20/05/2026
အကောက်ခွန်မဲ့ပစ္စည်းများ တင်သွင်းခွင့်ပြုခဲ့သည့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဝန်ထမ်းအချို့ အရေးယူခံရဖွယ်ရှိနေ
19 May 2026 By Min AB / MPA
လေလံအောင်မြင်ထားသည့် ထိုင်းကုန်ပစ္စည်းများနှင့် ရောနှောကာ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရန် ခွင့်ပြုပေးခဲ့သည့် ပဲခူးတိုင်း၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ရှိ တာဝန်ကျအရာထမ်းနှင့် အမှုထမ်း ဆယ်ဦးနီးပါးကို စစ်ကောင်စီက အမှုဖွင့်အရေးယူရန် စီစဉ်နေကြောင်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်နှင့် နီးစပ်သူများထံမှ သိရှိရသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ထိုင်းကုန်ပစ္စည်းများကို လေလံအောင်မြင်ထားသူများက ညောင်ခါးရှည်စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဂိတ်ဖြတ်သန်းခွင့်ရရှိရန် ငွေကြေးလာဘ်ထိုးကာ တရားမဝင် ကုန်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်နေခြင်း ဖြစ်သည်။
အဆိုပါသတင်းများ ထွက်ပေါ်လာပြီးနောက် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ခေါင်းဆောင်ကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပြီး၊ ပါဝင်ပတ်သက်မှုရှိသည့် အရာထမ်း၊ အမှုထမ်းများကို စစ်ကောင်စီခန့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က မေလ ၁၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြသည်။
“နည်းတာမှတ်လို့၊ ဒီဘက်ကရင်ကနေလာတဲ့ ထိုင်းကုန်တွေကို သိမ်းထားတာလေ။ အဲဒါကို လေလံပစ်ထားတယ်။ အောင်တဲ့သူတွေက ရန်ကုန်ဘက်ကို ပြန်ပို့ဖို့လုပ်တော့ နောက်ထပ်တရားမဝင်ပစ္စည်းတွေနဲ့ ရောပြီးပို့နေတာ အတော်ကြာပြီ။ ဒါကို သူတို့ကုန်သည်အချင်းချင်းကပဲ သိပြီး တိုင်ကြပြုကြနဲ့ သိသွားတော့ အထက်က လာစစ်ရင်း မိသွားတာပဲ” ဟု ကုန်သည်တစ်ဦးက MPA သို့ ပြောကြားသည်။
ယခုကဲ့သို့ လေလံအောင်ကုန်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်ရန် ကျန်ရှိနေသည့် ကုန်ပစ္စည်းအများအပြား ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ရှိ နေရာအချို့တွင် ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များပေါ်တွင် လေလံအောင်မြင်သည့် ပစ္စည်းတစ်ပုံသာပါဝင်ပြီး ကျန်နှစ်ပုံတွင် ဆေးလိပ်၊ အရက်၊ အက်စစ်နှင့် ဓာတုပစ္စည်းများကဲ့သို့သော တရားမဝင်ပစ္စည်းများ ပါဝင်နေကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးလျှင် ငွေကျပ်သိန်း ၃၀၀၊ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးလျှင် ငွေကျပ်သိန်း ၅၀၀ ခန့် ပေးဆောင်ရပြီး၊ အကြိမ်ကြိမ် ဖြတ်သန်းခွင့်ရရှိရန် တံဆိပ်တုံးမထုစေရေးအတွက် ငွေကျပ်သိန်း ၃၀၊ ထောက်ခံစာရယူရန် ငွေကျပ်သိန်း ၅၀ ခန့်အထိ ပေးဆောင်ရသည်ဟု ဆိုသည်။
ကနဦးအစောပိုင်းတွင် ဖြတ်သန်းခွင့်ပြုခဲ့ပြီး ငွေကြေးလက်ခံရယူခဲ့သည့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ် ခေါင်းဆောင်ကို နယ်ပြောင်းရွှေ့အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း၊ စစ်တပ်ထောက်ခံသူများနှင့် ကုန်သည်များအကြား တိုင်တန်းမှုများ ရှိလာပြီးနောက် ပါဝင်ပတ်သက်ခဲ့သူအားလုံးကို စစ်ကော်မရှင်က အရေးယူခဲ့ခြင်း ဖြစ်သည်။
“အဲဒီက ခေါင်းဆောင်တစ်ယောက်နဲ့ လ.ဝ.က အရာရှိအချို့ရယ်၊ အကောက်ခွန်ကလည်း ပါတာပေါ့။ ပြီးတော့ ဝန်ထမ်းတွေ ရှိတယ်လေ။ အဲဒီမှာ လုံခြုံရေးတပ်ဖွဲ့တွေဖြစ်တဲ့ ရဲတို့၊ စစ်သားတို့လည်း ရှိနေတယ်။ အခုအရေးယူတာက စုစုပေါင်း ၈ ဦးခန့်ရှိတယ်။ အရေးယူမယ်လို့ပဲ သိထားတယ်” ဟု ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ညောင်ခါးရှည်စစ်ဆေးရေးဂိတ် အဖွဲ့ခေါင်းဆောင်နှင့် အရာထမ်း၊ အမှုထမ်းများကို မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကိုမူ မသိရသေးပေ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လက်နက်ကိုင်တပ်များ နယ်စပ်ဂိတ်များမှ တရားမဝင်ကုန်သွယ်မှုမှတစ်ဆင့် အခွန် ကောက်ခံပြီး အင်အားကြီးထွားလာမည်ကို စိုးရိမ်သဖြင့်လည်းကောင်း၊ အကောက်ခွန်မဲ့ပစ္စည်းများ ဝင်ရောက်လာခြင်း မရှိစေရန်အတွက်လည်းကောင်း တရားမဝင်ကုန်သွယ်မှုများကို ဖမ်းဆီးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် စစ်ကော်မရှင်ပူးပေါင်းအဖွဲ့များက တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးမှုကို ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ပြည်တွင်း၌ ထိုင်းကုန်ပစ္စည်းဈေးနှုန်းများ အဆမတန်ကြီးမြင့်မှုဒဏ်ကို ပြည်သူများ သိသိသာသာခံစားခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လကုန်ပိုင်းမှစ၍ ယခုနှစ်လယ်ပိုင်းအထိ မွန်၊ ကရင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်အစီးရေ တစ်ထောင်ကျော်အပါအဝင် အခြားကုန်ပစ္စည်းများနှင့် ပေါင်းစပ်ပါက ငွေကျပ်သိန်းပေါင်းသောင်းချီ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
“ဒီလိုမျိုး အရေးယူတာကို အားပေးတယ်။ နယ်ပြောင်းတာလောက်နဲ့ ဘာမှမထူးဘူး၊ ပြတ်ပြတ်သားသားဖြစ်ဖို့ လိုတယ်။ ပြည်သူကိုလည်း ချပြဖို့လိုတယ်။ ဒါမှပဲ ကျန်တဲ့သူတွေ မလုပ်ရဲမှာ။ တကယ်လို့ ဒီအတိုင်းပဲ ပြီးသွားရင် ဒီလိုပြဿနာက ဖြစ်နေဦးမှာပဲ။ ဒီလို ပွင့်လင်းမြင်သာမှုမရှိတဲ့ ကာလမှာဆိုရင် ပိုဆိုးမယ်။ ပါဝင်ပတ်သက်နေသူ မှန်သမျှကို ဖော်ထုတ်ရမှာပဲ၊ အပြစ်ပေးအရေးယူရမှာပဲ” ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်သည် တရားမဝင်ကုန်ပစ္စည်းများ၊ အထောက်အထားမဲ့ ထိုင်းကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အဓိကစစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်သော်လည်း၊ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်သယ်ဆောင်မှုများကိုပါ တင်းကြပ်စွာ စစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-MOI ၊ လူမှုကွန်ရက်
ပုံစာ - ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို စစ်တပ်ခန့်ပဲခူးတိုင်းဝန်ကြီးချုပ်အဖွဲ့ လာရောက်စစ်ဆေးစဉ်။
#အကောက်ခွန် #ပစ္စည်းများ #တင်သွင်းခွင့် #ညောင်ခါးရှည် #စစ်ဆေးရေးဂိတ် #ကုန်သွယ်ရေး