20/04/2022
ရဲယိုလို့ ကြားလိုက်တာနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးများကတော့ ရဲယိုရွက်နဲ့ ငါးဟင်းချက်စားကြတာကို အရင်ဆုံးတွေ့မြင်ကြသလို တချို့ကလဲ ဈေးက ရဲယိုသီးလေးတွေ ဒါမှမဟုတ် အနီးအနားက အလေ့ကျပေါက်ရောက်နေတဲ့ ရဲယိုပင်ရဲ့ အသီးလေးတွေကို မြင်ယောင်နေမိကြမှာပါ။
ဘာလို့ဆို အဲဒီရဲယိုသီးလေးတွေကို ပြုတ်ပြီး ထန်းလျက်၊ ပျားရည် အစရှိသဖြင့် ပြုတ်၍ ယိုအဖြစ်၊ ဖျော်ရည်အဖြစ် စားကြတာတွေလဲ လုပ်လေ့ရှိကြပါတယ်။
ဘာပဲပြောပြော အသေအချာသိနေကြတာကတော့ အရသာက ခါးသက်သက်ရှိတဲ့ သဘောနဲ့ ဒီအပင်ဟာ ဆေးဖက်ဝင်တယ်ဆိုတာပါပဲ။
တကယ်တော့ ဒီအမြင်၊ ဒီအထင်ဟာလဲ မမှားပါဘူး။ ရဲ့ယိုဟာ ကျွန်တော်တို့ မြန်မာဆေးပညာဘက်ကသာမက၊ နိုင်ငံတကာ ဆေးပညာအသိုင်းအဝိုင်းကပါ
ရောဂါပေါင်း တစ်ရာကျော်တို့ရဲ့ ပျောက်ကင်းရာ ဆေးအဖြစ် (သို့) ဖြည့်စွက်ဆေးအဖြစ် ဖော်စပ်ရာမှာ အသုံးပြုနေကြလို့ပါပဲ။
ဒီပို့စ်မှာတော့ အားလုံးကသိနေကြတဲ့ ရဲယိုပင်နဲ့ ပတ်သက်ပြီး ပိုမိုပြီးသိကြစေဖို့ ဖတ်မိသိရှိတာလေးတွေ စုစည်းဖော်ပြ လိုက်ပါတယ်။
ရဲယိုပင်ဟာ . .
ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်း အပင်ငယ်တစ်မျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနှံ့ အပြား အထူးသဖြင့် အထက် မြန်မာ ပြည်နှင့် အောက်မြန်မာပြည်များတွင် သဘာဝအလျောက် ကျယ်ပြန့်စွာ အများဆုံး ပေါက်ရောက်တတ်ပါတယ်။
ဒါ့အပြင် ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာလဲ ပေါက်ရောက်ကြပါတယ်။
ရဲယိုက ဘယ်လိုများဆေးဖက်ဝင်တာလဲ . .
ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူးတော်တေ်ာလေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုဖြစ်သလို ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက် ဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။
အသီးနဲ့ အရွက်တင်မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။
ပါဝင်တဲ့အာဟာရဓာတ်တွေက . .
ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။
ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်နေပါသေးတယ်။
အစာလည်း ဆေး၊ ဆေးလည်း အစာလို့ပြောလို့ရအောင်ကို အာဟာရဓာတ်တွေကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ အဝင်တော့နည်းနည်းလေးဆိုးပါတယ်။
မြန်မာ ဆေးကျမ်းများ အလိုအရတော့ . .
ရဲယိုရွက် သည်ခါး၏။ စဉ်းငယ် ပူ၏။ လေနှင့် ဝမ်းကို ရွှင်စေ တတ်၏။
သွေးကို တက်ကြွစေ၏။ ရဲယိုသီး သည်ပူစပ် သောအရသာ ရှိ၍ စဉ်းငယ် ချဉ်၏။ သွေး၊သည်းခြေ၊လေ၊သလိပ် တို့ကို နိုင်၏။ အစာ မကြေ၊လေနာ၊ သည်းခြေနာ တို့ကို နိုင်၏။
အရွက်အနေနဲ့ အသုံးဝင်ပုံကတော့ . .
၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။
၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။
၃။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။
၄။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။
အသီး အနေနဲ့ အသုံးဝင်ပုံကတော့ . .
၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။
၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။
၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။
ပျောက်ကင်းနိုင်တဲ့ ရောဂါအချို့ကတော့. . .
- အကိုက်အခဲပျောက်စေတယ်
ရဲယိုပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်အခဲပျောက်ပင်လို့တောင်ခေါ်ကြတာမျိုးရှိပါတယ်။
လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီး လေးဖက်နာဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။
- ကိုယ်ခံအားကောင်းစေတယ်
ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကနေကာကွယ်ပေးနိုင်ပါ။
- အိပ်ပျော်စေတယ်
ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင် ဟော်မုန်းနဲ့ မယ်လ်လာတိုနင် ဟော်မုန်းတွေကိုလှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ အိပ်မပျော်မှာကို ပူစရာမလိုတော့ဘူးပေါ့။
- အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်
ရဲယိုရွက်နဲ့ ရဲယိုသီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကိုသန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါကျန်းမာစေနိုင်တာပါ။
- ကင်ဆာကာကွယ်ပေးနိုင်တယ်
ရဲယိုရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ်ထွက်ရှိအောင်လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။
- သွေးတိုးကျစေနိုင်တယ်
phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radical တွေကြောင့် ထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးပါတယ်။
ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။
- သွေတွင်းကိုလက်စထရောကျဆင်းစေနိုင်စေတယ်
သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
- မှတ်ဉာဏ်ကောင်းစေနိုင်တယ်
သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်းပိုကောင်းစေနိုင်ပါတယ်။
- ဝမ်းမှန်စေနိုင်တယ်
ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်များစွာပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။
ဒါတွေအပြင် ရဲယိုပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေကကျန်းမာရေးကို တော်တေ်ာလေးအထောက်အကူပြုပေးတာပါ။
လေနာရောဂါ၊အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။
ဆီးချိုအတွက်အသုံးတည့်သလို ဆီးသွားရင်နာကျင်တာ၊ အဖြူဆင်းတာ နဲ့ မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။
အမျိုးသမီးတွေမှာ ရာသီသွေးမှန်စေနိုင်သလို သွေးမဆုံးခင်ခံစားရနိုင်တဲ့ အကြိုလက္ခဏာတွေကိုလည်း သကသာစေနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။
အတွင်းတိမ်မဖြစ်အာင်ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင်ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။
ပြောရရင်တော့. .
ဒီနေ့ ကမ္ဘာမြေကြီးမှာ မြို့ပြယဉ်ကျေးမှုထွန်းကားလားသည်နှင့်အမျှ လူနေမှုအရည်အသွေး နိမ့်ကျလာသလို ရာသီဥတုပြောင်းလဲလာမှု၊ ဂေဟစနစ်များ ယိုယွင်းလာမှုတို့ကလဲ တစ်ဆက်တည်းဖြစ်ပေါ်လာပါတယ်။
ဒီအချိန်မှာ သဘာဝရဲ့ အကျိုးအနှစ်သာရများကို ရရှိဖို့ ခက်ခဲလာနေသလို ထိန်းသိမ်းထားနိုင်ဖို့ကလည်း ဒီအရင်းအမြစ်တွေရဲ့ အကျိးကျေးဇူးကို သိရှိနိုင်ဖို့က အရေးကြီးပါတယ်။
ဖွံ့ဖြိုး ပြီးနိုင်ငံများအနေနဲ့ ဓာတုပစ္စည်းသုံးထုတ်ကုန်များကို လျော့သုံးလာကြပြီး ပိုမိုသဘာဝအတိုင်းဖြစ်သော အရာများကို အလေးပေးစားသုံးကြသည်ကို တွေ့မြင်နေရပါပြီ။
ထို့ကြောင့် သူတို့ဆီမှာ အသက်ရှည် ကျန်းမာသောလူများ တစ်နေ့ထက်တစ်နေ့ များပြားလာနေကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနှင့်လည်း မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာ၀ အရင်းအမြစ်များရဲ့ အကျိုးအာနိသင်ကို သိရှိပြီး အစာလည်းဆေး၊ ဆေးလည်းအစာလို မှီဝဲနိုင်ပါက ကျန်းမာပြည့်စုံတဲ့ဘဝကို ရရှိပြီး တိုင်းပြည်ဖွံဖြိုးရေးမှာ တစ်ထောင့်တစ်အားအဖြစ် ပါဝင်နိုင်ကြမည်ဖြစ်ပါကြောင်း တင်ပြရင်း။ ။
#ရဲယိုပင်