07/11/2022
" ချစ်စရာကောင်းသော စာဖတ်သမားများ "
- 1 -
ကျွန်တော် စာအုပ်တွေကိုစဖတ်ဖြစ်တာက တတိယ
တန်းကျောင်းသားဘဝမှာပါ ။ စာအုပ်တွေကို
မဖတ်တတ်ခင်တည်းက ညစဥ်ညတိုင်း အဖေက
ပုံပြင်တွေပြောပြနေခဲ့လို့ ၊ ပုံပြင်တွေအပေါ် စွဲလမ်း
နေခဲ့ပါပြီ ။ တတိယတန်းလောက်ရောက်တော့
နည်းနည်းပါးပါး ရေးတတ်ဖတ်တတ်လာတာတာ
ကြောင့် ကိုယ့်မုန့်ဖိုးနဲ့ကိုယ် ပုံပြင်စာအုပ်လေးတွေ
ဝယ်ဖတ်ရင်းနဲ့ စာဖတ်ဝါသနာပါမှန်းမသိ ပါလာခဲ့ပါ
တယ် ။ အဲဒီနောက် ၊ ကျွန်တော်ဟာ ရွာက ဘုန်းကြီး
လူထွက်တစ်ယောက်ဆီက စာအုပ်တွေငှားဖတ်ပါ
တယ် ။ သူ့နာမည်က ကိုချစ်ဝင်းတဲ့ ။ ဒါပေမယ့်
ကျွန်တော်တို့ တစ်ရွာလုံးကတော့ ဒါရိုက်တာချစ်ဝင်း
လို့ပဲခေါ်ကြပါတယ် ။ဝါခေါင်လ ဆွမ်းလောင်းပွဲ
ရောက်တိုင်း အရပ်ပြဇာတ်ကို သူပဲရေးတတ်တာ
ကြောင့် ဒါရိုက်တာချစ်ဝင်းဆိုတဲ့နာမည် တွင်သွားခဲ့
ရခြင်းဖြစ်ပါတယ် ။ ကျွန်တော်ဟာ ပဥ္စမတန်း
လောက်အရောက်မှာပဲ ကိုချစ်ဝင်းဆီမှာရှိတဲ့
စာအုပ်တွေအကုန်လုံးကို ဖတ်ပြီးနေခဲ့ပါပြီ ။
ကျွန်းသေတ္တာကြီးနှစ်လုံး အပြည့်ထည့်ထားခဲ့တဲ့
စာအုပ်တွေနဲ့အတူ ကျွန်တော့်ငယ်ဘဝနေ့ရက်တွေ
ကို ကုန်ဆုံးခဲ့ပါတယ် ။ ကိုချစ်ဝင်းဟာ ကျွန်တော်
စာအုပ်တွေလာငှားတာကို အမြဲတမ်း သဘောကျ
နေခဲ့ပါတယ် ။ သဘောကျဆို ရွာမှာလည်း
သူ့စာအုပ်တွေကို ယူဖတ်နေတာဆိုလို့ ကျွန်တော်
တစ်ယောက်ပဲရှိတာပါ ။ စာဖတ်သူတွေဟာ စာဖတ်
တဲ့သူတွေကို သဘောကျတယ်ဆိုတာကို ငယ်ငယ်
တုန်းက သဘောမပေါက်ခဲ့ပါဘူး ။ တဖြည်းဖြည်း
အသက်ကြီးလာတော့မှ စာဖတ်တဲ့ကလေးတွေကို
မြင်ရရင် အလိုလိုလေးစားစိတ်ရော ကြည်နူးစိတ်ပါ
တပြိုင်နက်တည်းခံစားလာရတာကို သတိထားမိပါ
တယ် ။ ဒါကြောင့်လည်း ဒါရိုက်တာချစ်ဝင်းခေါ်
ကိုချစ်ဝင်းဟာ ၊သူ့ဆီက စာအုပ်တွေယူဖတ်နေတဲ့
ကျွန်တော့်ကို သဘောကျနေတာဖြစ်ပါလိမ့်မယ် ။
သူဟာ ၊ ကျွန်တော့်ရဲ့စာဖတ်ဝါသနာကို ပံ့ပိုးပေးတဲ့
ပထမဆုံးသော ချစ်စရာကောင်းတဲ့ စာဖတ်သမား
တစ်ယောက်ပဲဖြစ်ပါတယ် ။
- 2 -
ကျွန်တော်ဟာ အထက်တန်းကျောင်းသားတစ်ယောက်
ဖြစ်လာတဲ့အချိန်မှာ စာရူးပေရူးပေါက်စ ဖြစ်နေပြီး ၊
မြို့ပေါ်ကရော နယ်ဘက်ကပါ ရှိရှိသမျှသော စာအုပ်
အငှားဆိုင်တွေရဲ့ စာအုပ်ငှားရမ်းသူများစာရင်းမှာ ၊
ကျွန်တော့်နာမည်ဟာ ထိပ်ဆုံးကနေရာယူနေခဲ့ပါပြီ ။
ထမင်းစားရင်းနဲ့ စာဖတ်ရတာကို သဘောအကျကြီး
ကျနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အမြဲလိုလို
အတန်းလစ်ပြီး စာဖတ်နေလေ့ရှိပါတယ် ။ စာဖတ်
တယ်ဆိုလို့ ဒီတုန်းက ပေါ့ပေါ့ပါးပါးဝတ္ထုတွေ
လောက်ပဲ ဖတ်ခဲ့ရတာပါ ။ ဂန္တဝင်စာကြီးပေကြီး
တွေနဲ့ ခိုင်ခန့်လေးနက်ပါတယ်ဆိုတဲ့စာအုပ်မျိုးတွေ
ကျွန်တော်တို့နယ်ဘက်မှာ မရှိခဲ့ပါဘူး ။ ဆယ်တန်း
အောင်လို့ နယ်တကာလှည့်ပြီး လက်သမားလုပ်
လိုက်ပြန်တော့လည်း ၊ အဝတ်အစားကနည်းနည်း
စာအုပ်ကများများ သွားလေရာရာကို ယူသွားတတ်
ပါတယ် ။ လက်သမားလုပ်နေရတဲ့အချိန်ဟာ
ကျွန်တော့်ဘဝမှာ စာအုပ်တွေ အငတ်ဆုံးသော
အချိန်ဖြစ်ခဲ့ပါတယ် ။ အဲဒီအချိန်တုန်းက ကျွန်တော်
ဟာ စာတွေကို ဆာလောင်နေခဲ့ပါတယ် ။အထပ်ထပ်
အခါခါ ဖတ်နေပြီးသားဖြစ်တဲ့ သတင်းစာအဟောင်း
တွေကိုတောင် အာသာငမ်းငမ်းနဲ့ဖတ်ခဲ့ရပါတယ် ။
စာအုပ်ငတ်နေတဲ့ကျွန်တော့်အတွက် ကံအကောင်းဆုံး
ကတော့ ရန်ကုန်မှာနေတဲ့ ကျွန်တော့်ဦးလေးဟာ ၊
သူ့ဆိုင်မှာအလုပ်လုပ်ဖို့ ကျွန်တော့်ကို လှမ်းခေါ်
လိုက်တာပါပဲ ။ကျွန်တော့်ရဲ့စာအုပ်ကမ္ဘာဟာ
ရန်ကုန်မြို့ကြီးကို ခြေချလိုက်တဲ့အချိန်ကစပြီး
ပိုမို ကျယ်ပြန့်လာခဲ့ပါတယ် ။ ရန်ကုန်မြို့ကို
ရောက်ပြီး ကျွန်တော် ပထမဆုံးစဝယ်တဲ့စာအုပ်
နှစ်အုပ်ကတော့ ဆရာသင့်လူဘာသာပြန်တဲ့
ခွေးသေတစ်ခုအရင်းပြုဆိုတဲ့စာအုပ်နဲ့ ဆရာ
နိုင်ရဲကျော်ဘာသာပြန်တဲ့ မယိုင်လဲစတမ်းဆိုတဲ့
စာအုပ်တွေပဲဖြစ်ပါတယ် ။ဒါဟာ ကျွန်တော့်ဘဝ
မှာ ပထမဆုံးသော ဘာသာပြန်စာအုပ်
နှစ်အုပ်ကို ဝယ်ယူဖူးခြင်းပဲ ဖြစ်ပါတယ် ။
- 3 -
လမ်းတူရင်လူချင်းတွေ့ကြမှာပါဆိုတဲ့ ကဗျာဆရာ
မောင်ချောနွယ်ရဲ့စကားဟာ လက်တွေ့ဘဝထဲမှာ
သွေးထွက်အောင်ပဲ မှန်နေခဲ့ပါတယ် ။ ကျွန်တော်တို့
တွေဟာ ကိုယ့်သန်ရာသန်ရာဗီဇအလျောက် ဘဝ
လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြတဲ့အခါမှာ
ကိုယ့်စိတ်နဲ့ထပ်တူကျတဲ့လူတွေနဲ့ မိတ်ရင်းဆွေချာ
တွေဖြစ်လာတော့တာပါပဲ ။ စာဖတ်ဝါသနာပါတဲ့
ကျွန်တော့်အတွက် စာပေဝါသနာအိုးတွေနဲ့ ထိတွေ့
ခွင့်ရခဲ့ပါတယ် ။ အွန်လိုင်းပေါက်ကွဲအားနဲ့အတူ
အချိန်နဲ့အမျှ ရှေ့ကိုပြေးနေတဲ့ခေတ်ရေစီးကြောင်း
မှာ သူလိုကိုယ်လိုစာရူးပေရူးတွေနဲ့ အချိန်တိုအတွင်း
မှာ သိကျွမ်းခင်မင်လာခဲ့ပါတယ် ။ စာဖတ်သူတွေရဲ့
ထုံးစံအတိုင်းပဲ ကျွန်တော်ဟာ စာရေးဆရာတွေ
ကဗျာဆရာတွေဆိုရင် အလိုလိုနေရင်း အထင်ကြီး
နေတော့တာပါပဲ ။ သူတို့တွေထိုင်လေ့ရှိတဲ့ဆိုင်တွေ
ကိုသွားပြီး သူတို့ပြောတဲ့စကားတွေကို အာသာ
ငမ်းငမ်းနဲ့ နားထောင်နေတတ်ပါတယ် ။ ကိုယ်
တစ်လုံးမှဝင်မပြောတတ်ပေမယ့် သူတို့တွေ
ပြောဆိုဆွေးနွေးနေကြတဲ့ စာပေ ၊ နိုင်ငံရေး ၊
စီးပွားရေး ၊ အကြောင်းအရာမျိုးစုံကို နားထောင်
နေရတာကိုက ကျွန်တော့်အတွက် ပီတိအဟုန်
ကြီးစွာနဲ့ အရသာရှိချင်တိုင်း ရှိနေတော့တာပါ
ပဲ ။ ပြီးတော့လည်း သူတို့တွေဆီက ဘယ်လို
စာအုပ်တွေကိုဖတ်သင့်တယ်ဆိုတာကို သိလိုက်
ရတာဟာလည်း ကျွန်တော့်အတွက် အဖိုးတန်
တာပါပဲ ။ စာဖတ်အားကောင်းတဲ့သူတွေဟာ
ကျွန်တော်တို့လို စာကို စဖတ်စလူငယ်တွေ
အတွက် ဘယ်လိုစာမျိုးကိုဖတ်သင့်တယ်ဆိုပြီး
ညွှန်းပေးတတ်ကြပါတယ် ။ နောက်ပြီး တချို့
ပေါပေါလောလောနဲ့အားထုတ်မှုမပါတဲ့စာအုပ်
တွေကို ရှောင်ရှားတတ်ဖို့ လမ်းပြပေးတတ်ကြ
ပါသေးတယ် ။ဒါဟာလည်း ချစ်ခင်နှစ်လိုဖွယ်ရာ
ကောင်းတဲ့ စီနီယာစာဖတ်သမားကြီးတွေရဲ့ ချီးကျူး
ဖွယ်ရာ အပြုအမူတစ်ရပ်ပဲဖြစ်ပါတယ် ။
- 4 -
စာဖတ်သမားတွေမှာရှိတဲ့ နောက်ထပ် ချစ်စရာကောင်း
တဲ့အချက်တစ်ခုကတော့ စာအုပ်လက်ဆောင်ပေးခြင်း
ပါပဲ ။ တစ်ဦးနဲ့တစ်ဦး သိကျွမ်းခင်မင်လာရာကနေ
စာအုပ်တွေ အပြန်အလှန် လက်ဆောင်ပေးတတ်ကြပါ
တယ် ။ ရင်းနှီးယုံကြည်လာတဲ့အခါမျိုးမှာလည်း စာအုပ်
ချင်း လဲဖတ်တတ်ကြပါတယ် ။ တချို့သော စာအုပ်
စုဆောင်းသမားတွေဟာ စာပေကိုချစ်တဲ့စိတ်
တစ်ခုတည်းနဲ့ လူငယ်စာဖတ်သူတွေကို စာအုပ်တွေ
လက်ဆောင်ပေးတတ်ကြပါတယ် ။အဲဒီ စုဆောင်း
သမားတွေကလည်း စာပေကို တကယ်ချစ်ကြလို့
သူတို့နည်းတူ စာပေကို တန်ဖိုးထားချစ်ခင်တယ်လို့
သူတို့စိတ်ထဲယုံကြည်တာကြောင့် သိန်းချီတန်တဲ့စာအုပ်
တွေကိုတောင် လက်ဆောင်ပေးတတ်ကြတာဟာ
ချစ်ခင်နှစ်လိုဖွယ်ရာကောင်းလှပါတယ် ။နောက်ပြီး
စာဖတ်သူချင်းသာ နားလည်တဲ့ အချက်တစ်ခုရှိပါ
သေးတယ် ။ အဲဒါကတော့ တစ်စုံတစ်ယောက်က
စာအုပ်တစ်အုပ်ကို လိုချင်နေပေမယ့် ငွေကြေး
မပြေလည်တဲ့အခါမျိုးမှာဆိုရင် အခြားတစ်ယောက်
က ပိုက်ဆံစိုက်ပြီး ဝယ်ပေးလိုက်ခြင်းပဲဖြစ်ပါ
တယ် ။ ပြောပြစရာမလိုတဲ့နားလည်မှုမျိုးနဲ့ ထပ်တူ
ကျနေတဲ့နှလုံးသားတွေဟာ ကြည်နူးချမ်းမြေ့ဖွယ်ရာ
ကောင်းနေတော့တာပါပဲ ။
- 5 -
စာသမားတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထ
ရှိတဲ့ရောဂါကတော့ စကားများခြင်းပါပဲ ။ စာတွေ
ဖတ်ထားတော့ တစ်ခုမဟုတ်တစ်ခုတော့ ပြောစရာ
တွေက နှုတ်ခမ်းဝမှာ တစ်,နေတတ်ပါတယ် ။
သူလိုကိုယ်လို စာပေသမားချင်းဆုံကြပြီဟေ့ဆိုရင်
ပြောစရာစကားတွေက ပြောမဆုံးပေါင် တောသုံး
ထောင်ဖြစ်နေတတ်ပါတယ် ။ အချိန်ကုန်လို့
ကုန်မှန်းမသိအောင် အချင်းချင်း လေပေးလေယူ
တည့်နေတတ်ပါတယ် ။ နောက်ပြီး ကိုယ့်လွတ်
လပ်ခွင့်နဲ့ကိုယ် အကြိုက်မတူတာတွေ အယူ
အဆကွဲလွဲတာတွေရှိကြတာကြောင့် ငြင်းခုံ
ဆွေးနွေးကြတာတွေဟာ ကမ္ဘာကုန်တည်သရွေ့
ရှိနေဦးမှာဖြစ်ပါတယ် ။ အမြင်မတူတဲ့စာသမား
နှစ်ယောက် ဆွေးနွေးကြပြီဟေ့ဆိုရင် ဘေးက
ထိုင်ကြည့်နေကြသူတွေပါ နားထောင်လို့ကောင်း
နေတတ်ပါတယ် ။ စာသမားတော်တော်များများ
က သူတို့သိမှုကို လက်တွေ့ကျစေဖို့အတွက်
အချက်အလက်တွေကို တိတိကျကျနဲ့ပြော
တတ်ကြတာကြောင့်ဖြစ်ပါတယ် ။ရံဖန်ရံခါမှာ
တစ်ဖက်လူကို အနိုင်ယူလိုစိတ်နဲ့လုပ်ကြတဲ့ ဒီဘိတ်
ပွဲတွေလည်း ရှိကြပါတယ် ။ဒီဘိတ်ထက် နှစ်ဦး
နှစ်ဖက် အပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးနဲ့
လုပ်ကြတဲ့ ဆွေးနွေးပွဲတွေကို ကျွန်တော်ကတော့
ပိုပြီးလိုလားတောင့်တပါတယ် ။
- 6 -
စာသမားအချင်းချင်းသာ နားလည်နိုင်တဲ့လုပ်ရပ်
တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ မဖတ်
ရသေးတဲ့စာအုပ်တွေတောင်လိုပုံနေပေမယ့် စာအုပ်
တွေကို အဝယ်မပြတ်တာပါပဲ ။ တချို့စာသမားတွေ
မှာ မဖတ်ရသေးတဲ့စာအုပ်တွေ ရာနဲ့ချီပြီးရှိနေပေ
မယ့် အသစ်ထွက်စာအုပ်တွေကိုမြင်ရရင်သော်
လည်းကောင်း ၊ စာအုပ်ဆိုင်ထဲရောက်ဖြစ်ရင်သော်
လည်းကောင်း ၊ ဘယ်လိုပဲ မဝယ်တော့ဘူးလို့
ဆုံးဖြတ်ထားပါစေ ၊ ဝယ်မိသွားတာပါပဲ ။ အများ
အမြင်မှာ ရူးကြောင်ကြောင်လုပ်ရပ်လို့
ထင်ကောင်ထင်နိုင်ပေမယ့် စာပေသမားအချင်း
ချင်းကတော့ ဒီလုပ်ရပ်ကို မအံ့ဩတော့ပါဘူး ။
ရသမျှပိုက်ဆံကို သောက်စားပျော်ပါးဝတ်စား
တာတွေမှာမသုံးဘဲ စာအုပ်တွေချည်း တရစပ်
ဝယ်နေတတ်တဲ့သူမျိုးတွေလည်းရှိကြပါသေး
တယ် ။ သူတို့တွေဟာ တခြားကဏ္ဍတွေမှာ
လက်တွန့်သလောက် စာအုပ်ဝယ်ရာမှာ အတော့်
ကို လက်ဖွာကြတဲ့လူစားမျိုးတွေပဲ ဖြစ်ပါတယ် ။
လူတစ်ကိုယ်စိတ်တစ်မျိုးဆိုသလို ကိုယ့်ရူးသွပ်မှု
နဲ့ကိုယ်ရပ်တည်နေကြတဲ့လောကကြီးထဲမှာ တခြား
အရာတွေကို ရူးသွပ်မိတာနဲ့ယှဥ်ရင် စာအုပ်တွေ
ကို ရူးသွပ်ခွင့်ရတာဟာလည်း ကံထူးမှုတစ်ရပ်ပေ
ပဲလို့ ကျွန်တော်ကတော့ ပိုပိုသာသာလေးထည့်တွေး
မိပါတယ် ။
- 7 -
စာဖတ်တော့ဘာဖြစ်လဲ ။ သိမှုတွေမြင့်ပါတယ် ။
ခံစားနိုင်စွမ်းကောင်းပါတယ် ။ စာအုပ်စာပေ
ဆိုတာကလည်း အကြောင်းအရာမျိုးစုံ ၊ ပညာရပ်
မျိုးစုံ ၊ ကဏ္ဍမျိုးစုံကို ရေးသားထားတာကြောင့်
တစ်ယောက်နဲ့တစ်ယောက် ဖတ်တဲ့စာအုပ်ချင်း
လည်း မတူနိုင်သလို တွေးခေါ်မြော်မြင်ပုံချင်း
လည်း တူနိုင်မှာမဟုတ်ပါဘူး ။ ဒါကြောင့် တစ်ချို့
တွေကို စာတွေဖတ်ပြီး ဘာမှမသိရကောင်းလား
ဆိုပြီး အပြစ်ပြောဖို့မသင့်ပါဘူး ။ နောက်တစ်ခုက
ကျွန်တော်တို့ဟာ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်
ကို လေးစားမှုရှိနေပေးသင့်ပါတယ် ။ ကိုယ်က
စာကြီးပေကြီးတွေဖတ်တာကြောင့် တခြားသူတွေ
ကို မတူမတန်သလိုဆက်ဆံတာတွေဟာလည်း ရှိ
မနေသင့်ပါဘူး ။ စာကြီးပေကြီးသမားတွေအနေနဲ့
ကိုယ့်အောက်က စာဖတ်သူတွေအပေါ် ဖတ်သင့်
ဖတ်ထိုက်တဲ့စာအုပ်တွေကို ဂရုဏာရှေ့ထားပြီး
ညွှန်ပြပြောဆိုခြင်းဖြင့် လက်တွဲခေါ်ပေးသင့်ပါ
တယ် ။ တကယ်လည်း လက်တွဲခေါ်ပေးကြတာကို
တွေ့နေရပါတယ် ။ ဒါသည်လည်း ချစ်ခင်ကြည်နူး
စရာပါပဲ ။
- 8 -
အပြုအမူအပြောအဆိုကြမ်းတမ်းတမ်းနိုင်ပါတယ်
ဆိုတဲ့စာပေသမားတွေရဲ့ ရင်ထဲကနှလုံးသားဟာ
နူးညံ့သိမ်မွေ့နေတတ်ပါတယ် ။ တချို့ဆို ဘယ်သူနဲ့
မှ စကားမပြောချင်တော့ပဲ ကိုယ့်ခံစားမှုနဲ့ကိုယ်
တစ်ကိုယ်တည်း နားအေးပါးအေးနေရတာကို
ကြိုက်တတ်ကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ
နိုင်ငံရဲ့လူဦးရေနဲ့ယှဥ်ကြည့်မယ်ဆိုရင် စာဖတ်သူ
စစ်စစ်တွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိပါ
တယ် ။ အဲဒီလက်တစ်ဆုပ်စာလေးကပဲ စာအုပ်
တွေကို ချစ်ကြတာချင်းတူညီစွာနဲ့ တစ်ဦးကို
တစ်ဦး ၊ချစ်ခင်ပေးကြ ၊နားလည်ပေးကြ ကူညီ
ပေးကြတာဟာ ဆက်လက်တည်တံ့ခိုင်မြဲနေဦးမှာ
ပဲဖြစ်ပါတယ်။
ဆန်းလင်းအောင်
29.9.20