Yaw Pin Ni

Yaw Pin Ni အရည်အသွေးကောင်းမွန်စေရမည်
ဈေးနှုန်

ချစ်ဖွယ်ပေါတဲ့ ယောသူတို့ရွာ // ခင်ခင်ထူး                     (ရတီစာပေအနုပညာမဂ္ဂဇင်း)( ၁ )ကျွန်မတို့ စီးလာသည့်ကား ဂန့်ဂေါ...
21/11/2022

ချစ်ဖွယ်ပေါတဲ့ ယောသူတို့ရွာ // ခင်ခင်ထူး

(ရတီစာပေအနုပညာမဂ္ဂဇင်း)

( ၁ )

ကျွန်မတို့ စီးလာသည့်ကား ဂန့်ဂေါ ကိုရောက်တော့ ညရှစ်နာရီ ကျော်ပြီ။ မနက်စောစော နှင်း တဖျောက်ဖျောက် လေးနာရီလောက် ကတည်းက ကျွန်မတို့ မိသားစု မန္တလေးက ထလာခဲ့ ရသည့်ခရီး။ ခရီးချင့်ကြည့်တော့ မန္တလေး ဂန့်ဂေါ ခရီးကို ဆယ့်ခြောက်နာရီ လာခဲ့ရ တာပါလား။ လမ်းမှာ ကျွန်မ ရောက် ဖူးချင်ခဲ့သည့် ‘ပုံတောင် ပုံညာ’ ကို ကျော်ခဲ့ရသည်။ ရေမျက်နီနှင့် ကျော မြို့ကလေးတွေကို ဖြတ်ခဲ့ရသည်။ သည်ခရီးကို ရက်တော်တော် စောစောကတည်းက စီစဉ်ခဲ့ကြခြင်း ဖြစ်ပါ၏။

“ဆရာမတို့ မန္တလေးကို ကျွန်တော် ကားတစ်စီး လွှတ်ထား တယ်။ မနက်စောစော ထွက်ကြ ပေါ့။ ပခုက္ကူမှာ ကျွန်တော် တို့စောင့် နေမယ်။ ပခုက္ကူမှာ မနက်စာ စားပြီး မှ မြိုင်လမ်းက တစ်ဆင့် ယမား ချောင်းကိုဖြတ်ပြီး ပုလဲ၊ မင်းတိုင်ပင် လမ်းကနေ ဂန့်ဂေါကို သွားကြမှာ ပါ”

ပခုက္ကူက ဆရာကြီး ဒေါက်တာ သက်လွင် ခမျာ ဂန့်ဂေါ၊ ကလေး၊ တမူးဟောပြောပွဲ ခရီးစဉ်အတွက် အစစအရာရာ စီစဉ်ရသူ ဆိုတော့ ကျွန်မတို့ဆီကို မကြာခဏ ဖုန်း ဆက်သည်။ ဆရာကြီး ဒေါက်တာသက် လွင်ကို ကျွန်မတို့ မဆုံဖူးကြပေသိ ဆရာကြီး ကို အဝေးကပင် ခင်မင်နေ ကြပြီ။ မကြာခဏ ဖုန်းဆက်သဖြင့် အားပင် နာရပါ၏။ မူလ အစီအစဉ်က ကလေးမြို့ ဟောပြောပွဲ အတွက် သာ စီစဉ်ထားခြင်း ဖြစ်သည်။ ဂန့်ဂေါ မြို့ကလည်း စီစဉ်ချင်ကြ သည်ဆို၍ ကလေးမြို့ စာပေဟောပြော ပွဲနှင့် ကပ် ပြီး ရက်ပေးလိုက် ရသည်။ တစ်ခါ တမူးမြို့ကလည်း စာပေ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ကြ ပြန်တော့ ကလေးမြို့ စာပေပွဲ အပြီး မှာဟောဖို့ တမူးကိုပါ ရက်ပေးလိုက် ရသည်။ သည်တော့ ကျွန်မတို့ ခရီးစဉ်က ဂန့်ဂေါ၊ ကလေး၊ တမူး။ ခရီး အရ ပထမဆုံး ဟောရမည့် ဂန့်ဂေါ ကို အရင်ဝင်ကြရမည်။
ဂန့်ဂေါ…။
ကျွန်မ ရောက်ဖူး ချင်ခဲ့သော မြို့ကလေး။ မြို့ကလေးလို့ သုံးလိုက် ရပေသိ မြို့ကြီးလား…မြို့ကလေး လား သိနှင့်တာတော့ မဟုတ်ပါ။ ပထဝီမှာ သင်ခဲ့ရဖူး သလောက် ပခုက္ကူ ခရိုင်၏ အနောက်မြောက် ဘက်ကျ၍ အရှေ့ဘက်ကပုံတောင်၊ အနောက်မှာ ချင်းရိုးမတောင်။ ဂန့်ဂေါမြို့က ကျဉ်းမြောင်း ရှည်ရှည် မြေနိမ့်ထဲက မြို့ကလေး ဆိုတာ ကို မှတ်မိလို့ သုံးလိုက်ရခြင်းပါ။ လွန်ခဲ့သည့် ဆယ်နှစ်လောက်က ပုလဲမြို့ နယ်ထဲက ကင်းဝန်မင်းကြီး ဇာတိရွာ မင်းတိုင်ပင် ကို စာပေဟောပြောပွဲ ခရီးရောက် ခဲ့ဖူး ပါသည်။ မင်းတိုင်ပင် က ဆက်သွားရင် ဘယ်ရောက်နိုင် သလဲလို့ ကျွန်မ မေးဖူးသည်။ ဂန့်ဂေါ ကို ရောက်တယ် ဆိုကြပါ၏။ အခု တစ်ခေါက် ခရီးက တစ်ခါက ကျွန် မ မေးခဲ့ဖူးသည့် ခရီးဖြစ်နေသည်။ ပခုက္ကူက မြိုင်လမ်းကို ဝင်သည်။ မြိုင်မြို့ကို မရောက်ခင် ပုသိမ်မုံရွာ ကားလမ်းက တစ်ဆင့် ပုလဲမြို့ကိုဝင် သည်။ ပုလဲက တစ်ဆင့် မင်းတိုင်ပင်။ သည်ကမှ ဂန့်ဂေါ။ လမ်းကမကောင်း သည့်နေရာ မကောင်း၊ ဆိုးသည့် နေရာဆိုး လို့သာ ဆိုချင်တော့သည်။ ကားမောင်း လို့တော့ ဖြစ်သား။ ခရီး ကတော့ မတွင်လှပါ။

“ဂန့်ဂေါက ခရိုင်မြို့ပါ။ အင်မတန် အေးချမ်းတယ်။ စိုက်ပျိုး ရေးနဲ့ အထည်လုပ်ငန်း တချို့ရှိ တယ်။

“ပျားရွာက ထွက်တဲ့ ဂန့်ဂေါ ထည်တွေ နာမည်ကြီးပေါ့”

ကျွန်မတို့နှင့် ခရီး အတူပါလာ သည့် သတင်း ဆရာ ဆရာနေဦး မောင် (ပခုက္ကူ)က ပြောပြသည်။ တစ်ခါက စိတ်ကူးနှင့် မျှော်ခဲ့ရသော ဂန့်ဂေါ။

“နရသီဟပတေ့ မင်းက အမှုတော်ထမ်း မကျေတဲ့ စစ်ကဲတပ်မှူး တွေကို မီးလောင်တိုက် သွင်းစေ အမိန့်ချပြီးမှ အမျက်တော်ပြေလို့ သစ်တောလေး ရပ်ပို့စေလို့ အမိန့် ပြင်တာကိုး ဆရာမရဲ့။ သစ်တောလေးရပ် အပါအဝင် ဂန့်ဂေါဖြစ်လာမယ့် အနောက် ဂန့်ဂေါကိုရောက် လာ တော့ မြစ်သာမြစ် ကို တွေ့ကြ တယ်။ မြစ်သာ ထဲစီးဝင်တဲ့ တောင်ချောင်း၊ သဲချောင်း၊ ပလောချောင်း၊ ဇာဟော ချောင်းတွေ ကလည်း သည်နားမှာပဲ ဆိုတော့ ရေသာမိုးသာ အရပ်ဆိုပြီး ရွာတည်ထောင်ကြရာက ဂန့်ဂေါဖြစ် လာတာခင်ဗျ”

သမိုင်းထဲက ဂန့်ဂေါကို ပါလာသူတစ်ဦး ကပြောပြလို့ အသံဖမ်း ထားခဲ့သည်။ ထိုနေရာ အလယ်မှာ ကန့်ကော်ပင်ကြီး တစ်ပင် ရှိခဲ့လို့ ကန့်ကော်ရွာက ဂန့်ဂေါရွာဖြစ် လာတာ လို့ တစ်ဦး ကဖြည့်သည်။

“တချို့က ရှေးတုန်းက ဂန့်ဂေါ တစ်ရွာတည်း ရှိရာက မြစ်သာမြစ်က မြစ်ကြောင်း ပြောင်းပြီး နှစ်ရွာကြား စီးလို့ နှစ်ခြမ်း ကွဲသွားတယ်လို့လည်း ပြောကြတာ ကြားဖူး တယ်။ တချို့က လည်း အနောက် ဂန့်ဂေါကို မင်းရွာ သူကြီးမင်းက သူပိုင်ရယ်လို့ သစ္စာပြု တော့ နဂိုသူကြီးက အရှေ့ဘက်ကမ်း ပြောင်းပြီး ရွာသစ် တည်ရာက အရှေ့ ကန့်ကော် အနောက် ကန့်ကော် ဖြစ်ရတယ် လို့လည်း ဖတ်ဖူးတယ်”

ဂန့်ဂေါ သမိုင်းအကြမ်းကို ပြော နေကြခြင်း ဖြစ်သည်။ ဆရာကြီး ဒေါက်တာ သက်လွင်က အကြောင်း ဆိုက်လျှင် ဆိုက်သလို ရွာသမိုင်း နယ်သမိုင်း၊ သာသနာ့ အာဇာနည် များပေါ်ထွန်းရာ ရွာသမိုင်းတွေကို ပြောပြတတ်သဖြင့် ခရီးထဲက သမိုင်း ပုံရိပ်တွေကို သိခွင့်ရခဲ့ပါ၏။ လမ်းမှာတော့ ကျွန်မ အာရုံထဲမှာ နှစ်နှင့် ချီပြီး စွဲလမ်း ထင်ထင် ရှိခဲ့ရသော ပုံတောင်နှင့် ပုံညာတောင်တွေကို ဖြတ်ခဲ့ရသည်။

(၂)

ဆရာမြသန်းတင့် ရေးခဲ့သည့် ‘ပုံတောင်ပုံညာ သွားတောလား’ စာအုပ် မှာတော့ ယောနယ် အကျယ် အဝန်းကို မြောက်ဘက် ကလေး၊ သောင်သွပ်၊ တောင်ဘက် စေ တုတ္တရာ ၊ အရှေ့မှာ ဧရာဝတီနှင့် ချင်းတွင်း၊ အနောက်မှာ ဖိုးခေါင်တောင်ရိုးနှင့် ချင်းတောင်တန်းလို့ ရေးခဲ့တာ ဖတ် ရပါသည်။ ထီးလင်း၊ ဂန့်ဂေါက မြောက်ယော ။ ဆောနှင့်ယော မြို့က တောင်ယော ဆိုပါ၏။
ပုံတောင်တောင်ထိပ်ကို ရောက်တော့ ကားဆရာက ရပ်ပေး သည်။ ကျွန်မတို့အားလုံး ကားပေါ်က ဆင်းကြပြီး ဓာတ်ပုံ ရိုက်ကြသည်။
စစ်ကိုင်းတိုင်း အဆုံး မကွေး တိုင်းအစ ဆိုင်းဘုတ် နှစ်ချပ်ကိုလည်း တွေ့ရသည်။ နတ်ထိပ်ခေါ်ကြသည့် ပုံတောင် ထိပ်ကလှမ်းမျှော်လျှင် လွင်ပြင်ထဲက ပုဂံနှင့် ပုပ္ပါး ရိပ်ရိပ်ပါးပါး ကိုမြင်နိုင်သတဲ့။ နတ်ထိပ်တောင် ပေါ် စျေးဆိုင်က ပြောပြခြင်းဖြစ် သည်။ ကျွန်မ လှမ်းကြည့်တော့ မမြင်ရပါ။ နေအကျ မြူတွေကြောင့် ထင်ပါ၏။ အမေရေ ယဉ်နန်းပေါ် တက်ပြီး အရိုအသေပြုဖို့လည်း စျေးသည်က တိုက်တွန်းသည်။

“အမေရေယဉ်နန်းလေ..အမေကြီးက အကျိုးပေးတယ်။ ယုံယုံကြည်ကြည် ပသသွား…ခလုတ်မထိဘူး ဆူးမငြိဘူး”

အမေ ရေယဉ်နန်းရင်းကို ကျွန်မရောက်ဖူးပါသည်။ နန်းရင်းက ပုလဲယင်းမာပင် လမ်းပေါ်ရှိ လယ် ငေါက်ရွာလမ်းခွဲမှ အတွင်းသို့ ဆယ် မိုင်လောက် ဝင်ရသည်။ မောင်းတုံ ရွာမှာ အမေ ရေယဉ်နန်းရင်း ရှိသည်။ အမေရေယဉ်နတ် သမိုင်း နှစ်မျိုးကွဲ ပေသိ ကျွန်မ ကြားဖူးသလောက် ဇာတ်လမ်းနှစ်မျိုး စလုံးမှာ အမေ ရေယဉ် ကို စောနန်း မွန်အဖြစ် ပြော ကြလေ့ရှိသည်။ ယောနယ် ယော ဒေသကို အမေရေယဉ် ရောက်ခဲ့တာ ကိုလည်း နတ်သမိုင်းတွင် ဖတ်ရဖူးပါ ၏။ နတ်ချော့ချင်း မှာတော့ အမေ ရေယဉ် ကို အမျိုးမျိုးဖွဲ့သည်။

“ရွှေညာမြေက ယမားသူတဲ့၊ ဆပ်သွားဖူးနဲ့ ရေဦးသူတဲ့၊ ဆပ်သွား ပင်နဲ့ ရေယဉ်သူတဲ့၊ ကြိမ်ပိုက်တော နှင့် မျှော့တောသူတဲ့၊ နဂါးရုံနဲ့ မောင်းတုံသူတဲ့၊ ဆန်မနော နဲ့ ပြောင်းတော သူတဲ့”

ပုံတောင်က ဆင်းကြတော့ နေဝင်ပါပြီ။ ပုံညာတောင်က အနောက်ဘက်မှာ ရှိလို့ ပုံတောင် ပုံညာတွဲခေါ် ကြသော်လည်း တောင် ချင်းကဝေးသည်။ ပုံတောင်က ပျှမ်း မျှ ပေလေးထောင်လောက်မြင့်သည်ဆိုပါသည်။ ပုံတောင်ညနေ ခင်းနှင့် ပုံညာညဦး။
ကားဆရာက ပုံညာတောင်က ဆင်းတော့ နန်းဦးနန်းဖျား ကန်တော့ အရိုအသေပြုရကြောင်း ပြောပြ သည်။ ယောကတော်၊ ဆောကတော်၊ နှော ကတော်၊ ရေယဉ် ကတော် က တော်လေးပါးကို ဦးတင်ရခြင်းကို ဆိုပုံရပါ၏။ သူ့ဒေသနှင့် သူ့ဓလေ့ ပင်။ ပုံတောင်နှင့် ပုံညာတောင်နှစ် တောင်ကြားက ကျောရွာ။ ပုံညာ အဆင်း က ရေ မျက်နီ ရွာ။ ညောင် လည်၊ လယ်မရွာတွေကို လွန်တော့ ဂန့်ဂေါ။
နာရီကြည့်တော့ ညရှစ်နာရီ ကျော်ပြီ။

(၃)

မနက်စောစော ဂန့်ဂေါမြို့စျေးခင်းကို ကြည့်ချင်သဖြင့် ခရီးပင်ပန်း သည့်ကြားက လူးလူးလဲလဲထရပါ၏။ သမီးကလေးကိုနှိုးတော့ ထချင်ပုံမရ။ ဇွတ်နှိုးခဲ့ရတော့သည်။ ဂန့်ဂေါ မနက် ခင်းက အေးတော့အေးသားပင်။ ကျွန်မတို့ တည်းခိုရသည့် အိမ်ရှင် ဦးမင်းဇော် မိသားစုက လမ်းညွှန် လိုက်သဖြင့် လမ်းမကြီးက ချိုးကာ မြို့အနောက် ဘက်ကို လျှောက်လာခဲ့ ကြသည်။
မြစ်သာမြစ်ကို တွေ့ရပါပြီ။ လှလိုက်သည့် မြစ်။ မြန်မာပြည်ထဲ စီးဆင်းသမျှ မြစ်တွေထဲမှာ ထူးခြား လှစွာ တောင် မှမြောက်ကို ပြန်စီး သော မြစ်။ ရေစစ်ချိန်မို့ ရေပါးပေ သိ မြစ် ပုံရိပ် ကျန်ပါသေးသည်။ ကြိုး တံတားကြီးက အရှေ့ဂန့်ဂေါနှင့် အနောက် ဂန့်ဂေါရွာ၊ ရှုံးရှီရွာတွေကို တွယ်ဆက်ပေးထားသည်။ မြစ်ဘေး စိုက်ခင်းတွေကလည်း စိမ်းစိမ်းလန်းလန်း ရှိကြပါ၏။ ဂန့်ဂေါသူ ကလေး များဖြစ်ကြသည့် ယမုံဖူး၊ ခိုင်မီမီဦး နှင့် ချောချောတို့က ကျွန်မ တို့နှင့် အတူ ပါလာကြသည်။ ကျွန်မတို့ တစ်တွေ ကြိုးတံတား အတိုင်း အနောက် ဂန့်ဂေါအထိ လျှောက်ဖြစ် ခဲ့ကြသည်။

“ဆရာမတို့ ညကျရင် အနောက် ဂန့်ဂေါမှာဟောရမှာ…သည်ကြိုး တံတားက ဆိုင်ကယ်နဲ့ လူပဲဖြတ်လို့ရ တာလေ။ ကားတွေ ကတော့ ကား ကူး သစ်လုံး တံတား က ဖြတ်ရမယ်။ ကားကူးဖို့ တစ်နှစ် တစ်ခါသုံး တံတားထိုး ရတာပေါ့။ ရေကြီးလာရင် သစ်လုံး တံတား မရှိတော့ဘူး။ မြောက်ဘက်မှာတော့ ကားကူးနိုင်တဲ့ မြစ်ကူး တံတား ရှိတယ်။ စိုင်ဒူး တံတားခေါ်တယ်”

စိုင်ဒူးတံတား ကိုဖြတ်ပြီး ချင်းတောင် ဟာခါး၊ ပုလဲနယ်တွေကို သွားနိုင်ကြသည် ဆိုပါ၏။ မြစ်ကူး ကြိုးတံတား ပေါ်က ဖြတ်သန်းသွား လာနေကြသော စျေးသည်တွေ ကို တွေ့ရပါသည်။ ကြိုးတံတား အဆုံး လျှောက်ကြပြီး ကမ်းနားလမ်း တစ်လျှောက် လမ်းလျှောက်ကြ သည်။ တချို့က စျေးသွားသူတွေ။ တချို့က စျေးဝယ်ပြန်တွေ။ တချို့က စျေးတောင်းတွေ ရွက်ကြလို့။ တချို့က ဆန်ကောကြီးတွေလို ဗန်း တွေရွက်ထားကြသည်။ စျေးမှာပါ လာသည့် ကုန်တစ်မယ်မယ်ချရောင်း ပြီး အပြန်မှာ စျေး ဝယ်ပြန်ကြပုံရပါ ၏။ ကျွန်မက ဘယ်ရွာတွေ ကတုံး ဆိုတော့ ရွာနာမည်တွေ ပြောကြ သည်။ ယောသူ တို့စျေးအပြန်ကို ဓာတ်ပုံ ရိုက်ယူတော့ ရယ်သူကရယ် လို့၊ ရှက်သူ ကရှက်လို့။ ကျွန်မတို့ အညာက စျေးပြန်တွေလိုပါပဲ။
စျေးဘက် ကိုလျှောက်ခဲ့သည်။ စျေးထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စုံလိုက်ပုံများ။ ခေတ် အသုံးအဆောင်တွေ ကလည်း ပြည့်ပြည့်စုံစုံ ရှိသည်။ ဒေသ စိုက် ပန်း တွေကလည်း အမျိုးစုံလှပါ၏။ ယောသူတွေက မျက်နှာပြုံးပြုံး၊ စကားပြောပြန်တော့ ပွင့်ပွင့်လင်းလင်း အားရပါးရ ပြောကြတာ သတိ ထားမိပါသည်။ တစ်ခါ တစ်ရံရောက် လာတတ်သော ဧည့်သည်မှန်း သိကြ သူတွေများသည်။ ဧည့်သည်မို့ စျေး မတင်ကြဘဲ ရောင်းနိုင်သည့်စျေး ရင်းအတိုင်း ရောင်းကြသည်။ လာပို့၊ ဇာဟော၊ ရှုံးရှီ ရွာတွေက လာရောင်း ကြတာ ဆိုပါ၏။ ဒေသထွက် ချင်း တောင်ပန်းသီးတွေက သဘာဝ အတိုင်း ချိုနေကြသည်။ ငှက်ပျော သီးဝဝတွေ ကလည်း သဘာဝ အတိုင်း မှည့်ကြသည့် အသီးတွေ။ ချင်းတောင်ဘက် ဆီက လာသော တောဝက်သားခြောက်တွေက တစ်ပိဿာ တစ်သောင်းစျေး။ ယော သနပ်ခါးခေါက်တွေ ကလည်း ဝယ် ချင့်စဖွယ် လိမ်းချင့်စဖွယ်။ သစ်ပင် တွေက ခွာလာခဲ့သည့် မှိုတွေကလည်း ဖွေးလို့။ ယောသူတွေ စျေးလာကြ တော့ ဆိုင်ကယ်နှင့် လာကြသူတွေ ရှိသလို၊ ခြေ လျင် လျှောက်လာကြသူ တွေလည်း ရှိသည်။ မနက်လေးနာရီ၊ ငါးနာရီက စခင်းခဲ့သော စျေးကလေး က မနက်ရှစ်နာရီ ကိုးနာရီမှာ စျေးကွဲ သည် ဆိုပါ၏။ ကျွန်မ တို့စျေး ကပြန် တော့ စျေးလည်းကျဲပြီ။ ကျွန်မကိုရော သမီးလေးကိုပါ လက်ဆောင် တွေ ကမ်းကြတာကလည်း ယူလို့ပင် မနိုင်။ စျေးထဲမှာ ကျွန်မ စာဖတ် ပရိသတ်တွေတွေ့ ရ လို့ ဝမ်းသာရ ပါ၏။ တချို့က ဝတ္ထုတိုတွေ ဖတ် ထားကြသည်။ တချို့က လုံးချင်း ဖတ်သူတွေ။

“စာအုပ် ရှားတယ် ဆရာမရဲ့။ မန္တလေးကိုမှာရတယ်။ စာတွေ ဖတ်ပြီးပြီ။ ညကျတော့ ဟောပြော တာ နားထောင်မယ်လေနော”

တကယ့်ကိုယ် ခင်မင်ရင်းနှီး သည့်အသံတွေ။
ထမင်းစားချိန်မှာတော့ အရှေ့ ဂန့်ဂေါမှာ စားလိုက်ကြ၊ အနောက် ဂန့်ဂေါမှာ စားလိုက်ကြ။ ယော ထမန်း၊ ယောဟန်း (ယောထမင်း ယောဟင်း) ကောင်းလိုက်ပုံများ။ တစ်မနက်ခင်း မှာတော့ အိမ်ရှင်များ ကလိုက်ပို့လို့ စိုင်ဒူးတံတားကို ဖြတ်ပြီး အုံ့တုံးတောင်ပေါ် ဘုရားဖူး ရောက်ခဲ့ရသည်။ ဟောပြောရမည့် ညကတော့ အနောက်ဂန့်ဂေါ ကို စောစော ကူးခဲ့ကြသည်။
အနောက် ဂန့်ဂေါ ကလည်း သာယာလှပသော အေးချမ်းလှသည့် ရွာကြီးဖြစ်ပါသည်။ အနောက်ဂန့်ဂေါသူ သမိုင်းဌာနမှ ဆရာမ ဒေါ်ဖြူသဲအိက လမ်းကလေး တစ်လမ်း သာ ခြားသော ရှုံးရှီ ရွာကို လိုက်ပြသည်။ ချင်းလူမျိုးများ အများစု နေထိုင်သော ရှုံးရှီရွာမှာ ချင်းတို့ နေထိုင်ကြသော အိမ်ဓလေ့ကို လေ့လာခွင့်ရခဲ့ကြပါ သည်။ ရှုံးရှီ ရွာမှာ အဘ ဦးရုန်းမော်နှင့် တွေ့ခဲ့ရသဖြင့် ရွာသမိုင်း ရပ်သမိုင်း တွေကြားခဲ့ရပါ၏။ ချင်းပြည်နယ် ဟားခါးမြို့ ဆုပ်ဆီး၊ ဒါဒိန်းရွာတွေက ရှေးအစဉ် အဆက် မြေပြန့်ကို ဆင်း လာကြသော ချင်း တိုင်းရင်းသားများ ရွာတည်ကာ နေခဲ့ကြသည့် ရွာကြီး ဟုဆိုပါသည်။
အနောက် ဂန့်ဂေါမှာ ကျင်းပ သည့် စာပေ ဟောပြောပွဲကား စည် ကားလှသည်။ မြစ်သာမြစ်ဘေးက ဆောင်းည ဟောပြောပွဲမို့ ရာသီက အေးလွန်းလှပေသိ ပရိသတ်က ဇွဲကောင်းကြသည်။ ဟောပြောပွဲပြီးမှ ပြန်ကြသည်။ ညနေပိုင်း ကတည်းက စာရေးဆရာတွေကို လာမိတ်ဆက်ကြ၊ လက်ဆောင်တွေ ပေးကြနှင့် စာပေဟောပြောပွဲ အပေါ် အတော် ကလေး စိတ်ဝင်စားကြတာ တွေ့ရလို့ ဝမ်းသာရသည်။ တချို့က ကျွန်မ ရေးသည့် ဝတ္ထုစာအုပ်တွေ ယူလာပြီး လက်မှတ်ထိုး ခိုင်းကြသည်။ ကျွန်မ စာတွေ ကို ဆွေးနွေးကြသူ တချို့ကို လည်းတွေ့ခဲ့ရသည်။ ယောနှင့် အညာ မဝေးဘူးလေနှော…တဲ့။ ကျွန်မ စင်ပေါ် တက်ခါနီးတော့ ပရိသတ် တစ်ဦးက ယောသံဖြင့် အားပေးသည်။

“အား…ဆရာမ အလှပြန် တာ မန်းသမီးကျလို့” တဲ့။

ဆရာမ အလှပြင်တာ မင်းသမီး ကျလို့ဆိုတော့ ကျွန်မပြုံးမိရ သည်။

( ၄ )

ကျွန်မ တို့ရောက်ချင်သော ယောထည်ရက်ကန်းရွာ ပျားရွာကို လည်း လိုက်ပို့ကြသည်။ ပျားရွာသည် ယောအဆင် ဆန်းတွေကြောင့် သတင်းကြီးလှသည်။ ရှေးကလို မဲဆိုး မဲနှစ်ထည်တွေ ရှိသေးသလား မေးတော့ရှားပြီ ဆို၏။ တရုတ်ချည်၊ အိန္ဒိယချည်တွေ သုံးကြပေသိ လက် ရက်ကန်းတန်းတွေ အိမ်စေ့ရှိကြ သည်။ တစ်စင်ဝင် တစ်စင် ထွက် ကျွန်မတို့ လိုက်ကြည့်ကြတော့ အဆင် အမျိုးမျိုး ဒီဇိုင်းလှလှ၊ အရောင်ဆန်းဆန်း ရက်လုပ်နေကြ တာများ ပျားရွာသူတွေ အားရသူမရှိ။ ပျားရွာ သူ ဒေါ်စိန်မူ က စာရေးဆရာ တွေကို ချစ်ခင်စွာ မျှော်နေသူ ဖြစ် သည်။ ကျွန်မတို့ စာရေးဆရာ သုံးဦး ကို ယောပုဆိုး၊ ယောထဘီတွေ လက်ဆောင်ပေး ရုံပင်မက ရန်ကုန် မြို့နေ ဆရာ ချစ်ဦးညို အတွက်ပါ လက်ဆောင် ကမ်းပေးပါဆိုလို့ ယူခဲ့ ရပါ၏။ အမြတ်တနိုး ဝတ်ဆင်စေ ချင်လို့ ဝတ်ဖြစ်အောင် ဝတ်ပါလို့ပင် မှာလိုက်သေး သည်။ ရက်ကန်းခုံစင် ပန်းခုံစင်များနှင့် ရွာကြီးမှာ ရက် ကန်းခတ်သံတွေ ညံမစဲ။ ကျွန်မပင် လက်ရက်ကန်းထည် ယောထဘီ၊ ယောပုဆိုးတွေ ဝယ်ဖြစ်ခဲ့ပါသည်။
ယောသူ ကလေးတွေ ကိုယ် တိုင်က ဒီဇိုင်းဆန်း ကလေးတွေ တကန်တက ဝတ်ပြကြရင်း အလှပြ ကြသည်။ ကျွန်မအဖို့ရာ သူတို့ ကလေးတွေ ကိုရော ယောထည်ဆင် လှလှ ကလေးတွေကိုပါ ဓာတ်ပုံ ရိုက်ယူဖို့ အခွင့်အရေးရခဲ့ပါသည်။ ကျွန်မက ယော ထဘီကလေးတွေ ဝယ်ဖို့ ဖြန့်ကြည့်တော့ အဆင်တွေက အကုန်လှသည်။ ဘယ်အဆင်ရွေး လို့ ဘယ်အသွေး ချယ်ရမည်ပင်မသိ။

“ဘယ်အဆန် (အဆင်) ဝတ် ဝတ် ဆရာမနဲ့လှတယ်ကော …ကျွန်မတို့တောင် လှနေတာကြည့်”

တစ်ယောက် ကနောက်တော့ အားလုံးက ရယ်ကြသည်။ ယောသူ ကလေးတွေ တကယ်လည်း လှကြ ပါသည်။ တကယ်လည်း ယဉ်ကြပါသည်။ ယောသူကြီးတွေ က လည်း ယဉ်ယဉ် သန့်သန့် ခန့်ခန့်ကြီးတွေ။ ယော စကားပြောကြတော့ ယော သံဝဲဝဲ။
အားရပါးရ ပလုတ်ပလောင်း ပြောကြတာ နားမှာတစ်မျိုးဆန်းပြီး နာပျော်ဖွယ် ကောင်းလှပါ၏။ စကား လုံး တစ်ဝက် အပြုံးတစ်ဝက်။
ကျွန်မကို ယော သနပ်ခါးတုံး တွေပေးကြသည်။

“ယောသနပ် ခါးလိမ်းမှ ယောသူတွေလို လှမှာပေါ့”တဲ့။

ပကတိ စင်ကြယ်သော ရိုးဂုဏ် ကို နေရာတိုင်း မှာတွေ့ရသည်။ သိမ်မွေ့နူးညံ့ခြင်းကို နေရာတိုင်း မှာ တွေ့ရသည်။

ချစ်ဖွယ်ပေါတဲ့ ယောသူတို့ရွာ ကို ကျွန်မ တကယ်ရောက်ခဲ့ရပြီ။ ကျွန်မတို့ ကလေး မြို့ကို ကူးဖို့ပြင်ကြ တော့ “လာခဲ့ကြဦးလေနော” တဲ့။
လာချင်ပါ့ရှင်…။


#ခင်ခင်ထူး
#ချစ်ဖွယ်ပေါတဲ့ယောသူတို့ရွာ

မေတ္တာဖြင့်
ပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်

shared_by_louis_augustine ပေ့ခ်ျအား အထူးကျေးဇူးတင်ပါသည်။

ရှေးမြန်မာ လက်ရက်ကန်းစင်များနှင် ရက်ကန်းသမလေးများရဲ့ ရှားပါးဓာတ်ပုံတွေပါ၊ လက်ရက်ကန်းစင်တွေကတော့ အခုချိန်ထိလဲ သုံးကြတုန်း...
13/11/2022

ရှေးမြန်မာ လက်ရက်ကန်းစင်များနှင် ရက်ကန်းသမလေးများရဲ့ ရှားပါးဓာတ်ပုံတွေပါ၊ လက်ရက်ကန်းစင်တွေကတော့ အခုချိန်ထိလဲ သုံးကြတုန်းပါပဲ။ မြန်မာရနံ့ရဲ့ ရိုးရာလက်ရက်ကန်းစင်တွေကလဲ အခုလို ရှေးခေတ်ရက်ကန်းစင်တွေနဲ့ အတူတူပါပဲ။ မြန်မာ့ရိုးရာ လက်ရက်ကန်းကို ရှေးမူမပျက် ယုံကြည်ချက်တွေကိုဆုပ်ကိုင်ရင်း ခေါင်းမာမာနဲ့ပဲ ဆက်လက် လုပ်ကိုင်နေဆဲပါ။

Photo Credit: Original Owner

🍁ယောလုံချည် သမိုင်း🍁🍂မြန်မာနိုင်ငံတွင် လုံချည်လောကကို တစ်ခေတ် ဆန်းစေခဲ့သော ယောလုံချည်၏ မွေးဖွားရာ ဇာတိမှာ ဂန့်ဂေါခရိုင်ပ...
08/11/2022

🍁ယောလုံချည် သမိုင်း🍁

🍂မြန်မာနိုင်ငံတွင် လုံချည်လောကကို တစ်ခေတ်
ဆန်းစေခဲ့သော ယောလုံချည်၏ မွေးဖွားရာ ဇာတိမှာ
ဂန့်ဂေါခရိုင်ပင် ဖြစ်သည်။

🍂ယောလုံချည်၏ အတိတ်သမိုင်းသည် ခက်ခဲနက်နဲပြီး ယောသူ ယောသား တို့၏ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးမှုများကို တွေ့ရသည်။

🍂ကောဇာ သက္ကရာဇ် ၁၃၂၀ ခုနှစ် မတိုင်မီကပင်
ရက်ကန်း ရက်လုပ် ထွန်းကားခဲ့ရာ နောက်ပိုင်းတွင် ယောလုံချည်များ စတင် ရက်လုပ်လာကြသည်။

🍂ချည်မျှင်ကောင်း မထုတ်နိုင် ခြင်းကြောင့်
အိန္ဒိယမှ တင်သွင်း၍ ရက်လုပ်ခဲ့ကြသည်။
အရောင်ရရှိရန် မဲနယ်ပင်စိုက်ပျိုး၍ မဲနယ်ရွက်ကို
လှောင်အိုးကြီးများ ဆေးစပ်ပြီး တစ်ပတ်ခန့်
လှောင်ထားကြရသည်။ အိုးတိုင်း အရောင်မထွက်ပါ။
ဤကဲ့သို့ ခက်ခက်ခဲခဲ တီထွင် ကြံဆရင်း ပခုက္ကူဘက်မှ
လာသော ဆေးဆိုးသမားများ ထံမှ အရောင်မျိုးစုံကို ရရှိခဲ့သည်။

🍂ပထမဆုံး တီထွင် ခဲ့သည့် အပွင့်အဆင်များမှာ မင်းကြီး၊ ကောင်စီ၊ ချည်ကွင်း အဆင်များဖြစ်သည်။ ယခုအခါ ယောလုံချည် များကို ဒီဇိုင်းစုံ၊ အဆင်စုံ၊ အရောင်စုံ
တွေ့ရှိနိုင်ပါသည်။

🍂ယောလုံချည်တွင် အကွင်းကို ကန့်လန့်ဖြတ်ထားသော "GANGAW SPECIAL" အသားတံဆိပ် သည်
မပြောင်းလဲဘဲအစဉ်အမြဲ ရပ်တည်နေသော တံဆိပ် ဖြစ်သည်။ အပွင့်ဖေါက်ခြင်း စာတန်း ဖော်ခြင်းများသည် ရက်ကန်းစင် မှာပဲ အဆုံးသတ်ရသည်။

🍂ယခုအခါ လုံချည်သာမက အင်္ကျီ၊ လွယ်အိတ်များပါ ရက်လုပ်နေကြသည်။ ယခုအခါ နာမည်ကြီး လုံချည်
တံဆိပ်များကပင် ကောင်းသတင်း ကျော်သော ယောလုံချည်၏ မူရင်း ဒီဇိုင်းကို အတုခိုးပြီး စက်ဖြင့် ရက်လုပ်ကြသော်လည်း အိန္ဒိယမှတင်သွင်းသောချည်သား ယောသူ ယောသားတို့၏ ရက်ကန်း အတတ်ဖြင့် ပေါင်းစပ်ထားသော အရည်အသွေးကိုကား မှီနိုင်ကြမည်မဟုတ်ပေ။

🍂“ယောလုံချည်နှင့်ပင်နီအင်္ကျီဝတ်စုံ”သည်
မြန်မာနိုင်ငံတွင် ဝံသာနုစိတ်တက်ကြွနေချိန်က
ခေတ်အလိုက်လူကြိုက်များသောဝတ်စုံဖြစ်သည်။
ယခုထက်တိုင်လည်းယောလုံချည်ကိုယောက်ျား၊မိန်းမတို့နှစ်သက်စွာဝတ်ဆင်လျက်ရှိကြပါသည်။

ယောသူ၊ ယောသားတွေကတော့ ယောလုံချည်ကို
ယခုအချိန်ထိ အမြတ်တနိုးဝတ်ဆင်ကြပါတယ်။
အခုဆို ယောလုံချည်ကို မြန်မာနိုင်ငံတစ်ဝန်းကလူတွေဝတ်ဆင်နေကြတာတွေ့ရမှာပါ။

Address

Magway
835205

Website

Alerts

Be the first to know and let us send you an email when Yaw Pin Ni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share