28/03/2023
တွေ့ ကြုံ ဆုံ ကွဲ
-------------------
သူငယ်ချင်းဖြစ်သူ ခင်မောင်စိန်က သူ့သား မင်္ဂလာဆောင်ကို ဖုန်းနှင့်လည်း ဖိတ်သည်။ ဖိတ်စာကိုလည်း မရောက်၊ ရောက်အောင်ပို့လိုက်သည်။
ဖုန်းထဲတွင်
“မင်း ဒီပွဲကို မလာရင်တော့ သေခန်းပြတ်” ဟု ရာဇသံပေးသည်။
တက္ကသိုလ်တက်ကတည်းက တစ်ဆောင်တည်းနေခဲ့ကြသည်။ သွားအတူ လာအတူ စားအတူ စိတ်တူ ကိုယ်တူ ဝါသနာတူတွေ။
ဘွဲ့ရပြီးတော့ အလုပ်ဌာနတွေကွဲ၊ မြို့တွေကွဲသွားကြသည်။ ပြန်မတွေ့နိုင်ကြတော့ဟု ထင်ထားရာမှ ပြန်တွေ့ ကြသည်။ သူငယ်ချင်းတွေ ပျော်လိုက်သည်မှာ။ ကိုယ့်ဆီကဖုန်းနံပါတ်လည်း ယူသွားသည်။ သူ့ဖုန်းနံပါတ် ကိုလည်း ပေးထားသည်။ သို့သော် မဆက်သွယ်ဖြစ်ကြ။ ယခုတော့ သားမင်္ဂလာဆောင်အတွက် သူဆက်သည်။
“ဟေ့ … ငါတို့ ဘယ်နေ့သေမလဲဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အရွယ်တွေ ရောက်နေပြီကွာ။ ဘာဖြစ်ဖြစ် သူငယ်ချင်းတွေ ငါ့သား မင်္ဂလာဆောင်မှာ ပြန်ဆုံချင်လို့ အားလုံးဖိတ်ထားတယ်။ လာဖြစ်အောင်လာခဲ့”
မင်္ဂလာဆောင်က နံနက် ၉ နာရီမှ ၁၁ နာရီ
ဟိုတယ်ကြီးတစ်ခုတွင် ဖြစ်သည်။
ကျွန်တော် အခမ်းအနားတွေ ပွဲတွေကို ရှောင်လေ့ရှိသည်။ မွမ်းကျပ်လွန်းသောကြောင့်ဖြစ်သည်။ သို့သော် ဤပွဲကိုတော့ ရောက်အောင်လာခဲ့သည်။ ကိုယ်ပိုင်ကားတွေကြားတွင် တက္ကစီပေါ်က ဆင်းလာသော ကျွန်တော့်ကို ခင်မောင်စိန်က အပြေးလေး လာကြိုသည်။
“ဟေ့ကောင်ရာ … လာကြိုဆိုလည်း ကားလွှတ်လိုက်မှာပေါ့ကွာ”
“ရောက်ဖို့ အရေးကြီးတယ် မဟုတ်လားကွာ … ရောက်လာပြီပဲ”
“ဘာပြောပြော လူကန့်လန့်ကြီးရေ … ငါနိုင်သွားပြီကွ”
“ဘာလဲ … ဘာနိုင်တာလဲ”
“မင်းမလာဘူးဆိုပြီး လောင်းတဲ့သူ ရှိနေတယ်ကွ … ခုမင်းလာတော့ ငါနိုင်ပြီပေါ့။ ငါက လာကို လာရမယ်ဆိုပြီး လောင်းထားတာ”
“ဘယ်သူနဲ့လောင်းထားတာလဲ”
“လာပါ ဟိုရောက်တွေ့ တွေ့ရမှာပေါ့”
သူက ကျွန်တော့် လက်ကို ဆွဲသွားပြီး လူအုပ်ကြီးကြားထဲက ဖြတ်သွားသည်။ ရှေ့ဆုံး “အထူးသီးသန့်” ဆိုသည့် ဝိုင်းသို့ ရောက်သောအခါ
“ဟေ့ … ဒီမှာ ဘယ်သူလဲ ကြည့်စမ်း” ဟု သူ့အသံပြဲကြီးနှင့် အော်လိုက်သည်။
ရုတ်တရက်လှည့်ကြည့်လိုက်သူမှာ ကျွန်တော် လုံးဝမမျှော်လင့်ထားသူ
“လှိုင်”
ကျွန်တော်နှုတ်က တိုးတိုးလေး လွှတ်ခနဲ ထွက်သွားခြင်း ဖြစ်သည်။
“မိလှိုင် ငါနိုင်ပြီ … ကဲ … ဘယ်လိုလဲ”
လှိုင်က ပြုံးလိုက်သည်။ ခင်မောင်စိန်က ကျွန်တော့်ကို လှိုင့်ဘေးတွင် ထိုင်စေပြီး
“စကားပြောကြဦး ငါသွားဧည့်ခံလိုက်ဦးမယ်” ဆိုကာ ထွက်သွားသည်။
ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းမဆိုင်ဖြစ်အောင် လွှဲနေကြသည်။ ထို့နောက်မှ သူက
“နေကောင်းလား” ဟု တိုးတိုးလေး မေးလိုက်သည်
“အင်း”
ကျွန်တော်က တုံးတိဖြေလိုက်ပြီး သတို့သားနှင့် သတို့သမီး ခန်းမထဲ ဝင်လာသည်ကို ကြည့်နေသည်။ သူတို့ စင်ပေါ် တက်သွားပြီး သတ်မှတ်ထားသော နေရာတွင် ထိုင်လိုက်ကြသည်။ ခင်မောင်စိန်တို့ လူကြီးတွေလည်း နေရာယူလိုက်ကြသည်။ မင်္ဂလာ အခမ်းအနားစပြီ။
ကျွန်တော်က ရှေ့မှာ ချထားသော ရေဘူးကို ဖွင့်လိုက်သည်။ ရေတစ်ခွက်ကို ဖန်ခွက်ထဲလောင်းထည့်ကာနေစဉ်
“လှိုင့်ကိုလည်း တစ်ခွက်လောက်”
သူက ကျွန်တော့်ဘက်ကို ဖန်ခွက်ထိုးပေးသည်။ ကျွန်တော် သူ့ဖန်ခွက်ထဲကို ရေဖြည့်ပေးလိုက်ပြီး
“ဘယ်တုန်းက ပြန်ရောက်လဲ” ဟု မဝံ့မရဲ မေးလိုက်သည်
“တစ်ပတ်ကြာသွားပြီ” သူကလည်း ဒါပဲဖြေကာ ရေသောက်နေသည်။
ကျွန်တော်လည်း ရေမသောက်ချင်ပဲ သောက်နေမိသည်။
လှိုင်က ကျွန်တော့်ဘက်လှည့်လိုက်ပြီး
“သတို့သားနဲ့ သတို့သမီးက ငယ်ငယ်ရွယ်ရွယ် လှလှပပလေးတွေနော် … ချစ်စရာ ကောင်းလိုက်တာ။ အချစ်နဲ့ နုပျိုခြင်းဆိုတာ သိပ်ကိုလိုက်ဖက်တာပဲ။ အားကျလိုက်တာ” ဟု ပြောနေသည်။
ထိုစကားပြောနေသော သူ့ကို ကျွန်တော် ကြည့်လိုက်မိသည်။ လွန်ခဲ့သော နှစ် ၅၀ က လှိုင်နှင့် ယနေ့လှိုင် သိပ်ကို ကွာခြားသွားပြီ။
ယခင်က ပိန်ပိန်ပါးပါးလှိုင်သည် ယခုတော့ ဝဝတုတ်တုတ် မိန်းမကြီးတစ်ယောက်ဖြစ်နေပြီ။ ကိုယ်လည်း ဘာထူးသလဲ။ ဝဝဖိုင့်ဖိုင့် ခေါင်းဖြူဖြူ အဘိုးအိုတစ်ယောက်ဖြစ်နေပြီ။
လှိုင်က ကျွန်တော့်ကို ကြည့်လိုက်သည်။ မျက်လုံးချင်းဆုံသွားသည်။ ကျွန်တော်က အကြည့်လွှဲလိုက်သည်။
“ကြည့်ပါဦး ကလေးတွေ ဒီကိုလာနေပြီ ချစ်ဖို့ကောင်းလိုက်တာ”
သတို့သားနှင့် သတို့သမီးကို ခင်မောင်စိန်က ဦးဆောင်ခေါ်လာပြီး မိတ်ဆက်ပေးသည်။ ဓာတ်ပုံတွေ ရိုက်ကြသည်။ ထို့နောက် အခြားတစ်ဝိုင်းကို ကူးသွားသည်။
“ချစ်ပြီးတော့ ညားသွားကြတာနော် … တကယ့်ကို ပျော်စရာပဲ”
ကျွန်တော်က မပြောတော့ဘူးဟု ဆုံးဖြတ်ထားသော်လည်း ပြောဖြစ်အောင် ပြောလိုက်သည်။
“ချစ်ပြီးတော့ညားတာတွေ ရှိသလို … ချစ်ပြီးတော့ ထားခဲ့ကြတာ တွေလည်း ရှိတာပဲမဟုတ်လား”
ခင်မောင်စိန် ရောက်လာသည်။
“ဟေ့ သူငယ်ချင်းတွေဆုံတုန်း အမှတ်တရ ဓာတ်ပုံ ရိုက်ရအောင်”
ကျွန်တော်က မလိုက်ချင်သော်လည်း သူခေါ်ရာနောက်ကို လိုက်သွားသည်။ သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ အားလုံး ၆၀ ကျော်အရွယ်တွေ။ တည်တည်တံ့တံ့ ခန့်ခန့် ဝဝကြီးတွေ ဓာတ်ပုံအရိုက်ခံနေကြသည်။
ဓာတ်ပုံရိုက်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြသည်။ တည်ခင်းသော အစားအစာတွေကို စားကြသည်။ သို့သော် လှိုင်ကား နေရာကို ပြန်ရောက်မလာ။ ကျွန်တော်က ဟိုငေး သည်ငေး ဟိုတွေး သည်တွေး။
မင်္ဂလာအခမ်းအနား ပြီးပြီ။ ကျွန်တော် ပြန်ရန်ထလိုက်သည်။ ခင်မောင်စိန်ကို သွားနှုတ်ဆက်သည်။
“ပြန်တော့မလို့လား … လိုက်ပို့ပေးမယ်လေ … ခဏနေပါဦး”
“နေပါစေကွာ”
“ဪ … ဒါနဲ့ မင်းကို လှိုင်က နှုတ်ဆက်သွားတယ်လို့ ပြောပေးပါတဲ့”
“သူ ဓာတ်ပုံရိုက်ပြီးကတည်းက ပျောက်သွားတာ”
“ဟုတ်တယ် … သူလေဆိပ် ဆင်းရမှာ … ဒီနေ့ပဲပြန်တော့မှာ … ငါက အတင်းလာခိုင်းလို့ … ဒါနဲ့ မင်းကို ဘာမှ မပြောသွားဘူးလား”
“ဟင့်အင်း”
တင်ညွန့်
၂၈.၃.၂၀၂၃
https://m.facebook.com/story.php?story_fbid=6010277685723328&id=100002234690173&mibextid=Nif5oz
ဆရာဦးတင်ညွန့်၏ Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။