Yaw Bae Ou

Yaw Bae Ou Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaw Bae Ou, Shopping Service, Yangon.

စာဖတ်ကြမယ်
09/06/2024

စာဖတ်ကြမယ်

အောင်မြတ်သာနှင့်ဖုတ်ဝင်သူ(စ/ဆုံး)
ရေးသားသူ..ဇေယန(ရာမည)

အထက်ဆရာကြီးများရဲ့ တာဝန်ပေးချက်တွေကို
ထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တို့
ရောက်ရှိခဲ့တယ်။

လူမျိုးစုံ ပညာရှင်မျိုးစုံတို့ကို မြင်တွေ့ရသလို
စုန်းတိုက်နတ်တိုက်မျိုးစုံကိုလဲ ကြုံတွေ့ခဲ့ရတယ်။

ရွှေဘိုမြို့်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ
တည်းတုန်းကဆိုရင် ကျောင်းအနောက်ဘက်မှာရှိတဲ့
ရေကန်ထဲကနေ မိန်းမပျိုတွေ ထွက်လာတာကိုလဲ
မြင်တွေ့ခဲ့ရဖူးတယ်။ဆရာတော်ကိုလျောက်ထားတော့
အဲဒီရေကန်မှာ အစောင့်အရှောက်တွေရှိတယ်လို့ မိန့်တော်မူတယ်။

ကျွန်တော့်ပညာက သာမန်လောက်ပဲရှိတဲ့အတွက်
အရမ်းအရေးကြီးတဲ့ကိစ္စတွေဆိုရင် ကျွန်တော့်အစား
ဆရာကဖြေရှင်းလေ့ရှိတယ်။

နယ်မြို့လေးတစ်မြို့ကိုရောက်တုန်းကလဲ
မီးတွင်းထဲမှာဆုံးသွားတဲ့ မိန်းကလေးတစ်ယောက်
သူ့အိမ်ကိုစွဲပြီး ခြောက်လှန့်တာကိုလဲ ကြုံခဲ့ရဖူးတယ်။
ပညာနုနယ်တဲ့ ပယောဂဆရာတွေဆိုရင်
တံတွေးနဲ့တောင်.ထွေးခံရတယ်။
ကြုံခဲ့ရတာတွေကိုပြောနေရင် ကုန်မှာမဟုတ်တော့ဘူး။
ဒီတစ်ခါကြုံခဲ့ရတာက သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုပဲ။
ဒါပေမယ့် သူက သာမန်ဖုတ်ဝင်သည်တွေလို မဟုတ်ပဲ.ထူးဆန်းတာလေးတွေရှိခဲ့တယ်။

ဆရာနဲ့ကျွန်တော်ခရီးသွားနေရင်း....မြို့ထဲက......ရွာကိုမမျှော်လင့်ပဲရောက်ရှိခဲ့တယ်။
ရွာထဲကိုဖြတ်မှ ဟိုဘက်မြို့ကိုရောက်မှာကိုး
ရွာထဲကနေဖြတ်သွားရင်း
အိမ်တစ်အိမ်အရှေ့ရောက်တော့
အိမ်ရှေ့မှာ ထင်းပေါက်နေတဲ့ လူတစ်ယောက်က
ကျွန်တော်တို့ကိုမြင်တဲ့အခါ အိမ်ထဲကိုပြေးဝင်သွားတာ။

ကျွန်တော်ကအမှုမဲ့အမှတ်မဲ့နေလိုက်တယ်။
အဲဒီအချိန်မှာဆရာက
"သက်ခိုင် ခုနကပြေးဝင်သွားတဲ့သူကိုတွေ့လား"
"အဲဒါက.လူမဟုတ်ဘူး"

ကျွန်တော်အ့ံသြသွားတယ်။
မျက်လုံးထဲသေချာမြင်လိုက်တာက
လူမှလူစစ်စစ်
နာနာဘာဝတော့မဟုတ်တာသေချာတယ်။
ဒါပေမယ့် ဆရာက မဟုတ်ပဲနဲ့ ဘယ်တော့မှ
အဲလိုပြောမှာမဟုတ်ဘူး။

"ဒါဆို လူမဟုတ်ရင် ဘယ်သူလဲဆရာ"

"အဲဒါဖုတ်ဝင်နေတဲ့သူပဲ
အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ထဲမှာ နေရာဝင်ယူပြီး
လူတစ်ယောက်လိုဟန်ဆောင်နေတာ"

"ဖုတ်ဝင်သူတွေက အမျိုးမျိုးရှိတယ်
တစ်ချို့က အစားအသောက်စားချင်လို့ဝင်တယ်
တစ်ချို့က ကိုယ်ငွေ့လှုံချင်လို့ဝင်တယ်
တစ်ချို့က လူဘဝကိုစိတ်မကုန်သေးလို့
သာမန်လူတစ်ယောက်လို နေထိုင်ကြတယ်"

"ယခင်ကဆို ဖုတ်ဝင်ပြီးနေတဲ့သူက မိန်းမယူပြီး
ကလေးတွေတောင်မွေးထားသေးတာလို့ ကြားဖူးတယ်
ခုနကလူကလဲ သာမန်လူလို့ထင်ရပေမယ့်
သူ့မှာ သက်ရှိတစ်ယောက်ရဲ့ ကိုယ်ငွေ့မတွေ့ရဘူး
သာမန်လူတွေမမြင်နိုင်တဲ့အတွက် သူ့ကို မိသားစုဝင် တစ်ယောက်လိုပဲ.မြင်နေကြတာဖြစ်မယ်"

"ဒါဆို ဒီတိုင်းထားရင်ရော ဘာဖြစ်လာမလဲ"

"သူ့အပြုအမူကိုမေးကြည့်ရမှာပေါ့
ဒါပေမယ့် ဖြစ်ရိုးဖြစ်စဉ်နဲ့ဆန့်ကျင်တဲ့
ဘယ်အရာမဆို ငါတို့တားရမယ့်တာဝန်ရှိတယ်
ဒီညဒီရွာမှာပဲ တည်းရအောင်"

ကျွန်တော်တို့လဲ ရွာဦးကျောင်းမှာ တည်းရင်း
ကပ္ပိယကြီးကို.နေ့လည်ကတွေ့ခဲ့တဲ့
လူအကြောင်းမေးကြည့်ဖြစ်ခဲ့တယ်။

"ဒီကဧည့်သည်တွေမေးတော့လဲ ပြောပြရတာပေါ့
နေ့လည်က ဧည့်သည်တို့တွေ့ခဲ့တဲ့သူက
ဦးထွန်းလူဖြစ်မယ်။ သူကအဲဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးလေ။ သူ့မှာနာမည်ပျက်တော့မရှိပါဘူး။ အိမ်ကိုလဲသူပဲရှာကျွေးနေတာ။ မနက်ဆိုတောထဲသွား၊.ထင်းခွေ၊.ညနေဆိုထင်းခွဲ၊ ရလာတဲ့ထင်းတွေကို ရောင်းချပြီး သူ့မိသားစုတွေကိုရှာကျွေးနေတာ၊ တကယ်တာဝန်ကျေတဲ့သူတစ်ယောက်ပါ"

ကျွန်တော်ဇဝေဇဝါဖြစ်သွားတယ်။
ဒါပေမယ့်ဆရာပြောတဲ့စကားကိုလဲမယုံလို့မရပြန်ဘူး။

"ဒါနဲ့ အဲဒီဦးထွန်းလူက သာမန်လူတစ်ယောက်လိုပဲ
သွားလာစားသောက်တာပေါ့ ဟုတ်လား ကပ္ပိယကြီး"

"ဟုတ်တယ်လေ သာမန်လူလိုပဲနေတာ"

"သူအရင်က နေမကောင်းတာတွေ ထိခိုက်တာတွေ
ရှိခဲ့ဖူးသေးလား"

"အင်း မရှိဘူးကွဲ့... အော် ရှိခဲ့တယ်.ခုမှမှတ်မိတယ်
လွန်ခဲ့တဲ့နှစ်က တောထဲမှာ ထင်းခွေသွားရင်း တောဝက်ပက်တာကြုံခဲ့ရတယ်၊ ဒဏ်ရာရတော်တော်များတယ်
ဒါပေမယ့်သူကမသေပဲပြန်ကောင်းလာလို့ သေရွာပြန်ထွန်းလူလို့တောင် စနောက်ကြသေးတယ်"

ကျွန်တော်ပြုံးလိုက်မိတယ်။လိုချင်တဲ့အချက်ကိုသိလိုက်ရပီလေ။
"အဲဒါဆို ဦးထွန်းလူက ရွာကျောင်းကိုလာတာ.မြင်မိလား"

"အရင်ကတော့ တစ်လတစ်ခါလောက်တော့ ဆရာတော့ဆီလာတာတွေ့တယ်။ နောက်ပိုင်းမတွေ့ဖြစ်တော့ဘူး စီးပွားရေးအဆင်မပြေတာနဲ့ လာဖို့မေ့နေတယ်ထင်ပါတယ်၊ ငါလဲတွေ့ရင်သတိပေးလိုက်ဦးမယ်၊ ဘုရားရှိခိုးချိန် ရောက်ပီဆိုတော့ သွားလိုက်ဦးမယ်ကွယ့်"

ထသွားသော.ကပ္ပိယကြီးကိုကြည့်ပြီး
ကျွန်တော်ဦးထွန်းလူအကြောင်းကို.တွေးလိုက်မိတယ်။

မနက်မိုးလင်းတော့
ကပ္ပိယကြီးပြင်ထားပေးတဲ့
မနက်စာကိုစားရင်း
"ကပ္ပိယကြီး ရွာထဲခဏလိုက်ကြည့်မလို့
ဆရာတော်ဆီလျောက်ပေးပါဦး"

"အိုကွယ်.သွားစရာရှိသွား
ဆရာတော်ကဒီအချိန်တရားထိုင်နေပီ
သွားကြည့်ကြ.ဘာမှမဖြစ်ဘူး"

ကျွန်တော်တို့လဲခွင့်ရတာနဲ့
ရွာထဲကိုထွက်လာခဲ့လိုက်တော့တယ်။

ဦးထွန်းလူအိမ်ရှေ့ရောက်တော့
"အိမ်ရှင်တို့ ဒါဦးထွန်းလူတို့အိမ်လား"
အော်ခေါ်လိုက်တော့ အိမ်ထဲကနေ
အမျိုးသမီးတစ်ယောက်ထွက်လာတာ
တွေ့လိုက်တယ်။

"အဖေအသိတွေလား
အဖေမရှိဘူးရှင့် တောထဲထင်းခွေသွားတယ်
ဘာကိစ္စများရှိလို့လဲ"

ထိုအခါကျွန်တော်က
"ကိစ္စကတော့ ထွေထွေထူးထူးမရှိပါဘူး
သူလာရင် ဒီစာရွက်လေးပေးပေးပါ
သူမယူဘူးဆိုရင် သူ့အိပ်ယာအောက်မှာ
ထည့်ထားပေးပါ"ဆိုပြီး အင်းစာရွက်ကိုထုတ်ပေးလိုက်တယ်။

ရွာထဲကနေပြန်ရောက်တော့
ဆရာနဲ့ကျွန်တော်တရားထိုင်ဖြစ်တယ်။
နေ့လည်စားချိန်ရောက်တော့
ရွာသားတစ်ယောက်ရေးကြီးသုတ်ပြာနဲ့
ကျောင်းထဲပြေးဝင်လာတယ်။

"ဆရာတော်ဘုရား
ဆရာတော်ဘုရား
ဦးထွန်းလူ ဧည့်သည်တွေကိုသတ်ဖို့
ဓားဆွဲပြီး လာနေပါပီဘုရား"

"ကပ္ပိယကြီးက ရုတ်တရက်ထလိုက်ပြီး
ကျွန်တော်တို့ကို လှမ်းကြည့်တယ်"

ဆရာတော်က
"လာရင်ကျောင်းပေါ်တက်ခဲ့ခိုင်းလိုက်ကွာ
ထွန်းလူတစ်ကောင် မိုက်ပြန်ပီထင်တယ်"

ကျွန်တော်တို့ထကြည့်လိုက်တော့
"ဓားကိုကိုင်ကာ ကျောင်းအဝမှာ
ရပ်ပြီး ဆဲဆိုနေတဲ့ ဦးထွန်းလူကို တွေ့လိုက်ရတယ်
ဒါပေမယ့် သူကလုံးဝကျောင်းထဲကိုမဝင်တာ ထူးဆန်းနေတယ်"

ရွာကလူတွေက
ဆရာတော်ကိုကြောက်လို့
မဝင်တာလို့ထင်နေကြတယ်။

ဆရာတော်က
ကျောင်းပေါ်ကနေ
"ဟေ့ ထွန်းလူ ဒီကဧည့်သည်တွေက
မင်းကိုဘာလုပ်လို့်တုန်း"

"ဒီကောင်တွေ ကျုပ်နေမရအောင်လုပ်တော့မှာ
ဒီကောင်တွေကိုသတ်မယ် အပြင်ထွက်ခဲ့"ဆိုပြီး အော်ဟစ်နေပါလေရော။

အဲလိုပြောတော့
ဆရာတော်က
"ဧည့်သည်တွေက
သူ့ကိုဘာလုပ်မိလို့တုန်း"

"တကယ်တော့ ဒီလူဟာ ဦးထွန်းလူမဟုတ်ပါဘုရား
ဦးထွန်းလူရဲ့ကိုယ်မှာဝင်ပူးနေတဲ့
နာနာဘာဝပါဘုရား
လွန်ခဲ့တဲ့နှစ်ထဲက ဦးထွန်းလူက တောဝက်ပက်လို့
ဆုံးသွားခဲ့ပါပီ သူအသက်ထွက်ခါနီးမှာ နာနာဘာဝတစ်ကောင်က နေရာဝင်ယူလိုက်တာပါ"

"ဒါဆိုဒီကဒကာလေးတို့ပြောတာက
ဦးထွန်းလူက ဖုတ်ဝင်နေတာပေါ့
ဒါဖြစ်နိုင်ပါ့မလား
ဖုတ်ဝင်နေတယ်ဆိုရင်
အိမ်ကမိသားစုတွေကိုရှာကျွေးနေပါ့မလား"

"တပည့်တော်လဲ ထူးဆန်းနေပါတယ်ဘုရား
အခုဆရာတော်ခွင့်ပြုမယ်ဆိုရင်
ဒီကျောင်းအဝမှာ တပည့်တော်ဖြေရှင်းပေးပါ့မယ်
ခွင့်ပြုတော်မူပါဘုရား"

"တကယ်ဆိုဆရာတော်က ဘာမှမပြောလိုပါဘူး
သူ့မိသားစုကရော လက်ခံပါ့မလား
ဧည့်သည်တို့အတွက် အန္တရာယ်ရှိနိုင်တယ်"

"သူ့မိသားစုကိုလဲ ယုံအောင်တပည့်တော့ကြိုးစားပြောကြည့်ပါမယ် ခွင့်ပြုပါဘုရား"

ဆရာတော်ခွင့်ပြုချက်ရတော့
ကျွန်တော်တို့ကျောင်းအဝကိုဆင်းလာခဲ့တယ်။
ကျောင်းအဝရောက်တော့
ဓားတဝင့်ဝင့်နဲ့ ကျွန်တော်နဲ့ဆရာကိုခုတ်ဖို့
တကဲကဲလုပ်နေတာ။

"ဦးထွန်းလူ ဘယ်လိုဖြစ်တာလဲ
ခင်ဗျားနဲ့ကျုပ်တို့ကရန်ငြိုးမှမရှိတာ
ကဲပါ ဟိုအမိ ဘယ်လိုဖြစ်လဲပြောပါဦး"

"အဖေပြန်လာတော့ ဒီကဧည့်သည်တို့ပေးတဲ့
စာရွက်ကိုပေးလိုက်တယ် အဖေကအဲစာရွက်ကို
မြင်တော့ ပစ်ထုတ်ခိုင်းတယ်၊ ကျွန်မလဲ ပစ်ထုတ်လိုက်တော့
အဖေကဓားဆွဲပီး ဒီကိုလိုက်လာတာပဲ"

တစ်ရွာလုံးလာကြည့်တဲ့သူတွေကများလွန်းလို့
အုံခဲနေတာ

ထိုအခါ.ဆရာက
"ဒီလောက်နေရရင်တော်ရောပေါ့
ဘာလို့သဘာသကိုဆန့်ကျင်ချင်ရတာလဲ
ခင်ဗျား.ဘယ်သူလဲပြော
သေချာတာက ခင်ဗျားက.ဦးထွန်းလူမဟုတ်ဘူး"

ဟင်. ဟာ.. အို
မဖြစ်နိုင်တာ ဘာတွေလျောက်ပြောနေတာလဲ
စကားသံတွေက ကြွက်စိကြွက်စိပေါ်လာတယ်။

ထိုအခါ ဆရာက
"ကျုပ်ပြောတာကို ကျုပ်သက်သေပြမယ်
ကပ္ပိယကြီး အခေါင်းတစ်လုံးနဲ့ ရေအိုးသုံးလုံး
အသင့်ပြင်ထားပေးပါ"

"ကဲ ဦးထွန်းလူ
ခင်ဗျားက ဦးထွန်းလူဆိုတာ
သေချာရင်
ဒီတားထားတဲ့စည်းဝိုင်းကို
ကျော်လာခဲ့ပါ"ဆိုပြီး
စည်းသုံးတန်တားလိုက်တယ်။

"ရွာသားတွေထဲက တစ်ယောက် ဒီစည်းထဲကိုကျော်လာလိုက်ပါ သာမန်လူဆိုရင် ဘာမှမဖြစ်ပါဘူး"

ရွာသားတစ်ယောက်က စည်းထဲကိုဝင်လိုက်တယ်။

"ကဲ အားလုံးအမြင်ပဲနော်
ဘာမှမဖြစ်ဘူး
ဦးထွန်းလူ ခင်ဗျားကတကယ့်ဦးထွန်းလူဆိုရင်
ဒီစည်းလေးကို.ကျော်လာခဲ့ပါ"

ထိုသို့ပြောလိုက်တော့
မျက်လုံးတွေပြူးပြီး ကျွန်တော်တို့ကို
စိုက်ကြည့်နေတာ။

"ခင်ဗျားက ဒီမိသားစုကိုလုပ်ကျွေးနေတယ်ဆိုတာ
သိရလို့ ကျုပ်တို့လေးစားပါတယ်။.ဒါကြောင့် ကျုပ်တို့ခင်ဗျားနာကျင်အောင်.မလုပ်ချင်ပါဘူး အေးဆေး ဒီကနေထွက်သွားပါ"

ကျွန်တော်တို့ပြောတာတွေကို
ရွာသားတွေနားမလည်အောင်ဖြစ်နေတယ်။
တစ်ယောက်တစ်ပေါက်နဲ့
ပြောနေကြတယ်။

ထိုအခါ ဆရာက
"ဟိုကလေးမ မင်းကဦးထွန်းလူသမီးလား"

"ဟုတ်.ဟုတ်ကဲ့"

"အဲဒါဆို မင်းအဖေ ဦးထွန်းလူက
လွန်ခဲ့တဲ့နှစ်က တောဝက်ပက်လို့ ဆုံးသွားပီ
သူ့ခန္ဓာကိုယ်ကိုတစ်ခြားတစ်ယောက်ဝင်ပူးထားတာ"

"မဟုတ်ဘူး.အဖေက အဲလိုမဟုတ်ဘူး
ဒါဆိုအဖေကဖုတ်ဝင်နေတယ်လို့ပြောချင်တာလား
အဖေက အဲလိုမဟုတ်ဘူး
သာမန်လူလိုပဲနေတာ
အခုထိ ဘာမှဒုက္ခမပေးခဲ့ဘူး
မဟုတ်ဘူး လိမ်နေတာ"

ကျွန်တော်စိတ်ညစ်သွားတယ်။
ဘယ်လိုရှင်းပြရမလဲတွေးနေတုန်း

"ဦးထွန်းလူ တစ်ဖြစ်လဲဒီကမိတ်ဆွေ
ခင်ဗျားပြောမလား
ကျုပ်လုပ်ရမလား"လို့ဆရာကမေးတော့မှ

"ငါသိတယ် ငါသိတယ်
ဒီရွာကိုသူတို့စရောက်ထဲကငါသိတယ်
ငါကိုကညံ့တာ
ငါသွားပေးမယ်
ငါမှမင်းတို့ကို မနိုင်တာ"

ီုဦးထွန်းလူကအဲလိုပြောတော့
ဆရာက
"နေဦး မသွားနဲ့ဦး
ခင်ဗျားဘယ်သူဆိုတာပြောသွား"

"ကျုပ်က ဦးဖိုးလူ"

ဟာ အမလေး အိုး...
ဦးဖိုးလူဆိုတာ ထွန်းလူအဖေလေ
သူကသေသွားတာကြာပီ
ဟုတ်ပါ့မလား
မဖြစ်နိုင်ဘူးထင်တယ်
ရွာသားတွေရဲ့စကားတွေ
ထွက်လာပြန်တယ်။

"အဖေ ဘာတွေပြောနေတာလဲ
အဖေကဘာလို့ အဖိုးနာမည်ပြောရတာလဲ"

"ငါ့သားထွန်းလူ.တောဝက်ပက်ခံရတော့
ငါသူ့ဘေးမှာရှိနေတာ
ငါ့မြေးတွေကိုစိတ်မချလို့
သူ့ကိုထဲဝင်ပြီး လုပ်ကျွေးနေတာ
အခုငါသွားရတော့မယ်
ငါနေမရတော့ဘူး
မြေးလေးတို့ဂရုစိုက်ကြ
ဟိုကောင်တွေ
သာအောင် ထွန်းကျော်တို့
ငါ့မြေးတွေကိုစောင့်ရှောက်ကြနော်
ငါမင်းတို့ကိုခေါ်ချင်ပါတယ်
ငါ့ကိုရိပ်မိမှာစိုးလို့မခေါ်တာ
ငါသွားပီနော်"လို့ပြောပြီး ဗိုင်းခနဲအရုပ်ကြိုးပြတ်လဲကျသွားတယ်။

ကျွန်တော်လဲ အသင့်လုပ်ခိုင်းထားတဲ့ အခေါင်းထဲ
ထည့်ဖို့လုပ်ချိန်မှာ တစ်ဖြေးဖြေး အသားတွေကွာကျ
လောက်ကောင်တွေတဖွားဖွားထွက်လာတာမြင်လိုက်ရတယ်။

အော် သံယောဇဉ်
ဘဝခြားနေတာတောင်
လုပ်ကျွေးနေသေးတာပဲလို့
တွေးလိုက်မိတယ်။

ကျွန်တော်တို့လဲ
ဆရာတော်ကိုလျောက်ကာ
နောက်တစ်နေရာကို
ခရီးဆက်ခဲ့လေတော့သည်။

ရွာကအထွက်မှာ
"သက်ခိုင် ဟိုအပင်မှာ
ဦးဖိုးလူနေတယ်"ဆိုပြီး
ရွာထိပ်ကဇီးပင်ကိုလက်ညိုးထိုးပြတယ်။

ကျွန်တော်လဲ ဇီးပင်ကိုကြည့်ပြီး
လက်ပြကာ
"ကျွန်တော်တို့သွားပီ ဦးဖိုးလူရေ
နောက်ထပ်အဲလိုမလုပ်နဲ့တော့နော်"လို့
အော်ပြောတော့
ဇီးပင်ကြီးက အလိုလိုလှုပ်လာတာမြင်လိုက်ရတယ်။

တစ်ဖြေးဖြေးနဲ့ဇီးပင်ကြီးက
အဝေးတွင်မှုန်ပြစွာ....

စာပြီးချိန်
11.11.2018
8း00PM
လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ

တစ်နေ့တစ်နေ့ အကုသိုလ်တွေ များများလာတယ် ဝဇီကံရော၊ မနောကံရော မစောင့်ထိန်းနိုင်ဘူး
05/06/2024

တစ်နေ့တစ်နေ့ အကုသိုလ်တွေ များများလာတယ် ဝဇီကံရော၊ မနောကံရော မစောင့်ထိန်းနိုင်ဘူး

စာဖတ်ကြမယ် ချင်းဂုတို့
28/05/2024

စာဖတ်ကြမယ် ချင်းဂုတို့

ဘဝခြားခဲ့ပါသော်လည်း (စ-ဆုံး)
ထွဋ်ခေါင်(အိမ်မဲ)

အချိန်ကား ညနေ( ၆ ) နာရီခန့်ရှိ့ပြီ ။ မိုးကသည်းသည်းမည်းမည်း ရွာလျှက်ရှိ့ရာ ပတ်ဝန်းကျင်တစ်ခုလုံး ညို့မိူင်းအုံ့ဆိုင်းလျှက် ရှိ့နေသည် ။ တဝေါဝေါ တဝှီးဝှီး မြည်းဟီးတိုက်ခတ်နေသော လေပြင်းနှင့်အတူ ဝုန်းဝုန်းဒိုင်းဒိုင်း သွန်းချလျှက်ရှိ့သော မိုးကြီးမှာလည်း မတိတ်နိုင်အောင် သည်းသထက် သည်း၍လာလေသည်။ထိုအချိန်မျိုးတွင် အိမ်မဲမြို့နယ် အတွင်းရှိ့ ကန်ကြီးဒေါင့်ကုန်းရွာကလေးမှာ လမ်းသွားလမ်းလာ ဟူ၍ မရှိ့သလောက်ပင် ကင်းရှင်းနေပေသည် ။ ။သို့သော် ရွာစွန်ရှိ့ အိမ်တစ်အိမ်တွင်မူ လူအများစုရုံးစုရုံးနှင့် ရှိ့နေကြလေသည် ။

ထိုအချိန်တွင် လေသံမိုးသံများကြားမှ ထိုးခွင်း၍ ထွက်ပေါ်လာသော အော်ဟစ်ငြီးငြူသံကြီံးကား အနီးဝန်းကျင်သို့တိုင် ပျံ့လွင့်လာပြန်သည် ။

" အား…အမေ…အ…မေ …"

" အမလေး…သေပါပြီ……အမေရဲ့ …အမလေး…အား "

နာကျင်သည်းထန်စွာ အော်ဟစ်ငိုကြွေးနေသော အသံကြောင့် ကျွန်တော်တို့အားလုံးရော အိမ်နီးနားခြင်းများပါ စိတ်မကောင်းကြ။ အော်ဟစ်နေသော မိန်းကလေး၏ ဖခင် ဦးသန်းကား ချွေးသီးများကို သုတ်လိုက်…မီးနေခန်းမှ ဝင်လိုက်ထွက်လိုက် လုပ်နေသည့် ရွာသူများမျက်နှာကို အားကိုးတကြီး ကြည့်လိုက်နှင့် ဗျာများနေသည် ။

ဦးသန်းခမျာ ထိုင်လိုက်ထလိုက် အပြင်ထရံမှနားကပ်၍ထောင်လိုက် ထွက်လာသည့် ရွာသူများရဲ့ မျက်နှာကလည်း မကောင်းပေ ။
"မိ…ငြိမ်း…သမီး…ဘယ်လိုနေ…နေလဲ…ဟင်…ဟင်……

" ဟို…ဟို…"

" မြန်မြန်ပြောစမ်းပါ မိငြိမ်းရာ…နင်ကလည်း ချီးမှပဲ…"

" လက်သည် ဒေါ်အေးကြည်…လုပ်…လုပ်ပေးနေပါတယ်..…တော့် …"
"အား…အား…အ…အမေရေ…အမေရဲ့…ဘုရား…ဘုရား…အဖေ…အ.…ဖေ…"

" သမီး…အဖေရှိ့နေတယ်…အားမငယ်နဲ့…"

" အ…ဖေ…အမေ…အမယ်လေး…အား…

မီးနေခန်းမှ သမီးလုပ်သူ မချိမဆွံ့ဝေဒနာများ ခံစားနေရသည် အသံကိုကြားရတော့ ဦးသန်းစိတ်မထိန်းနိုင် မီးနေခန်းရှိ့ရာသို့ဇွတ်ပြေးဝင်ရန် လုပ်လိုက်စဉ် ရွာသူများ မီးနေကူများက ဝိုင်းတားကြသည် ။
"ကိုသန်း…ဒါ…မိန်းမကိစွတွေလေ…တော့်ဝင်ကြည့်လို့ ဘယ်ဖြစ်မှာလဲ…
"ငါ့…ငါ့…သမီးလေး…သိပ်…သိပ်…ခံစားနေ…

" ကိုသန်း…စိတ်ကိုထိန်းပါဗျာ ။ လက်သည် ဒေါ်အေးကြည်လည်း တို့ကန်ကြီးဒေါင့်ကုန်း တစ်ရပ်လုံး သာမကဘူး ရွားနီးချုပ်စပ်ပါ မီးဖွားပေးနေကြပါ ။သူလည်းနားလည်ပါတယ် ထိုင်ပါကွာ…"

" ငါ…ငါ…ငါ့သမီး အခှအနကေို…"

"စိတ်ကိုထိန်းပါ ကိုသန်းရာ…စိတ်သိပ်ပူမနေပါနဲ့…မင်း…အရက်နည်းနည်း သောက်လိုက်ပါလား…"

" ဟင့်…အင်း…မသောက်ဘူး…ဟူး…"

သူ့သမီး…အေးနိုင်ထွေး၏ ဗိုက်က အပျိုဗိုက်ဖြစ်သည် ။ ဦးသန်းမှာ ပြောရလျှင် ဒီသမီးတစ်ယောက်ပဲ ရှိ့သည် ။ အေးနိုင်ထွေးက အမေမရှိ့တော့။ သူ၏မိခင် ဒေါ်မြင့်ကပြီးခဲ့သော ( ၃ ) လလောက်က ဆုံးသွားခဲ့သည် ။ အေးနိုင်ထွေးခမျာ သူမမီးဖွားခါနီးအချိန်မှ မိခင်ဖြစ်သူ…ဒေါ်မြင့်ဆုံးပါးသွားတာကြောင့် စိတ်ဓာတ်တွေကြဆင်းလျက် ရှိ့နေသည် ။ဒေါ်မြင့် မသေခင်က သူမလက်ကိုကိုင်၍ တိုးတိုးလေး မှာသွားခဲ့သည်။သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား "ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။

တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။

" ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…'

ဦးသန်းက ဒေါ်အေးကြည်လက်ကို အာကိုးတကြီးဆုပ်၍လူပ်၍မေးလိုက်သည် ။ မီးနေ ဧသည်များကလည်း ဒေါ်အေးကြည်ရဲ့ ဆုံးဖြတ်ချက်စကားကို ငံ့လင့်နေကြသည် ။

" ကိုသန်း…"
"ဗျာ…ဗျာ…ဒေါ်အေးကြည်…ဘာ…ဘာလဲ.ဟင်…

" အခြေအနေ သိပ်မကောင်းဘူး…
"ဗျာ…ဘယ်…ဘယ်လိုဖြစ်နေလို့လဲ…ဗျာ.ဟင် "

" တော်တော် ခက်နေတယ်…မကြားဝံ့ မရိုသေ့ စကားပြောရရင် ကလေးက ခြေတစ်ချောင်းထွက်ပြီး…ကန့်လန့်ဖြစ်နေပြီ "

" ဘုရား…ဘုရား…"

" အလိုလေး.အို.…ကျွတ်…ကျွတ် "
"အဲ့…အဲ့ဒါ…ဘယ်လို…လုပ်ကြမလဲဟင်…ဒေါ်အေးကြည်…ပြောစမ်းပါ…

" လောလောဆယ် မဟာစည်သာသနာ့ရိပ်သာကျောင်းက ဘုန်းကြီးတစ်ပါးပါးသွားပင့်ချေ ။ ပရိတ်ရွက်ခိုင်း…ကျန်သူတွေ လှေအဆင်သင့်ပြင်ထား…မြို့ဆေးရုံကို အမြန်ဆုံးသွားမယ် ။အမြန်လုပ်ကြတော့"

ဒေါ်အေးကြည် စကားဆုံးသည်နှင့် ဘုန်းကြီးပင့်သူကပင့်…လှေပြင်သူကပြင်နှင့် ပျာယာခတ်ကုန်ကြလေသည် ။

အိမ်မဲမြို့ရှိ့ ဆေးရုံမှာ ချောင်းဝပိုင်းတွင် တည်ရှိ့ပေသည် ။ ကန်ကြီးဒေါင့်ကုန်းရွာနဲ့ဆို သိပ်မဝေးကွာလှသောခရီးဖြစ်သည် ။ ။မဝေးဘူးဆိုရသော်လည်း လှေနှင့် သွားပါက နာရီဝက် တစ်နာရီလောက်တော့ သွားရပေသည် ။ သို့ပေမယ့် ဒီမိုးဒီလေ နဲ့ဆို ဆေးရုံရောက်သည်အထိ ခံနိုင်ပါ့မလား ။ အားလုံးစိုးရိမ်ပူပန်မူ့နှင့် အတူ စိတ်မကောင်းမိကြ ။သို့ပေမယ့် အခြားတတ်နိုင်တာ ဘာမှမရှိ့တော့…

သေကံရှင်ကံ…မြို့ဆေးရုံ အရောက်ပို့ဖို့ပဲရှိ့တော့တယ်။ လိုအပ်သော ပစွည်းပစွများ ထုပ်ပိုး၍ အေးနိုင်ထွေးကို မီးနေခန်းမှ ထုတ်ရန်ပြင်ဆင်ကြသည် ။ အေးနိုင်ထွေးကား ချွေးမရှိ့သလို ဖြစ်နေပြီ ။ အသံလဲမထွက်တော့ မိန်းမောနေ၍ လက်သည်ကြီး ဒေါ်အေးကြည်က စမုန်နက်ထုပ်ကို နှာဝမှာတေ့ပေးရင်း…အေးနိုင်ထွေးအမညိကို မကြာခဏခေါ်၍ သတိပေးနေရ၏။

ထိုစဉ်မှာပင် ဘုန်းကြီးသွားပင့်သော လူတချို့ပြန်ရောက်လာလေသည် ။
"ကဲ.…ဟေ့.ဘယ်လိုလဲ.ဘုန်းကြီးပင့်ခဲ့ရဲ့လား…

" ဘုန်းကြီးက လိုက်မလာခဲ့ဘူး ။ ဒါပေမယ့် သူက အကျိုးအကြောင်းကို မေးမြန်းတယ် ။နောက်ပြီး စာရွက်အလွှတ်ပေါ်မှာ တွက်ချက်ပေးခဲ့တယ် ။ လုပ်ရမည့် အစီအစဉ်ကိုလည်းညွှန်းကြားပေးလိုက်တယ် ။ အစီအရင် သဘောမျိုးဆိုပါတော့။ယုံတာ မယုံတာ အပထား လုပ်ကြည့်လို့ အကျိုးမယုတ်ပါဘူး။ အခုအခြေအနေက အခြားရွေးစရာလဲ မရှိ့ဘူးလေ…"

အချိန်ကား ည( ၆ )နာရီခွဲခန့်ရှိ့ပြီး အငြိုးကြီးစွာ သွန်းချနေသော မိုးကြီးမှာ မတိတ်နိုင်သေးချေ ။ ထိုအချိန်တွင် ဦးသန်းမှာ ဘယ်ဘယ်လက်မှ ရေတစ်ခွက်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်က ထီးကိုကိုင်ကာ အိမ်ခြံစည်းရိုးအပြင်ဘက်သို့ ထွက်လိုက်သည် ။

" ကဲ.မ…မမြင့်ရေ…နင်… သမီးကတော့ ခုချိန်မှာ ပြင်းထန်သော ဝေဒနာများကို ခံစားနေရတယ် ။ မွေးသမိခင် အမေကိုယ်တိုင် မေတ္တာသစွာ အနန္ထဂုဏ်ရည် ဓာတ်ဆေးများနဲ့ …ရောက်လေရာ ဘုံဋ္ဌာနကနေလာရောက်ကုသလျှက်ပေးပါရန် မေတ္တာရပ်ခံပါတယ် ။

ထိုနောက် ဦးသန်းမှာ ရေခွက်ကိုကိုင်ကာ သူ့မိန်းမဖြစ်သူ မမြင့်ကို ရုပ်လုံးပေါ်အောင် အာရုံပြုလိုက်သည် ။ ထိုစဉ် ဦးသန်းကျောကို,…တစ်စုံတစ်ဦးပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည် ။ ကြက်သီးများ ဖျန်းခနဲထကာ ခေါင်းနပန်းကြီးသွားခဲ့သည် ။ မကြာခင် ကြောက်လှန့်ဖွယ်ကောင်းအောင် ခွေးများဝိုင်အူကြသည် ။ လေပြင်းများလဲ ကျလာသည် ။ ထိုနောက် ခဏကြာသော် အားလုံးငြိမ်ကျသွားသည် ။ ထိုသို့ဖြစ်ပွားပြီးနောက် ဦးသန်းလည်း ကြောက်ကြောက်ရွံ့ရွံ့နှင့် အိမ်ပေါ်သို့ ပြန်တတ်လာခဲ့သည် ။

" ကဲ…ဟေ့…မီးနေကူထဲက တစ်ယောက်ယောက် ဒီရေစင်နဲ့ အေးနိုင်ထွေးရဲ့ဆံပင်ကို သပ်ချပါ ။ ရင်ဘက်ကနေဝမ်းဗိုက်…ပြီးခြေဖျားထိသပ်ချပေးပါ ။ ပါးစပ်ထဲကို ဝင်အောင်တိုက်ပါ ။ ကိုင်း…မြန်မြန်လုပ်…

" အား…ကျွတ်…ကျွတ် …"

" အား…အ…အမေ… ကျွတ်.ကျွတ်…နာလိုက်တာ .…

" အမလေး…ကျွတ်…ကျွတ် ..,.

မီးနေခန်းမှ အေးနိုင်ထွေးရဲ့ ညည်းညူသံကား ထွက်ပေါ်လာပြန်သည် ။ မီးနေကူများနှင့် ရွာသူရွာသားများမှာစိုးရိမ်ပူပန်မှူု့နှင့်အတူ ရင်တထိတ်ထိတ်ဖြစ်နေကြလေသည် ။ အေးနိုင်ထွေး၏ ဖခင်ဦးသန်းမှာကား အဂုင်္လိမာလသုတ်ကို ခပ်တိုးတိုးရေရွတ်နေရင်း ဆောက်တည်ရာမရ ဖြစ်နေချေသည် ။

" ဘုရား…ဘုရား…ဘုရား ကယ်မတော်မူပါ…ဘုရား…"

"ဟယ်…ပြန်ဝင်သွားပြီဟဲ့…ခါးကိုမလိမ်နဲ့…ဟုတ်ပြီ…အသာလေး အသက်ကို ဝအောင်ရှုပြီး တစ်ချက်ထဲ ညှစ်ချ…သမီး…"

" အီး…အား…အင်း…အင်း…ဟင်း…

"ဟုတ်ပြီ…ညှစ်…ညှစ်…မွေးပြီဟ…မွေးပြီဟ …


မီးနေခန်းအတွင်းမှ ဝမ်းသာအားရ စကားပြောနေသံကို အပြင်ဘက်မှ နားထောင်နေသူများ ကြားရသောအခါ ဝမ်းသာသွားကြသည် ။

" အုငဲ.အုငဲ…ငဲ..…ငဲ…အုငဲ…"

" မွေးပြီလား ဗျို့…မွေးပြီလား ဒေါ်အေးကြည်…"
"မွေးပြီဟေ့…ကိုသန်းရ…ဟား…ဟား…မိန်းကလေးဟ…

ကိုသန်း အတိုင်းမသိ ဝမ်းသာသွားသည် ။ "ဒေါ်အေးကြည် …သမီး…ကျုပ်…သမီး အခြေအနေရော ဘယ်လိုလဲ…ဟင်…"

"ကောင်းတယ်…အားလုံးကောင်းတယ်။ လုပ်စရာရှိ့တာ လုပ်နေကြတယ် ။ ဘုရား သကြားနဲ့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ မတာပဲဟေ့…ကိုသန်းရ…ပြောရရင် သေကောင်ပေါင်းလ ဲဖြစ်နေပြီ။ ဆေးရုံခေါ်သွားရင်လည်း ဒီမိုးဒီလေနဲ့ လမ်းမှာပန်းပြီးဆုံးရှုံးရမှာ တော်ပါသေးတယ်တော့ ဘုန်းကြီးရဲ့ အစီအရင်နဲ့ သူမိခင်ရဲ့မေတ္တာအစွမ်းလို့ ပြောရမှာပဲ ။ထွက်နေတဲ့ ခြေထောက်ပြန်ဝင်သွားပြီး တစ်ခါထဲ ရှောရှောရှုရှု မီးဖွားတာပဲဟဲ့…ကိုသန်းရ…"

အံ့ဖွယ် သရဲပါတကား…ရွာထဲရှိ့ သက်ကြီးဝါကြီးများကတော့ အဲ့ဒါ မိခင်ရဲ့ မေတ္တာစွမ်းအားပဲတဲ့ ။ထိုအဖြစ်အပျက်သည် မယုံကြည်နိုင်ဖွယ်ကောင်းအောင် ထူးခြားဆန်းကြယ်လို့ ကြားသိရသူတိုင်း၏ အသည်းနှလုံးကို ယူကျုံးဆွဲငင်လျက် ထိခိုက်ကြေကွဲဖွယ် ဖြစ်ရလေသည် ။ အမှန်အားဖြင့် ထိုအဖြစ်အပျက်သည် အချိန်ကာလ…နေရာဒေသ မရွေး တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိ့သည့် မိခင်တစ်ယောက်၏ အနိူင်းမဲ့မေတ္တာသည်သာ ဖြစ်ပါေ လတော့သည် ။ မိဘရဲ့ မေတ္တာတရားသည် ကွယ်လွန်ပြီးသည့် နောက်ဘဝများသို့တိုင်……

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )

#ညမဖတ်ရ

စာဖတ်ကြမယ်
26/05/2024

စာဖတ်ကြမယ်

သိုက်ဆက်သော်သော်သွင်(စ-ဆုံး)
မောင်မှိုင်းညို့(ချောင်းဦး)

(၁၉-၁၀-၂၀၁၂)

သောကြာနေ့၊ ည(၁၀)နာရီ

အင်းစိန်ဆေးရုံကြီးမှာ ...

သော်သော်လွင် ကွယ်လွန်ခဲ့ရပါတယ် ... သမီးကို ဆုံးရှုံးရတဲ့အတွက် နှလုံသည်းပွတ်တွေ ဆုပ်နယ် ချေပွ၊ တစ်စစိ ကွဲကျေအောင် ခံစားရပေမယ့် ... တစ်နေ့နေ့မှာ ဒီလိုအဖြစ်ဆိုး ကြုံရမယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်ကတည်းက ဒေါ်ကြိုင်သိပြီးသားပါ။ ဘာကြောင့်လည်းဆိုတော့ ... သော်သော်လွင်က သိုက်ဆက်ရှိတဲ့သူ။ သိုက်ကလာတဲ့ဥစ္စာစောင့်တစ်ယောက် ဖြစ်နေလို့ပါ။ အခုလည်း သော်သော်လွင် သေဆုံးသွားတာမဟုတ်ဘူး။ သူ့ရဲ့နေရာတောင်းကို ပြန်သွားရတာပါ။ ဒေါ်ကြိုင်ကတော့ ဒီလိုပဲ ယုံကြည်နေပါတယ်။

သော်သော်လွင်က ရှမ်း၊ ဗမာ ကြား၊
သူ့အဖေကိုခင်မောင်လွင်က ရှမ်းတိုင်းရင်းသား၊ တပ်မတော်သားတစ်ယောက်။သူ့အမေက ဗမာ၊

ရန်ကုန်-မန္တလေး ကားလမ်း၊ ရထားလမ်းပေါ်က ကညွတ် ကွင်းမြို့သူ မကြိုင်တဲ့။
ကိုခင်မောင်လွင်တို့ တပ်ခွဲ ကညွတ်ကွင်းဗိုလ်တဲမှာလာပြီး၊စခန်းချတယ်။
အဲဒီမှာ ဗိုလ်တဲရပ်သူ၊ ကွမ်းတောင်ကိုင် မကြိုင်နဲ့ တွေ့ပြီးမေတ္တာမျှကြတယ်။

ကိုခင်မောင်လွင်က တပ်ခွဲမှူးဗိုလ်ကြီးကို မိတာအရာထားပြီး
မကြိုင်ကို တောင်းရမ်းလက်ထပ်ခဲ့တယ်။
ရှေ့တန်းတာဝန်တွေ့ပြီးဆုံးတော့ ကိုခင်မောင်လွင်တို့ တပ်ခွဲ တပ်ရင်းပြန်ရတယ်။
မကြိုင်လည်း ယောင်နောက်ဆံထိုးပါဆိုသလို ဘောင်းဘီစဆွဲပြီး လိုက်ရတာပေါ့။

သူတို့တပ်ရင်းက ခလရ ၁၀၂၊ မုတ္တမမှာရှိတယ်။

တစ်နေ့မှာ မုတ္တမမြို့ ထဲက ရှေးဟောင်းဘုရားကြီး တစ်ဆူကို မကြိုင်သွားဖူးတယ်။

(ဘုရားကြီးရဲ့ ဘွဲ့ မည်တိုတော့ မေ့နေပြီလို့ ဒေါ်ကြိုင်က ပြောပါတယ်)

အဲဒီညမှာပဲ မကြိုင်ဟာ ထူးခြားတဲ့အိပ်မက်တစ်ခုကို မြင်မက်ခဲ့တယ်။
နေ့ခင်းကသွားပြီး ဖူးခဲ့တဲ့ ရှေးဟောင်းဘုရားကြီးထဲက အလွန်တရာ ချောမောလှပပြီး ဆံပင်ရှည်ကြီးကို ဖြန့်ချထားတဲ့ မိန်းမပျိုတစ်ယောက် ထွက်လာတယ်။

အဲဒီ ပိန်းမပျိုက “မကြိုင်နှင့်အတူ လိုက်နေပါရစေ”လို့ ခွင့်တောင်းတယ်။မကြိုင်ကလည်း “လာနေပါ”လို့ ပြောပြီး ခွင့်ပြုလိုက် တယ်တဲ့။

အဲဒီနောက်မှာ မကြိုင်ဟာ အဦးဆုံးကိုယ်ဝန်ကို လွယ်ခဲ့ ရပြီး သော်သော်လွင်ကို မွေးဖွားခဲ့တယ်။သော်သော်လွင်နောက်မှာ နှစ်နှစ်စီခြားပြီး ယောက်ျားလေးချည်း သုံးယောက်ဖွားမြင်ခဲ့ပြန်တယ်။

ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ တပ်ရဲတာဝန်ထမ်းဆောင်ရင်း အငယ်ဆုံးကောင်ကို မွေးတယ်။

၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလထဲမှ ကိုခင်မောင်လွင်ဆုံးသွားတယ်။

အဲဒီတုန်းက အကြီးဆုံးသမီးသော်သော်လွင်က ခုနစ်နှစ်၊ အငယ်ဆုံးကောင်ဆို လသားလေးပဲ ရှိသေးတယ်။

မကြိုင်လည်း သော်သော်လွင်တို့ မောင်နှမတွေကိုခေါ်ပြီး မိဘတွေရှိတဲ့ ကညွတ်ကွင်းကို ပြန်လာခဲ့ရတယ်။

ကညွတ်ကွင်းဆိုတာက လယ်ခင်း၊ ယာခင်းတွေ ဝိုင်းရံ ထားတဲ့မြို့လေး။တပ်ရင်းမှာ သန့် ရှင်းရေး၊ ​ြမက်နှုတ်၊ ဖက်တိပ်လောက် လုပ်ခဲ့ရတဲ့ စစ်သားမယား မကြိုင်ညကညွတ်ကွင်းရောက်တော့ လယ်ထဲယာထဲဆင်း၊ ရွံ့ဗွက်လဲနင်းရပြီ။

သော်သော်လွင်တို့ မောင်နှမတွေကို ရုန်းကန်ကျွေးမွေး ခဲ့ရတယ်
ဘယ်လောက် ရုန်းကန်ရ၊ ရုန်းကန်ရ၊ ဘယ်လောက်ပဲပင်ပန်း၊ ပင်ပန်း။

ဒေါ်ကြိုင်နှလုံးသားကို ဖိစီးနေတဲ့ အရာတစ်ခုကတော့ပျောက်ကွယ်မသွားခဲ့ဘူး။
အဲဒါကတော့ သော်သော်လွင်ဟာ သိုက်ကလာတာဆိုတဲ့အစွဲပဲ။

ဥစ္စာစောင့်ဆိုတာ လူ့ပြည်ကို ခဏတစ်ဖြုတ် အလည်လာရတာ။

သော်သော်လွင် လူ့ပြည်မှာ ဘယ်လောက်ပဲ ပျော်နေပျော်နေ အချိန်စေ့ရင် သိုက်ကို ပြန်သွားရမယ်။ သူ မပြန်ချင်လည်း သိုက်ကလာခေါ်မယ်ဆိုတာ ဒေါ်ကြိုင် စိတ်မှာ စွဲလန်းနေတယ်။

သော်သော်လွင် ကိုးနှစ်အရွယ်မှာ မရှိတဲ့ကြားက ကန်တော့ ပွဲပေးပြီး သိုက်ကြိုးဖြတ်ပေးခဲ့တယ်။နားလည် တတ်ကျွမ်းတဲ့ ပယောဂဆရာက သော်သော်လွင် လာခဲ့တဲ့သိုက်က သိုက်စောင့်အကြီးအကဲကိုခေါ်တယ်။

“သော်သော်လွင်ကို သိုက်နှင့်အဆက်အသွယ် ဖြတ် လိုက်ပြီ။
လူ့ပြည်မှာ အသက်တစ်ရာထိ နေခွင့်ပေးရမယ်”လို့ဆရာ့အာဏာနှင့် အမိန့်ပြန်တယ်။ သော်သော်လွင်ကို သိုက်ကြိုးဖြတ်ပေးပြီးမှ ဒေါ်ကြိုင်
စိတ်ချမ်းသာသွားတယ်။

သူ့သမီးအတွက် စိတ်အေးသွားတယ်။ ဒါပေမယ့်လတွေ နှစ်တွေ ကြာလာတော့ သော်သော်လွင် သိုက်က လာတယ်ဆိုတဲ့အစွဲ ဒေါ်ကြိုင်ရင်ထဲမှာ တဖန်ပြန်ပြီး ကိန်းအောင်း လာတယ်။

ဘာကြောင့်လဲဆိုတော့ ... ဆံပင်ရှည်ကြီးနှင့် တစ်နေ့ထက်တစ်နေ့ အလှတွေ တိုး လာတဲ့ သော်သော်လွင်ဟာ

ပုတ္တမမှာနေတုန်းက ဒေါ်ကြိုင်နှင့်နေပါရစေလို့ အိပ်မက် လာပေးတဲ့ အလွန်တရာချောမောလှပတဲ့ ဥစ္စာစောင့်မလေးနဲ့ ပိုပြီး၊ ပိုပြီး တူလာနေလို့ပါပဲ။ဈေးကွက်စီးပွားရေးစနစ်သစ်ရဲ့ အသီးအပွင့်အဖြစ် ရန်ကုန်မှာ စက်ရုံတွေ အများကြီးပေါ်ထွက်လာတယ်။

ကညွတ်ကွင်းမြို့က မိန်းကလေးအများအပြား ရန်ကုန်ကိုသွားကြတယ်။
စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြတယ်။ အဲဒီမိန်းကလေးတွေထဲမှာ သော်သော်လွင်လည်း ပါသွားတယ်။

သော်သော်လွင်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ရတယ်။ တစ်ရပ်ကွက်ထဲက သူငယ်ချင်းဆယ်ယောက်လောက်လည်း အဲဒီစက်ရုံမှာ အလုပ်လုပ်ကြတယ်။

သော်သော်လွင် သူငယ်ချင်းတွေနဲ့ စုပြီး လှိုင်သာယာ ရေအုပ်ကန်ရပ်ကွက်မှာ လုံးချင်းအိမ်တစ်လုံး ငှားနေကြတယ်။ ထမင်းစားတော့လည်း စုပြီး ချက်စားကြတယ်။ စက်ရုံအလုပ်ကပင်ပန်းပေမယ့် သော်သော်လွင် ပျော်တယ်။

အမေနဲ့ မောင်လေးတွေကို ပံ့ပိုးနိုင်တဲ့အပြင် သူလည်းလိုချင်တာလေးတွေ ဝယ်ရတယ်။ လှလှပပဝတ်ရစားရ နေထိုင်ရတယ်။ ကညွတ်ကွင်းလို နယ်မြို့လေးမှာနေတုန်းကတောင် သော်သော်လွင်လှတာကို လူတိုင်းသတိပြုမိကြတယ်။

ရန်ကုန်ရောက်လို့ ့ ပြင်တတ်၊ ဆင်တတ်လာတော့ သော်သော်လွင်အလှက ပိုပြီး ထူးခြားလှပပေါ်လွင်လာတယ်။ ရန်ကုန်ရောက်ပြီး သုံးလေးနှစ်ကြာတော့ သော်သော်လွင် ချစ်သူရတယ်။

သော်သော်လွင့်ကောင်လေးအမည်က ​ေမာင်​ေမာင်တဲ့။ မောင်မောင်က လျှပ်စစ်ပစ္စည်းရောင်းဝယ်ပြုပြင်ရေးဆိုင် ဖွင့်ထား တယ်။တစ်နေ့မှာ သော်သော်လွင်ရဲ့ နှာတံဘေးမှာ ဖုသီးလေး တစ်လုံးပေါက်လာတယ်။ဖုသီးလေးက တဖြည်းဖြည်းကွမ်းသီးလုံးလောက်ထိ ကြီးလာတယ်။

ဖုသီးလုံးလေးက သော်သော်လွင်ရဲ့ မျက်နှာအလှအပကို ဖျက်ဆီးသလို ဖြစ်နေတယ်။

သော်သော်လွင် စက်ရုံအလုပ်မဆင်းရဲတော့ဘူး။ အိမ်ထဲက အိမ်ပြင်လည်း မထွက်တော့ဘူး။ အဲဒီအခြေအနေမှာ သော်သော်လွင်အပါးကို မောင်မောင် ရောက်လာတယ်။

နှာတံဘေးက ဖုသီးလေးကို ခွဲစိတ်ဖယ်ရှားဖို့ တိုင်ပင်တယ်

မခွဲစိတ်ခင် အမေဘွားတော်နှင့် ပြကြည့်ရင် ကောင်းမယ်။

ထုိမှ အကျိုးအကြောင်း၊ အဆိုးအကောင်းကို သိရမယ်”
မောင်မောင်အကြံပေးတဲ့အတိုင်း သော်သော်လွင်တို့ နှစ်ယောက် အမေဘွားတော်ဆီကို သွားကြတယ်။အမေဘွားတော်ဆိုတာက အကြားအမြင်ဆရာမကြီး၊ တာ​မွေဘက်မှာနေတာ။

မောင်မောင်တို့ တစ်ဆွေတစ်မျိုးလုံး အားကိုးအားထားနေတဲ့ ဘွားတော်၊ သော်သော်လွင်တို့ နှစ်ယောက် ဘွားတော်ရဲ့ ဓာတ်ခန်းထဲ လိုက်တာနဲ့ ။

“သိုက်ဆက်ရှိတဲ့ သမီးပဲ၊ လာကြ ... လာကြ”

အမေဘွားတော်ရဲ့ စကားက သော်သော်လွင်ကို အံ့အား သင့်သွားစေတယ်။

သူငယ်ငယ်က ပယောဂဆရာရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီး သိုက်ကြိုးဖြတ်ခဲ့ရတာကိုလည်း ပြေးမြင်မိတယ်။ မောင်မောင် အမေဘွားတော်ကို အကျိုးအကြောင်းပြတယ်။

သော်သော်လွင် နှာတံဘေးက ဖုလုံးလေးကို ခွဲစိတ် သင့်မသင့် မေးမြန်းတယ်။အမေဘွားတော်က ဆတ်ခန်းထဲမှာရှိတဲ့ ဘုရားဝင်း အချိန်အတန်ကြာ ဝတ်ပြုတယ်။

ပြီးတော့ စားပွဲခုံပုလေးထက်မှာ ဖြန့် ချထားတဲ့ သော်မေ လွင်ရဲ့ လက်ဖဝါးနှစ်ဖက်ကို •--သူ့လက်ဖဝါးတွေနဲ့ အုပ်ကိုင်လိုက်တယ်။

ဓာတ်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်။ ငါးမိနစ်လောက်ကြာတော့ အမေဘွားတော်ရဲ့ နှုတ် စကားသံတွေ ထွက်လာတယ်။

“အမေ့ဆီကို ရောက်လာတာ သမီးအသက်ကို ကယ်လိုက်တာပဲ။
မျက်နှာပေါ်မှာ ပေါ်လာတဲ့ အဖုလုံးလေးဟာ ရိုးရိုးသားသား ပေါ်လာတာမဟုတ်ဘူး။သိုက်မှာ ကျန်ခဲ့တဲ့ မောင်နှမတွေက ပြန်ခေါ်ချင်လို့ လုပ် လိုက်တဲ့အဖုလုံး။

ဒီဗုသီးလေးကို ခွဲစိတ်လိုက်လို့ သွေးစိပ်ရှင်ရှင်ထွက်တာနဲ့ သမီးအသက်သေမှာ ဧကန်ပဲ။သမီးရဲ့ဘဝတစ်သက်လုံး ဘယ်တော့မှ ခွဲစိတ်တာကို မခံရစေနဲ့။

ခွဲစိတ်ခံရတဲ့နေ့ဟာ သမီးကို သိုက်နန်းပြန်လာအောင် ကြိုးပမ်းနေသူတွေရဲ့ အကြံအစည် အောင်မြင်တဲ့နေ့ ပဲ”

အမေဘွားတော်ရဲ့ .. အကြားအမြင်. ဟောကိန်းတွေကကြောက်စရာကောင်းလွန်းတယ်။

“အမ​ေကလွဲပြီး အားကိုးစရာမရှိပါဘူး၊သမီးရဲ့အသက်ကို အမေ့ဆီအပ်ပါတယ်၊

အမ​ေကယ်တင်ပေးပါ”“သမီးရဲ့အသက်ကယ်ဖို့ အမေ့တာဝန်ထား၊ အမေ တာဝန်ယူတယ်၊ သားတို့သမီးတို့ စိတ်သောက မရောက်ကြနှင့်၊ သမီးရဲ့မျက်နှာပေါ်က ပယောဂအဖုလုံးကို အမေဖယ်ရှားပေးမယ်။ - လုံးဝ မခွဲမစိတ်ရဘူး၊ လုံးဝသွေးမထွက်ရဘူး”

အမေဘွားတော်က သော်သော်လွင့်ကို ပန်းသီးသုံးလုံး ပေးတယ်။

“ဒီပန်းသီးတွေကို အိမ်က ဘုရားစင်မှာ ကပ်လှူလိုက်၊ အထက်ပုဂ္ဂိုလ်၊ ဆေးဝိဇ္ဇာဘိုးတော်လာပြီး သမီးရဲ့ နှာတံဘေးက အဖုလုံးကို သုံးရက်အတွင်း ကုသပေးလိမ့်မယ်”

သော်သော်လွင်နှင့် မောင်မောင်တို့ နှစ်ယောက် အမေ ဘွားတော်ကို ကန်တော့ပြီး ပြန်လာခဲ့ကြတယ်။သော်သော်လွင် အိမ်ပြန်ရောက်တော့ ဘုရားစင်မှာ ပန်းသီး သုံးလုံးကို ကပ်လှူလိုက်တယ်။

နောက်နေ့ မနက်လင်းလို့ အိပ်ရာကနိုးတော့ သော်သော်လွင် နှာတံဘေးက အဖုလုံးကြီး မရှိတော့ဘူး။အဖုလုံးနေရာမှာ အရည်ကြည် နည်းနည်းစိုနေတာပဲ ရှိတယ်။

အမေဘွားတော်ပြောသလို ဆေးဝိဇ္ဇာလာပြီး ကုတာလား။ အကြောင်းတစ်စုံတစ်ရာကြောင့် တိုက်ဆိုင်သွားတာလား ဆိုတာတော့ သော်သော်လွင် မဝေခွဲတတ်ဘူး။ ထူးထူးခြားခြား အဖြစ်အပျက်လို့ ... စိတ်ထဲမှာ စွဲမှတ်မိတာတော့ အမှန်ပဲ။

သော်သော်လွင်နဲ့ မောင်မောင်တို့ အမေဘွားတော်ဆီကို ဒုတိယအကြိမ် ရောက်လာကြပြန်တယ်။ အဲဒီအချိန်မှာ သော်သော်လွင်တို့ နှစ်ယောက်က လက်ထပ်ပြီးနေပြီ။

သော်သော်လွင် သားဦးကိုယ်ဝန်လွယ်ထားရတဲ့အချိန်။
“ခွဲစိတ်ခံရလို့ သွေးစိမ်းရှင်ရှင်ထွက်ရင် အသက်သေမယ်” ဆိုတဲ့ ပထမအခေါက်တုန်းက ပြောလိုက်တဲ့ အမေဘွားတော်ရဲ့ ဟောကိန်းကြောင့် ပြန်လာကြတာ။

“သားဦးကိုယ်ဝန်ပို့ ခွဲမွေးချင် မွေးရနိုင်တယ်၊ သမီးအပေါ် မကျရောက်အောင် အမေကူညီပေးပါ အုံး”

မောင်မောင့်စကားအဆုံးမှာ အမ​ေဘွားတော်က ဘုရား ဝတ်ပြု၊ အထက်ပုဂ္ဂိုလ်တွေတိုင်တည်ပြီး အာရုံယူလိုက်တယ်။ အချိန်အနည်းငယ်ကြာမှ ...

“အသက် အန္တရာယ်ကတော့ ရှိနေတုန်းပဲ သမီးရေ၊ သိုက်မှာ ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေက သမီးကို မုန်းလို့ သေစေချင်လို့ မဟုတ်ဘူး။

သမီးကို လွမ်းနေကြတာ၊ မျှော်နေကြတာ၊ သမီးက လူ့ပြည်၊ လူ့ဘဝမှာ ပျော်ပြီး ပြန်မလာတော့ သမီးကို ရတဲ့နည်းနဲ့ ပြန်ခေါ်ဖို့ ကြိုးစားနေကြတယ်။

အထက်ပုဂ္ဂိုလ်တွေ ပြောတဲ့အတိုင်းဆိုရင် သမီးလူ့ပြည်မှာနေဖို့ ခွင့်တောင်းခဲ့တဲ့ သက်တမ်းက ကျော်လွန်နေပြီ။ ဒါကြောင့် သူတို့က သမီးကိုခေါ်ဖို့ နေ့စဉ်နဲ့အမျှ ကြိုးစား နေကြတယ်။

ဒါပေမယ့် သမီး စိတ်မပူနဲ့၊ သမီးခွဲစိတ်မခံရသမျှ၊ သွေးစိမ်းရှင်ရှင် မထွက်သမျှ၊ သမီးကို သူတို့ ပြန်မခေါ်နိုင်ဘူး။

သမီးမွေးတဲ့ဖွားတဲ့အခါမှာလည်း ဘယ်လောက်အခက်အခဲမခွဲမစိတ်ရအောင် အမ​ေကူညီမယ်။

သမီး ဟောဒီ ပုတီးလေးကို ယူသွား၊

ဘုရားဂုဏ်တော်ကိုးပါးကို မွေးဖွားပြီးတဲ့အချိန်ထိ အနည်းတစ်နေ့ ကိုးခေါက်ပွားများရမယ်။နေ့စဉ်မပျက်မတွက်၊ မကျိုးမပေါက် ပွားများရမယ်။ ပျက်ကွက်ရင် သမီးရဲ့ အစောင့်အရှောက်တွေ သမီးအပါး နေ ထွက်သွားကြလိမ့်မယ်။

အစောင့်အရှောက်တွေမရှိရင်သိုက်နန်းက ပုဂ္ဂိုလ်တွေက သမီးကို အလွယ်တကူ ခေါ်သွားကြလိမ့်မယ်”

အမေဘွားတော်က သော်သော်လွင်ကို အနက်ရောင် လုံးပုတီးလေးတစ်ကုံးနှင့် လက်ဖွဲ့ လေးတစ်ခုပေးတယ်။ နေ့စဉ်မပျက်မကွက် စိပ်ဖို့လည်း မှာလိုက်တယ်။ သော်သော်လွင် အမေဘွားတော် မှာတဲ့အတိုင်း မပျက်မကွက် တယ်။ လက်ဖွဲ့ ကိုလည်း ညာလက်မှာ အမြဲဝတ်တားတယ်။ မွေးဖွားဖို့ရက် နီးကပ်လာတော့ ကညွတ်ကွင်းကို ပြ တယ်။

ရန်ကုန်က ဆရာဝန်တွေက ဆေးသမားတွေ။ ထစ်ခနဲရှိ ခွဲလိုက်တာပဲ။
ခွဲမွေးတဲ့အလုပ်ကို ထမင်းစားရေသောက်လုပ်နေတဲ့အတွက်ရော။
မွေးဖွားခါနီးလေ အမေ့ကိုသတိရ တမ်းတလေဖြစ်နေတာ ရောကြောင့်ပါ။ဒီလိုနဲ့ မွေးမဲ့ရက်ကို ရောက်လာတယ်။ သားဦးကိုယ်ဝန်ဖြစ်တာကြောင့် ခက်ခက်ခဲခဲ မွေးခဲ့ရတယ်။

ပထမ . အရပ်လက်သယ် .. အမေမွှေးနဲ့ မွေးတယ်။ မွေးပရ၊ ဖွားပရ အမေမွှေးပနိုင်မှ ဝမ်းဆွဲဆရာမခေါ်တာ။ ဝမ်းဆွဲဆရာမလက်လျှော့တဲ့အဆုံးမှ ပြင်ပဆေးခန်းက ဆရာဝန်ဆီ ပို့ရတယ်။ဆရာဝန်ကမှ သားဦးယောက်ျားလေးကို ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့တယ်။

ဘာပဲဖြစ်ဖြစ် အမေဘွားတော် ပြောလိုက်သလိုပဲ ဘယ်လောက် အခက်အခဲရှိရှိ မခွဲမစိတ်ရဘူးဆိုတဲ့ ဟောဟိန်းက မှန်နေခဲ့ပြန်တယ်။

“သမီးက လူ့ပြည်၊ လူ့ဘဝမှာပျော်ပြီး ပြန်မလာတော့ သမီးကို ရတဲ့နည်းနဲ့ ပြန်ခေါ်ဖို့ ကြိုးစားနေကြတယ်။ အထက်ပုဂ္ဂိုလ်တွေ ပြောတဲ့အတိုင်းဆိုရင် သမီးလူ့ပြည်မှာ နေဖို့ ခွင့်တောင်းခဲ့တဲ့ သက်တမ်းက ကျော်လွန်သွားပြီတဲ့။ ဒါကြောင့် သူတို့က သမီးကိုခေါ်ဖို့ နေ့စဉ်နဲ့အမျှ ကြိုးစား နေကြတယ်”

အမေဘွားတော်ရဲ့ ဟောကိန်းက သော်သော်လွင်နှင့် မောင်မောင်တို့ ကို ဖိစီးနေတယ်။

သတိရတဲ့အခါတိုင်း . သောကရောက်ကြရတယ်။ စိတ်ဖိစီးဒဏ် မခံစားနိုင်တဲ့နေ့ တစ်နေ့မှာ သော်သော်လွင် တို့ ဇနီမောင်နှံ သားလေးကို ရင်မှာပိုက်လို့ အမေဘွားတော်ဆီ သွားကြတယ် ...

“သမီးကို ခွဲစိတ်ခံရမှု တစ်ခုခုနှင့် ပတ်သက်ပြီး အသက် ဆုံးရှုံးရမယ်ဆိုတာ ဟိုတုန်းကတည်းက အမ​ေမြင်ခဲ့တယ်။

သမီးက သိုက်ဆက်ရှိသူဖြစ်လို့ သိုက်က ပြန်ခေါ်လိမ့်မယ် လို့လည်းအမ​ေဟောခဲ့တယ်။

ဒီအကြောင်းအချက်နှစ်ချက်ကို တွဲစပ်လိုက်တော့ အကြောင်း ဘစ်စုံတစ်ရာပေါ်ပေါက်ပြီး သမီးခွဲစိတ်မှုခံယူရမယ်။အဲဒီအချိန်မှာ သိုက်ကိုပြန်ရမယ်လို့ အဖြေထွက်တယ်။ ဒါကြောင့် သမီးခွဲစိတ်မခံရအောင် အမ​ေကူညီပေးခဲ့တယ်။ အထက်ပုဂ္ဂိုလ်တွေ ညွှန်ကြားတဲ့အတိုင်း ယတြာအစီအရင် ပေးခဲ့တယ်။

ဒါကြောင့်လည်း သမီးသိုက်ကို မပြန်ရဘဲ လူ့ပြည်မှာ အသက်ရှည်ရှည် နေခွင့်ရခဲ့တာ ဖြစ်တယ် ...။

ဒါပေမယ့် သမီးရေ ...၊
သူတို့ဘက်ကတော့ လုံးဝလက်မလျှော့တတ်ဘူးနော် ...။ သိုက်မှာကျန်ခဲ့တဲ့သမီးရဲ့ မောင်နှမတွေက ခေါ်လို့မရရင်၊ သိုက်စောင့်အကြီးအကဲကိုယ်တိုင် သမီးကိုခေါ်လိမ့်မယ် ...။

တမေတို့အထက်ပုဂ္ဂိုလ်တွေ အကာအကွယ်ပေးထားလို့ သမီးကိုခေါ်လို့ မရရင်တော့ ...။

ဘုမ္မစိုးနတ်ဘီလူးတွေကိုယ်တိုင် ဝင်ပါကြလိမ့်မယ်။ နတ်ဘီလူးတွေက တန်ခိုးကြီးကြတယ်ကွယ်။ ဘုရားသိုက်တွေ၊ ဥစ္စာစောင့်တွေကို အုပ်ချုပ်တာ သူတို့

ဘုမ္မစိုး နတ်ဘီလူးတွေကိုယ်တိုင်ပါလာပြီဆိုရင် လူ့ အစွမ်းအစ၊ ပညာလောက်နှင့် မနိုင်တော့ဘူး။

ဒါပေမယ့် သမီးတို့ လုံးဝစိတ်မပူကြနှင့် ...။ အမေ့အာရုံမှာ. ပေါ်ပေါက်လာတဲ့အတိုင်းဆိုရင် သမီးမှာ အတိတ်ဘဝကုသိုလ်ကံအကျိုးဆက်တွေ ပါလာတယ်။

အဲဒီအကျိုးဆက်တွေကြောင့် လူ့ပြည်မှာ နောက်ထပ် ခြောက်နှစ်လောက် သမီးနေခွင့်ရဦးမယ်။

ဒီကြားထဲမှာ ပစ္စုပ္ပန်ကုသိုလ်ကံတွေကို ဖိဖိစီးစီး လုပ်ပါ။ အားကြိုးမာန်တက်လုပ်ပါ။

အတိတ်ကုသိုလ်ကံကို ပစ္စုပ္ပန်ကုသိုလ်ကံကဆက်ပြီး အားပေးကူညီထောက်ပံ့လို့ ့ သက်တမ်းစေ့ နေသွားရတဲ့လူတွေ ရှိတယ်”

သော်သော်လွင် သူ့ယောက်ျားရင်ခွင်ထဲက သားလေးကို ကြည့်လိုက်တယ်။“နောက်ခြောက်နှစ်လောက်ဆိုတော့ သားလေ ၆ နှစ်ပြ ည့်တဲ့အချိန်ပေါ့”လို့ တွေးရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်တယ်။

ကြာသပတေးနေ့၊ နံနက်ခင်း။

“အန်တီရေ၊ သမီးညက အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ရှေးဟောင်းဘုရားကြီးတစ်ဆူကို သမီး ဖူးမ​ြင်ရတယ် ....။

ဘုရားကြီးရဲ့ ထီးတော်တစ်ဝိုက်မှာ ရောင်ခြည်တော်တွေ လည်း ကွန့်မြူးနေတယ် အန်တီ ...”

သော်သော်လွင်ရဲ့ ဒုတိယမြောက်ကိုယ်ဝန်က နေ့စေ့ လစေ့ဖြစ်နေတယ်။

မွေးဖွားဖို့ရက်ကလည်း အလွန်နီးကပ်နေပြီ။

ဒေါ်ကြိုင်က သားအကြီးကောင် . .အလုပ်လုပ်နေတဲ့ ထားဝယ်ကို သွားလည်နေတယ်။

သော်သော်လွင် မွေးဖွားကာနီး အားကိုးအားထားဖြင့် အန်တီလှကို ခေါ်ထားတယ်။

အန်တီလှဆိုတာက ဒေါ်ကြိုင်ရဲ့ ညီမအရင်း၊ အန်တီတွေထဲမှာ သော်သော်လွင်က အန်တီလှကိုအချစ်ဆုံး။

ပြီးတော့ အန်တီလှက ရွှေပြည်သာမှာ နေတဲ့အတွက် သော်သော်လွင်နေတဲ့ လှိုင်သာယာနှင့် သွားရေးလာရေး အဆင် ပြေတယ်။

အန်တီလှကလည်း သော်သော်လွင်ကိုချစ်တော့ နှစ်ပတ်လောက်အလိုကတည်းက သွားနေတယ်။ သော်သော်လွင်ကိုစောင့်ရှောက်နေခဲ့တယ်။ သော်သော်လွင် အိပ်မက်အကြောင်းပြောတော့ ... “ဒါ …… ကောင်းတဲ့အိပ်မက်ပဲ၊ သော်သော့်ဗိုက်ထဲက သားလေးဟာ မြင့်မြတ်တဲ့ သူတော်ကောင်းလေး ဖြစ်တယ်ဆိုတဲ့ နိမိတ်ပဲ”လို့ အန်တီလှပြောတယ်။ “သော်သော်၊ အမေဘွားတော်ဆီသွားလား ...” သော်သော်လွင်လည်ပင်းမှာ လက်ဖွဲ့ကြိုးလေးတစ်ခုတွေ့ လို့ အန်တီလှ ပေးလိုက်တယ်။

“ယောက်ျားကတော့ အမ​ေဘွားတော်ဆီသွားဖို့ အတင်းပြော ​တာပဲ။

ဒါပေမယ့် သမီးစိတ်တွေလေးနေတယ်။ အမ​ေဘွားတော်ဆီကို လုံးဝမှ မသွားချင်ဘူးဖြစ်နေတယ်။

သားကြီးငယ်ငယ် အမေဘွားတော်ဆီသွားတုန်းက ခြောက် နှစ်လောက်ပဲ နေရတော့မယ်လို့ ဟောခဲ့တယ်။

သားကြီးကလည်း ခြောက်နှစ်ပြည့်ဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တယ်လေ။

သမီး၊ အမေဘွားတော်ဆီ ပြန်သွားရမှာ ကြောက်နေတယ် ..."

“ဒါဆို၊ လည်ပင်းကလက်ဖွဲ့ကြိုးက ဘယ်သူလုပ်ပေး တာလည်း ...”

“အပိုင်းထဲက ဆရာတစ်ယောက်ပဲ အန်တီ၊ သူလည်း ရပ်ကွက်ထဲမှာ တော်တော်နာမည်ကြီးပါတယ်

ထိုနေ့က သော်သော်လွင် အမေဒေါ်ကြိုင်တစ်ယောက် ထားဝယ်ကနေ ရန်ကုန်ကို ပြန်လာပါတယ်။

ဒေါ်ကြိုင်ထားဝယ်က သားဆီမှာ စိတ်အေးလက်အေး ချမ်းသာစွာ နေရပေမယ့် ဘယ်လိုမှ နေမရ။ စိတ်တွေက 'ရန်ကုန်ကိုပဲ သွားချင်နေတယ်။ အာရုံထဲမှာဘယ်လိုမှ နေမရတဲ့အဆုံးမှာ ထားဝယ်ကနေ ကားစီးပြီး ရန်ကုန်ထွက်လာခဲ့တယ်။

ရွှေပြည်သာက ညီမအိမ်ရောက်တော့ ညီမဖြစ်သူကမရှိ။ သော်သော်လွင့်ကို ပြုစုစောင့်ရှောက်ဖို့ သွားနေတယ်တဲ့။ ခရီးပန်းတာကြောင့် ညီမအိမ်မှာ တစ်ရက်နှစ်ရက် နားဦး မယ်။

နားပြီးမှပဲ သမီးကြီးဆီ သွားမယ်လို့ ဒေါ်ကြိုင်စဉ်းစား လိုက်တယ် ...။

တကယ်တော့ အဲဒီလို စဉ်းစားလိုက်မိတဲ့အတွက် ဒေါ်ကြိုင် ပိုပြီး ယူကြုံးမရ ခံစားခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ..… နောက်တစ်နေ့ဖြစ်တဲ့ (၁၉-၁၀-၂၀၁၂) သောကြာနေ့ ည (၁ဝ)နာရီအချိန် အင်းစိန်ဆေးရုံကြီးမှာဒုတိယမြောက်သားလေးကို ခွဲစိတ်မွေးဖွားပြီး မိနစ်ပိုင်း အကြာမှာပဲ ...

သမီးကြီးသော်သော်လွင် သေဆုံးသွားခဲ့ရတဲ့အတွက် ကြောင့်ပါ ...။

စာရေးသူတာ ကညွတ်ကွင်းမြို့မှာ ဝန်ထမ်းဘဝနှင့် ဆယ်နှစ်လောက်နေခဲ့ဖူးပါတယ်။

သော်သော်လွင်ရဲ့ မိသားစုဝင်အားလုံးလိုလိုနှင့် ဆွေမျိုး အရင်းအခြာလို ရင်းနှီးခင်မင်သူဖြစ်ပါတယ်။

သော်သော်လွင်ကွယ်လွန်တဲ့သတင်းကြားတော့ စိတ်မကောင်း ခြင်းတွေနှင့်အတူ တော်တော်လည်း အံ့ဩမိပါတယ် ...။

ခွဲစိတ်မွေးဖွားမှုကို ထမင်းစားရေသောက်သလို သဘောထားလုပ်နေတဲ့ ဆေးသိပ္ပံခေတ်ကြီးမှာ အင်းစိန်လို ဆေးရုံကြီးမှာ ရခဲလှတဲ့ လူတစ်ယောက်ရဲ့အသက် မဆုံးရှုံးသင့်ဘဲ ဘာကြောင့် ဆုံးရှုံးခဲ့ရတာလည်း ... စာရေးသူ သော်သော်လွင်ရဲ့ မိသားစုဝင်တွေကို မေးခွန်း အချို့ မေးဖြစ်ခဲ့ပါတယ်။

သူတို့ပြောတဲ့စကားတွေထဲမှာ ထူးထူးခြားခြား ပါဝင် လာတဲ့အကြောင်းအရာကတော့ “သိုက်ဆက်”ဆိုတဲ့ အကြောင်း အရာပါ။

စာရေးသူကိုယ်တိုင် တွေ့ဆုံပေးပြန်းထားတဲ့အထဲက အဖြေ ချို့ကို တင်ပြလိုက်ပါတယ်။

တင်မောင်(သော်သော်လွင်၏ခင်ပွန်း)လှိုင်သာယာ လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်၊ ရှစ်နှစ်လောက် သော်သော်လွင်နှင့် ချစ်သူဘဝ၊ သူ့နှာတံဘေးမှာ အဖုလုံးလေးပေါက်ကတည်းက အမေ သားတော်ဟောခဲ့တာ။ ခွဲစိတ်ခံရပြီး သွေးစိမ်းရှင်ရှင် ထွက်တဲ့နေ့ဟာ သော်သော် ဝင် သေမယ့်နေ့ ၊ သိုက်ကို ပြန်ရမယ့်နေ့တဲ့။ အဲဒီ ဟောကိန်းအတိုင်းပဲ ဖြစ်လာခဲ့တယ်။

နောက်ပြီးတော့သားအကြီး ငယ်ငယ်တုန်းက သွားတော့လည်း အမေ
ဘွားတော်က သော်သော်လွင့်ကို နောက်(၆)နှစ်လောက်ပဲ နေရ တော့မယ်လို့ ဟောခဲ့တယ်။

သော်သော်လွင့်ကို သင်္ဂြိုတ်တဲ့နေ့ က သားအကြီးကောင်ရဲ့ခြောက်နှစ်ပြည့်မွေးနေ့ပါ။

အခု မီးဖွားကာနီးတော့လည်း အမေ ဘွားတော်ဆီကို သွားကြဖို့ ကျွန်တော် ခဏခဏခေါ်တယ်။ တိုက်တွန်းတယ်။
ဘယ်လိုမှ ပြောလို့မရဘူး။ သူမလိုက်လို့ အမေဘွားတော်ဆီ မသွားခဲ့ရဘူး။ အကြောင့်လည်း ဒီလိုအဖြစ်ဆိုးမျိုးကြုံရတာ။
သူနှင့်ကျွန်တော် သေကွဲ ကွဲခဲ့ရတာပါ။

ဒေါ်ကြိုင်(သော်သော်လွင်၏မိခင်) ရွှေပြည်သာ....

သော်သော်လွင်က မုတ္တမမြို့က ရှေးဟောင်းဘုရားကြီးတစ်ဆူမှာရှိတဲ့ သိုက်နန်းကလာတာပါ။ ကျွန်မကို အိပ်မက်ပေးခဲ့တယ်။ သူငယ်ငယ်ကတည်းက ကညွတ်ကွင်းမြို့မှာ သိုက်ကြိုး ဖြတ်ပေးခဲ့သေးတယ်။

အခုတော့ ဘယ်လိုတားတား မရတော့ဘူး။ သူ့နေရာဟောင်းကို သူပြန်သွားရပြီ ...။

ဒေါ်လှလှ(သော်သော်လွင်၏အန်တီ)ရွှေပြည်သာ သော်သော်လွင်က သိုက်ကလာတာလို့ သူ့အမေက ပြောဖူးတယ်။ သော်သော်လွင်ငယ်ငယ် သိုက်ကြိုးဖြတ်တော့လည်း

ကျွန်မတို့ ရှေ့မှာပဲ။အမေဘွားတော်နှင့်ပတ်သက်တဲ့ အကြောင်းတွေကို သော်သော်လွင် ပြောပြဖူးလို့ သိပါတယ်။ခွဲစိတ်ခံရတဲ့အကြောင်း တစ်ခုခုနှင့်အသက်သေမယ်လို့ ဆိုတုန်းကတည်းက သိထားတယ်။အခု၊ တကယ်ပဲ လက်တွေ့ဖြစ်သွားတော့ အံ့ဩရတယ်။

ပြီးတော့ သားအကြီးလေး ခြောက်နှစ်ပြည့်ရင် သော်သော်လွင် သေမယ်လို့ ဟောထားတယ်ဆိုတာလည်း သူကြာဖူးတယ်။ သော်သော်လွင်ကို ထိန်ပင်သုဿန်မှာ မီးသင်္ဂြိုဟ်တဲ့နေ့ သားအကြီးကောင် ခြောက်နှစ်ပြည့်တဲ့နေ့ ။

နောင် နှစ်တွေကြာမှ ဖြစ်လာမယ့်ကိစ္စတစ်ခုကို ကြိုတင်သိမြင်နေကြတာလား။ တိုက်ဆိုင်မှုလားဆိုတာတော့” ကျ​တ​ော့်​ဉာဏ်လေးနဲ့ မဝေခွဲနိုင်ပါဘူး ...။

ထူးခြားတာက သော်သော်လွင်ဆုံးမယ့်နေ့မှာ တွေ့ကြုံ ရတဲ့ တန်းစီနေတဲ့ အခက်အခဲတွေပဲ။

ဆုံးမယ့်နေ့ မနက်စောစောမှာ သော်သော်လွင် ဗိုက်စ နာတယ်။

ပြင်ပဆေးခန်းက ဆရာဝန်ကို ခေါ်ပြတယ်။ အဲဒီဆရာဝန်က အိမ်မှာလိုက်ပြီး၊ မီးဖွားပေးနေတဲ့ ဆရာဝန်။ တော်တယ်၊ အပြောချိုတယ်၊ စိတ်ကောင်းစေတနာ ကောင်းလည်းရှိတယ်လို့ နာမည်ထွက်တယ်။

ဆရာဝန်က သော်သော်လွင်ကို စမ်းသပ်ကြည့်တယ်။ ... တင်ပါးဆုံ ရိုးကွင်းကျဉ်းတယ်၊ အားလည်းနည်းနေတယ်။ ကလေးကလည်း . ထွားတယ်။

ပထမကလေးကို ညှပ်ဆွဲမွေးထားရတယ်ဆိုတာသိတော့ အခက်အခဲရှိရင် အဆင်ပြေအောင် လှိုင်သာယာဆေးရုံကြီးကို သွာရ ညွှန်ကြားတယ်။ပုလင်းတစ်လုံးချိတ်ပေးပြီး လွှဲစာလည်း ရေးပေးလိုက်

တယ်။

တက်စိငှားပြီး လှိုင်သာယာဆေးရုံကြီးကို သွားကြတယ်။ ဆေးရုံရောက်တော့ လူနာကိုတောင် ပစစ်ဆေးဘူး။ “ဒီပုလင်း ဘယ်သူချိတ်ပေးတာလည်း၊ သူများမနိုင်မှ ဆေးရုံကိုလာတယ်”ဆိုတဲ့စကားပြောပြီး အပြစ်တင်တယ်။ ရန်လုပ် နေတယ်။

ရန်လုပ်ပြီးမှ အင်းစိန်ဆေးရုံကိုပဲသွားဆိုပြီး ပြောတယ်။ ဘယ်တတ်နိုင်မလဲ၊ အင်းစိန်ဆေးရုံကိုပဲ ဆက်သွားရတာပေါ့။

အမှန်တကယ်ဆိုရင် လှိုင်သာယာဆေးရုံကြီးဆိုတာက မွေးဖွားမယ့်လူနာတစ်ယောက်အတွက် လူအင်အား ပစ္စည်းအင်အား ပြည့်စုံပြီးသားပါ။

ဘယ်လိုနည်းနှင့်မဆို သူတို့လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ဆေးရုံကို တန်းမလာဘူးဆိုတဲ့ စွပ်စွဲချက် တစ်ခုထဲနှင့် မျက်နှာလွှဲခဲပစ် လုပ်လိုက်ကြတယ်။ အင်းစိန်ဆေးရုံကို မနက်(၁၀)နာရီကျော်လောက်မှာရောက် ​​တယ်။

သော်သော်လွင်ကိုခွဲတော့ ည(၇)နာရီကျော်မှ ... ဒီကြားထဲမှာ သော်သော်လွင် အလူးအလဲ ခံစားနေရတယ်။ ချွေးသီးချွေးပေါက်တွေကျအောင် အော်တစ် ညည်းညု နေတဲ့ လူနာအနီးမှာ အားပေးရမယ့်မိသားစုဝင် တစ်ယောက် မနေရဘူး။

စောင့်ရှောက်ရမယ့်သူတို့ ကျတော့လည်း တစ်ယောက် မလာကြဘူး။
ဒီကြားထဲ မီးက ပျက်သွားသေးတယ်။

ည(၉)နာရီကျော်မှ ခွဲခန်းထဲက ထွက်လာတယ်။ မွေးကင်းစကလေးကို အပေါ်ထပ်က အထူးကြပ်ဝေ ကုသဆောင်မှာ ပို့လိုက်လို့ ကျွန်မလိုက်သွားတယ်။ အပေါ်ထပ်ရောက်ရုံပဲရှိသေးတယ်။အောက်ကတစ်ယောက်လိုက်လာပြီးပြောတယ်။ သော်သော်လွင်ဆုံးပြီတဲ့ ...။ ခွဲခန်းထဲကအထွက်မှာ ကျွန်မနှင့်စကားတစ်ခွန်း နစ်ခွန်း ပြောခဲ့ရသေးတယ်။

ချက်ချင်းကြီး၊ မယုံနိုင်လောက်အောင်- "

နောက်ပိုင်း ဒီအဖြစ်အပျက်တွေကို တစ်ခုစီပြန်ပြီး စဉ်းစား တော့ ကျွန်မ အရမ်းအံ့ဩမိတယ်။

သော်သော်လွင်သေဆုံးရတာ တစ်ခုပြီးတစ်ခု တန်းစီပြီး ကြုံတွေ့ရတဲ့ ခက်ခဲမှုတွေကြောင့်၊ဒီအခက်အခဲတွေကလည်း စနစ်တကျကို တန်းစီစောင့် နေကြတယ်။

မကောင်းဆိုးဝါး မိစ္ဆာကောင်တွေ ကြိုတင်စီစဉ်ထားသလိုမျိုး ...၊

မကြိုင်ကတော့ သော်သော်လွင့်ကို သိုက်က ပြန်ခေါ်လို့ ရအောင် အခက်အခဲတွေကို ဖန်တီးခဲ့တာတဲ့။

ဪ ... ပြောရအုံးမယ်။

သော်သော်လွင်လည်ပင်းမှာ ဆွဲထားတဲ့ လက်ဖွဲ့ကြိုးလေး၊ ခွဲခန်းကထွက်လာတော့ အဲဒိ လက်ဖွဲ့ကြိုးလေး သော်သော်လွင် လည်ပင်းမှာ ပါမလာတော့ဘူး ...။

ဆရာဖြူစင်(အမည်လွဲ)၊ ပယောဂဆရာကြီး၊ လှိုင်သာယာ သော်သော်လွင် သိုက်ဆက်ရှိတယ်ဆိုတာ ပညာနှင့်စစ်ကြည့်တော့ ပေါ်လာတယ်။သော်သော်လွင်ကို သိုက်က ပြန်မခေါ်နိုင်အောင်၊ သိုက်ကပုဂ္ဂိုလ်တွေ သော်သော်လွင်အနားကို ပကပ်နိုင်အောင် လက်ဖွဲ့ကြီး စီစဉ်ပေးထားတယ်။

လက်ဖွဲ့ကြိုးကို ဆွဲထားသမျှ သူ့အနီးကို ဘယ်လ
အနှောက်အယှက် ပယောဂမှ မကပ်နိုင်ဘူး။
ခွဲစိတ်ခန်းကထွက်လာတော့ လက်ဖွဲ့ကြိုး ပြန်ပါမလာတေ ဘူးလို့ သိရတယ်။
ခွဲခန်းထဲက တာဝန်ကျဆရာ၊ ဆရာပတစ်ယောက်ယောက်က မသိလို့ ဖြတ်တောက်ဖယ်ရှားလိုက်တဲ့ပုံပဲ။ လက်ဖွဲ့ကြိုးကိုဖြတ်အောင် တစ်စုံတစ်ယောက်က ဖြားယောင်း ​လိုက်တယ်လို့ ထင်တယ်။

လက်ဖွဲ့ကြိုး ဖြတ်လိုက်တော့ သော်သော်လွင်ကို သိုက်၊ ပြန်ခေါ်ဖို့ သူတို့ အခွင့်အရေး ရသွားကြတယ်။ ကျုပ်၊ အာမခံပြောရဲတယ်။ လက်ဖွဲ့ကြိုးသာ မပြတ်ခဲ့ရင် သော်သော်လွင် မသေနိုင်ဘူး။

သိုက်ဆက်သော်သော်လွင်နှင့်ပတ်သက်တဲ့ စာရေးသူရဲ့ တင်ပြမှုကို ဒီနေရာမှာပဲ နိဂုံးချုပ်ပါရစေ။ သိုက်ဆက် တကယ်ရှိသလား ...၊ ဥစ္စာစောင့်တွေ လူ့ပြည်ကို အလည်လာလို့ရသလား။ သိုက်ကပြန်ခေါ်တယ်ဆိုတာ အမှန်တကယ် ဖြစ်ရပ်လား ဆိုတာကိုတော့ ...
စာဖတ်သူကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာကြည့်စေချင်ပါတယ်

#ေမာင်မှိုင်းညို့(ချောင်းဦး)
#ညမဖတ်ရ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yaw Bae Ou posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share