19/08/2024
ချစ်နေဖို့ထက် ကိုယ်အပေါ် စေတနာရှိနေဖို့လိုတယ်..
ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်အပေါ် စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။ ချစ်တော့ချစ်တယ် ကိုယ်အတွက် အတ္တကြီးနေတဲ့လူမျိုးဖြစ်နေရင် စိတ်ဆင်းရဲရတယ်။ လူတစ်ယောက်ချစ်ဖို့ မချစ်ဖို့ထက် စေတနာ ရှိ၊ မရှိ စကားပြောကြည့်ပြီး လေ့လာကြည့်ယုံနဲ့ အနည်းငယ်ခန့်မှန်းလို့ရတယ်။ ဒါပေမယ့် မသိစိတ်ကြောင့် လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။
ယောကျာ်းလေးတွေမှာ မိန်းကလေးတေွကိုကြည့်ရင် ပထမဆုံးလှတာလေးကိုအရင်မက်ကြတယ်၊ မဟုတ်လည်း အရည်အချင်းရှိတဲ့သူကိုမက်ကြတယ်။ တစ်ချို့လူတွေကြတော့ ကိုယ်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့ လူမျိုးကိုရွေးကြတယ်။ မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။ ဒါပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။ တစ်ခါတစ်လေကြတော့လည်း သူဆီကဘာရမလဲဆိုတဲ့စိတ်နဲ့ချစ်နေကြတဲ့ သူတွေလည်းရှိတယ်။ နောက်ဆုံးကြတော့ အချစ်ဆိုတာထက် စိတ်နှလုံးကောင်းပြီး ကိုယ်အပေါ် တကယ်မေတ္တာထားပေးနိုင်တဲ့အမျိုးသမီးမျိုးရွေးချယ်ကြတာမှန်မယ်လို့ထင်တယ်။
အမျိုးသမီးတွေကြတော့ အချစ်ခံရတာကြိုက်တဲ့အတွက် ချစ်ပေးတဲ့သူဖြစ်ရင် အဆင်ပြေတယ်လို့ထင်တယ်။ တကယ်တော့ နောက်ပိုင်းမှာ မိသားစုတွေနဲ့ဆက်ဆံရတဲ့အခါ ကိုယ်အမျိုးသားက ကိုယ်အပေါ်မှစေတနာအပြည့် ရှိမနေရင် ကိုယ်ဘက်မှာရှိမနေရင် မိသားစုအသိုင်းအဝိုင်းတစ်ခုကိုဝင်ရရင် အဆင်မပြေဘူး။ ၁၀၀ ရှိရင် ၁၀၀ လုံးပေးစရာတော့မလိုဘူး။ ကိုယ်အပေါ် ပိုသာနေတဲ့သူဟာ ဘာလေးလုပ်လုပ်၊ ဘာလေးစားစားအရင် ဆုံးသတိရပေးတတ်တာမျိုးကိုခေါ်တယ်။ ဒီလိုလူမှမဟုတ်ရင် ရေရှည်မှာဘယ်သူမှအဆင်မပြေတတ်ကြဘူး။
ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊ ပြည့်စုံချမ်းသာမှုတစ်ခုနဲ့အချစ်ကိုဖော်ပြလို့မရဘူး။ ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့ လိုချင်တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင် ချစ်တာခြင်းမတူညီကြဘူး။ စေတနာဆိုတာမရှိတဲ့ကြားကနေ မရရအောင်ဖန်တီးပေးချင်နေတာမျိုး။ ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့သူမျိုးထက် သူမှာရှိတဲ့ဝင်ငွေလေးနဲ့ ကိုယ်ကိုယ်ဖြည့်ဆည်းပေးတာမှ စေတနာရှိတယ် လို့ခေါ်တယ်။ ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။
တကယ်တော့လူတွေက ချစ်ရင်ဘာမဆိုကျော်ဖြတ်နိုင်တယ်ထင်ကြတယ်။ အချစ်ဆိုတာထက် စေတနာ မေတ္တာကိုပိုလိုအပ်ပါတယ်။ သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး နွေးထွေးမှုပေးနိုင်ရတယ်။ သူကချစ်ပြတာကိုလိုရင် ချစ်ပြတာကိုပေးတတ်ရမယ်။
ချစ်ကြပုံခြင်းမတူကြရင်တောင် နားလည်ကြရပါလိမ့်မယ်။
#စုဟန်နီ