Khit Audio Channel

Khit Audio Channel Audio book

02/07/2024
08/01/2024
08/01/2024
27/06/2023

#စာအုပ်ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ရန်နည်းလမ်းကောင်းလေးများ♥

မိတ်ဆွေစာသမားအချို့ ခဏခဏကြုံတွေ့ရတတ်တဲ့ ပြဿနာက
စာအုပ်ကလေးတွေကို ခြစားခံရတတ်တဲ့ ပြဿနာပဲ။ သူတို့ အဲ့ဒီလိုမျိုး
ခဏခဏ ကြုံတွေ့နေကြရတော့ သူတို့ကိုယ်တိုင်လည်း စိတ်မကောင်း
ဖြစ်ကြရသလို ၊မြင်တွေ့နေရတဲ့ ကျနော်လည်း ဘေးကနေကြည့်ပြီး
စိတ်မကောင်းဖြစ်ရပါတယ်။ စာသမားတွေမှာရှိတတ်တဲ့ အတ္တလေး
တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ စာအုပ်တွေကို ချစ်တတ်တဲ့ အပြစ်မဲ့တဲ့
အတ္တလေးလို့ပဲ ဆိုရမှာပေါ့။ စာသမားတွေဟာ စာအုပ်တွေနဲ့
ပတ်သက်လာရင် တော်တော်များများဟာ အထိအဆတ်မခံနိုင်ကြတာ
များပါတယ်။ စာသမားတွေဟာ သူတို့ဆီက ပိုက်ဆံချေးသွားလို့
ပြန်မဆပ်နိုင်သေးရင် နားလည်ခွင့်လွှတ်ပေးတတ်ကြသော်လည်း ၊
စာအုပ်ငှါးသွားပြီးပြန်မပေးရင်တော့ ထိုသူကို ကမ္ဘာမကြေဘူးပဲဆိုတဲ့
အမျိုးဗျို့ ။
(ကျနော်ပြောတာ ပိုတယ်လို့ထင်ရင် စာသမားစစ်စစ်တွေကို
သာ ကြုံတဲ့အခါ မေးကြည့်ကြပါလို့ အကြံပြုပါရစေခဗျာ)

ထားပါတော့ ။ ကျနော်လျှာရှည်နေတာနဲ့ ပြောလိုရင်းကို
မရောက်ဘဲ ဖြစ်နေတော့မယ်။ အဲ့ဒီလိုမျိုး စာအုပ်ကလေး
တွေအပေါ်မှာ တန်ဖိုးထားတတ်ကြတဲ့ စာကြမ်းပိုးမိတ်ဆွေ
တွေအတွက် အကျိုးရှိမယ်လို့ ထင်တဲ့ စာအုပ်ထိမ်းသိမ်းနည်း
လေးအချို့ကို ကျနော်မျှဝေပေးချင်ပါတယ်။ ကျနော်ကိုယ်တိုင်
လည်း ထိုနည်းလမ်းကလေးတွေအတိုင်း စာအုပ်ကလေးတွေကို
ထိန်းသိမ်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပါပြီ။
ထိုနည်းလမ်းကလေးတွေကို စပြီး အသုံးပြုခဲ့တဲ့ အချိန်ကစလို့
ယနေ့အချိန်အထိ ကျနော့်စာအုပ်ကလေးတွေဟာ တစ်အုပ်မှကို
ပျက်စီးဆုံးရှုံးခဲ့ရတာမျိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းမျိုး အလျင်းမရှိခဲ့ပါ။
ထိုနည်းလမ်းကလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

၁/စာအုပ်ကလေးတွေကို ဗီရို (သို့မဟုတ်) အဖုံးပါသော
သေတ္တာ ၊ အဖုံးပါသော ကော်ပုံး ထဲသို့ ထည့်၍သိမ်းဆည်းပါ။
(ကျနော်ကတော့ ဗီရိုနဲ့ အဆင်ပြေပါတယ်)

၂/ အေး၍ ခြောက်သွေ့သော အခန်း(သို့မဟုတ်) အလင်းရောင်
အသင့်အတင့်ရှိသော နေရာတွင် စာအုပ်ဗီရို(ဝါ)စာအုပ်သေတ္တာကို
ထားပါ။

၃/ စာအုပ်ကလေးတွေကို အဖုံးချုပ်လိုပါက ဖလင်အဖုံးနဲ့
သပ်သပ်ရပ်ရပ်ချုပ်ပါ။
(အဖုံးချုပ်တာကို မကြိုက်သူများက မချုပ်ချင်လျှင်လည်း ပြဿနာမရှိပါ)

၄/ စာအုပ်ကလေးတွေကို ထိန်းသိမ်းထားသော ဗီရိုထဲမှ(ဝါ)သေတ္တာထဲမှ
ခြောက်လတစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးပါ။
(အချိန်ရရင် သုံးလတစ်ကြိမ်လောက် လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်)

၅/စာအုပ်ကလေးတွေ ထည့်ထားသော ဗီရို(ဝါ)သေတ္တာပုံးများထဲသို့
ပရုပ်လုံးကလေးတွေ အသင့်အတင့် ထည့်ထားပေးပါ။
(အဲ့ဒီလို ထည့်ပေးထားပါက ကြွက်၊ပိုးဟပ်၊ ပုရွက်ဆိတ်၊ခြ အစရှိတဲ့
အင်းဆက် ပိုးမွှားများရန်မှ ကာကွယ်နိုင်ပါတယ်)

၆/ ဒီအချက်ကတော့ အထွေအထူး မဟုတ်ပါဘူး။ စာသမားတိုင်း
လုပ်နေကျ အချက်လေးပါ။ စာအုပ်အနှောင့်ကလေးတွေ မကျိုး
အောင် စာအုပ်ကလေးတွေကို ဖတ်တဲ့အခါ Book Mark
ကလေးတွေ ကြားညှပ်ပြီး ဖတ်ပါ။
(မိတ်ဆွေတွေကို ငှါးလိုက်ရင်လည်း စာအုပ်ကြားထဲမှာ Book
Mark ကလေးတွေ ထည့်၍ပေးလိုက်ပါ)

၇/ စာသမားတော်တော်များများ လုပ်တတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။
အဲ့ဒီအကျင့်ကတော့ စာအုပ်ကလေးတွေကို အိပ်ရာထဲအထိယူပြီး
ဖတ်တတ်တဲ့အကျင့်ပါ။ ဖတ်ပြီး အိပ်ပျော်သွားတဲ့အခါ ဟိုဖိ ဒီဖိနဲ့
စာအုပ်ကလေးတွေ ကျိုးကြေသွားတတ်ပါတယ်။ ဆိုတော့ကာ
စာတွေဖတ်ရင်း မျက်စိညောင်းလို့ အိပ်ချင်လာပြီဆိုတာနဲ့ ဖတ်လက်စ
စာအုပ်ကလေးကို ခေါင်းအုံးအောက်ထဲကို သေသေချာချာ ထည့်၍
စာအုပ်ကို ခေါင်းအုံးပြီးအိပ်ပါ။
(ထိုကဲ့သို့ အိပ်ခြင်းအားဖြင့် စာအုပ်ကျိုးကြေမှုဒဏ်မှ ကာကွယ်နိုင်ပါတယ်)

၈/ စာသမားတွေဟာ စာအုပ်ကလေးတွေကို သွားလေရာသို့ ယူသွားတတ်
ကြပါသည်။ ယခုလို မိုးရာသီလိုမျိုးမှာ ယူသွားမယ်ဆိုရင်တော့ စာအုပ်ထည့်
ဖို့ မိုးလုံလေလုံ အိတ်တစ်လုံးလောက်ဆောင်သွားသင့်ပါတယ် ။
(ဒါမှသာလျှင် မိုးရွာတဲ့အချိန် ကားပေါ်ကဆင်းတဲ့အခါ စာအုပ်မိုးစိုမဲ့အဖြစ်မှ
ကင်းလွတ်ပါလိမ့်မယ်၊ ဒါကတော့ သတိထားရမယ့် အချက်ကလေးပေါ့)

၉/ စာအုပ်တွေကို ဂုန်နီအိတ်တွေနဲ့ လုံးဝမထားပါနဲ့။
ထိုကဲ့သို့ ထားခြင်းအားဖြင့် စာအုပ်တွေမှာမကောင်းတဲ့အနံ့တွေ
စွဲတတ်ပါတယ်။ ကြက်သွန်နံ့၊ ဆီကြော်မုန့်နံ့၊ သကြားအောက်သိုးသိုး
အနံ့ အစရှိတဲ့ အနံ့တွေ စွဲတတ်ပါတယ်။ ထိုအနံ့တွေကြောင့်ပင်
ကြွက်များ၊ ပိုးဟပ်များ၊ ပုရွက်ဆိတ်များ ၊ခြများ ရဲ့ ကိုက်ဖြတ်ဖျက်ဆီး
ခြင်းကို ခံရတတ်ပါတယ်။

၁၀/ စာအုပ်ဗီရို(ဝါ) စာအုပ်သေတ္တာကို နံရံနှင့် အနည်းဆုံး
၃လက်မ အကွာတွင်ထားပါ။ အကြောင်းမှာ နံရံတွင် ကပ်ထား
ခြင်းအားဖြင့် အခုလို မိုးတွင်းလို အခါမျိုးမှာ နံရံရဲ့ရေငွေ့ရိုက်ခြင်းကို
ခံရတတ်သောကြောင့် ဘာမျှ မဖြစ်ဘူးဆိုရင်တောင် စာအုပ်ကလေး
တွေအစိုပြန်ခြင်း၊ မှိုတက်ခြင်း ၊ဖားဥစွဲခြင်းမျိုးတွေကို အခန့်မသင့်ပါက
ကြုံတွေ့ရနိုင်ပါတယ်။

ကဲ စာသမားများအားလုံးလည်း မိမိတို့ ချစ်ခင်မြတ်နိုးရတဲ့
စာအုပ်ကလေးတွေကို အထက်ပါ နည်းလမ်းကလေးများကို
အသုံးပြု၍ နှစ်ရှည်လများ မပျက်မစီးဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်
ရည်ရွယ်၍ ဒီစာလေးကို ရေးသားပြီး ပြန်လည်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ ♥


#ထက်နောင်

Zalatni.sarpay

20/06/2023
20/06/2023

ဘာသာပြန်မှန်ထဲက ရိုးတိုးရိပ်တိတ်မြင်လိုက်ရတဲ့ ဂျပန် စာရေးဆရာများ (၃)
…….
ဟာရူကီ မူယာကာမိ Haruki Murakami (村上 春樹, Murakami Haruki, 1949)
…….
အမှတ်စဉ်(၃) အတွက်တော့ ဂျပန်စာရေးဆရာ Haruki Murakami ကိုရွေးပါမယ်။
…….
Haruki Murakami ကို မြန်မာစာဖတ်ပရိသတ်ကြားမှာ မသိမရှိအောင် နာမည်ကျော်ကြား၊ ဩဇာကြီးမားတဲ့ စာရေးဆရာလို့ ဆိုရမယ် ထင်ပါတယ်။ သူ့စာအုပ်ကို မြန်မာဘာသာပြန်ဆိုထားတဲ့ စာရေးဆရာအင်အားကို ကြည့်လိုက်ပါဦး။
ရဲမြလွင်၊ သင့်လူ၊ မြင့်သန်း၊ မြတ်သစ်၊ မိုးသက်ဟန်၊ မယ်ကျွိ၊ သစ်စိုး၊ သူရိန်ဝင်း၊ ဒီနိုဗို၊ ကိုး၊ နိုင်းနိုင်းစနေ၊ ကျော်လင်းဆွေ၊တေဇာ(လရောင်လမ်း)၊ လင်းတည်ဦး၊ စေတ (နောက်ထပ် ကျွန်တော် မမှတ်မိတဲ့ ဆရာ/မတွေ ကျန်ဦးမယ်ထင်တယ်။ သိသူများ ထပ်ဖြည့်ပေးသွားကြပါ)။
ဒီလောက်ဆရာတွေ အများကြီး ဝိုင်းဘာသာပြန်ကြ၊ (တချို့ဆို တစ်အုပ် တည်းကိုပဲ၊ သုံးလေးယောက် ဝိုင်းပြန်တာတွေ့ရ/ ဥပမာ-နော်ဝေဂျီယန်ဝုဒ်၊ 1Q84 )။
စာအုပ်တိုက်တွေက မမောနိုင်မပန်းနိုင် ဝိုင်းပြုံ ထုတ်ဝေကြဖြစ်နေတာကိုကြည့်ရင် မြန်မာစာဖတ်ပရိသတ် တွေထဲမှာ ဟာရူကီ မူရာကာမိ ရဲ့ ပရိသတ်တွေ ဘယ်လောက်တောင် ထုနဲ့ ထည်နဲ့ ရှိနေပြီလဲဆိုတာကို မြင်သာမှာပါ။ မြန်မာပြည်မှာသာမက ကမ္ဘာ့နိုင်ငံအနှံ့မှာ ဘာသာ ပေါင်း (၅၀)နဲ့ပြန်ဆိုပြီး အုပ်ရေသန်းချီ ရောင်းချနေရတယ်ဆိုကတည်းက သူ့ဩဇာအရှိန်ဝါကြီးမှုက အံချီးမကုန်ပါပဲ။
Kobe မြို့မှာ ကြီးပြင်းလာခဲ့ပြီး ဂျက်ဇ်ဘားငယ်ပိုင်ရှင်လေးအဖြစ် ခုနစ်နှစ်ကြာ လုပ်ကိုင်ခဲ့သူတစ်ယောက်ရဲ့ ကမ္ဘာနဲ့ချီကျော်ကြား အောင်မြင်ခဲ့မှုဟာ ပုံပြင်တော့ မဟုတ်လေဘူး။ (တစ်ခုထူးခြားတိုက်ဆိုင်တာက ဂျပန်စာပေဆွာမိကြီး မူရာကာမိ နှစ်ယောက်စလုံးဟာ ဂီတနဲ့ ပတ်သက်ရင် ထဲထဲဝင်ဝင်ရှိလှတဲ့၊ ပတ်သက်ကျွမ်းဝင်သူတွေဖြစ်နေပါတယ်။)
မူယာကာမိပြောတဲ့ သူ ဝတ္ထုရေးဆရာ တစ်ယောက် ဖြစ်လာပုံကို ဆရာ ဒီနိုဗိုက သူ့ရဲ့ (ဆင် တစ်ကောင်လုံး ပျောက်ဆုံးခြင်း) ဝတ္ထုစာအုပ် အမှာစာ ဆိုမလား၊ မိတ်ဆက်စာ ခေါ်မလားမှာ ခုလိုရေးထားတာ စိတ်ဝင်စားဖွယ်တွေ့ရပါတယ်။
( အဲ့ဒီအချိန်က ၁၉၇၇ခုနှစ်။ သူက တိုကျိုက ဂျင်ဝူးအားကစားရုံမှာ သူ့အကြိုက်ဆုံး ဘေ့စ်ဘောအသင်း Yakult Swallows ကစားတာ ကြည့်နေခဲ့သည်။ ဒေ့ဟေတန်က နှစ်ချက်ဆင့် ရိုက်လိုက်တဲ့အခိုက်မှာ သူ့နားထဲမှာ သူ့ပထမဆုံးဝတ္ထုဖြစ်သော Hear the Wind Sing ကို စရေးဖို့ တိုက်တွန်းနေတဲ့အသံကို ကြားလိုက်ရသည်။ ဒါဟာ ကျွန်တော့်ဘဝမှာ အပျော်ရွှင်ဆုံးအခိုက်အတန့်တစ်ခုပါပဲဟု နောင်မှာ သူပြန်ပြောပြသည်။ ဆယ်စုနှစ် တစ်ခုခန့်အကြာမှာတော့ အလွန်အရေးပါလှသော Norwegin Wood ကို ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ) အဆန်းတကျယ်ပါပဲ။
သူ့စာအုပ်တွေကို အင်္ဂလိပ်ဘာသာပြန်ပေးနေတဲ့ ဟားဘတ်တက္ကသိုလ်က ပါမောက္ခ Jay Rubin ကတော့ “ ခင်ဗျားအနေနဲ့၊ မူယာကာမိကို လူ့အဖွဲ့အစည်းရဲ့ အမြင်နဲ့ မချဉ်းကပ်ပါနဲ့၊ လူသားဦးနှောက်နေရာကနေသာ ချဉ်းကပ်ပါ “ လို့ ဆိုခဲ့ပါတယ်။ တကယ်လည်း မူယာကာမိ ဝတ္ထုတွေဟာ ဖတ်ရလွယ်သလောက် နားလည်ဖို့တော့ အတော်အားထုတ်ရတဲ့ စာတွေဖြစ်ပါရဲ့။
သူ့ရဲ့ အထင်ရှားဆုံးစာပေလက်ရာကိုတော့ ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Kafka on the Shore လို့သတ်မှတ်ကြပြီး၊ magical realism၊ surrealism အမျိုးအစားစာပေလို့ အကဲဖြတ်ကြပါတယ်။ (ဂျပန်မှာ အရောင်းရဆုံးစာအုပ် စံချိန်ချိုးခဲ့တဲ့စာအုပ်ပါ။)
ပညာရှင်တစ်ချို့က သူ့စာတွေကို ပို့စ်မော်ဒန်လက္ခဏာများ ( postmodern characteristics ) ပါတဲ့ လက်ရာလို့ သတ်မှတ်ပါတယ်။
(ဝတ္ထုဖွဲ့စည်းထားမှုမှာ ဂီတ၊ စာပေနဲ့ ရုပ်ရှင် အပါအဝင် ပေါ့ပ်ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်းချက်တွေ၊ Murakami ရဲ့ လက်မှတ်ကိုပါ အသုံးပြုထားမှုတွေ ပါ၀င်ပြီး ပို့စ်မော်ဒန်ခံစားမှုကို တိုးမြင့်စေခြင်း၊ ယဉ်ကျေးမှုကြား နယ်နိမိတ်များကို ပိုမိုမှုန်ဝါးစေခြင်း၊ ယေဘုယျအားဖြင့်၊ "Kafka on the Shore" ဟာ စာဖတ်သူတွေကို သူတို့ရဲ့လက်တွေ့ဘဝနဲ့ မိမိကိုယ်တိုင်ရဲ့ ခံယူချက်များကို မေးခွန်းထုတ်ဖို့ ခက်ခဲရှုပ်ထွေးအောင် တွေးခေါ်လှုံ့ဆော် ထားတဲ့ ပို့စ်မော်ဒန်လက္ခဏာများ ( postmodern characteristics ) ပါဝင်နေခြင်း စတဲ့အချက်အလက်တွေကြောင့် ပို့စ်မော်ဒန်ဝတ္ထုတစ်ပုဒ်လို့ ယူဆသတ်မှတ်နိုင်ကြောင်း ကောက်ချက်တွေလည်း ရှိခဲ့ပါတယ်။)
ပို့စ်မော်ဒန်လက်ရာစစ်စစ် ( purely postmodern ) ဟုတ်မဟုတ်ကတော့ ငြင်းခုန်နေကြတုန်းပါပဲ။
သူရခဲ့တဲ့ ဆုစာရင်းကို ခုလိုတွေ့ရပါမယ်။ လူလွန်မသားပါ။

1. Franz Kafka Prize (2006)
2. World Fantasy Award for Best Novel ("Kafka on the Shore," 2006)
3. Yomiuri Prize for Literature (1995, for "The Wind-Up Bird Chronicle")
4. Frank O'Connor International Short Story Award (2006, for "Blind Willow, Sleeping Woman")
5. Jerusalem Prize (2009)
6. Asahi Prize (2009)
7. Hans Christian Andersen Literature Award (2016)
8. Person of Cultural Merit (2019, from the Japanese government)
9. Honorary Doctorate of Letters (2011, from Tufts University)
10. International Catalunya Prize (2011)
…….
ဖတ်ဖူးသမျှ သူ့ဝတ္ထုတွေထဲက ၊ တချို့ကို ပြန်ကြည့်မိပါတယ်။
1Q84 ကိုကြည့်တဲ့အခါ၊ ပဉ္စလက်သရုပ်မှန်နဲ့ ဆူရီရယ် လက္ခဏာရပ်( magical realism & surrealism) သတ်မှတ်ချက်တွေ ပါနေတာ တွေ့ရမှာပါ။ ( magical realism, science fiction, and dystopian fiction) အမျိုးအစား ဝတ္ထုလို့လည်း အကဲဖြတ် သတ်မှတ်ကြပါ တယ်။ ( dystopian ကတော့ တရားမျှတမှုမရှိဘဲ ကြီးစွာသော ဆင်းရဲဒုက္ခတွင်းထဲကျနေတဲ့ စိတ်ကူးယဉ်နိုင်ငံတော် / လူ့အဖွဲ့အစည်းကြီး ကိုသရုပ်ဖေါ်ခြင်းလို့ ဆိုရမယ်ထင်ပါရဲ့။)
အဲ့သလိုပဲ "Killing Commendatore" ( စစ်သူကြီးကို သတ်ပစ်ခြင်း/ ရဲမြလွင်) မှာလည်း၊ ပဉ္စလက်သရုပ်မှန်နဲ့ ဆူရီရယ် လက္ခဏာရပ် ( magical realism & surrealism) သတ်မှတ်ချက်တွေပါ နေပြန်ပါတယ်။
"Norwegian Wood" (နော်ဝေဂျီယန်ဝုဒ်/မိုးသက်ဟန်။ နော်ဝေပြည်မှ စုံတောမြိုင်/ ရဲမြလွင်) ကိုတော့၊ အဓိကဇာတ်ကောင်စရိုက်ကနေ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာပုံတို့ကို သရုပ်ဖော်ထားတဲ့ ဝတ္ထုအမျိုးအစား(ဘင်းလ်ဒင်စ် ရိုးမဲန်) နဲ့ ဖြစ်တည်မှုဝါဒ ( bildungsroman and existentialism ) ဆန်တယ်လို့ သတ်မှတ်ကြပြန်တယ်။ ( bildungsroman အမျိုးအစား ဝတ္ထုတွေအဖြစ် ဥပမာပေးထားတဲ့အထဲမှာ အားလုံးသိရှိနှစ်သက်ကြတဲ့ ဟယ်ရီပေါ်တာ၊ ဆရာတင်မောင်မြင့် ဘာသာပြန်၊ တောင်ပံမဲ့သင်းကွဲတေးဆိုငှက်/ "To Kill a Mockingbird" by Harper Lee ၊ Charles Dickens ရဲ့ ဒေးဗစ်ကော့ပါးဖီးလ်၊ မျှော်တလင့်လင့်၊ Sylvia Plath ရဲ့ "The Bell Jar" လိုမျိုးဝတ္ထုတွေပါနေတာတွေ့ရပါတယ်။)
The Wind-Up Bird Chronicle (1994) (တေးဆိုငှက်ဒဏ္ဍာရီ/သင့်လူ) ကိုတော့၊ magical realism, surrealism, and historical fiction အမျိုးအစားလို့ အကဲဖြတ်ကြပါတယ်။
Dance Dance Dance (1988) ဝတ္ထုအပေါ်မှာ ဆူရီယယ်၊ ဖြစ်တည်မှုပဓာန၊ လျှို့ဝှက်ဆန်းကျယ် surrealism, existentialism, and mystery အမျိုးအစားလို့ သတ်မှတ်ပါတယ်။
ဝတ္ထုတိုများ စုစည်းမှု တစ်အုပ်ဖြစ်တဲ့ "The Elephant Vanishes" (1993) (ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း/ ဒီနိုဗို)ကိုတော့၊ ပဉ္စလက်သရုပ်မှန်၊ ဆူရီရယ်လစ်ဇင်နဲ့ နားလည်ရခက်သော၊ ပဟေဠိဆန်သော magical realism, surrealism, enigmatic ရေးဟန်များ ရောထွေးထားတဲ့စာအုပ်လို့ ဆိုပြန်တယ်။
အဲ့သလောက် နမူနာကြည့်ရင်ကိုပဲ ဂျပန်ဂုရုဆွာမိကြီး မူယာကာမိဟာ ဘယ်လိုပုံစံအရေးအသားမျိုးကို အားသန်ရေးဖွဲ့သူဆိုတာ မှန်းဆနိုင်မှာ ဖြစ်ပါတယ်။

တပြိုင်နက်မှာပဲ၊ ကမ္ဘာအနှံ့က အင်မတန့်ကို များပြားလှတဲ့ သူ့စာဖတ်ပရိတ်သတ်တွေဟာ ဘာ့ကြောင့် သူ့စာတွေကို အရူးအမူး နှစ်သက်နေကြတာလဲလို့ တွေးမိပါတယ်။ စာအုပ်သစ်တစ်အုပ်ထွက်လာရင် ညအိပ်ညနေ တန်းစီပြီး ဝယ်ယူကြတာမျိုးအထိ သည်းသည်းလှုပ်ကြတာကိုး။
ဒါဟာ စာရေးသူတစ်ယောက်အပေါ်ကို အရူးအမူးနှစ်သက်ရာကဖြစ်လာတဲ့ ကူးစက်တတ်တဲ့စိတ်ရောဂါ( Contagious mental illness) တစ်မျိုးလေလား။ ဒါမှမဟုတ် ပြောင်းလဲလာတဲ့ စာပေပုံသဏ္ဍာန်အသစ် အပေါ် တိမ်းမူးနှစ်သက်ကြခြင်း စစ်စစ်ပေလား။ စစ်တမ်းကောက်ယူမှု မတွေ့ရသေးတော့ သေသေချာချာဖြင့် မပြောနိုင်ပါဘူး။

မူယာကာမိကတော့ တိုကျိုမှာ ဧရာမ စာအုပ်စင်ကြီးနဲ့ ( စာရေးဆရာအဖြစ် သူ နှစ်ပေါင်း ၄၀ ကျော် ဖြတ်သန်းခဲ့တဲ့ အမှတ်တရစာစု ၃၀၀၀ ကျော်ကို မှတ်တမ်းတင်ထားသော ) မူယာကာမိစာကြည့်တိုက် အဆောက်ဦကြီးဆောက်လို့ ကမ္ဘာကြီးဆီ အောင်မြင်စွာ ဆက်လက်ချီတက်နေတုန်းပါပဲ။ သိပ်လှပတဲ့ စာအုပ်ထားသိုမှုအပြင်အဆင်နဲ့ ဧရာမ မူယာကာမိ စာကြည့်တိုက်ကြီးကို သွားငေးမော ခံစားကြည့်ကြပါဦး။

ငအအ
၂၀၂၃ ခု ဇွန် ၁၂ရက်
ညဉ့်ဦးယံ (၇း၀၀)နာရီ
..

ဆရာငြိမ်းအေးအိမ်၏ အရေးအသားကို ပြန်လည်ဖော်ပြပါသည်။
Post အတွက် ကံ့ကော်ဝတ်ရည်မိသားစုမှ ဆရာ့အား ကျေးဇူးတင်ပါသည်။

Address

38လမ်း (72*73)ကြား
Mandalay

Telephone

+959777002514

Website

Alerts

Be the first to know and let us send you an email when Khit Audio Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category