာအုပ်ကကြတော့ အချစ်ဝတ္ထုကိုမှ ကြည်ကြည်နူးနူးလေးဖတ်ရမှာပေါ့။ စိတ်အပန်းလည်း ပြေတယ်ရယ်၊ နောက် ဇာတ်လမ်းလေးလည်း စွဲတယ်ရယ်။ စာအုပ်ကလည်း သေးတာရယ်၊ စာမျက်နှာကလည်း ၂၈၀ ကျော်ပဲ ပါပါတယ်။ ဇာတ်လမ်းစွဲတာနဲ့ဆိုတော့ ဖတ်ရတာ ခဏပါပဲ။ ဖတ်ရတာ အားမရလို့ ဒီထက်ပိုပြီးတော့တောင် ဖတ်ချင်သေးပါတယ်။ ဇာတ်တိုသွားတာကို အားမရဘူးဆိုပေမဲ့ ကျွန်တော့်မှာ ဖတ်နေရင်းနဲ့ကို ပြုံးနေရတာပါပဲ။ ဦးမင်းထင်ကျော်ရဲ့ ပိုးပန်းစကားတွေ၊ ဒေါ်ခင်မိုးမြင့်ရဲ့ ခနဲ့စကားတွေနဲ့ စိမ်းစိမ်းကားကားအမူအရာတွေက ဦးမင်းထင်ကျော်နေရာက ဝင်ဖတ်တဲ့ ကျွန်တော်တောင် ရင်ထဲ ဟာရပါတယ်။
ယောက်ျားတွေကို မုန်းတဲ့ ခင်မိုးမြင့်ကိုမှ သိပ်ချစ်မိသွားတဲ့ မင်းထင်ကျော်တို့ရဲ့ အဖြစ်ဇာတ်လမ်းလေးပေါ့။ ဇာတ်က ရိုးပေမဲ့ ဆရာမဂျူးရဲ့ အရေးအသားတွေ၊ အဖွဲ့အနွဲ့တွေနဲ့ဆိုတော့ အဆုံးထိကို ဆွဲခေါ်သွားတယ်။ ဦီးမင်းထင်ကြီး သူသိပ်ချစ်တဲ့ မိုးကို ရပါ့ရပါ့မလားဆိုတဲ့ စိတ်လည်း ပါတာပေါ့။ ကဲ ကြည်ကြည်နူးနူးလေးတွေ ဖတ်ရတာကို အကြိုက်တွေ့တယ်ဆိုရင် စာဖတ်သူတို့ ဒီစာအုပ်လေး မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ တိုက်တွန်းအကြံပေးချင်ပါတယ်ဗျာ။
အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးအထူးတင်ရှိပါသည်။